Friday, September 10, 2010

မွမ်ဘိုင်းမြို့၊ ဗုဒ္ဓဘာသာညီလာခံအကြောင်းတစ်စေ့တစ်စောင်း







မွမ်ဘိုင်းမြို့သည် အိန္ဒိယနိုင်ငံ၏အကြီးဆုံးနှင့် လူဦးရေအများဆုံး စီးပွါးရေးမြို့တော် ဖြစ်သည်။ မဟာရဌပြည်နယ်တွင် တည်ရှိပါသည်။ ပုနေးမြို့၊ နာဂပူမြို့ စသည်မြို့များမှာ ဤပြည်နယ်တွင် ပါဝင်လေသည်။ အခြားတစ်ဖက်မှာမူ ဗုဒ္ဓဘာသာဝင် အများဆုံးနယ်မြေဟု ဆိုလိုပါကလည်း ဆိုနိုင်ပါသည်။ အကြောင်းမှာ ဒေါက်တာ အမ်ဘေဒကာ သာသနာပြုသွားသော နာဂပူမြို့မှာ ဤနယ်မြေတွင် ရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ဤနယ်မြေ၌ ဇာတ်နိမ့် ဗုဒ္ဓဘာသာဝင်များ များပြားစွာ တွေ့ရှိရပါသည်။ ကမ္မဌာန်းနည်းပြဆရာကြီး ဂိုအင်ကာ လက်ထက်တွင်မူ ရုပ်ရှင်မင်းသား မင်းသမီးများ၊ ဆရာဝန်များ၊ တက္ကသိုလ်ဆရာဆရာမများ စသဖြင့် ဇာတ်မြင့်များဟု ဆိုနိုင်သော ပညာတတ်များမှာ ဗုဒ္ဓဘာသာဝင်သို့ ၀င်ရောက်လာကြပါသည်။ ထို့အပြင် ဗုဒ္ဓဘာသာဝင်ဟု အမည်မတပ်သော်လည်း ဗုဒ္ဓဘာသာကို မြတ်နိုးသောသူများမှာ အများအပြားတွေ့ရှိရသည်။ သို့သော် ဗုဒ္ဓဘာသာဝင်ဟု ခံယူပြောဆိုဖို့ကိုကား ခက်ခဲနေဆဲ ဖြစ်ပါသည်။

ဤနယ်မြေ၌ ဗုဒ္ဓဘာသာဝင်များ ပြန်လည် ထွန်းကားလာခြင်းသည် အံသြစရာမဟုတ်ဟု ဆိုနိုင်ပါသည်။ မဟာရဌပြည်နယ် တစ်ခုလုံးသည် တောတောင်များ ထူထပ်လျှက်ရှိပြီး ရေမြေသဘာဝရာသီဥတုမှာလည်း မပူလွန်း မအေးလွန်ဟု ဆိုနိုင်သည်။ ထိုတောတောင်များတွင် တစ်ချိန်က ဗုဒ္ဓဘာသာထွန်းကားခဲ့သော သင်္ကေတဖြစ်သည့် အာဂျန်တာ လိုဏ်ဂူကဲ့သို့သော လိုဏ်ဂူများမှာ များပြားစွာ ရှိသည်။ ထိုလိုဏ်ဂူများကပင် တချိန်က ဤနေရာတွင် ထေရ၀ါဒဗုဒ္ဓဘာသာ အမှန်ထွန်းကားခဲ့ကြောင်း သက်သေပြလျှက် ရှိနေပါသည်။ ကံကောင်းသည်မှာ ထိုလိုဏ်ဂူများသည် မပျက်မစီး ယနေ့တိုင် ကျန်ရှိနေခြင်းပင်ဖြစ်သည်။ ထို့ကြောင့်ပင် ဗုဒ္ဓဘာသာဝင် အကြွင်းအကျန်များသည် ဤနယ်မြေတွင် ကျန်ရှိနေနိုင်ခြင်း ဖြစ်နိုင်ပါသည်။ ထိုကဲ့သို့သော အခြေအနေအရပ်ရပ်နှင့် ဒေါက်တာအမ်ဘေဒကာ သာသနာပြုခဲ့သော ဇာတ်နိမ့်များ၊ ဆရာကြီးဂိုအင်ကာ၏ကမ္မဌာန်းရိပ်သာထွက်များ စသဖြင့် ပေါင်းစပ်လိုက်သောအခါ ဤနယ်မြေသည် ဗုဒ္ဓဘာသာ အားအကောင်းဆုံးနယ်မြေ ဖြစ်လာပါသည်။

