Friday, May 28, 2010

ပြစ်ဒဏ် မပေးတော့သူ သို့မဟုတ် ကိုယ်ချင်းစာ နားလည်ပေးသူ


တစ်ခါတလေမှာ ကိုယ်ကျူးလွန်ထားတဲ့ ပြစ်မှုအတွက် သူက ကိုယ့်ကို ပြစ်ဒဏ်ပေးတယ်။ တစ်ခါတလေတော့ သူကျူးလွန်ထားတဲ့ အမှုအတွက် ကိုယ့်က သူ့ကို ပြစ်ဒဏ်ပေးတယ်။ အချို့အချိန်များမှာ နှစ်ဦးသားကျူးလွန်မိတဲ့ အပြစ်အတွက် သူ့က ကိုယ့်ကို ပြစ်ဒဏ်ပေးသလို ကိုယ်ကလည်း သူ့ကို ပြစ်ဒဏ်ပေးမိရက်သား ပြိုင်တူ ဖြစ်နေတတ်တယ်။ တော်တော်များများအချိန်မှာတော့ ကိုယ်ကိုယ်တိုင် ကျူးလွန်ပြီးတဲ့ အဲဒီပြစ်မှုအတွက် ကိုယ့်ကိုယ်ကို ပြန်လည်လို့ ပြစ်ဒဏ်ပေးမိနေတာက များလို့နေတယ်။

အပြစ်ဒဏ်ဆိုတာက တကယ်တော့လဲ ကျေနပ်နှစ်သက်စရာကောင်းတဲ့ စကားလုံးတော့ မဟုတ်ပါ။ သူသူ ကိုယ်ကိုယ် ကျူးလွန်ထားတဲ့ အပြစ်တွေ ရှိလို့ ဒဏ်ဆိုတာ ရှိလာတာပါ။ အဲဒီအပြစ်တွေဟာ အပြုအမူ အပြောအဆို စိတ်နှလုံးထားတွေကို အကြောင်းပြုပြီး ရံခါမှာ သိသိနဲ့ ကျူးလွန်မိလို့၊ ရံခါများမှာတော့ မသိမိုက်မဲစွာ ကျူးလွန်မိလို့ ရရှိကြရတာပါ။

လောကမှာ မဖြစ်သင့်တာ၊ မလုပ်သင့်တာ၊ မပြောသင့်တာ၊ မကြံသင့်တာတွေကို မလုပ်မိဖို့၊ မပြောမိဖို့၊ မကြံမိဖို့အတွက် ကန့်သတ်ထားတဲ့နယ်မြေ တားမြစ်ထားတဲ့ ဥပဒေတွေ ရှိပါတယ်။ ဒီလိုတားမြစ်ထားတာ ကန့်သတ်ထားတာမှာလဲ လူတွေကတားမြစ်ထားတာ သဘာဝတရားက တားမြစ်ထားတာရယ်လို့ ကွဲပြားသေးတာပါ။ လူတွေ တားမြစ်ထားတဲ့အရာကို ဖောက်ဖျက်ယင် လူ့ဥပဒေကို ကျူးလွန်တာပဲလို့ ဆိုရမှာပါ။ သဘာဝလောကရဲ့ ကန့်သတ်ထားတယ် နယ်မြေတွေကို တရားမ၀င် ၀င်ရောက်ခြင်းကျတော့ သဘာဝလောကရဲ့ ဥပဒေကို ကျူးလွန်တာပါ။

ဒီနေရာမှာ အပြစ်ဆိုတာက ကျူးလွန်ထားတဲ့အရာ။ အဲဒီလိုကျူးလွန်ထားတဲ့အတွက် ကျူးလွန်သူမှာ ရရှိလာတာက အပြစ်။ ဒဏ်ဆိုတာကြတော့ အဲဒီရှိနေပြီးဖြစ်တဲ့ အပြစ်အတွက် သက်ရောက်လာမယ့် အကျိုးတရားပါ။ တကယ်တော့ လူသားတွေဟာ ကျူးလွန်ဖို့ ၀န်မလေးကြသလို ကျူးလွန်ပြီးလို့ ရရှိလာမဲ့ အပြစ်ကိုလဲ ကြောက်ကြပါတယ်လို့ ပြောဖို့ခက်ပါတယ်။ ဒါပေမယ့် အဲဒီအပြစ်အတွက် တန်ပြန်သက်ရောက်လာမယ့် ဒဏ်ကိုတော့ တကယ်ကြောက်ကြတာပါ။ ဒဏ်ပေးခံရခြင်း ဒါမှမဟုတ် ဒဏ်ထမ်းဆောင်ရခြင်းဆိုတာကျတော့ ကျူးလွန်ထားတဲ့အပြစ်အတွက် သူနဲ့ညီမျှတဲ့အရာနဲ့ ဖလှယ်ခိုင်းလိုက်တာပါ။ အစားထိုးလိုက်တာပါ။ ကုစားခိုင်းလိုက်တယ် ဆိုယင်လည်း မှားမယ်မဟုတ်ပါ။

အပြစ်ဆိုတာက အမျိုးမျိုးရှိမှာပါ။ အချို့က နိုင်ငံတော်ရဲ့ စည်းမျဉ်းဥပဒေတွေကို ဖောက်ဖျက်မိလို့၊ အချို့က ကုမ္မဏီကချမှတ်ထားတဲ့ ဥပဒေတွေကို ချိုးဖောက်မိလို့၊ အချို့က ကျောင်းစည်းကမ်းတွေ ချိုးဖောက်မိလို့၊ အချို့က မိသားစုက ချမှတ်ထားတဲ့ အရာတွေ မလိုက်နာမိလို့၊ အချို့က လင်မယားအချင်းချင်း သစ္စာထားတာတွေ ဖောက်ဖျက်မိလို့၊ အချို့က သူငယ်ချင်းအချင်းချင်း ကတိတည်ထားတာတွေ ကတိမတည်မိလို့ စသဖြင့် အပြစ်အမျိုးအစားတွေက များစွာပါ။ ဒါတွေကိုတော့ လူသားတွေ ချမှတ်ထားတဲ့ ဥပဒေကို အကြောင်းပြုပြီး ရရှိလာတဲ့ အပြစ်တွေလို့ ဆိုရမှာပါ။ ပတ်ဝန်းကျင်ကြောင့် ရရှိလာတဲ့အပြစ်လို့လဲ ဆိုနိုင်မှာပါ။

မိမိကိုယ်ကို အကြောင်းပြုပြီး ရရှိလာတဲ့အပြစ်က အဲသလို မဟုတ်ပြန်။ အချို့ အစားအစာတွေကို မစားဖို့ သတ် မှတ်ထားပါလျက် စားခဲ့မိလို့၊ အချို့ သောက်ချင်စရာတွေကို ရှောင်ရှားကြဖို့ ပိတ်ပင်ထားပါလျှက် သောက်ခဲ့မိလို၊ အချို့အချိန်မှာ ရေချိုးခြင်းကို ဂရုစိုက်ဖို့ သတိပေးနေပါလျှက် ရေချိုးခဲ့မိလို့ စသဖြင့် ဒီနေရာမှာလဲ အပြစ်တွေ အများသားပါ။ ဒါတွေကတော့ ခန္ဓာကိုယ်က ချမှတ်ထားတဲ့ဥပဒေသကို အကြောင်းပြုပြီး ရရှိလာတဲ့ အပြစ်တွေပါ။ ဒါသည်ပင် သဘာဝအရ လက်ခံထားနိုင်တဲ့အဆင့်ကို ကျော်လွန်မိလို့ ရရှိလာတဲ့ အပြစ်ဆိုလဲ မှားမယ်မဟုတ်ပါ။

စိတ်ကို အကြောင်းပြုပြီး ရရှိလာနိုင်တဲ့ အပြစ်ကိုတော့ တစ်ဦးတစ်ယောက်က တစ်ကြိမ်တစ်ခါမှာသာ ကျူးလွန် ကြတာမဟုတ်တော့ဘဲ သာမန်လူသားတိုင်းက အကြိမ်များစွာ ကျူးလွန်ကြတယ်လို့ ဆိုရမှာပါ။ အချို့က ရသင့်တာထက် တောင်းတမိလို့၊ အချို့က ချုပ်တည်းထားရမှာကို တုံ့ပြန်မိလို့၊ အချို့က ဘာလုပ်ရမယ်ဆိုတာ တွေဝေနေမိလို့။ နောက်ထပ် ဆင့်ပွားကြည့်မယ်ဆိုယင် အချို့မှာက ငါမှငါဆိုတာကို နှိမ့်ချထားသင့်ပါလျက် ထောင်လွှားမိလို့၊ အချို့က သူတစ်ပါးချမ်းသာတာ ၀မ်းသာရမယ့်အစား မနာလိုဖြစ်မိလို့၊ အချို့က ကိုယ်ပိုင်တဲ့ အရာတွေ ခွဲဝေမျှတရမယ့်အစား နှမြောဝန်တိုမိလို့ အဲဒီလို အပြစ်ကအမျိုးမျိုးပါ။ ဒါက စိတ်ကို အကြောင်းပြုပြီးလို့ ရရှိလာတဲ့ အပြစ်တွေပါ။ ဒီနေရာမှာ ရှိသင့်တာ ရသင့်တာထက် ပိုလွန်လာ ပြင်းထန်လာပြီဆိုယင် အဲဒီပိုလွန်ခြင်းသည် ကျူးလွန်ခြင်းပါ။ လက်ခံထားနိုင်တဲ့ဘောင်ကို ကျော်လွန်လာခြင်းဟာ ကျူးလွန်တာပါ။ အဲဒီကျူးလွန်ခြင်းနဲ့ ကပ်လို့ပါလာတာက အပြစ်ပါ။ ဒါကို သဘာဝဥပဒေသကို ဖောက်ဖျက်လို့ ရရှိလာတဲ့ အပြစ် လို့လဲဆိုနိုင်မှာပါ။

ဒီတော့ ပတ်ဝန်းကျင်ကိုအကြောင်းပြုပြီး ဖြစ်လာရတဲ့ အဲဒီအပြစ်တွေအတွက် ပြန်လည်ပေးဆောင်ရမယ့် ဒဏ် တွေကလည်း အမျိုးမျိုးရှိနိုင်မှာပါ။ ထောင်ချခံရနိုင်ခြင်း၊ ကုမ္မဏီက ထွက်ပေးရနိုင်ခြင်း၊ ကျောင်းက အထုတ်ခံရနိုင်ခြင်း၊ လင်မယား အချင်းချင်း ကွဲနိုင်ခြင်း၊ သူငယ်ချင်းအချင်းချင်း မိတ်ပျက်နိုင်ခြင်း-စသဖြင့်ပါ။ ကျန်းမာရေး ထိခိုက်နိုင်ခြင်း၊ အသက်တိုစေနိုင်ခြင်း- စသဖြင့်ကတော့ မိမိကိုယ်ကိုယ်အကြောင်းပြုပြီး ဖြစ်လာရတဲ့ အပြစ်အတွက် ရုပ်ခန္ဓာကိုယ်က ပြန်လည်ပေးဆောင်လိုက်ရတဲ့ ဒဏ်တွေပါ။

စိတ်ကို အကြောင်းပြုပြီး ဖြစ်လာရတဲ့ အပြစ်တွေအတွက် ပြန်လည်ပေးဆောင်ရမယ့် ဒဏ်တွေကျတော့ - နှလုံးသား ပူလောင်နေနိုင်တယ်။ မျက်နှာတွေ နီမြန်းနေနိုင်တယ်။ မှိုင်တွေ နေနိုင်တယ်။ ဒီလိုပါပဲ ရုပ်ဆင်းအင်္ဂါ မလှပတော့ခြင်း၊ အသားအရေတွေ နုးညံ့သိမ်မွေ့မှု မရှိတော့ခြင်း၊ ဣနြေ္ဒတွေ ကြည်လင်မှု မရှိတော့ခြင်း၊ တွေ့မြင်ရသူတွေမှာ ချစ်ခင်မြတ်နိုးလိုစိတ် နည်းပါးလာခြင်း စသဖြင့်ပါ။ ဒါကို တစ်ခုချင်းခွဲထုတ်ဖို့ကတော့ လွယ်ကူမယ်မထင်။ နှလုံးသားရဲ့ တံခါးပေါက်ဟာ မျက်လုံးလို့ ဆိုကြပေမယ့် စိတ်နှလုံးသားအားလုံးရဲ့ တံခါးပေါက်များကတော့ ရုပ်ပိုင်းဆိုင်ရာ တစ်ခုလုံးလို့ ဆိုရမှာပါ။ ဒါ့ကြောင့်လဲ စိတ်ပိုင်းဆိုင်ရာမှာ ဖြစ်ပျက်နေတာတွေဟာ ရုပ်ခန္ဓာမှာ လာရောက်ပြီး ထင်ဟပ်နေခြင်းပါ။ ဒါတွေက စိတ်ရဲ့ကျူးလွန်ထားတဲ့ အပြစ်တွေအတွက် ရုပ်က အသွင်အမျိုးမျိုးနဲ့ ဒဏ်တွေကို ထမ်းဆောင်ပေးနေရတာပါ။

ဒါနဲ့စပ်ဆက်လို့ သတိရမိတာက “သဗ္ဗေ တသန္တိ ဒဏ္ဍဿ” ဆိုတဲ့ စကားလေးပါ။ ဒီရဲ့အဓိပ္ပါယ်က သတ္တ၀ါအများဟာ ဒဏ်ကို ထိတ်လန့်ကြောက်ရွံ့ကြတယ်-ဆိုတာပါ။ ဆိုလိုတာက ကိုယ်ကိုယ်တိုင်ရော ကိုယ်ပတ်ဝန်းကျင်မှာပါ သက်ရှိအားလုံးဟာ ဒဏ်တွေ အပေးခံရမှာကို ကြောက်လန့်ကြပါတယ်။ တကယ်တော့ သက်ရှိအားလုံးဟာ ဘ၀ကို ဒဏ်ကင်းစွာဖြင့်ပဲ ဖြတ်သန်းချင်ကြမှာပါ။ ဒါပေမယ့် ဒဏ်တွေက လုံးဝကင်းလွတ်ပြီး ဘ၀ကို ကျေနပ်နှစ်သက်စွာ လျှောက်လှမ်းနိုင်ဖို့ ဆိုတာကတော့ အခက်သားနေမှာပါ။ ဒီပါဠိတော်လေးကို ရိုးရိုးလေး ဖတ်သွားမယ်ဆိုယင်တော့ ရိုးစင်းတယ်လို့ ထင်ရပေမယ့် အဲဒီကပေးလားတဲ့ ဒဏ်ဆိုတာက အများသားပါ။

ပြန်လည်ထမ်းဆောင်ရမယ့် ဒဏ်များစွာထဲကမှ လူသားတွေ ချမှတ်ထားတဲ့ ဥပဒေကို အကြောင်းပြုပြီး ရရှိလာတဲ့ အပြစ်တွေ၊ ခန္ဓာကိုယ်က ချမှတ်ထားတဲ့ဥပဒေသကို အကြောင်းပြုပြီး ရရှိလာတဲ့ အပြစ်တွေ အဲဒီအတွက် ထမ်းဆောင်ရမယ့်ဒဏ်တွေကို နည်းအမျိုးမျိုးနဲ့ ရှောင်ရှားနိုင်ပေမယ့် စိတ်ကို အကြောင်းပြုပြီးလို့ ရရှိလာတဲ့ အပြစ်တွေအတွက် ထမ်းဆောင်ရမယ့် ဒဏ်တွေကိုတော့ ရှောင်ရှားနိုင်ဖို့ လွယ်ကူမယ် မဟုတ်ပါ။ စိတ်ကို အကြောင်းပြုပြီးလို့ ရရှိလာတဲ့ အပြစ်နဲ့ အဲဒီအတွက် ထမ်းဆောင်ပေးရမယ့်ဒဏ်ဟာ အလွန်လျင်မြန်လွန်းနေတဲ့အတွက် လက်ဖြစ်တတွတ် မျက်စိတမှိတ်အတွင်းမှာပဲ အပြစ်နဲ့အတူ ထမ်းဆောင်ရမယ့်ဒဏ်ကလဲ ကပ်လို့ ပါပြီးသား ဖြစ်နေလို့ပါ။ ဆိုလိုတာကတော့ စိတ်ကနယ်ပယ်တစ်ခုကို ကျူးလွန်လိုက်တဲ့ အခိုက်အတံ့မှာပဲ ခဏချက်ချင်းဆိုသလို ဒဏ်ကလည်း ထမ်းဆောင်နေရတော့တာပါ။

စိတ်ကို အကြောင်းပြုပြီးလို့ ရရှိလာတဲ့ အပြစ်တွေအတွက် ထမ်းဆောင်ရတဲ့ဒဏ်တွေဟာ ပတ်ဝန်းကျင် သူတစ်ပါးက ခိုင်းစေတာမဟုတ်တော့ဘဲ စိတ်ကိုယ်တိုင်ကပဲ ပြန်လည်ထမ်းဆောင်စေတာပါ။ စိတ်ကို အကြောင်းပြုပြီးလို့ ရရှိလာတဲ့ အပြစ်တွေဟာ ပတ်ဝန်းကျင်ဆိုတဲ့ အာရုံတွေပေါ်မှာ အကြောင်းခံပါတယ်လို့ ဆိုပါစေဦး တကယ်တော့ ရှိသင့်တာ ရသင့်တာထက် ပိုမိုလွန်ကဲလာ ပြင်းထန်လာတဲ့ အဲဒီစိတ်တွေဟာ အခြားသူတစ်ပါးထံမှာ ပတ်ဝန်းကျင်ဆီမှာ ရှိတာမဟုတ်ဘဲ လွန်ကဲစေသူ ပြင်းထန်စေသူရဲ့ သန္တာန်မှာပဲ ရှိနေလို့ပါ။

“ အာတုရကာယဿ မေ သတော အနာတုရံ စိတ္တံ ဘ၀ိဿတိ = ရုပ်သာနာကျင်စေ၊ စိတ်မနာကျင်စေနဲ့”ဒါက မြတ်ဗုဒ္ဓ မိန့်ခဲ့တာပါ။ ဆိုလိုတာက ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်ခတ်ခြင်း ခံယင်ခံရပါစေ၊ စိတ်ပိုင်းဆိုင်ရာကိုတော့ ပြစ်ဒဏ်ခတ်ခြင်း မခံရမိပါစေနဲ့-လို့ မိန့်ဆို သတိပေးလိုက်တာပါ။ တကယ်တော့လဲ ဒီစာသားလေးဟာ အဓိပ္ပါယ်တွေ ပြည့်ဝနေသလောက် အနှစ်သာရတွေ ရှိနေသလောက် လိုက်နာကျင့်သုံးဖို့ကတော့ ခက်နေဦးမှာပါ။

အကြောင်းက ရုပ်ခန္ဓာကိုယ်အတ္တဘော ရှိနေသမျှ ကိုယ်နဲ့အတူ ဒွန်တွဲပြီးပါနေမှာက စိတ်စေတသိက်တွေ ဖြစ်နေလို့ပါ။ အဲဒီစိတ်စေတသိက်တွေ ရှိနေသမျှ အဲဒါတွေနဲ့အတူ ရှင်သန်ရပ်တည်နေတဲ့ ရုပ်ပိုင်းဆိုင်ရာကလည်း စိတ်စေတသိက်တွေက ကျူးလွန်းထားတဲ့ အပြစ်အတွက် မလွဲမသွေ ဒဏ်ကို ထမ်းဆောင်ပေးနေရဦးမှာပါ။ ကိုယ့်စိတ်က ကိုယ့်ကို ပြန်ပေးတဲ့ ဒါမှမဟုတ် ကိုယ့်ကိုယ်တိုင် ကျူးလွန်တဲ့ အပြစ်တွေက အချိန်နဲ့အမျှဆိုတော့ ထမ်းဆောင်ရမယ့်ဒဏ်တွေကလဲ အချိန်နဲ့အမျှပါ။

ဒီအပြစ်ဒဏ်တွေကို ဝေးကွာအောင် ရှောင်ရှားဖို့နဲ့ လွတ်ကင်းဖို့ဆိုတာကတော့ သူ့အဆင့်နဲ့သူ ရှိနေမှာပါ။ အတ္တာနံ ဥပမံ ကတွာ၊ န ဟနေယျ န ဃာတယေ = မိမိကိုယ်ကိုယ် ဥပမာပြု၍ မညှင်းဆဲပါနဲ့ မသတ်ဖြတ်ပါနဲ့-ဆိုတဲ့ စကားလေးကို လိုက်နာကျင့်သုံးဖို့ မြတ်ဗုဒ္ဓက မိန့်ပါတယ်။ ဒီနေရာမှာ ဒီစာသားလေးကိုပဲ မူတည်ပြီးလို့ ပြောကြည့်ချင်ပါတယ်။

လောကမှာ အချစ်ဆုံးဆိုတာ ဘုရားစကားတော်များအလိုအရ မိမိသည်သာလျင် ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် ချစ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်အတွက် မိမိအကျိုးစီးပွါးကို လိုလားမှာပါ။ မိမိကိုယ်ကိုယ် သနားငဲ့ညှာမှာပါ။ မိမိကိုယ်ကိုယ်ချစ်တဲ့အတွက် ဘေးရန်တွေကို လိုလားမှာမဟုတ်ပါဘူး။ စိတ်ဆင်းရဲခြင်းဆိုတဲ့ အရာတွေကလည်း ကင်းဝေးချင်မှာပါ။ ကိုယ့်ကိုယ်ကို ကျေနပ်နှစ်သက်စွာဖြင့်ပဲ ဘ၀လမ်းခရီးကို လျှောက်လှမ်းချင်ကြမှာပါ။ ဒီတော့ ကိုယ့်ကိုယ်ကို ချစ်နိုင် မြတ်နိုးနိုင် ကြင်နာယုယနိုင်ယင် အခြားသူတစ်ပါးကိုကော ဘယ်လိုထည့်သွင်း စဉ်းစားမလဲ ဆိုတာပါ။

သတ္တ၀ါများရဲ့ အကျိုးစီးပွါးကိုလိုလားခြင်း မေတ္တာ၊ သတ္တ၀ါတို့ကို ကြင်နာယုယဖေးမခြင်း ကရုဏာ၊ သတ္တ၀ါအများ ကြီးပွါးချမ်းသာတာကို ၀မ်းမြောက်ခြင်း မုဒိတာ၊ သတ္တ၀ါများအပေါ် ဘက်မလိုက်ဘဲ အညီအမျှအားဖြင့် ရှု့ကြည့်တတ်ခြင်း ဥပေက္ခာဆိုတဲ့ တရားတွေ ကိန်းနေတဲ့ပုဂ္ဂိုလ်များဟာ တမလွန်ဘ၀ ရှိခြင်း, မရှိခြင်း၊ ကုသိုလ်, အကုသိုလ်တို့ရဲ့ အကျိုးရင်းအကျိုးဆက် ရှိခြင်း, မရှိခြင်း၊ မကောင်းမှုပြုသော်လည်း ပြုသည် မည်ခြင်း, မမည်ခြင်း-တို့နဲ့ သက်ဆိုင်မှုမရှိတော့ဘဲ ယခုလက်ရှိဘ၀မှာ မိမိကိုယ်ကိုယ် ကျေနပ်နှစ်သက်မှုတွေ ရရှိနေမှာ ဖြစ်ပါတယ်-လို့ မြတ်ဗုဒ္ဓက ကာလာမသုတ်တော်မှာ မိန့်ကြားထားပါတယ်။

မိမိနှင့်အခြားသူကို ထပ်တူပြုနိုင်ဖို့ဆိုတာမှာတော့ မေတ္တာအစရှိတာတွေ ကိန်းအောင်းနေဖို့ လိုအပ်နေမှာပါ။ မေတ္တာစတာတွေ ကိန်းနေတဲ့ပုဂ္ဂိုလ်မှသာ အခြားသူများကို မိမိနဲ့ ထပ်တူပြုနိုင်တဲ့ အစွမ်းသတ္တိ ရှိမှာပါ။ အဲဒီရဲ့ အပြန်အားဖြင့်တော့ မေတ္တာစတာတွေ မကိန်းအောင်းတဲ့သူဟာ ထပ်တူ မပြုနိုင်ဘူး ဆိုတာပါ။ အခြားသူများကို မိမိနဲ့ထပ်တူပြုခြင်းဆိုတာက ကိုယ့်ကိုယ်ကို စာနာနားလည်ပေးနိုင်သလို အခြားသူကိုလဲ စာနာနားလည်ပေးပါလို့ ဆိုလိုတာပါ။ ဒါကိုပဲ “ကိုယ်ချင်းစာ နားလည်ပေးပါ”လို့ အများသူငါက ပြောဆိုကြတာပါ။ “ကိုယ်ချင်းစာ နားလည်ပေးပါ”လို့ ပြောဆိုခြင်းသည်ပင် မေတ္တာစတာတွေ နှလုံးသားထဲမှာ တည်ထားပေးပါလို့ တောင်းဆိုထားခြင်းပဲ မဟုတ်ပါလား။

စိတ်ပိုင်းဆိုင်ရာအရ ပြစ်ဒဏ်ချမှတ်ခံရခြင်းမှ ကင်းဝေးနေသူတွေဟာ တကယ်တော့ အပြစ်ကို ဖန်တီးလာစေနိုင် ရရှိလာစေနိုင်တဲ့ ကျူးလွန်တတ်တဲ့ အခြားစိတ်စေတသိက်တွေအစား သူတို့ရဲ့သန္တာန်မှာ မေတ္တာစတဲ့ အချက်လေးချက်ကို အစားထိုး ထည့်သွင်းထားနိုင်သူများပါဟု……………

Sunday, May 23, 2010

ကိုယ်နဲ့သူ …..မှအခြားတဖက် သူနဲ့ကိုယ် တန်ဖိုးထားကြသည်ဆိုရာဝယ်


တစ်ခါတစ်လေမှာတော့ သူက ကိုယ့်ကို အကဲဖြတ်တယ်။ တစ်ခါတစ်လေများတော့ ကိုယ်က သူ့ကို အကဲဖြတ်ကြည့်တယ်။ တစ်ရံတစ်ခါများမှာ သူကော ကိုယ်ကော အကဲဖြတ်နေမိကြတယ်။ ရံခါအချိန်များကြတော့လဲ တစ်ယောက်နဲ့တစ်ယောက် အကဲမဖြတ်ဖြစ်ကြဘဲ မေ့မေ့လျော့လျော့နဲ့ ပြီးသွားကြတယ်။

သူသူကိုယ်ကိုယ် အသက်ရှင်သန်နေထိုင်ကြတဲ့ ဒီကမ္ဘာမြေကြီးပေါ်မှာ တစ်နေရာရာမှာ ဆုံဆည်းမိကြပြီဆိုယင် ခုနက ပြောခဲ့သလို့ စုံးစမ်းအကဲဖြတ်မှုတွေ သိစိတ်ကဖြစ်ဖြစ် ဒါမှမဟုတ် မသိစိတ်ကဖြစ်ဖြစ် အကဲဖြတ်စုံစမ်းနေတတ်ကြတာပါ။

ဆုံဆည်းကြတယ်ဆိုတာကတော့ အမျိုးမျိုးရှိမှာပါ။ အချို့ကလည်း လူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ဖြစ်ချင်ဖြစ်မှာပါ။ အချို့ကတော့ အသံကနေ တစ်ဆင့်လည်း ဖြစ်နိုင်ပါတယ်။ အချို့ကျတော့ စာတွေမှတစ်ဆင့်လို့ပဲ ပြောရမလားပါပဲ။ အမျိုးမျိုးသော ဆုံဆည်းမှုတွေ ရှိနေကြမှာပါ။ အဲဒီဆုံဆည်းမှုကနေပဲ အစပြုလို့ အကဲဖြတ်မှုတွေ စုံစမ်းမှုတွေ တပါတည်းပါလာတယ်လို့ ဆိုရမှာပါ။ ဒီလို အကဲဖြတ်မှုတွေကလည်း မှန်တဲ့အခါ တွေ့ ကြုံ ရနိုင်သလို မှားတဲ့အခါကလည်း အကြိမ်များစွာ နေမှာပါ။ မှန်ကန်စွာ အကဲဖြတ်နိုင်ခြင်းနဲ့ မှားယွင်းစွာ အကဲဖြတ်ခြင်းတို့ရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကလေးတွေကလည်း အကဲဖြတ်ခြင်းနဲ့အတူ ကပ်လို့ လိုက်ပါနေမှာပါ။


လူတစ်ဦးတစ်ယောက်ကို နှိုင်းဆအကဲဖြတ်ကြရာမှာ အချို့ကိုတော့ နှိုင်းဆအကဲဖြတ်ရတာလွယ်ကူလို့ သူ့ ကို သုပ္ပမေယျပုဂ္ဂိုလ်လို့ ပြောပါတယ်။ အချို့များကိုတော့ နှိုင်းဆအကဲဖြတ်ရာမှာ ခက်ခဲလွန်းလို့ သူ့ကို ဒုပ္ပမေယျပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။ အပ္ပမေယျဆိုတာကြတော့ ပြောခဲ့တဲ့ ပုဂ္ဂိုလ်နှစ်ဦးလိုမဟုတ်တော့ဘဲ သူက နှိုင်းဆအကဲဖြတ်ဖို့ မဖြစ်နိုင်တော့တဲ့ပုဂ္ဂိုလ်ပါ။

ကျမ်းဂန်မှာတော့ အကဲဖြတ်ဖို့ လွယ်ကူတဲ့သူရဲ့ စရိုက်လက္ခဏာတွေကို ဒီလိုဖော်ပြထားပါတယ်။ အဲဒါတွေကတော့ စိတ်ပျံလွင့်နေမယ်၊ တက်ကြွနေမယ်၊ လျပ်ပေါ်တဲ့စိတ်ဖြစ်ပေါ်နေမယ်၊ နှုတ်အပြောအဆို မနုးညံ့ဖြစ်နေမယ်၊ ပရမ်းပတာ ပြောဆိုတတ်လာမယ်၊ သတိလက်လွတ်ဖြစ်နေမယ်၊ ပညာအဆင်အခြင် ကင်းမဲ့နေမယ်၊ တည်ကြည်မှုတွေ ဆိတ်သုဉ်းနေမယ်၊ စိတ်တွေ တုန်လှုပ်နေမယ်၊ ပေါ်လွင်ထင်ရှားနေတဲ့ အိနြေ္ဒ ရှိနေမယ် -ဆို တဲ့ လက္ခဏာတွေပါ။ အဲဒီရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ နှုတ်ချိုခြင်း၊ သိမ်သိမ်မွေ့ မွေ့  ပြောဆိုတတ်ခြင်း၊ အမြဲသတိကပ်နေခြင်း၊ ပညာအမြော်အမြင်ရှိခြင်း၊ တည်ငြိမ်ခြင်း၊ ညင်သာတဲ့ အိနြေ္ဒ ရှိခြင်း စသဖြင့်ကတော့ အကဲဖြတ်ဖို့ ခက်ခဲတဲ့သူတွေမှာရှိတဲ့ စရိုက်လက္ခဏာတွေပါ။ မနှိုင်းဆနိုင်တဲ့ အပ္ပမေယျပုဂ္ဂိုလ်ဆိုတာကတော့
အရဟတ္တဖိုလ်ကို ရောက်ရှိပြီးတဲ့သူတွေ ဖြစ်ပါတယ်။

အဲသလို အကဲဖြတ်စူးစမ်းကြရာမှာ ရုပ်အဆင်းကို ကြည့်မြင်ပြီး အကဲဖြတ်သလား၊ ကျော်စောဂုဏ်သတင်းကို အားကျပြီး အကဲဖြတ်သလား၊ ဒါမှမဟုတ် ထူးထူးခြားခြားခေါင်းခေါင်းပါးပါးတွေ ကျင့်သုံးနေတာတွေ့ လို့ အကဲဖြတ်နေသလား၊ ဒီလိုမဟုတ်ပြန်ယင် ကိုယ်ကျင့်တရားတွေ ဘုရားကျောင်းကန်သုံးစွဲနေကျစကားဖြစ်တဲ့ သီလ သမာဓိ ပညာတွေ ပြည့်စုံနေတာတွေ့မြင်လို့ အကဲဖြတ်သလား။ ဒီအကဲဖြတ်လေးခုအပေါ်မှာ မူတည်ပြီးလို့ လောကမှာ အလေးစားခံ အသိအမှတ်အပြုခံ အကြည်ညိုခံပုဂ္ဂိုလ်တွေ ဖြစ်လာကြတယ်လို့ ဆိုပါတယ်။