ထိုအားအကောင်းဆုံးသော နယ်မြေတွင် ဗုဒ္ဓဘာသာညီလာခံကို ကျင်းပခြင်းသည် သင့်လျှော်မှန်ကန်သည်ဟု ဆိုချင်ပါ သည်။ ဤနယ်မြေတ၀ိုက်တွင် ဆရာကြီးဂိုအင်ကာ၏ကမ္မဌာန်းရိပ်သာထွက် လူဦးရေးက များပြားလျက်ရှိသလို့ ဆရာကြီး၏ထင်ပေါ်ကျော်ကြားမှုကလည်း ဤနယ်မြေတွင် အခြားသောနယ်မြေတို့ထက် သာလွန်နေပြန်ရာ ကမ္မဌာန်းနှင့် စပ်ဆက်သောဗုဒ္ဓဘာသာညီလာခံကို ဤနေရာ၌ ကျင်းပခြင်းသည် ကမ္မဌာန်းနည်းများ၏အရေးပါမှုကို ပိုမို ထင်ဟပ်ပေါ် လွင်စေပါသည်။ အိန္ဒိယနိုင်ငံတွင် meditation ဆိုသော ဝေါဟာရမှာ လူတော်တော်များများ၏ ပါးစပ်ဖျား၌ ရေပန်း စားလျက်ရှိပါသည်။ ကမ္မဌာန်းနည်းများကိုလည်း သူတို့အိန္ဒိယက မူလပိုင်ရှင်ဖြစ်သည်ဟု ခံယူထားကြပြန်သည်။ ထို့ကြောင့် ဤညီလာခံသည် သူတို့ပိုင်ပစ္စည်းဟု ခံယူထားသော ကမ္မဌာန်းနည်းများကို ပြန်တောင်းသောညီလာခံလည်း ဖြစ်နိုင်ပါသည်။


အိန္ဒိယသားတို့ ကမ္မဌာန်းတရားကို အားထုတ်ကြရာမှာ မြန်မာအများ နားလည်ခံယူထားသော “အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ နိဗ္ဗာန်၊ ငရဲ၊ နတ်ပြည်” စသော ဝေါဟာရများထက် လက်ရှိဘ၀တွင် စိတ်ကို ထိန်းသိမ်းနိုင်ရန်၊ ဖိအားများ၊ တင်းကျပ် မှုများကို လျော့ချရန်နှင့် ကျန်းမာရေးအတွက် ပဓာနထားသည်ဟု ဆိုနိုင်ပါသည်။ ယောဂအကျင့်မှာလည်း အိန္ဒိယနိုင်ငံ၏ မူပိုင်ပစ္စည်းဖြစ်ပြီး ထူးခြားသည်ကား အိန္ဒိယသားတို့ ယောဂကျင့်သုံးကြခြင်းသည်လည်း ကျန်းမာရေးအတွက် အများဆုံး လိုက်စားကြခြင်းဖြစ်နိုင်ပါသည်။ မည်သို့ပင်ဆိုစေ ထိုကမ္မဌာန်းအကျိုးတရားများမှ တဆင့် ဗုဒ္ဓဘာသာသို့ ၀င်ရောက်လာသူများ များပြားလာသလို ဗုဒ္ဓဘာသာအပေါ် ညွတ်ကိုင်းသူများမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုများလာသည်ဟု ဆိုနိုင်ပါသည်။ နောင်တစ်ချိန်တွင် ဤနေရာသည် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားမည့်နေရာဒေသတစ်ခုဖြစ်မည်မှာ ယုံမှားဘွယ်မရှိချေ။ အဘယ်ကြောင့်ဆိုသော် ဆရာကြီးဂိုအင်ကာ၏ရိပ်သာအပြင် အခြားသော ကောလိပ်များ၊ တက္ကသိုလ်များတွင် ဗုဒ္ဓ၀ါဒကို ဖြန့်ဝေရာဖြစ်သည့် ဗုဒ္ဓဘာသာဌာနများသည် တဖြည်းဖြည်း နေရာယူလာသောကြောင့်ဖြစ်ပါသည်။ ဤတွင် စောမယကောလိပ် လည်းတစ်ခုအပါအ၀င်ဟု ဆိုချင်ပါသည်။

စောမယကောလိပ်တွင် ဘာသာရေးဌာနများ ထည့်သွင်းထားသဖြင့် ကောလိပ်တည်ထောင်သူ၏ အမြော်အမြင်ကြီးမှုကို ခန့်မှန်းနိုင်ပါသည်။ ပုပ်ရဟန်းမင်းမှအစ ဒလိုင်းလားမား၊ မြန်မာမှ ထင်ရှားသောဆရာတော်များ စသဖြင့် ကမ္ဘာတွင် ကျော်ကြားသော ဘာသာရေးခေါင်းဆောင်တော်တော်များများမှာ စောမယကောလိပ်သို့ ရောက်ဖူးကြသူများသာ ဖြစ်သည်။ ထိုဘာသာရေးခေါင်းဆောင်များ၏ကျော်ကြားမှု၏နောက်ကွယ်တွင် စောမယကောလိပ်မှာလည်း ထင်ရှား လာပါသည်။ ထို့အပြင် ဗုဒ္ဓဘာသာဌာနတွင် အခြားနိုင်ငံမှ Ph.D ကျောင်းသားများသာရှိရာ ထိုကျောင်းသားများက နေရာ ဌာနအသီးသီးသို့ ရောက်ရှိသောအခါတွင်လည်း စောမယကောလိပ်ထွက်ဆိုသည့်နာမည်က တပါတည်းပါဝင်သွား ပြီးဖြစ်သဖြင့် ထိုကျောင်းသားများ အောင်မြင်မှု ရှိလျင်ရှိသလောက် ထိုအောင်မြင်မှုများနှင့်အတူ စောမယကောလိပ်၏ ကျော်ကြားမှုကလည်း ကပ်ပါသွားမည်ဖြစ်သည်။ ထို့အပြင် ဗုဒ္ဓဘာသာညီလာခံကဲ့သို့သော ညီလာခံများကို လက်ခံ ကျင်းပပြန်ရာ စောမယကောလိပ်၏ကျော်ကြားမှုသည် ပို၍ ပေါ်လွင်လာဖွယ်ရှိသည်ဟု ဆိုချင်ပါသည်။