ဆိုလိုတာကတော့ အချို့က ရုပ်အဆင်းကို နှစ်သက်သဘောကျလို့ မြတ်နိုးခင်မင်ကြတယ်။ အချို့ မှာက ဂုဏ် သတင်းကျော်စောတာကို စိတ်ဝင်စားလို့ တန်းဖိုးထားကြတယ်။ အချို့ကတော့ လူအများမလုပ်နိုင်တဲ့ ထူးထူး ခြားခြား ခြိုးခြိုးခြံခြံ ခေါင်းခေါင်းပါးပါးတွေ လိုက်နာကျင့်သုံးနေတာ တွေ့ လို့ လေးစားပူဇော်ကြတယ်။ အချို့များကတော့ ဓမ္မဆိုတဲ့ မြင့်မြတ်တဲ့အရာတွေ ကျင့်သုံးဆောက်တည်နေလို့ ဆည်းကပ်ခစားကြတယ် ဆိုတာပါ။

ဒါတွေကို နောက်ထပ် ခွဲခြားပြီး ကြည့်တဲ့အခါ အချိုးအစား မညီမျှတာကို သိရမှာ ဖြစ်ပါတယ်။ အဲဒီအထဲကမှ - ရုပ်အဆင်းကို နှစ်သက်မြတ်နိုးတတ်တာက ၃-ပုံ ပုံလျင် ၂-ပုံခန့်။ ထင်ပေါ်ကျော်ကြားတာကို တန်းဖိုးထားကြတာက ၅-ပုံ ပုံလျင် ၄-ပုံခန့်။ ခေါင်းပါးခြိုးခြံတာတွေ ကျင့်သုံးနေလို့ လေးစားကြတာက ၁၀-ပုံ ပုံလျင် ၉-ပုံခန့်။ သီလ သမာဓိ ပညာဆိုတဲ့ မြင့်မြတ်တဲ့ ဓမ္မတွေ ကျင့်သုံးနေသူကို တကယ်တမ်းကြည်ညိုတတ်သူက တစ်သိန်း (၁၀၀,၀၀၀)မှာ တစ်ယောက်(၁)ခန့် ဖြစ်ပါတယ်။

ဒီအချက်လေးချက်နဲ့ ပြည့်စုံပြီး အမြတ်နိုးခံ၊ တန်ဖိုးအထားခံ၊ အလေးစားခံ၊ အကြည်ညိုခံနိုင်တဲ့ ပုဂ္ဂိုလ်ဆိုတာကတော့ လောကကြီးမှာ ရှားရှားပါးပါးနေမှာပါ။ ဒါကိုပဲ ဘာသာရေးမျက်စိနဲ့ အကဲမဖြတ်ဘဲ ကြည့်ရိုးကြည့်စဉ် သာမန်နဲ့ အကဲဖြတ်မယ်ဆိုယင်တော့ ရုပ်ဆင်းအင်္ဂါ၊ ထင်ပေါ်ကျော်ကြားမှု၊ ကိုယ်ကျင့်တရားဆိုတဲ့ အချက် သုံးချက်အပေါ်မှာ အခြေခံပြီး တန်ဖို့ထားမှုချင်း ကွဲပြားသွားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကတော့ အလေးစားခံ အမြတ်နိုးခံ အချစ်ခံ အကြည်ညိုခံရတဲ့ပုဂ္ဂိုလ်ကို မြတ်နိုးတဲ့ ချစ်တဲ့ လေးစားတဲ့ ကြည်ညိုတဲ့ ပုဂ္ဂိုလ်ဘက်က ရှု မြင်ကြည့်ခြင်းပါ။ အဲဒီရဲ့အခြားတစ်ဖက် ပြောင်းပြန်လှည့်ကြည့်ယင် အလေးစားခံ အချစ်ခံ အမြတ်နိုးခံ အကြည်ညိုခံပုဂ္ဂိုလ်ကကော သူ့ ကို မြတ်နိုးသူ ချစ်နေသူ လေးစားနေသူ ကြည်ညိုနေသူကို ပြန် လည်လို့ ဘယ်လို အကဲဖြတ်နေသလဲဆိုတာပါ။

ဒီနေရာမှာ အကဲဖြတ်ရာမှာ မှန်ကန်တဲ့အဖြေကို အနီးစပ်ဆုံးပေးနိုင်တဲ့ အကဲဖြတ်နည်း တစ်နည်းအားဖြင့်တော့-လူကဲခတ်နည်းများကို ပြောကြည့်ချင်ပါတယ်။

တစ်နံပါတ်က လူတစ်ယောက်ရဲ့ သီလရှိမှု မရှိမှု၊ ကိုယ်ကျင့်တရားကောင်း မကောင်းကို အတူတကွ နေကြည့်မှ သိနိုင်ပါတယ်။ အဲဒီလိုသိနိုင်တယ်ဆိုရာမှာလည်း ကြာမြင့်စွာနေကြည့်မှ သိနိုင်မှာပါ။ အချိန်တိုအတွင်း မသိနိုင်ပါဘူး။ ဒါကလည်း စိတ်နှလုံးထဲမှာ ထည့်သွင်းထားမှ သိနိုင်တာပါ။ စိတ်နှလုံးထည့်သွင်းမထားဘူးဆိုယင် မသိနိုင်ပါဘူး။ ဒါတွေ ပြည့်စုံပေမယ့်လည်း ပညာရှိတဲ့ပုဂ္ဂိုလ်ကသာ သိမြင်နိုင်မှာပါ။ ပညာမရှိယင်တော့ သိမြင်ဖို့ ခဲယဉ်းပါလိမ့်မယ်။

နှစ်နံပါတ်က လူတစ်ဦးတစ်ယောက် စင်ကြယ်မှုရှိ မရှိကို နှီးနှောပြောဆိုကြည့်မှ သိနိုင်မှာပါ။ အဲဒီလို နှီးနှော ပြောဆိုကြည့်ရာမှာလည်း ကြာမြင့်စွာ ပြောဆိုကြည့်မှ၊ စိတ်နှလုံးထဲ ထည့်သွင်းထားမှ၊ ပညာရှိသူလည်းဖြစ်မှ သိနိုင်မှာပါ။

သုံးနံပါတ်က လူတစ်ဦးတစ်ယောက် ညဏ်စွမ်းရည် ရှိ မရှိကို ဘေးရန်ကျရောက်လာတဲ့အခါမှ သိနိုင်မှာပါ။ အဲဒါ ကလည်း အချိန်တိုအတွင်းမှာ၊ စိတ်ထဲနှလုံးသွင်းမထားယင်၊ ပညာအားနည်းနေမယ်ဆိုယင် မသိနိုင်ပါဘူး။

လေးနံပါတ်က လူတစ်ဦးတစ်ယောက် ပညာ ရှိ မရှိကို ဆွေးနွေးပြောဆိုကြည့်မှ သိနိုင်မှာပါ။ အထက်သုံးခုက ပြောခဲ့သလိုပါပဲ အချိန်အတိုင်းအတာ၊ နှလုံးသွင်းတဲ့စိတ်ထား၊ ပညာ အနိမ့်အမြင့်တွေပေါ်မှာမူတည်ပြီးမှသာ သိမြင်နိုင် အကဲဖြတ်နိုင်မှာပါ။

ဒီစကားလေးချက်ကို ထောက်ဆကြည့်မယ်ဆိုယင် သာမန်လူသားတစ်ယောက်က အလေးစားခံ အမြတ်နိုးခံ အကြည်ညိုခံပုဂ္ဂိုလ်ကို ရွေးချယ်တတ်ဖို့ဆိုတာ တကယ်တော့ ခဲယဉ်းနေဦးမယ် ဆိုတာပါ။ ဒီခဲယဉ်းနေခြင်းကပဲ အကြည်ညိုခံ အလေးစားခံပုဂ္ဂိုလ်တွေအတွက် အခွင့်အရေး အားသာသွားစေတယ်လို့ ဆိုရမှာပါ။ ဒါ့ကြောင့်လည်း လောကမှာ အကိုးကွယ်ခံတွေက နေရာတိုင်းလိုလိုမှာ များပြားနေတာပါ။ ဇာတံ သရဏတော ဘယံ-ဆိုတဲ့ စကားလေးက ကိုးကွယ်ခြင်းကြောင့် ဘေးအန္တရာယ်တွေ ကျရောက်လာတတ်တယ်ဆိုတာပါ။ ဒါကိုပဲ ကိုးကွယ်ခြင်းဆိုတဲ့ ဘာသာရေးဆန်တဲ့ ဝေါဟာရကိုမသုံးဘဲ သာမန်ပြောကြည့်မယ်ဆိုယင်တော့ ကိုယ်က သူ့ ကို အမြတ်တနိုးတန်ဖိုးတွေထားခြင်းကပဲ ရံခါများမှာ ကိုယ့်ဆီကို စိတ်ဆင်းရဲစေတာတွေ သယ်ဆောင်လာတယ် လို့ ဆိုနိုင်ပါတယ်။ ကိုးကွယ်တယ်ဆိုတာ တကယ်တော့ အမြတ်တနိုးတန်ဖိုးထားခြင်းပါပဲ။

ဒီလို အမြတ်တနိုးတန်ဖိုးထားကြတယ်ဆိုတာ လောကမှာ အများသားနေမှာပါ။ ဘာသာရေးအားသန်သူများကတော့ ဗုဒ္ဓ၊ ခရစ်တော်၊ မိုဟာမက်၊ ကွန်ဖြူးသျှပ်တို့လို့ ဘာသာရေးခေါင်းဆောင်တွေကို တန်ဖိုးထားကြမှာပါ။ အတွေးအခေါ်အားသန်သူများကတော့ သူတို့တန်ဖိုးထားတာက အရစ္စတိုတယ်၊ ပလေတို၊ ဘာထရန်ရပ်ဆယ် စသဖြင့် အများသားနေမှာပါ။ အဲသလိုပါပဲ စာပေကိုတန်ဖိုးထားသူများ၊ သိပ္ပံပညာကို မြတ်နိုးသူများ၊ သူတော်စင်ကို စိတ်ဝင်စားသူများ၊ ဂီတကို ခုံမင်သူများ၊ ပရဟိတကို အားကျသူများ၊ ကဗျာကို စွဲလမ်းနေသူများ၊ ချစ်ခြင်းမှာ သာယာပျော်မွေ့ သူများ၊ စစ်ရေး နိုင်ငံရေးတွေမှာ ပျော်ပိုက်နေသူများ၊ ငြိမ်းချမ်းရေး တည်ဆောက်လိုသူများ စသဖြင့် သူတို့နှလုံးသားက တောင်းဆိုတဲ့အတိုင်း အမြတ်တနိုးတန်ဖိုးထားနေကြတာပါ။ တန်ဖိုးထားကြပုံချင်း မတူညီကြတာနဲ့အမျှ တန်ဖိုးအထားခံ အမြတ်နိုးခံ ပုဂ္ဂိုလ်တွေကလည်း အမျိုးမျိုး ကွဲပြားနေကြမှာပါ။ ဒါတွေကလဲ တကယ်တော့ အကဲဖြတ်ခြင်းအပေါ်မှာ အခြေခံပြီး ပေါ်ပေါက်လာတဲ့ အမြတ်တနိုးတန်ဖိုးထားမှုတွေပါ။

ဒီနေရာမှာတော့ ကိုယ်ချစ်ခင်တဲ့အရာတွေဟာ ချစ်ခင်မှုနဲ့အတူ ညီမျှနေဖို့၊ ကိုယ်တန်ဖိုးထားတဲ့အရာတွေဟာ တန်ဖိုးထားမှုနဲ့အတူ ထိုက်တန်နေဖို့၊ ကိုယ်မြတ်နိုးတဲ့အရာဟာ မြတ်နိုးမှုနဲ့အတူ တပြေးညီဖြစ်နေဖို့၊ ကိုယ်လေးစားတဲ့ အရာတွေဟာ လေးစားမှုနဲ့အတူ လိုက်လျောညီထွေ ဖြစ်နေဖို့၊ ကိုယ်ကြည်ညိုတဲ့အရာတွေဟာ ကြည်ညိုမှုနဲ့အတူ တန်းတူဖြစ်နေဖို့ လိုအပ်နေမလားလို့ပါ။ ဘာ့ကြောင့်လဲလို့ မေးခဲ့မယ်ဆိုယင်တော့ ကိုယ်ကိုယ်တိုင်ရော ပတ်ဝန်းကျင်မှာပါ “ပုဂ္ဂိုလ်ခင်မှ တရားမင်”ဆိုတဲ့စကားအတိုင်း ချစ်ခင်သူ၊ တန်ဖိုးထားသူ၊ မြတ်နိုးသူ၊ လေးစားသူ၊ ကြည်ညိုသူရဲ့ စကားတွေ အပြုအမူတွေကို လိုက်ပါဆောင်ရွက်ဖို့ နာခံတတ်တဲ့ အလေ့အကျင့်တွေ ပါနေပြီးသား ဖြစ်နေလို့ပါ။ အကယ်လို့ ကိုယ် အကဲဖြတ်ထားတဲ့သူဟာ ကိုယ်အကဲဖြတ်တဲ့အတိုင်း တန်ဖိုးမြင့်နေပါက ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ ဆုံဆည်းမှုပါ။ မိမိအကျိုးကိုလဲ ဆောင်ရွက်ပေးနိုင်မှာပါ။ ဒါပေမယ့် ကိုယ် အကဲဖြတ်ထားတဲ့သူက ကိုယ်မြင့်တင်ထားတဲ့ တန်ဖိုးအတိုင် ထင်သလောက် မဟုတ်ခဲ့ယင် အဲဒီဆုံဆည်းမှုဟာ စိတ်ပင်ပန်းစရာတွေကို သယ်ဆောင်လာနိုင်တဲ့အတွက် ကောင်းသောဆုံဆည်မှုလို့ ပြောဖို့ခက်မှာပါ။ မိမိအကျိုးစီးပွါးကိုလည်း ဆောင်ရွက်ပေးဖို့ ဖြစ်ကောင်းမှဖြစ်နိုင်မှာပါ။

အဲဒီတော့ ကိုယ်ကသူ့ကို သူကကိုယ့်ကို တစ်ဦးနဲ့တစ်ဦး အကဲဖြတ်ကြရာမှာ တန်ဖိုးကိုတွက်ကြရာမှာ
မြတ်ဘုရားမိန့်ခဲ့သလိုပါပဲ အချိန်လေးတွေပေးဖို့ လိုအပ်သလို နှလုံးသားထဲမှာလဲ နေရာပေးဖို့ လိုအပ်နေမှာပါ။ ညဏ်အမြော်အမြင်လေးတွေနဲ့ ဆင်ခြင်ဖို့ဆိုတာကတော့ မပါမဖြစ်တဲ့ အစိတ်အပိုင်းတစ်ရပ်ပါလို့………

Thursday, May 20, 2010

သံသယတွေ ပြေပျောက်စေချင်


ကိုယ်ဘက်က သူများကို တွေဝေနေရတာမျိုး၊ သူတစ်ပါးက ကိုယ့်ကို တွေးတောနေရတာမျိုး၊ ကိုယ်နှင့်အတူ သူကပါ သို့လော သို့လော မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေရတာမျိုး၊ ကိုယ်ရောသူပါ ယုံးမှားသင်္ကာ မရှိတော့တာမျိုး။ ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် ဖြစ်တတ်တဲ့ သံသယလေးတွေကနေ ပေါက်ဖွါးလာတဲ့ စကားလုံးလေးတွေပါ။

ဆန့်ကျင်ဘက်အရာတွေ ပြည့်နှက်နေတဲ့ ကမ္ဘာလောကကြီးမှာ လူအများဟာ ရပ်တည်နေကြရတာပါ။ လူအများစုကြားထဲမှာ နေထိုင်နေကြပေမယ့် အထီးကျန်နေတဲ့သူတွေ ခွဲခြားခံနေရသူတွေ အများသားဆိုတာပါ။ လူအများဟာ မိသားစုတစ်ခုအတွင်းမှာ နီးနီးကပ်ကပ်နေကြပေမယ့် တကယ်တော့ တစ်ဦးနဲ့တစ်ဦး ဝေးကွာနေကြသူတွေလဲ မနည်းပါ။ အဲဒီမိသားစုရဲ့ အခြားတစ်ဖက်ကို ရောက်နေခြင်းခံနေရတာပါ။ နားလည်ခြင်းနဲ့ ရိုးသားမှုတွေ ကင်းကွာနေကြတဲ့အခါ တစ်ယောက်က အခြားသူတစ်ယောက်ကို မယုံကြည်နိုင်သလို အခြားတစ်ယောက်ကလည်း အဲဒီသူကို ပြည်လည်လို့ စိတ်မချပြန်ပါဘူး။

သံသယဆိုတာ အမျိုးမျိုးသောအကြောင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ လင်မယားအချင်းချင်း၊ သားသမီးနဲ့ မိဘ၊ ညီအကို မောင်နှမအချင်းချင်း၊ သူငယ်ချင်းအချင်းချင်း စသဖြင့် တစ်ဦးနဲ့တစ်ဦး စပ်ဆက်နေသမျှ အကြောင်းတစ်မျိုးမျိုးနဲ့ သံသယတွေ ဖြစ်နေရဦးမှာပါ။ အဲဒီကမှတစ်ဆင့် ခိုက်ရန်ဖြစ်ကြ၊ နောက်ဆုံးတစ်ဦးနဲ့တစ်ဦး မခေါ်မပြောနိုင်တဲ့အဆင့်ထိ ရောက်ရှိခဲ့ကြတာတွေလည်း အများသားပါ။ အဲဒီလို သံသယတွေထဲမှာ အချို့သောသံသယများကြတော့ စိတ်ထဲမှာ တစ်နုံ့ နုံ့ ခံစားနေရတတ်ပါတယ်။ အချို့ သံသယကတော့ သံသယမှ ဒေါသ ရန်ငြိုး အမုန်းတရားဆီသို့ ကူးပြောင်းရောက်ရှိသွားတာတွေကလည်း အများကြီးနေမှာပါ။ မိသားစု အသိုင်းအ၀ိုင်းထက် ကျော်လွန်ပြီး လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ နိုင်ငံတစ်ခုနဲ့တစ်ခု၊ ဘာသာအယူဝါဒ တစ်ခုနဲ့တစ်ခု စသဖြင့် သံသယမှ နောက်ဆုံး စစ်ဖြစ်ပွါးတဲ့အထိပါ။

ကိုယ်ကိုယ်တိုင်လဲ တစ်ခါတစ်ရံ သူများတွေကို သံသယတွေ ဖြစ်ဖူးပါတယ်။ ကိုယ်ကိုယ်တိုင်က စကားလုံး အားဖြင့်ဖြစ်စေ၊ အပြုအမူအားဖြင့်ဖြစ်စေ တစ်နည်းအားဖြင့်တော့ ကာယကံနဲဖြစ်ဖြစ် ၀စီကံနဲ့ဖြစ်ဖြစ် မမှားယွင်းသင့်ဘဲ မှားယွင်းတဲ့အခါ၊ ကိုယ်ပြောလိုချင်တဲ့အကြောင်းအရာကို တစ်ဖက်သား နားလည်အောင် ရှင်းမပြနိုင်တဲ့ အခါမျိုးများမှာ သူတစ်ပါးက ကိုယ့်ကို သံသယတွေဖြစ်တာလည်း ခံရဖူးပါတယ်။ ကိုယ်မပိုင်တဲ့နယ်ပယ်တစ်ခုကို ၀င်တိုးမိတဲ့အခါမျိုးများမှာ ကိုယ့်ရဲ့မကျွမ်းကျင်မှုကြောင့် သံသယတွေအဖြစ်ခံရတဲ့အကြိမ်တွေလဲ ရှိနေတာပါ။ တစ်ခါတစ်လေမှာ ကိုယ်က အဲဒီသံသယတွေကို ပြေပျောက်ဖို့ ကြိုးစားလေလေ အခြားတစ်ဖက်သူက ကိုယ့်ကို ပိုလို့များ သံသယတွေက များလာလေလေ တိုးပွါးလာလေလေဆိုတာမျိုးကိုလည်း ကြုံရတတ်ပါတယ်။

အဲဒီသံသယတွေဟာ သံသယဖြစ်တဲ့အတိုင်း တကယ်ဖြစ်တတ်တာလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် တကယ် လက်တွေ့ မှာတော့ သံသယဖြစ်တဲ့အတိုင်း ပေါ်ပေါက်လာတာထက် သံသယစိတ်တွေ လွန်ကဲနေတာက ပိုလို့ များပါတယ်။ ဒါကြောင့်လဲ “သံသယဆိုတဲ့ သံချပ်ကာအင်္ကျီဝတ်ထားတဲ့သူဟာ မိမိကိုယ်ကိုယ် အကာအကွယ် ပေးနိုင်သည်ထက် ၀တ်ဆင်ထားရခြင်းက ပိုလို့ လေးလံပါတယ်” ဆိုတဲ့ စကားလေးက ပေါ်ပေါက်လာတာနေမှာပါ။ ဆိုလိုတာကတော့ “ဖြစ်လာမှာလား? မဖြစ်လာဘူးလာ? မှားသလား? မှန်သလား?”ဆိုတာ ကျိန်းသေတာ မဟုတ်ပေမဲ့ သံသယကို ထွေးပိုက်ထားရခြင်းက စိတ်ကို ပိုလို့ လေးလံစေတယ်၊ ပင်ပန်းစေတယ်ဆိုတာပါ။

“ကာလာမမင်းသားတို့ - သင်တို့အား ယုံမှားခြင်းငှါ သင့်ပေ၏။ တွေးတောခြင်းငှါ သင့်ပေ၏။ သင်တို့အား ယုံမှားခြင်းငှါ သင့်သောအရာ၌ ယုံမှားခြင်း ဖြစ်၏”။ ဒါကတော့ မြတ်ဗုဒ္ဓက ကာလာမမင်းသားတွေကို မိန့်ကြားတဲ့စကားပါ။ ကေသမုတ္တိဆိုတဲ့ မြို့ငယ်လေးကို ဘာသာရေးခေါင်းဆောင်အမျိုးမျိုးက “သူ့ဘာသာက ကောင်းတယ်၊ သူများဘာသာကတော့ မကောင်းဘူး”ဆိုပြီး ၀င်ရောက်ဟောပြောနေကြတာပါ။ ဒီတော့လဲ ကေသမုတ္တိမြို့သား ကာလာမမင်းသားတွေဟာ ဘာသာတရားအပေါ်မှာ ရှုပ်ထွေးမှုတွေ ဖြစ်နေတယ်ဆိုတာ ထူးဆန်းမယ်တော့မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓ ကြွရောက်လာတဲ့အခါ ကာလာမမင်းသားတွေက ဘာသာရေးခေါင်းဆောင်များဟောပြောမှုရဲ့ ဘာသာဝါဒအမျိုးမျိုးကြောင့် “ဘယ်ဟာအမှား၊ ဘယ်ဟာကတော့အမှန်” ဆိုတာကို သူတို့ ကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်းမရှိဘူးလို့ ဘုရားရှင်ကို လျှောက်ထားကြခြင်းပါ။ အဲဒီလိုလျောက်ထားလို့ မြတ်ဗုဒ္ဓက ဒီစကားလေးကို မိန့်ကြားတာပါ။

ဒီနေရာမှာ မြတ်ဘုရားက ယုံမှားသံသယအပေါ်မှာ ပြစ်တင်မိန့်တော်မူခြင်း မရှိဘူးဆိုတာကိုပါ။ ဖြစ်တတ်တဲ့ သံသယကို မြတ်ဘုရားက ကောင်းစွာလက်ခံတယ် ဆိုတာပါပဲ။ ကိုယ်ကိုယ်တိုင်ရော သူတစ်ပါးကိုပါ ဖြစ်သင့်ဖြစ်ထိုက်တဲ့ သံသယမျိုးဖြစ်လာပါက နားလည်လက်ခံ ခွင့်လွှတ်တတ်ဖို့ လိုတယ်ဆိုတာကို ဒီစာသားလေးက ပြနေသလားလို့ပါ။

ယုံမှားသံသယဆိုတာ အဘိဓမ္မာအလိုအရတော့ ၀ိစိကိစ္ဆာစေတသိက်ပါ။ ၀ိတက်ဆိုတဲ့ ကြံစည်တဲ့သဘောနဲ့ ၀ိစိကိစ္ဆာဆိုတဲ့ ယုံမှားသံသယတို့ဟာ ကွဲပြားခြားနားပါတယ်။ စာရဲ့အဓိပ္ပါယ်၊ ဒါမှမဟုတ် တစ်စုံတစ်ခု အမှုကိစ္စ၊ အဲသလိုမှမဟုတ် ခရီးသွားရာမှာ လမ်းကိုဖြစ်စေ “ဟုတ်မှ ဟုတ်ပါ့မလား၊ ပြုလို့ တော်ပါ့မလား”စသဖြင့် ယုံမှားသံသယ ဖြစ်တတ်ကြပါတယ်။ တကယ်တော့ ရဟန္တာများမှာတောင် ၀ိနည်းတော်ဆိုင်ရာများမှာ “ဒီအမှုဟာ အပ်မှ အပ်ပါ့မလား”လို့ ယုံးမှားတော်မူကြပါသေးတာပါ။ ဒီလိုယုံမှားကြခြင်းကိုတော့ အချို့အရာများဟာ စဉ်းစားကြံစည်တတ်တဲ့ညဏ်၊ အချို့အရာများက အကြံသက်သက် ၀ိတက်သဘောသာ ဖြစ်ပါတယ်။ ၀ိစိကိစ္ဆာအတုလို့လဲ ပြောနိုင်ပါတယ်။ ၀ိစိကိစ္ဆာအစစ်ဆိုတာကတော့ အမှန်တကယ် ယုံသင့်ပါလျက် ယုံထိုက်ပါလျက်နဲ့
မယုံသင်္ကာ ဖြစ်နေခြင်းများကိုသာ ဆိုလိုပါတယ်။

ကျမ်းဂန်များမှာတော့ ဖြစ်တတ်တဲ့ ယုံမှားသံသယများကို ဒီလို ဖော်ထုတ်ပြထားပါတယ်။
(၁-၂-၃-၄-၅) ငါသည် အတိတ်ကာလတုန်းက ဖြစ်ခဲ့ဘူးသလား၊ မဖြစ်ခဲ့ဘူးဘူးလား၊ အဘယ်သူ ဖြစ်ခဲ့ဘူးသနည်း၊ အဘယ်သို့ ဖြစ်ခဲ့ဘူးသနည်း၊ အဘယ်သူဖြစ်ပြီး၍ အဘယ်သူ ဖြစ်ခဲ့ဘူးသနည်း၊
(၆-၇-၈-၉-၁၀) ငါသည် အနာဂါတ်ကာလမှာ ဖြစ်လတံ့လား၊ မဖြစ်တော့ဘူးလား၊ အဘယ်သူ ဖြစ်မှာလဲ၊ အဘယ်သို့ ဖြစ်မှာလဲ၊ အဘယ်သူဖြစ်ပြီး၍ အဘယ်သို့ဖြစ်လတံ့နည်း၊
(၁၁-၁၂-၁၃-၁၄-၁၅-၁၆) ငါသည် ယခုပစ္စုပ္ပန်ဘ၀မှာ ငါဖြစ်သလား၊ ငါမဟုတ်ဘူးလား၊ ငါ အဘယ်သူ ဖြစ်သနည်း၊ ငါ အဘယ်သို့ ဖြစ်သနည်း၊ ငါ အဘယ်မှ လာသနည်း၊ ငါ အဘယ်သို့ သွားလတံ့နည်း- ဆိုပြီး ၁၆-မျိုး ပြဆိုထားပါတယ်။

နောက်တစ်နေရာမှာတော့ (၁-၂-၃-၄) မြတ်ဘုရားရှင်၊ တရားတော်၊ သံဃာတော်၊ အကျင့်သိက္ခာ၌ ယုံမှားတွေးတောခြင်း၊ (၅-၆-၇) ဖြစ်ပြီးသောခန္ဓာ၊ ဖြစ်လတံ့သောခန္ဓာ၊ ဖြစ်ပြီး- ဖြစ်လတံ့သောခန္ဓာစသည်တို့၌ ယုံမှားတွေးတောခြင်း၊ (၈) အကြောင်းအကျိုးတရားတို့၌ ယုံမှားတွေးတောခြင်းရယ်လို့ ၈-မျိုး ဖွင့်ဆိုထားပါသေးတယ်။

ဒါတွေကတော့ ဘာသာရေးအပေါ်မှာ အခြေခံထားတဲ့ သံသယတွေပဲလို့ ဆိုလိုပါက ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဖြစ်ပျက်နေတဲ့အရာဝတ္ထုမှန်သမျှဟာ အကြောင်းအကျိုးဆိုတဲ့ အ၀န်းအ၀ိုင်းတစ်ခုတည်းမှာပဲ ဖြစ်နေတော့ သံသယဆိုတာကလည်း တကယ်တော့ အကြောင်းအကျိုးဖြစ်စဉ်တွေပါပဲ။

မြတ်ဗုဒ္ဓက ဆိုခဲ့ပြီးတဲ့အတိုင်း လူသားတွေရဲ့သဘာဝအရ သံသယဖြစ်တတ်တာကို လက်ခံထားပေမယ့် မြတ်ဗုဒ္ဓဟာ မိမိ(မြတ်ဘုရားရှင်)ရဲ့ အယူဝါဒအပေါ်မှာ ယုံမှားသံသယရှိနေတာမျိုးကိုတော့ ပယ်ဖျောက်ပေးဖို့ အမြဲအာသီသ ရှိနေတယ်ဆိုတာပါ။ ဒါ့ကြောင့် မြတ်ဘုရားရှင်ဟာ ပရိနိဗ္ဗာန်ပြုတော်မမူမီ “အချိန်အနည်းငယ် အလိုမှာပဲ” တပည့်များကို တိုက်တွန်းစကား မိန့်ကြားခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီမိန့်ကြားထားတာကတော့ -

“ရဟန်းတို့ - ဘုရား၌ဖြစ်စေ၊ တရားတော်၌ဖြစ်စေ၊ သံဃာတော်၌ဖြစ်စေ၊ မဂ်၌ဖြစ်စေ၊ အကျင့်၌ဖြစ်စေ ယုံမှား တွေးတောခြင်းသည် တစ်စုံတစ်ယောက်သောရဟန်းအား ဖြစ်လျက်ရှိငြားအံ့။ ရဟန်းတို့ - ငါ့အား မေးကြကုန်လော့၊ “မြတ်စွာဘုရားသည် ငါတို့၏မျက်မှောက်၌ ထင်ရှားရှိခဲ့ပါလျက် ငါတို့သည် မြတ်စွာဘုရားကို ရှေ့တော်၌ ပြန်၍မေးခြင်းငှါ မစွမ်းနိုင်ကြပါတကား”ဟု သင်တို့သည် နောင်တတစ်ဖန် ပူပန်ခြင်း မဖြစ်ကြစေကုန်လင့်” လို့ ဖြစ်ပါတယ်။

ရဟန်းတော်တွေကို မြတ်ဘုရားက ဒီလိုမေးမြန်းခြင်းဟာ သုံးကြိမ်တိုင်တိုင်ပါ။ ရဟန်းတော်များက ပြန်လည် လျှောက်ကြားခြင်း ဖြေကြားခြင်းမရှိဘဲ ဆိတ်ဆိတ်နေတော်မူလို့ မြတ်ဘုရားက နောက်ထပ် ဒီလို မိန့် ပါတယ်။