ထိုစောမယကောလိပ်တွင် ကျင်းပခဲ့သော ဗုဒ္ဓဘာသာညီလာခံသည် ဗုဒ္ဓဘာသာ၏တိုးတက်မှုအတွက် မည်မျှလောက် အထောက်အကူပြုခဲ့ပါသနည်း ဆိုသည်ကိုတော့ ဖြေကြားဖို့ရန်ခက်ပါလိမ့်မည်။ တက္ကသိုလ်၊ကောလိပ်များတွင် ပြုလုပ်သော ကွန်ဖရင့်များ၊ ဆီမီနာများမှာ မြန်မာနိုင်ငံမှာ ကျင်းပသော ဘာသာရေးပွဲတော်ကြီးများကဲ့သို့ မမြင်ယောင်မိရန် အရေးကြီးပါသည်။ အကြောင်းမှာ ဘာသာေ၇းပွဲတော်ကြီးများကား လူမျိုးစုံ၊ အဆင့်အတန်းမျိုးစုံပါဝင်လျှက် ကြက်ပျံမကျ စည်ကားမည်ဆိုက စည်းကားနိုင်ပါသည်။ သို့သော် တက္ကသိုလ်၊ ကောလိပ်များတွင် ပြုလုပ်သော ကွန်ဖရင့်များမှာကား ထိုကဲ့သို့မဟုတ်ပါ။ ပါဝင်သောသူအားလုံးမှာ ပညာရှင်များ၊ ပညာတတ်လူတန်းစားများသာ ဖြစ်သည်။ စာတမ်းကို တင်သွင်းသူနှင့် လာရောက်နားထောင်သူများမှာလည်း အကန့်အသတ်ဘောင်အတွင်းမှ သီးသန့်ဖိတ်ကြားထားသော သူများသာ ဖြစ်သည်။ ဤဗုဒ္ဓဘာသာဌာနတွင်ကျင်းပသော တက်ရောက်ကြသူအများစုမှာ နိုင်ငံပေါင်း ၂၀-ကျော်မှ ဘာသာရေးခေါင်းဆောင်များ၊ တက္ကသိုလ်အကြီးအကဲများ၊ ပရောဖက်ဆာများနှင့် အောက်ထစ်ဆုံး Ph.D ကျောင်းသား များသာ ဖြစ်ပါသည်။

နိုင်ငံပေါင်း ၂၀-ကျော်မှ တင်သွင်းသော စာတမ်းများမှာ ၄၀-ကျော်ရှိရာ ထိုစာတမ်းများမှာလည်း အသွင်မျိုးစုံ၊ အရသာမျိုးစုံထွက်လျှက်ရှိပါသည်။ အားလုံးသော စာတမ်းများမှာ ကမ္မဌာန်းနှင့်စပ်ဆက်သော စာတမ်းများသာ ဖြစ်ရာ ကမ္မဌာန်းသံ လွှမ်းနေသော ညီလာခံခန်းမဟု ဆိုပါကလည်း မှားအံ့မထင်။ ထေရ၀ါဒဘက်မှ တင်သွင်းသော စာတမ်းများ၊ မဟာယာနဘက်မှ အဆိုပြုလာသော စာတမ်းများ၊ တိဘက်အယူအဆဘက်မှ တင်ပြလာသော စာတမ်းများ စသဖြင့် စာတမ်းများမျိုးစုံသည်နှင့်အမျှ မေးခွန်းများမှာလည်း မျိုးစုံ ထွက်လာသည်ကို တွေ့ရှိရသည်။ သုံးရက်တာမျှကျင်းပသော ထိုညီလာခံအတွင်း မေးမြန်းထားသော မေးခွန်းမျိုးစုံကို ဖော်ပြရန် မလွယ်ကူသကဲ့သို့ အဖြေများမှာလည်း ရှု့ထောင့် စုံလင်လှသည်။ စိတ်ဝင်စားစရာကောင်းသည်မှာ ထေရ၀ါဒနိုင်ငံအချင်းချင်း မတူသော အချို့အယူအဆများကို တွေ့ရှိလာရသကဲ့သို့ မဟာယာန စသူတို့မှာလည်း အချင်းချင်း အယူအဆကွဲပြားမှုများရှိကြောင်းကို လေ့လာတွေ့ရှိရသည်။ ဤတွင် “ဖွံ့ဖြိုးတိုးတက်ပြီးသော နိုင်ငံများအတွက် ကမ္မဌာန်းနည်းများဟာ လိုအပ်ပါသလား” ဆိုသည့် မေးခွန်းများသည် ပရိသတ်များကို စိတ်ဝင်စား စေသကဲ့သို့ “ ကမ္မဌာန်းများ ထွန်းကားသည် နိုင်ငံများတွင် ငြိမ်းချမ်းမှုများ တကယ်ရ ပါသလား” ဆိုသည့် မေးခွန်းများကလည်း ပရိသတ်၏အာရုံကို ဆွဲဆောင်နေပါသည်။ ဆွေးနွေးငြင်းခုံမှုများသည် ရံခါ အချေအတင်ငြင်းခုံမှုလေးများ ရှိသော်လည်း ကမ္မဌာန်းလေ့လာနေသူများဖြစ်သည့်အလျောက် ပညာရှိဆန်စွာဖြင့်ပင် ငြိမ်းအေးစွာဖြင့် ငြင်းခုံမှုကို ရှောင်ရှားနိုင်ခဲ့ကြပါသည်။

စာတမ်းရှင်သည် ပညာရှင် လူတန်းစားများရှေ့တွင် စာတမ်းကို တင်ပြပြောဆိုရမည်ဖြစ်ရာ အဓိကအားဖြင့် တင်ပြသူကိုယ်တိုင်က ကိုယ်တင်ပြမည့် ဘာသာရပ်စာတမ်းကို ပိုင်နိုင်ဖို့ လိုအပ်ပေလိမ့်မည်။ သို့မှသာ မေးခွန်းရှင်များက မေးလာမည်ဖြစ်သည့်မေးခွန်းများကို ပိုင်ပိုင်နိုင်နိုင် ဖြေဆိုနိုင်ပေလိမ့်မည်။ ဘာသာရပ်များစွာတွင် ဘာသာရေးနှင့်ပတ်သက်သော အယူအဆများသည် အထိအခိုက်မခံသော အတိမ်းအစောင်း မခံသော ဘာသာရပ်ဖြစ်ရာ ကိုယ့်ဘာသာအယူဝါဒကို ပီပြင် ကျနစွာ သိရှိနေရန် လိုအပ်သကဲ့သို့ အခြားသော ဘာသာ အယူဝါဒကိုလည်း ချိုးနှိမ်လိုသောစိတ်ထားမျိုး မမွေးမြူမိရန် လိုအပ်ပါသည်။

ဤကမ္မဌာန်းညီလာခံသည် မြန်မာ့ကမ္မဌာန်းသာသနာ၏အောင်မြင်မှုမှတ်တိုင်ကို စိုက်ထူသောပွဲဟု ဆိုလိုပါကလည်း ဆိုနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထေရ၀ါဒနိုင်ငံများတွင် လက်ရှိကျင့်သုံးနေသော နည်းစနစ်များမှာ မြန်မာနိုင်ငံမှ မဟာစည် ကမ္မဌာန်းနည်းစနစ်မှာ အများဆုံးဖြစ်နေသကဲ့သို့ အခြားသော ကိုးရီးယား၊ ဂျပန်စသဖြင့် ကမ္မဌာန်းနည်းများမှာ လည်း မြန်မာနည်းများနှင့် ပေါင်းစပ်ထားသောနည်းများကို လေ့လာတွေ့ရှိရသောကြောင့် ဖြစ်ပါသည်။ ထို့ကမ္မဌာန်းနည်းပြ ဆရာများမှာ မြန်မာနိုင်ငံ၊ ကမ္မဌာန်ရိပ်သာတစ်ခုခုတွင် နှစ်အားဖြင့်ဖြစ်စေ၊ သို့မဟုတ် လအားဖြင့်ဖြစ်စေ တရားထိုင်ခဲ့ဘူး ကြသူများသာ ဖြစ်ကြပြီး မိမိတို့နိုင်ငံရောက်ရှိသောအခါ မူလပထမရှိနည်းများနှင့် မြန်မာနိုင်ငံမှ နည်းများကို ပေါင်းစပ် ထားကြခြင်း ဖြစ်ပါသည်။ ဤကား ကွန်ဖရင့်တွင် သိမြင်ခွင့်ရသော အများစုကို ဆိုလိုခြင်း ဖြစ်ပါသည်။ ထူးခြားသည်မှာ အခြားသော ကမ္မဌာန်းနည်းပြခေါင်းဆောင်များမှာ သဘောထားကြီးစွာဖြင့်ပင် ပရိသတ်များစွာရှေ့၌ မြန်မာနိုင်ငံမှ ရယူခဲ့ သောကမ္မဌာန်းနည်းများပါဟု ဖွင့်ဟ၀န်ခံကြခြင်းပင် ဖြစ်ပါသည်။