“ ရဟန်းတို့ - သင်တို့သည် ဘုရား၌ ရိုသေသဖြင့် မမေးကြသည်ရှိသော်လည်း ဖြစ်ငြားအံ့။ ရဟန်းတို့ - အဖော် ရဟန်းအချင်းချင်းအားမူလည်း မိမိ၏ယုံမှားတွေးတောခြင်းကို ပြောကြားလော့” ဆိုတာကိုပါ။

ဒီမိန့်ကြားချက်ကလေးတွေကို ကြည့်မယ်ဆိုယင် မြတ်ဘုရားရှင်ဟာ ဘုရားအစရှိတဲ့ အပေါ်မှာ သံသယဖြစ်တာမျိုးကို လိုလားတော်မမူဘူးဆိုတာ ထင်ရှားပါတယ်။ အဲဒီလို မလိုလားသလို သံသယကို မွေးမြူထားတာကို လက်မခံဘူးဆိုတာပါ။ ဖြေရှင်းသင့်တဲ့အရာကို ချက်ချက်ဖြေကြားတော်မူမယ်ဆိုတာ ယုံကြည်နေမိပါတယ်။ ဒါကလည်း မြတ်ဗုဒ္ဓရဲ့ဓမ္မတွေဟာ မှန်ကန်နေတဲ့အတွက်ကြောင့်ပါ။ အဲဒီရဲ့အခြားတစ်ဖက်မှာကတော့ မိမိတို့ အားလုံးဟာလဲပဲ ကိုယ်ကိုယ်တိုင်မှန်ကန်တယ်ဆိုတာ သိနေပါလျက် မဖြေရှင်းသင့်ဘူးလားဆိုတာပါ။

မြတ်ဗုဒ္ဓဟာ ဘာ့ကြောင့် ယုံမှားသံသယကို ဖြေရှင်းပေးဖို့ ပရိနိဗ္ဗာန်စံလွန်တော်မူခါအနီးထိ လိုလားအာသီသ ရှိတော်မူပါသလဲ ဆိုတာကတော့ ဒီမိန့်တော်မူချက်လေးကပဲ အဖြေပေးမလားလို့ပါ။ အဲဒါကတော့ -

“ဓောတက - လောက၌ ယုံမှားမှုရှိသူ တစ်ဦးတစ်ယောက်ကိုမျှ လွတ်မြောက်စေချင်ငှါ ငါဘုရား တတ်နိုင်မည်မဟုတ်။ သင်သည် မြတ်သောနိဗ္ဗာန်တရားကို သိလတ်သော် ဤနည်းဖြင့် ဤသံသရာအယဉ် ‘သြဃ’ကို လွန်မြောက်နိုင်ရာ၏” ဆိုတာပါ။

ယုံးမှားမှုတွေ သံသယတွေဟာ လောကီကောင်းကျိုးများကို ထိခိုက်စေနိုင်ယုံမျှမက လွတ်မြောက်မှုအတွက်ပါ အန္တရာယ်ပြုနေတယ်ဆိုတာကို ဒီမိန့်ဆိုတော်မူချက်ကလေးက အသိပေးလို့နေပါတယ်။

မြတ်ဗုဒ္ဓဟောကြားထားချက်အရ အမြင့်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်ဖို့အတွက် အဆင့်လေးဆင့်နဲ့ တက်ရောက်ကြရတာပါ။ အဆင့်တိုင်း အဆင့်တိုင်းမှာ အဲဒီအဆင့်နဲ့လျော်ညီစွာ အကျိုးသက်ရောက်မှုများ ရှိနေပါတယ်။ အဲဒီအထဲကမှ အောက်ထစ်ဆုံးဖြစ်တဲ့ သောတာပန်ပုဂ္ဂိုလ်အဖြစ် ရရှိခဲ့မယ်ဆိုလျင် ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာတို့ကို ပယ်သတ်နိုင်ပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ယုံမှားခြင်း ၀ိစိကိစ္ဆာကို ပယ်သတ်နိုင်မှသာလျင် သောတာပန်ဖြစ်တယ်လို့ အပြန်အားဖြင့် ယူနိုင်ပါတယ်။

ဒီနေရာမှာ သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့ စွမ်းရည်သတ္တိများကို ဆက်လက်လို့ ပြောချင်ပါတယ်။
“ထိုသောတာပန် ဖြစ်ပြီးသောပုဂ္ဂိုလ်သည် -ဒိဋ္ဌဓမ္မော -ကိုယ်တိုင် မြင်အပ်ပြီးသော တရားရှိ၏။ ပတ္တဓမ္မော - ကိုယ်တိုင်ဆိုက်ရောက်အပ်ပြီးသော တရားရှိ၏။ ၀ိဒိတဓမ္မော -ကိုယ်တိုင်သိအပ်ပြီးသော တရားရှိ၏။ ပရိယောဂါဠဓမ္မော -ကိုယ်ပိုင်ညဏ်ဖြင့် သက်ဝင်အပ်ပြီးသော တရားရှိ၏။ တိဏ္ဏ၀ိစိကိစ္ဆော -ယုံမှားခြင်း၏ တစ်ဘက်ကမ်းသို့ ရောက်အောင် ကူးမြောက်ပြီး၏။ ၀ိဂတကထံကထော -သို့လော သို့လော တွေးတောယုံမှားခြင်းမှ လွတ်ကင်း၏။ ဝေသာရဇ္ဖပတ္တော -ကြောက်ရွံ့ မှုကင်းလျက် ရဲရင့်ခြင်းသို့ ရောက်၏။ အပရပ္ပစ္စယော သတ္ထုသာသနေ - မြတ်စွာဘုရား၏သာသနာတော်အတွင်း၌ သိမြင်ပြီးသော ညဏ်အစွမ်းအားဖြင့် သူတစ်ပါးတို့အား ယုံကြည်အားထားခြင်းမရှိတော့ပေ”

ဖော်ပြပါစကားတွေထဲက တိဏ္ဏ၀ိစိကိစ္ဆော၊ ၀ိဂတကထံကထော-ဆိုတဲ့ စကားတွေက သောတာပန်ပုဂ္ဂိုလ်ဟာ သံသယကင်းစင်ပြီး ဖြစ်ကြောင်းကို ဖော်ပြနေတယ်ဆိုတာပါ။ သူ့ရဲ့အပြန်အားဖြင့်တော့ သောတာပန်မဖြစ်သေးသမျှ ယုံမှားမှုသံသယများဟာ လူသားတွေနဲ့အတူ အမြဲဒွန်တွဲလျက် ရှိနေဦးမယ်ဆိုတာပါ။

ဒါကို နားလည်းနေမိပြန်တော့ သံသယဆိုတဲ့အရာက ကိုယ်ကိုယ်တိုင်ရော ကိုယ့်ပတ်ဝန်းကျင်ကသူတွေပါ အချိန်ပြည့်လွန်မြောက်ဖို့ ခက်သားဆိုတာပါ။ တစ်နေ့မဟုတ်တစ်နေ့နေ့ အနည်းအများ အကြီးအသေး ကွားခြားပြီး ပေါ်ပေါက်နေဦးမှာပါ။ အဲဒီလို ပေါ်ပေါက်လာတဲ့အခါ မြတ်ဗုဒ္ဓဟာ ဖြေရှင်းသင့်တဲ့ သံသယမျိုးဖြစ်ပါက သိုသိပ်ထားခြင်းမျိုးကို လိုလားတော်မမူဘဲ ဖြေရှင်းဖို့သာ အာသီသရှိတော်မူတယ်ဆိုတာကို အမှတ်ရနေသင့်ပါတယ်။ အဲသလိုပါပဲ မိမိသူတစ်ပါး နှစ်ဦးသားအတွက် ဖြေရှင်းသင့်တဲ့သံသယဖြစ်ပါက ဖြေရှင်းခြင်းကသာ ပိုလို့ကောင်းမယ်လို့ တွေးမိခြင်းပါ။ ဒီလိုဖြေရှင်းလိုက်တဲ့အတွက် သံသယကို ပြေပျောက်သွားစေမှာပါ။ ဒါပေးမယ် အချို့သံသယများကိုတော့ ဖြေဖျောက်နိုင်စွမ်း ရှိချင်မှ ရှိမှာပါ။ ဖြေရှင်းလို့ မရနိုင်သေးဘူးဆိုတာကို သိလာရတဲ့အခါ နားလည်ခွင့်လွှတ်ခြင်းဖြင့် မေ့ဖျောက်ထားတတ်ဖို့လဲ လိုအပ်မှာပါ။ ဒါဟာ အရှုံးပေးခြင်းမျိုး မဟုတ်ဘဲ တစ်နေ့သောအခါ အဖြစ်မှန်ကို သိလာပါလိမ့်မယ်ဆိုပြီး စိတ်မကောင်းစွာဖြင့် လျစ်လျူရှု့ထားရခြင်းမျိုးပါ။ ဆိုလိုတာကတော့ ဖြေရှင်းသင့်တဲ့သံသယကို မျိုသိပ်ထားတာ လက်ခံထားတာထက် ဖွင့်အန်ထုတ်ခြင်း ဖြေရှင်းခြင်းကသာ ရှုပ်ထွေးနေတဲ့အရာတွေ လေးလံနေတဲ့ဝန်တွေ ရှင်းလင်းသွားမှာ ပေါ့ပါးသွားမှာ ဖြစ်တယ်လို့ ယုံကြည်နေမိလို့ပါ။

Monday, May 17, 2010

ချစ်ခြင်းသည် ခါးသက်သည် သို့မဟုတ် ချိုမြိန်သည်



အချို့က ခါးသက်တယ်လို့ ပြောကြတယ်။ အချို့ကတော့ ချိုမြိန်တယ် ပြောကြပြန်တယ်။ အချို့ကျတော့ ခါးသက်ခြင်းနဲ့ချိုမြိန်ခြင်း ရောပြွမ်းနေတယ်လို့ ဆိုကြတယ်။ အချို့များကျတော့လဲ ခါးသက်ခြင်း ချိုမြိန်ခြင်းက လွန်မြောက်နေတယ်လို့ ဆိုကြပြန်တယ်။ ဒါတွေကတော့ အချစ်ရဲ့အရသာကို ဖွဲ့နွဲ့ကြတာပါ။ စာရေးသူကတော့ ခါးသက်သလား ချိုမြိန်သလားဆိုတဲ့ အဖြေထက် စာပေးများကို အားကိုးပြီးတော့ပဲ ပြောကြည့်ရမှာပါ။

မြန်မာလိုတော့ ချစ်ခြင်းဆိုတဲ့စကားလုံးလေးရဲ့ နောက်ထပ်ဆင့်ပွါးဖွင့်ဆိုထားကြတာလေးတွေက အများသား။ နှစ်သက်မြတ်နိုးခြင်း၊ စွဲလမ်းခြင်း၊ တွယ်တာခြင်း၊ သံယောဇဉ်ဖြစ်ခြင်း၊ ကြိုက်နှစ်သက်ခြင်း၊ ခုံမင်ခြင်း၊ တပ်မက်ခြင်း၊ ကြင်နာခြင်း၊ မက်မောခြင်း စသဖြင့်ပါ။

ပါဠိလိုကြတော့လဲ ပိယတဲ့၊ ပေမတဲ့၊ မေတ္တာတဲ့။ ပေမကိုပဲ ဆက်လက်လို့ တဏှာပေမ၊ ဂေဟသိတပေမ၊ မေတ္တာပေမ-လို့ ဖွင့်ဆိုထားကြပြန်တယ်။ အင်္ဂလိပ်လို့တော့ ပိယကို dear, endearment, love ။ ပေမကိုတော့ love, affection, joy, pleasure ။ မေတ္တာကျတော့- loving-kindness, friendliness, goodwill, benevolence, fellowship, amity, concord, inoffensiveness, non-violence-လို့ ဆိုပါတယ်။ universal love, unselfish love, all-embracing love -လို့ အချို့က ဖွင့်ဆိုကြပါတယ်။ ဒီတော့ ဒီဝေါဟာရလေးတွေကပဲ သူ့အဆင့်နဲ့သူ ကွဲပြားနေသလားဆိုတာပါ။

အချို့ ရဟန်းသာမဏေများဘွဲ့ ကိုတော့ အရှင်ပိယတိဿ၊ အရှင်ပိယဒဿီ၊ အရှင်သီလပိယ စသဖြင့် ပိယနဲ့ တွဲလျက် နာမည်ပေးကြပါတယ်။ မေတ္တာကိုတော့ ရဟန်းသာမဏေများကော လူသာမန်များပါ နာမည်ပေးကြပါတယ်။ အရှင်မေတ္တာနန္ဒ၊ မောင်မေတ္တာ စသဖြင့်ပါ။

မေတ္တာဆိုတဲ့ စကားလုံးလေးကို အခုလို မြန်မာလို အင်္ဂလိပ်လို စသဖြင့် နိုင်ငံအသီးသီးရဲ့ ဘာသာစကားတွေနဲ့ ဘာသာပြန်ဆိုကြတာဟာ လိုအပ်တဲ့ အဓိပ္ပါယ်ထိ သက်ရောက်မှု ရှိပါသလားဆိုတာပါ။ နောက်ပိုင်းပါဠိပညာရှင် တော်တော်များများကတော့ ပါဠိစာပေများကို နိုင်ငံအသီးသီးရဲ့ ဘာသာစကားတွေနဲ့ ဘာသာပြန်ဆိုခြင်း စကားလုံးများကို ဖလှယ်ခြင်းထက် အချို့စကားလုံးများအတွက် မူရင်းအတိုင်း ထားတာမျိုးကို ပိုလို့ နှစ်သက် ကြပါတယ်။ အကြောင်းကတော့ ဆိုလိုတဲ့အဓိပ္ပါယ်အထိ သက်ရောက်မှု ထိရောက်မှု မရှိလို့ပါ။ ဥပမာ ဓမ္မ-ဆိုတဲ့ စကားလုံးမျိုးကိုပါ။ ဓမ္မ-ဆိုတဲ့စကားလုံးကို တရား(doctrine)လို့ ဘာသာပြန်ခြင်းထက် ဓမ္မ-ကို ဓမ္မ-လို့ပဲ ထားလိုက်ခြင်းမျိုးပါ။ တိုက်ရိုက်မွေးစားယူတဲ့စကားလုံးလို့များ ပြောခွင့်ရှိမလားတော့ မသိပါ။ ဒီတော့ မေတ္တာ ဆိုတဲ့ ပါဠိစကားလုံးကို အမျိုးမျိုး ဘာသာပြန်တာကကော လုံလောက်ပါသလားဆိုတာပါ။ အချို့ကတော့ ပြောကြပါတယ်။ မေတ္တာဆိုတဲ့စကားလုံးကိုယ်တိုင်က ပါဠိမှ မြန်မာစကားသို့ လုံးဝပြောင်းလဲသွားပြီဖြစ်တဲ့ မြန်မာ့မူ ပိုင်စကားလုံးပါတဲ့။ ဒါ့ကြောင့် မေတ္တာကို မြန်မာစကားမှာလဲ ချစ်ခြင်း စသဖြင့် ထပ်ဖွင့်စရာမလိုတော့ဘဲ မေတ္တာ အတိုင်းထားပါက လုံးလောက်ပြည့်စုံတဲ့ အဓိပ္ပါယ်သို့ ရောက်ရှိပြီး ဖြစ်ပါသတဲ့။

ပိယ-ကို ဖွင့်ဆိုတဲ့အနက်-က သုံးခုရှိပါတယ်။ ဘတ္တရိ၊ ဇာယာယ၊ ဣဋ္ဌ - တို့ပါ။ နှစ်သက်အပ်သည့်အဓိပ္ပါယ် ထွက်တဲ့ အနက် ၆-မျိုးကြတော့ ဣဋ္ဌ၊ သုဘဂ၊ ဟဇ္ဇ၊ ဒယိတ၊ ၀လ္လဘ၊ ပိယ-တို့ပါ။ ပေမ၊ သိနေဟ၊ သေနဟ-ကို လည်း ချစ်ခြင်းအနက်အဓိပ္ပါယ်လို့ ပြောပါတယ်။