ကမ္ဘာတွင် ဗုဒ္ဓဘာသာဂိုဏ်းများမှာ အများအားဖြင့် မဟာယာနနှင့်ထေရ၀ါဒဟူ၍ ထင်ရှားပါသည်။ အခြားသောဂိုဏ်း များလည်း ရှိပါသေးသည်။ ဤညီလာခံတွင် တင်ပြသော ဗုဒ္ဓဘာသာကမ္မဌာန်းနည်းနှင့်ပတ်သက်သော နည်းစနစ်များမှာမူ စုံလင်စွာ ရှိလှသဖြင့် လေ့လာသူသုတေသီများမှာ တစ်နေရာတည်းဖြင့် ဗုဒ္ဓဘာသာ၏ကမ္မဌာန်းနည်းများစွာကို လေ့လာ အကဲခတ်ခွင့် ရနိုင်ခဲ့ကြပါသည်။ “ သင်ယူမှုက အရေးကြီးသည်၊ ကျင့်သုံးမှုက ပို၍ အရေးပါသည်” ဟု ငြင်းခုံမှုများ ရှိခဲ့ကြ သော်လည်း တက္ကသိုလ်၊ ကောလိပ်တို့၏သဘာဝအရ အမြဲတမ်း သုတေသနပြုနေကြရမည်ဟု အဆိုကိုမှု အားလုံးက လက်ခံခဲ့ကြပါသည်။ ဤညီလာခံသည် ဗုဒ္ဓဘာသာဝင်များ၏ ညီညွတ်မှုအင်အားကို ပြသောညီလာခံဟု ဆိုနိုင်သည့်အပြင် ကမ္ဘာတွင် ကမ္မဌာန်းနည်းများ တစ်နေ့တစ်ခြား လက်ခံလာသည်ကို ဖော်ထုတ်ပြသောညီလာခံ၊ တစ်နည်းအားဖြင့် ဗုဒ္ဓတရားများကို ကမ္ဘာက အဘယ့်ကြောင့်လက်ခံလာခြင်းဖြစ်သည်ကို ဆွေးနွေးတင်ပြသောညီလာခံဟုလည်း ဆိုနိုင်ပါသည်။ ထို့အပြင် ဗုဒ္ဓ၀ါဒဂိုဏ်းများ၌ မည်မျှ အယူအဆ ပိုင်းဆိုင်ရာ ကွဲပြားမှုများ ရှိနေစေကာမှု အနှစ်ချုပ်ဖြစ်သည့် မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ပါဒ်၊ သစ္စာလေးပါးဟူသော နိဗ္ဗာန်သို့သွားရာ ကျင့်သုံးမှု အပိုင်းတို့ကား အတူတူပင် ဖြစ်ကြောင်းကို ကောက်ချက်ချနိုင်ခဲ့ကြပါသည်။ “ သိပ္ပံပညာ တိုးတက်လေလေ၊ ဗုဒ္ဓဘာသာက ကြိုက်လေလေ” ဆိုသည့် ဆရာကြီးဇေယျာမောင်- ဦးကိုလေး၏ မှတ်ချက်စကားသည် ညီလာခံတွင် ထွက်ပေါ်လာသည့် ဤကဲ့သို့သော ကမ္မဌာန်းနှင့်စပ်သော လက်တွေ့ကျသော နည်းစနစ်များအပေါ် အခြေခံ၍ ပြောဆိုခဲ့လေသလောဆိုသည်ကိုမူ…………။

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်