လင်ယောကျာင်္းဖြစ်သူကို ပါဠိလို ခေါ်နိုင်တာက အမည် ၇-မျိုး ရှိပါတယ်။ ဓ၀၊ သာမိက၊ ဘတ္တ၊ ကန္တ၊ ပတိ၊ ၀ရ၊ ပိယ- တို့ ဖြစ်ပါတယ်။ ဇနီးမယားဖြစ်သူကို ခေါ်နိုင်တာကြတော့ အမည် ၉-မျိုးပါ။ ဒါရ၊ ဇာယာ၊ ကလတ္ထ၊ ဃရဏီ၊ ဘရိယာ၊ ပိယာ၊ ပဇာပတီ၊ ဒုတိယာ၊ ပါဒပရိစာရိကာ- တို့ပါ။ ဒီအမည်လေးတွေကို ကြည့်မယ်ဆိုယင် လင်ယောင်္ကျားဖြစ်သူကို ဇနီးမယားဖြစ်သူက ပိယ-လို့ ခေါ်ဆိုနိုင်ပြီး ဇနီးမယားဖြစ်သူကို လင်ယောင်္ကျားဖြစ်သူက ပိယာ -ဆိုပြီ သုံးနှိုင်းနိုင်ပါတယ်။

ဒီနေရာမှာ ပိယနဲ့ ပေမဆိုတဲ့စကာလုံးနဲ့စပ်ဆက်ထားတဲ့ ဝေါဟာရလေးတွေကို ပြောကြည့်ချင်ပါတယ်။ အဲဒါ လေးတွေကတော့ ပိယအတွက်…..ချစ်စကား- ပိယ၀ါစာ၊ ချစ်မိတ်ဆွေ- ပိယမိတ္တ၊ ချစ်နှစ်သက်ဖွယ်သော ၀တ္ထု- ပိယ၀တ္ထု၊ ချစ်ဖွယ်ရုပ်- ပိယရူပ၊ ချစ်မယား- ပိယဘရိယာ၊ ပိယသံဝါသ- ချစ်သူနဲ့အတူနေခြင်း၊ ချစ်ကြင်ရေး- ပိယကိစ္စ၊ ချစ်ရေးကြိုက်ရေး- ပိယဗျာပါရ-စသဖြင့်ပါ။

ပေမအတွက်ကျတော့….ချစ်၍ထိမ်းမြားခြင်း- ပေမ၀ိဝါဟ၊ ချစ်ကြိုး-ပေမဗန္ဓန၊ ချစ်တင်းဆိုခြင်း- ပေမကထာ လာပ၊ ချစ်စကား- ပေမာလာပ၊ ချစ်တင်းဆိုသူ- ပေမကထာဝါစက-စသဖြင့်ပါ။

ပါဠိတော်များက စကားလေးတွေကို တိုက်ရိုက် ကိုးကားကြည့်မယ်ဆိုယင်တော့ “ပိယတော ဇာယတေ သောကော(ချစ်ခြင်းကြောင့် စိတ်ဒုက္ခဖြစ်ရတယ်)”တဲ့။ “ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော(ချစ်ခင်သူတွေနဲ့ ခွဲခွါ ကွဲကွာနေရခြင်းဟာ စိတ်ဆင်းရဲမှုပါ)”တဲ့။“အတ္တာနံ စေ ပိယံ ဇညာ (မိမိကိုယ်ကိုယ် ချစ်တယ်ဆိုတာ သိမယ်ဆိုလျင်)” ဆိုတာလေးတွေပါ။ “ပိယာယနာတိ တဏှာပိယာယနာဝ။ န မေတ္တာ ပိယာယနာ” ဆိုတဲ့ စကားကလည်း ရှိနေသေးတာပါ။ လူအများက ပြောဆိုနေကြတဲ့ ပီယဆေး ချစ်ဆေးဆိုတာ ဒီ-ပိယ-ဆိုတဲ့ ဝေါဟာရကလာတာ ဖြစ်နိုင်မယ်လို့ ယူဆမိပါတယ်။

“အတ္တသမံ ပေမံ နတ္ထိ (ဘယ်သူက ဘယ်လောက် ချစ်တယ် ပြောပြော ကိုယ့်ကိုယ်သာအချစ်ဆုံး)”တဲ့။ “ပေမတော ဇာယတေ သောကော၊ ပေမတော ဇာယတေ ဘယံ (ချစ်ခင်တွယ်တာမှုကြောင့် စိုးရိမ်မှုဖြစ်ရတယ်၊ ချစ်ခင်စွဲလမ်းမှုကြောင့် အန္တရာယ်နဲ့ တွေ့ ရတယ်)”ဆိုတာပါ။ နောက် ပေမ-နဲ့စပ်လို့ ဂေဟသိတပေမ-ဆိုတာကလည်း ရှိသေးတာပါ။

ဒီပါဠိတော်လေးတွေကို ထောက်ဆကြည့်မယ်ဆိုယင် လောကီဆန်တဲ့အချစ်မျိုး၊ အနှောင်အဖွဲ့ပါတဲ့အချစ်မျိုးကို ဒီဝေါဟာရလေးတွေနဲ့ သုံးကြတယ်လို့ ယူဆနိုင်ပါတယ်။ ဒါလေးတွေကတော့ ပိယနဲ့ ပေမဆိုတာ ဘယ်နေရာမျိုးမှာ သုံးတယ်ဆိုတာကို သိစေလိုလို့ပါ။

မေတ္တာဆိုတာကြတော့“ မေတ္တဉ္စ သဗ္ဗလောကသ္မိံ မာနသံ ဘာဝယေ အပရိမာနံ (တလောကလုံးကို အတိုင်း အတာမရှိတဲ့ မေတ္တာနဲ့ နေထိုင်ပွါးများပါ)တဲ့။ ဒီပါဠိတော်လေးကို ထောက်ဆကြည့်ယင် တစ်ဦးတစ်ယောက် ကိုယ်ကျိုးအတွက် မဟုတ်တော့ဘဲ အများကို ရည်ရွယ်နေတယ်လို့ ဆိုနိုင်ပါတယ်။ သူ့ ရဲ့ လွှမ်းခြုံနိုင်မှု အကျိုးသက်ရောက်မှုအားဟာ ချစ်သူနှစ်ဦးသား၊ မိသားစုဆိုတဲ့အသိုင်းအ၀ိုင်းလေး တစ်ခုအတွင်းမှာ သက်ရောက်နေတာ လွှမ်းခြုံနေတာ မဟုတ်တော့ဘဲ ပတ်ဝန်းကျင်တစ်ခုလုံးနဲ့
တိရစ္ဆာန်များ၊ နတ်လောကများအပါအ၀င် အခြားသောသတ္တ၀ါအားလုံးအပေါ်မှာ အကျိုးသက်ရောက် လွှမ်းခြုံနေတယ်ဆိုတာပါ။ လူမှုရေး၊ နိုင်ငံရေး၊ စီးပွါးရေး၊ ဘာသာရေး၊ လူမျိုးရေးဆိုတဲ့ အတားအဆီး ဘောင်တွေကို ကျော်လွန်သွားနိုင်တာကပဲ မေတ္တာရဲ့ ထူးခြားတဲ့သဘောပါ။

မေတ္တာဆိုတဲ့သဘောမှာ အထက်က ပိယ, ပေမ- သဘောတွေလို့ ငြိကပ်တွယ်တာတာမျိုး မရှိပါဘူး။ အညစ် အကြေးတွေ ကင်းစင်ပြီး ဖြူစင်နေပါတယ်။ ချစ်ခင်ခြင်း, ကြင်နာခြင်း, ဖော်ရွေစွာဆက်ဆံခြင်းဆိုတဲ့ နွေးထွေးတဲ့ နှလုံသားခံစားချက်အတွင်းမှာပဲ လှုံ့ဆော်နေပါတယ်။ သူ့ရဲ့သဘာဝဟာ ယူခြင်းမျိုးသဘော မဆန်ဘဲ ပေးရခြင်းမျိုးပါ။ ပေးဆပ်ရခြင်းသဘောပါ။ ဒါကလဲ သတ္တ၀ါတို့ရဲ့ အကျိုးစီးပွါးကို လိုလားမှသာ ပေးနိုင်မှာပါ။ ကျမ်းဂန်များမှာတော့ “အစီးအပွါး ချမ်းသာကို ပြုလိုသောအားဖြင့်၊ ချမ်းသာစေလိုသောအားဖြင့် ချစ်တတ်သောသဘော၊ တစ်နည်း- မိတ္တခေါ် မိတ်ဆွေ၌ ဖြစ်သောသဘော၊ တစ်နည်း- ချမ်းသာစေလိုသောသဘော၊ မိတ္တခေါ် မိတ်ဆွေ၏သန္တာန်၌ ဖြစ်သောသဘောသည် မေတ္တာ မည်ပါသည်” လို့ ဖွင့်ဆိုထားပါတယ်။

စကားလုံးရဲ့ အတက်အကျ အနိမ့်အမြင့် အသံကို နားထောင်ကြည့်ယင် အေးမြတဲ့သဘော ပူလောင်တဲ့သဘော နုးညံ့တဲ့သဘော ကြမ်းတမ်းတဲ့သဘောတွေဆောင်နေတဲ့ တုန်ခါမှုမျိုး ရှိနိုင်မလားဆိုတာ ရံခါများမှာ စဉ်းစားမိလို့နေပါတယ်။ ဒီဝေါရဟာလေးများရဲ့ တုန်ခါမှုအားက ဘယ်ကို ဦးတည်နေသလဲဆိုတာကတော့ ဝေခွဲဖို့ ခက်ပါမယ်။ ဒါပေမယ့် မေတ္တာ-ဆိုတာနဲ့ ကြားရသူ တဖက်သားမှာ နုးညံ့သိမ်မွေ့ မှုသဘော အေးချမ်းတဲ့ဓာတ် သဘောကိုများ ပေးဆောင်နေသလားလို့ စဉ်းစားမိခြင်းပါ။ ပိယတို့ ပေမတို့ကျတော့ သူတို့ရဲ့ တုန်ခါမှုအားဟာ မေတ္တာလို့ မဟုတ်ပြန်ဘူးလို့ ယူဆမိပြန်တယ်။ စာပေစာယူလုပ်ကြတဲ့အခါမှာ စာရဲ့အဆုံးနေရာများမှာ ဘာသာရေး အားသန်သူများကတော့ with regards, best regards စတဲ့စကားလုံးများလို with metta ဆိုတဲ့ အသုံးအနှုန်းလေးတွေ သုံးလာကြတာဟာ အေးမြခြင်းသဘောကို ဆောင်နေလို့ ရွေးချယ်ကြသလားဆိုတာပါ။ ဒါကတော့ အတွေးသက်သက်မျှသာပါ။

ဒီတော့ အဲဒီပိယသဘော၊ ပေမသဘောဆောင်တဲ့ ချစ်ခြင်းသဘောတွေမှာ မေတ္တာကော မပါဝင်နိုင်တော့ဘူလားလို့ မေးခွန်းထုတ်လာနိုင်ပါတယ်။ ဒီအတွက် မေတ္တာကို ချဲ့ကားလို့ ဒီနေရာလေးမှာ ပြောကြည့်ခြင်းအားဖြင့် မေတ္တာအတုဆိုတာနဲ့ မေတ္တာ အစစ်ဆိုတာလေးတွေကို နားလည်လာမှာပါ။

လင်ယောကျာင်္းနဲ့ဇနီးဖြစ်သူ၊ သားသမီးများ၊ ညီအကိုမောင်နှစ်မများ စသဖြင့် အဲဒီလို ချစ်ခင်တွယ်တာမှုမျိုးကိုတော့ အိမ်၌နေခြင်းကို အမှီပြုပြီးတော့ ချစ်ခင်တွယ်တာတာမျိုးဖြစ်လို့ “ဂေဟသိတပေမ”လို့ ခေါ်ပါတယ်။ အဘိဓမ္မာသဘောအရ လောဘစေတသိက်ကို ကောက်ယူထားတာဖြစ်တော့ လောဘရဲ့သဘောက သိကြတဲ့အတိုင်း အဆင်း,အသံ, အနံ့, အရသာ, အတွေ့ ဆိုတဲ့ အာရုံငါးပါးအပေါ်မှာ စွဲလမ်းတပ်မက်နေတာပါ။ ဒီစွဲလမ်းခြင်းကပဲ ငါ့အိမ်၊ ငါ့ဇနီး၊ ငါ့သား၊ ငါ့မြေးဆိုတဲ့ ငါ-လေးတွေ ကပ်ပါနေတာပါ။ အဲဒီ ငါ-လေးတွေ ပါနေယင်တော့ မေတ္တာ အစစ်လို့ ပြောဖို့ခက်သွားပါပြီ။ အဲဒီ ဂေဟသိတပေမ-ဆိုတဲ့ စွဲလမ်းတပ်မက်မှု မကင်းတဲ့ ချစ်ခြင်းထဲက မေတ္တာ အစစ်ဖြစ်အောင် ဘယ်လို ဖန်တီးယူမလဲ၊ မေတ္တာအစစ်ဟာ ဘယ်အချိန်မျိုးမှာ ဖြစ်ပါသလဲဆိုတာကြတော့ အမှန်တကယ်စောင့်ရှောက်လိုတဲ့အခါ၊ ကောင်းစားစေချင်တဲ့အခါ၊ တိုးတက်စေလိုတဲ့အခါမျိုးများကတော့ မေတ္တာအစစ်ပါ။ မြတ်ဗုဒ္ဓကမိန့်ထားတဲ့ “မာတာ ယထာ နိယံ ပုတ္တ”ဆိုတဲ့ စကားလေးက မေတ္တာရဲ့သရုပ်၊ မေတ္တာရဲ့အဓိပ္ပါယ်ကို မိခင်ဖြစ်သူကို ရည်ညွန်းလို့ ဖော်ပြထားသလို “ဗြဟ္မာတိ မာတာပိတရော”ဆိုတဲ့ စကားကြတော့ မိဘများက မေတ္တာတရားလက်ကိုင်ထားတဲ့ ဗြဟ္မာကြီးတွေနဲ့ တူတယ်လို့ မိန့်ဆိုထားပါတယ်။ ဒီတော့ မိဘများရဲ့ မေတ္တာက သားသမီးများအတွက် အနှိုင်းမဲ့ပါ။

မေတ္တာအတုရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ မေတ္တာအစစ်ကြတော့ သတ္တ၀ါအများရဲ့ စီးပွါးချမ်းသာကို တိုးတက်စေလိုတဲ့ ချစ်ခြင်းမျိုးပါ။ အဘိဓမ္မာသဘောအရတော့ အဒေါသစေတသိက်ကို ကောက်ပါတယ်။ အဒေါသစေတသိက် ဆိုပေမယ့် သူက သောဘနစိတ် ၅၉-ပါးလုံးမှာ ယှဉ်နေလို့ အာရုံအမျိုးမျိုးကို အာရုံပြုနိုင်ပါတယ်။ ဒီနေရာမှာ ပြောတဲ့ အဒေါသစေတသိက်ကတော့ သတ္တ၀ါပညတ်ကို အာရုံပြုတဲ့ သတ္တ၀ါများရဲ့ စီးပွါးချမ်းသာကို လိုလားတဲ့ အာရုံပြုခြင်းမျိုးကိုသာ ဆိုပါတယ်။ ဒီလိုအာရုံပြုနိုင်ခြင်းမျိုးကိုပဲ မေတ္တာအစစ်လို့ပြောတာပါ။ ဒီချစ်ခြင်းကတော့ မေတ္တာအစေး ခန်းခြောက်ခြင်း၏အခြားတစ်ဖက်မှာပါ။ အသိညဏ်ဦးစီးပါတယ်။ မေတ္တာဆိုတာ မြင့်မြတ်စွာနေ ကြောင်းတရား၊ ဗြဟ္မာတို့ ရဲ့နေကြောင်းတရား၊ ဘုရားလောင်းတို့ရဲ့ နေကြောင်းတရားဖြစ်တဲ့အတွက် ပါရမီ ၁၀-ပါးထဲမှာ ပါဝင်နေပါတယ်။

ဒါကို အနှစ်ချုပ်ကြည့်မယ်ဆိုယင် အတုရဲ့သဘောက စွဲလမ်းတပ်မက်မှုတွေ ပါနေတဲ့အတွက် အပြည့်အ၀ ဖြူစင်တယ်လို့ မပြောနိုင်ပါ။ အစစ်ကတော့ သတ္တ၀ါအများ ချမ်းသားစေလိုတဲ့အတွက် ဖြူစင်မှုအပြည့်နဲ့ပါ။ တစ်ဦးတစ်ယောက်ကို နှောက်ယှက်လိုခြင်း ပျက်စီးစေလိုခြင်း အလျဉ်းမရှိဘူးဆိုတာပါ။ မုန်းခြင်း၊ မေကျေမချမ်း ဖြစ်ခြင်း၊ ယုတ်ညံ့ခြင်း၊ သီးမခံခြင်း၊ ထောင်လွှားခြင်း၊ အထက်စီးဆန်ခြင်းတွေရဲ့ ဆန့်ကျင်ဘက်မှာပါ။ ဒီလို အတုနဲ့အစစ်ကို ခွဲခြားထုတ်လိုက်မယ်ဆိုယင် ၁၅၀၀-ဆိုတဲ့အချစ်နဲ့ ၅၂၈-သွယ် မေတ္တာနဲ့ မရောထွေးဘဲ ကွဲပြားနေပါတယ်လို့ ဆိုချင်ပါတယ်။

မေတ္တာဟာ တစ်ဦးတစ်ယောက်ပေါ်မှာ အလိုလိုဖြစ်တာထက် တည်ဆောက်ဖန်တီးယူရတာ ပိုလို့များမယ် ထင်ပါတယ်။ ဒါကိုပဲ ပွါးများတယ် တနည်းတော့ ထုံးမွမ်းတယ်လို့ ဆိုကြပါတယ်။ ဒီနေရာမှာ မေတ္တာပွါးများနည်းများကတော့ အများသိပြီးဖြစ်လို့ အကျယ်တ၀င့် မရှင်းလင်းလိုတော့ပါ။

ဒီတော့ ချစ်ခြင်းသည် ခါးသက်ပါသလား ချိုမြိန်ပါသလားဆိုတာကတော့ လက်လှမ်းမမီသေးတဲ့ အဖြေတစ်ခုပါ။ ခါးသက်ခြင်း ချိုးမြိန်ခြင်းဆိုတာကတော့ ခံစားသုံးဆောင်သူရဲ့ ခံယူချက်အပေါ်မှာ မူတည်နေမလား။ ဒါမှမဟုတ် သုံးဆောင်ခံစားသူက ခါးသက်ခြင်း ချိုမြိန်ခြင်းကို ဘယ်လို ဖွင့်ဆိုမလဲဆိုတာက ပိုလို့များ အရေးပါနေမလား ဆိုတာပါ။ ပိယ, ပေမ-သဘောဆန်တဲ့ ချစ်ခြင်းတွေများကြတော့ ချိုမြိန်နေတာတွေ အများကြီးပါနိုင်သလို့ ခါးသက်တာတွေကကော ကင်းပါသလားဆိုတာပါ။ တကယ်လို့ ချစ်ခြင်းသည် ခါးသက်ခြင်း ချိုမြိန်ခြင်း နှစ်မျိုး ရောပြွမ်းနေတယ်လို့ ဆိုခဲ့ကြမယ်ဆိုယင်ဖြင့် မေတ္တာဆိုတာကတော့ ရောနှောခြင်းမရှိတဲ့ အမြဲထာဝရချိုမြိန်ခြင်း၊ ဖောက်ပြန်ပြောင်းလဲမှုမရှိတဲ့အေးမြခြင်း သက်သက်ပါလို့ နားလည်းလက်ခံ သိနားလည်နေယင်း…………………

Friday, May 14, 2010

ကြံဆခြင်းနဲ့ သိမြင်ခြင်း သို့မဟုတ် အထင်နဲ့အမြင်



“မိမိကိုယ်တိုင် ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု ချက်ချင်းအတည်မယူပါနှင့်ဦး” ဒါလေးကတော့ ကာလာမသုတ်တော်လာ “မာတက္ကဟေတု”ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ် ဘာသာပြန်ဆို ချက်လေးပါ။

အတွေးအခေါ်ဆရာများစွာကတော့ အတွေးအမျိုးမျိုးကို ဒီလို ပြောကြပါတယ်။ အဲဒါတွေကတော့ ဖြန့် တွေး၊ ဖြည့်တွေး၊ ဖျောက်တွေး၊ ဖဲ့တွေး၊ ဖိတွေး၊ ဖော့တွေး၊ ဖောက်တွေး စသဖြင့်ပါ။ အချို့အရာတွေက စုစည်းပြီး တွေးရတာမဟုတ်ပဲ ဖြန့်ပြီး တွေးရတာမျိုး၊ အချို့ အတွေးကြတော့ လိုအပ်ချက်တွေရှိလို့ ဖြည့်တွေးရတာမျိုး၊ အချို့သောအတွေးက အတွေးဟောင်းတွေးကို ဖျောက်ပြီး တွေးရတာမျိုး၊ အချို့အတွေးကြတော့ တစ်စချင်းစီ တစ်ခုချင်းစီ ဖဲ့ပြီး တွေးရတာမျိုး၊ အချို့အတွေးများက ပေါ့ပေါ့လေးတွေးလို့မရဘဲ ဖိပြီး ကြိုးစားပြီး တွေးရတာမျိုး၊ အချို့အတွေးကြတော့ အဲသလိုမဟုတ်ဘဲ ပေါ့ပေါ့ပါးပါး ဖော့ဖော့လေး တွေးရတာမျိုး၊ အချို့ကတော့ သမရိုးကျ နည်းနဲ့မရဘဲ ဖောက်ထွင်းပြီး တွေးရတာမျိုးတွေပါ။ ဒါတွေကလည်း တကယ်တော့ ဖြစ်နိုင်သမျှ နာမည်တွေ တပ်ပြီး တွေးနည်းတွေကို ဖော်ပြတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒီနေရာမှာ ကာလာမသုတ်တော်မှာလာတဲ့ ကိုယ်တိုင်ကြံဆတွေးတောခြင်းကို ဘာ့ကြောင့် ချက်ချင်း အတည်ပြု လက်ခံတာမျိုးကို မလုပ်ဖို့ မြတ်ဗုဒ္ဓက မိန်းကြားထားသလဲ ဆိုတာလေးပါ။

လူတိုင်းဟာ ကြံဆနေတဲ့သတ္တ၀ါများ ဖြစ်ပါတယ်။ အချိန်ပြည့် တစ်ခုမဟုတ် တစ်ခုတော့ ကြံဆနေတာပါ။ ဒါ့ကြောင့်လဲ “ငှက်မှန်ယင် ပျံရင်းနဲ့ သေမယ်။ လူမှန်ယင် ကြံရင်းနဲ့ သေမယ်” ဆိုတဲ့ စကားလေးဟာ ပေါ်ပေါက်လာတာ ဖြစ်ပါလိမ့်မယ်။ ပါဠိစာပေများမှာတော့ ကြံဆခြင်း ဒါမှမဟုတ် ကြံစည်ခြင်းနဲ့စပ်ဆက်လို့ ဝေါဟာရလေးတွေ အများသားပါ။ အဲဒါတွေကတော့ တက္က၊ ၀ိတက္က၊ သင်္ကပ္ပ၊ အပ္ပနာ၊ ဦးဟာ-တို့အပြင် စိန္တနဲ့ စိန္တန -ဆိုတဲ့ ပုဒ်ကလေးတွေပါပဲ။ ဒီလိုပုဒ်ကလေးတွေ ကွဲပြားနေတာကပဲ သူ့ ရဲ့ အဓိပ္ပါယ်သက်ရောက်မှုလေးတွေဟာ အနည်း အများ၊ အားကြီးမှု အားသေးမှု ကွဲပြားနေတာလို့လဲ ဆိုနိုင်ပါတယ်။ ကြံစည်တယ်ဆိုတာ တကယ်တော့ စိတ်က အာရုံကို ဒါမှမဟုတ် အာရုံက စိတ်ကို ဆွဲယူသွားတာ ဆွဲငင်သွားတာ ဆွဲဆောင်သွားတယ်ဆိုတဲ့ သဘောပါ။ ဒါက တက္က-ကြံစည်ခြင်းဆိုတဲ့စကားလုံးရဲ့ သက်ဆိုင်ရာလေးတွေပါ။

တက္က-ကြံစည်ခြင်းကနေမှ နောက်ထပ် အသွင်ပြောင်းသွားနိုင်တာက တက္ကီ-ဆိုတာလေးပါ။ ပါဠိစာပေများမှာ တော့ တက္ကယတီတိ တက္ကီ၊ တက္ကော ၀ါ အဿ အတ္ထီတိ တက္ကီ-စသဖြင့်ပါ။ ဆိုလိုတာကတော့ တက္ကီဆိုတာဟာ ကြံဆခြင်းဆိုတဲ့ စကားလုံးသက်သက်မဟုတ်တော့ဘဲ အဲဒါကို အကောင်အထည်ဖော်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးဦး ဖြစ်တဲ့ ကြံဆခြင်းရှိသူ ကြံဆနေတဲ့သူ ကြံစည်နေသူလို့ ပြောချင်တာပါ။

အတွေးအခေါ်ဆရာများက ဖြည့်တွေး ဖောက်တွေး စသဖြင့် တွေးခေါ်နည်းများကို ဖော်ထုတ်ထားကြသလို့ အဋ္ဌကထာဆရာတော်များကလည်း လူသားများ တွေးခေါ်တတ်တဲ့အရာ လေးမျိုးကို ဖော်ပြထားပါတယ်။ အဲဒီမှာ (၁)တစ်ကတော့ အနုဿုတိကတက္ကီပါ။ ဒါက တစ်ဆင့်ကြားစကားတွေကို အခြေခံပြီးတော့ တစ်နည်းအားဖြင့် ကိုယ်တိုင်လက်တွေ့ မဟုတ်တဲ့စကားတွေပေါ်မှာ ကောက်ချက်ချပြီးတော့ ကြံစည်စဉ်းစားနေသူမျိုးပါ။ (၂) နှစ်မှာက ဇာတိဿရတက္ကီပါ။ ဒါကတော့ ဖြစ်ခဲ့ပြီးတဲ့ ဟိုဘက်ဘ၀ ဒါမှမဟုတ် ဘ၀ဟောင်းကို အောက်မေ့ နိုင်လို့ အဲဒါတွေကို အခြေခံပြီး တွေးခေါ်ကြံစည်နေသူမျိုးပါ။ (၃)သုံးကြတော့ လာဘီတက္ကီပါ။ သူကတော့ ဒီပစ္စုပ္ပန်ဘ၀မှာ အဆင်ပြေတဲ့ဘ၀တစ်ခု ပြည့်စုံချမ်းသာတဲ့ ဘ၀ကိုရရှိတဲ့အခါ အတိတ်ဘ၀တုန်းကလည်း ဒီလိုပဲ ချမ်းသာခဲ့တာ နေမှာပဲ။ အနာဂါတ်မှာလဲ ချမ်းသာသူ ဖြစ်လိမ့်မယ် ဖြစ်မှာပဲဆိုပြီး ပစ္စုပ္ပန်ရဲ့ ကာမဂုဏ်ချမ်း သာအပေါ်မှာ အခြေခံပြီး ရရှိလာတဲ့ဘ၀အပေါ်မှာ ကြံဆတွေးခေါ်နေသူမျိုးပါ။ (၄)လေးကတော့ ဖော်ပြခဲ့တဲ့ သုံးမျိုးလိုမဟုတ်တော့ဘဲ ကြံဆရုံ ကြံစည်ရုံ သက်သက်ကလေး မျှသာရှိတဲ့ ပုဂ္ဂိုလ်မျိုးပါ။ သုဒ္ဓတက္ကီလို့ ဆိုပါတယ်။

ဒီလေးချက်ထဲမှာ ဇာတိဿရတက္ကီပုဂ္ဂိုလ်ကလွဲယင် ယေဘုယျအားဖြင့် လူအများဟာ ကျန်တဲ့အချက်သုံးချက်နဲ့ တွေးခေါ်နေသူများဖြစ်တယ်လို့ တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့ သတ်မှတ်နိုင်ပါတယ်။ ဘာသာအယူဝါဒ တစ်ခုခုကို လက်ခံယုံကြည်ကြတာဟာလည်း များသောအားဖြင့် ဒီအချက်လေးချက်ပေါ်မှာပဲ အခြေခံနေတာပါ။ ဒါကတော့ မှန်ခြင်း မှားခြင်းဆိုတဲ့ အဖြေထက် လူတို့သဘာဝ တွေးခေါ်တတ်တဲ့ ကြံစည်တတ်တဲ့သူတွေရဲ့ တွေးခေါ်နည်းတွေကို အဋ္ဌကထာဆရာက ဖော်ပြထားတာပါ။

မြတ်ဗုဒ္ဓကတော့ လူသားရဲ့စရိုက်လက္ခဏာ လူ့သားသဘာဝကို သိနားလည်ထားတဲ့ မဟာကရုဏာရှင်ဖြစ်တဲ့ အလျောက် တွေးခေါ်ကြံဆခြင်းနဲ့ပတ်သက်လို့ အန္တရာယ် ရှိ-မရှိ၊ အဆိုး-အကောင်း စသဖြင့် အကျိုး-အပြစ် တွေကို ဖော်ထုတ်မိန့်ကြားထားခဲ့ပါတယ်။ ဒါသည်ပင် တွေးခေါ်တတ်ဖို့ တနည်းအားဖြင့် ဆောင်နည်း ရှောင်နည်းများလို့ ပြောနိုင်ပါတယ်။

ညဏ်မမီနိုင်တဲ့အတွက် အကျိုးဆက်အဖြစ် လူသားများဟာ ရူးသွပ်သွားနိုင်သလို ဆင်းရဲပင်ပန်းမှုတွေ ဖြစ်နိုင်လို့ မကြံစည်ရမယ့်အရာလေးမျိုးကို ဗုဒ္ဓကမိန့်ခဲ့ပါတယ်။ အဲဒါလေးတွေကတော့ (၁) ဘုရားရှင်တို့ရဲ့ ဘုရားအရာ (၂) ဈာန်ရပုဂ္ဂိုလ်တို့ရဲ့ ဈာန်အရာ (၃) ကံကံ၏အကျိုး (၄) လောကအကြောင်းတွေပါပဲ။


ဒီနေရာမှာ စာရေးသူရဲ ကြံစည်မိတဲ့ ကိုယ်တွေ့ လေး ပြောကြည့်ချင်ပါသေးတယ်။ အဲဒါကတော့ စာရေးသူဟာ သီလသမာဓိကြီးမားတဲ့ ဆရာတော်ဘုရားကြီးတစ်ပါးထံကို ရဟန်းတော်တစ်ပါးရဲ့ ခေါ်ဆောင်မှုနဲ့ ဖူးမြော်ဖို့ ရောက်ခဲ့ပါတယ်။ စာရေးသူတို့နဲ့ စကားအနည်းငယ်ပြောပြီးတဲ့အခါ ဆရာတော်ဘုရားကြီးက ရေစက်ချအနုမောဒနာမပြုခင် ဒကာဒကာမသုံးယောက်က ကပ်လှုလာတဲ့ လှုဖွယ်တွေ အကပ်ခံပါတယ်။ စားစရာသစ်သီးတွေ ပါတဲ့အခါ နေ့လည်ပိုင်းအချိန်ဆိုတော့ ဒါကို စာရေးသူက စဉ်းစားနေမိတာပါ။ ရေစက်ချနေစဉ်မှာပဲ ဆရာတော်ဘုရားကြီးက ညာဘက်ဘေးတည့်တည့် နေနေတဲ့ စာရေးသူဘက် လှည့်ပြီး မိန့်ပါတော့တယ်။ ဆရာတော်ဘုရားကြီး မိန့်တာက ဒီလိုပါ။

“ ဦးဇင်းလေး! ကိုယ်က ညဏ်မမီတဲ့အရာတွေ အများကြီးရှိတယ်။ မကြံစည်သင့်တဲ့ အရာမျိုးတွေကို ကြံစည်ခဲ့မိယင် ကိုယ်ပဲ အထိခံရတတ်တယ်”။ အဲသလို ဆရာတော်ဘုရားကြီးက မိန့်တဲ့အခါ စာရေးသူလည်း ခေါင်းနပန်းကြီး စိတ်ထဲထိတ်ကနဲ့ပါ။ ဆရာတော်ဘုရားကြီးက ဆက်တိုက်ပဲ ဘုရားလက်ထက်တုန်းက မကြံစည်သင့်တဲ့အရာတွေ ကြံစည်ခဲ့ဘူးတဲ့ အကြောင်းအရာတွေ သုံးလေးခု ဆက်တိုက် မိန့်ပါတယ်။ စာရေး သူလည်း ချွေးပြန်နေတော့တာပါ။ ရေစက်ချပြီးတဲ့ အခါမှာတော့ စာရေးသူလည်း ကာယကံ ၀စီကံ မနောကံ တွေနဲ့ ပြစ်မှားမိယင် ခွင့်လွှတ်ဖို့ တောင်းပန်လျှောက်ထားခဲ့ပါတယ်။

အပြန်ခရီးမှာတော့ ခေါ်ဆောင်ခဲ့တဲ့ ရဟန်းတော်က မေးပါတယ်။ “ဦးဇင်း ဘာတွေ ဆရာတော်ဘုရားကြီးကို သွားပြီး ကြံစည်နေသလဲ” တဲ့။ တကယ်တော့ ၀ိနည်းမှာ အကပ်ခံထားတဲ့ သစ်သီးတွေကို စွန့်လိုက်ယင် ပြီးသွားတဲ့ ကိစ္စပါ။ ဆရာတော်ဘုရားကြီးဟာ နာမည်ကြီး စာရေးဆရာကြီးရဲ့ အကိုတော်အရင်းပါ။ စာရေးသူ ဒီနေရာမှာ သင်ခန်းစာတစ်ခုရတာက လောကမှာ ကိုယ်ညဏ်မမီတာတွေ အများကြီးဆိုတာရယ်၊ မပြစ်မှားထိုက်သူတွေကို မကြံစည်သင့်တာတွေ ကြံစည်မိပါက ကိုယ်ပဲ ဒုက္ခရောက်နိုင်တယ်ဆိုတာရယ်ပါ။ ဒါလေးကတော့ လောကမှာ မကြံစည်အပ်တဲ့အရာတွေနဲ့ စပ်ဆက်လို့ ပြောဆိုမိခြင်းပါ။

အခြားကြံစည်မှုများဖြစ်တဲ့ လောကဟာ မြဲသလား၊ မမြဲဘူးလား။ လောကကြီးဟာ အဆုံးရှိသလား၊ မရှိဘူးလား။ အသက်နဲ့ ခန္ဓာကိုယ် အတူတူလား၊ တစ်ခြားစီလား။ သေပြီးနောက် ဖြစ်သေးသလား၊ မဖြစ်တော့ဘူးလား။ သေပြီးနောက်မှာ ဖြစ်လည်းဖြစ်တယ်၊မဖြစ်လည်းမဖြစ်ဘူး။ ဖြစ်တာလည်းမဟုတ်ဘူး၊ မဖြစ်တာလည်းမဟုတ် ဘူ-ဆိုတာတွေကိုလည်း ကြံစည်ဖို့မသင့်ဖူးလို့ မြတ်ဗုဒ္ဓက မိန့်ထားပါတယ်။ အကြောင်းကတော့ အချိန်တွေ ကုန်ပြီးတော့ ဘုရားရှင်လိုလားတော်မူတဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို ဝေးကွာနေလို့ပါပဲ။ ဒါပေမယ့် ဒီကနေ့ ဗုဒ္ဓဘာသာ အပြင် အခြားဘာသာဝင်များပါ စိတ်ဝင်စားမှုအများဆုံးကလည်း ဒီမေးခွန်းတွေပဲ ဖြစ်မယ် ထင်ပါတယ်။

ဘာသာရေးစိတ်ဝင်စားတဲ့လူအများနားလည်ထားတဲ့ ကာမ၀ိတက်၊ ဗျာပါဒ၀ိတက်၊ ၀ိဟိံသ၀ိတက် ဆိုတဲ့ လောဘ၊ ဒေါသ၊ မောဟတွေဟာလည်း မြတ်ဗုဒ္ဓမိန့်ကြားတဲ့ မကြံစည်သင့်တဲ့အရာတွေထဲမှာပါပါတယ်။ ဒါတွေကို မကြံစည်စေလိုတာကတော့ မိမိကိုယ်ကိုယ်တိုင်သာ ထိခိုက်အကျိုးယုတ်စေတာ မဟုတ်ဘဲ သူတစ်ပါးကော ပတ်ဝန်းကျင်တစ်ခုလုံးအပေါ်မှာပါ ဆိုးကျိုးသက်ရောက်စေနိုင်တဲ့အတွက် ဒီအတွေးအခေါ်များက ဒုက္ခပေးနိုင်တဲ့ အတွက်ကြောင့်ပါ။ အဆင့်မြင့်တရားတွေအတွက်ကြတော့ ပိုလို့များ ဝေးကွာနိုင်လို့ပါ။ ဒါတွေကတော့ ဆိုးကျိုးသက်ရောက်နိုင်တဲ့ အကြံအစည်များပါ။

အဲဒီရဲ့အခြားတစ်ဖက်မှာတော့ ကောင်းကျိုးဖြစ်ထွန်းမှုအပေါ် အခြေခံထားတဲ့ အကြံအစည်များလဲ ရှိပါတယ်။ အဲဒါတွေကတော့ မြင့်မားတဲ့အရာတွေ များနေတဲ့အတွက် လက်လှမ်းမီဖို့ဟာ သိပ်တော့ မလွယ်လှပါဘူး။ ပါဠိလို့ကတော့ နေက္ခမ၀ိတက်၊ အဗျာပါဒ၀ိတက်၊ အ၀ိဟိံသာဝိတက်ဆိုတာတွေပါပဲ။ အဲဒါအပြင် ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ-ဆိုတဲ့ သစ္စာလေးပါးအပေါ်မှာလည်း ကြံစည်ကြပါလို့ မြတ်ဘုရားက မိန့်ပါတယ်။

ဒီနေရာမှာ ထူးထူးခြားခြားပြောချင်တာတစ်ခုရှိတယ်။ အဲဒါကတော့ မြတ်ဗုဒ္ဓဟာ အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝက၊ လူသာမန်တို့ တွေးခေါ်ကြံစည်ခြင်းမျိုးကို ကြံစည်ပါသလားဆိုတာရယ်။ ဒါမှမဟုတ် မြတ်ဗုဒ္ဓကကော ဘယ်လိုတွေများ ကြံစည်နေသလဲဆိုတာပါ။ မြတ်ဗုဒ္ဓရဲ့သန္တာန်မှာ အဆင့်ဆင့် အကြိမ်းများစွာ မပြတ် ဖြစ်နေတဲ့ အကြံအစည်က ၂-မျိုး ရှိပါတယ်။ အဲဒါတွေက ခေမ၀ိတက်နဲ့ ပ၀ိဝေက၀ိတက် -ဆိုတာပါ။ ရှင်းလင်းအောင် ပြောကြည့်မယ်ဆိုယင်တော့ ဒီလိုပါ။

မြတ်ဘုရားတို့ရဲသဘာဝဟာ ဆင်းရဲမရှိခြင်းကိုသာ အလိုရှိသလို ဆင်းရဲမရှိခြင်းမှာပဲ မွေ့ လျော်တော်မူပါတယ်။ ဒီလို မွေ့ လျော်တော်မူတဲ့အတွက် မြတ်ဘုရားတို့ရဲ့ ညဏ်တော်မှာ အဆက်မပြတ် အကြိမ်များစွာ ဖြစ်နေတာကတော့ “ တစ်ဦးတစ်ယောက်သော သတ္တ၀ါကိုမျှ ငါသည် မဆင်းရဲစေလို ” ဆိုတဲ့ ခေမ၀ိတက်ပါပဲ။

ဆိတ်ငြိမ်ခြင်းကိုသာ အလိုရှိတော်မူပြီး ဆိတ်ငြိမ်ခြင်းမှာ မွေ့ လျော်တော်မူတာဟာလည်း မြတ်ဗုဒ္ဓတို့ရဲ့ အစဉ် အလာပါပဲ။ ဒါ့ကြောင့် “အကုသိုလ်ကို ပယ်အပ်၏” လို့ မြတ်ဗုဒ္ဓတို့ရဲ့ ညဏ်တော်မှာ အဆက်မပြတ် ဖြစ်နေ တာပါ။ ဒါကို ပ၀ိဝေက၀ိတက်လို့ ဆိုပါတယ်။

ဒီတော့ မြတ်ဘုရားရှင်မှအစ သာမန်လူများအထိ ကြံစည်နေကြပါတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါပေမယ့် ပုဂ္ဂိုလ်မြင့်မြတ်မှု ယုတ်နိမ့်မှုဆိုတာ ကွာခြားသွားတာနဲ့အမျှ ကြံစည်ကြတဲ့ ပုံစံတွေကလည်း ကွဲပြားသွားကြပါတယ်။ ကြံစည်မှုတွေ ကွဲပြားသွားတာနဲ့အမျှ ရလဒ်များကလည်း မတူထူးခြား ကွဲပြားနေမှာပါ။ သာမန်လူများမှာတော့ ဒီလိုကွဲပြားမှုတွေ ရှိနေခြင်းဟာပဲ အမှန်သို့ တက်ရောက်နိုင်ပေမယ့် အဲဒီရဲ့ အခြားတစ်ဖက်မှာ အမှားကို သက်ဆင်းသွားနိုင်ပါတယ်။

ဒီနေရာမှာ မြတ်ဗုဒ္ဓ ဘုရားဖြစ်တော်မူပြီးကာစ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ အကြံအစည်ကို ကိုးကားလို့ ပြော ကြည့်ချင်ပါသေးတယ်။ အဲဒါကတော့- -

“ငါသိထားသော ဤတရားကား နက်နဲ၏။ မြင်နိုင်ခဲ၏။ သိနိုင်ခဲ၏။ ငြိမ်သက်၏။ မွန်မြတ်၏။ တက္ကီပုဂ္ဂိုလ်တို့၏ ကျက်စားရာမဟုတ်။ သိမ်မွေ့ ၏။ ပညာရှိတို့သာ သိနိုင်၏။
ဤသတ္တ၀ါများကား ကာမဂုဏ်တို့၌ မွေ့ လျော်ကုန်ကြကုန်၏။ ပျော်ပိုက်ကြကုန်၏။ အလွန်နှစ်ခြိုက်ကုန်၏။ ဤ သတ္တ၀ါများသည် အကျိုးတရားတို့၏အကြောင်းဖြစ်သော ပဋိစ္စသမုပ္ပါဒ်တရားကို မြင်နိုင်ခဲ၏။ ပြုပြင်မှုအားလုံး ငြိမ်းရာ၊ ဥပဓိအားလုံးကို ပယ်စွန့်ရာ၊ တဏှာ၏ကုန်ရာ၊ ရာဂ၏ကင်းရာ၊ ချုပ်ရာ၊ ငြိမ်းရာဖြစ်သော နိဗ္ဗာန်တရား ကိုလည်း မြင်နိုင်ခဲ၏။
ငါသည် ဤတရားကိုဟောငြားအံ့။ သူတစ်ပါးတို့သည် ငါ၏တရားကို မသိနိုင်ရာ၊ နားမလည်နိုင်ရာ၊ သို့ဖြစ်လျင် ထိုတရားဟောမှုသည် ငါ့အား ပင်ပန်းရုံသာ ဖြစ်ရာ၏။ ငါ့ကိုယ်ငါ ညှဉ်းဆဲရုံသာ ဖြစ်ရာ၏။” ဆိုတာပါ။

ဒီတော့ မြတ်ဗုဒ္ဓရဲ့သိမြင်ထားတဲ့တရားများဟာ တွေးခေါ်ကြံဆပြီး သိမြင်ထားတဲ့တရားများမဟုတ်ဘဲ ကိုယ်တိုင် ထိုးထွင်းသိမြင်ထားတဲ့တရားများ ဖြစ်ပါတယ်။ ဒီတရားတော်များဟာ ထိုးထွင်းသိမြင်ထားတဲ့တရားများဖြစ်တဲ့ အတိုင်း တွေးခေါ်ကြံစည်နေကြတဲ့ တက္ကီပုဂ္ဂိုလ်တို့ရဲ့ ကျင်လည်ကျက်စားရာလည်း မဟုတ်ပါဘူး။ တွေးခေါ် ကြံဆပြီး မြတ်ဗုဒ္ဓရဲ့ တရာတော်တွေကို တန်ဖိုးဖြတ်ခြင်းဟာ မြတ်ဗုဒ္ဓရဲ့အာဘော်နဲ့ မနီးစပ်နိုင်ဘူးဆိုတာပါ။

အဲဒီရဲ့အခြားတစ်ဖက်မှာလည်း လူသားတိုင်း နေ့စဉ်တွေးနေရတဲ့ လူမူရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွါးရေး စသဖြင့် အတွေးကလေးများဟာ ကောင်းမွန်မှန်ကန်စွာ တွေးခေါ်နိုင်ပါက သူ့ရဲ့ရလဒ်ဟာလည်း ကောင်းမွန် မှန်ကန်နေမှာပါ။ ဒါပေမယ့် လွဲမှားစွာ မှားယွင်းစွာ တွေးခေါ်နေမိမယ်ဆိုယင်တော့ ရရှိလာမဲ့အကျိုးဆက်ဟာလည်း မလိုလားအပ်တဲ့အကျိုးတရားတွေကို သက်ရောက်လာစေနိုင်တဲ့အတွက် မြတ်ဗုဒ္ဓက “မိမိကိုယ်တိုင် ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု ချက်ချင်း အတည်မယူပါနှင့်ဦး”ဟု မိန့်ဆိုခြင်း ဖြစ်ပါလိမ့်မယ်ဆိုတာ တွေးခေါ်သုံးသပ်မိရင်း………

Monday, May 10, 2010

မိန်းမသားများ ဘာသာတရားကို ပုန်ကန်သွားခဲ့လျင်………..


မိန်းမသားများအားလုံး ဗုဒ္ဓ၀ါဒီလူ့အဖွဲ့အစည်းအသင်းအပင်းမှ ရုတ်တရက် ထွက်ခွါသွားကြလျင် ခိုင်မာသော ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်း ကျန်ရစ်လိမ့်မည် မဟုတ်။ မိန်းမသားများသည် ဘာသာတရား တည်းဟူသော ခန္ဓာကိုယ်အတွက် နှလုံးသားကို ထည့်ပေးထားကြသူများ ဖြစ်သည်-ဟု အချို့ ပြောဆိုထားကြပါတယ်။

အချို့ အလျင်စလို ဝေဖန်တတ်သူများကတော့ “ဗုဒ္ဓ၀ါဒဟာ မိန်းမသားများအား ရန်လိုသောဝါဒ ဖြစ်တယ်” လို့ ပြောဆိုမှုများ ရှိခဲ့ဘူးပါတယ်။ အိန္ဒိယစာရေးဆရာ Hemacandra က အမျိုးသမီးများကို အထင်သေးစွာ “The torch lighting the way to hell, Narakamærgadværasya døpikæ” ဟု ရေးသားခဲ့ပြန်ပါတယ်။

ဒါနဲ့စပ်ဆပ်လို့ မဃဒေ၀လင်္ကာမှာဖော်ပြထားတဲ့ အမျိုးသမီးများဆိုင်ရာလေးတွေကို အနည်းငယ်မျှ ဖော်ပြလိုပါတယ်။
(၁) ဌာနာဌာန၊ ညဏ်ချင့်ဆလော့၊ ကိစ္စနှစ်ပါး၊ အရာအားဖြင့်၊ ယောကျာင်္းမပြီး၊ မိန်းမပြီး၏။ (၂) လူတွင် ရှုပ်ထွေး၊ ကိုယ်ရေးပြည်မှု၊ စုံတစ်ခုလည်း၊ ဗိုလ်ထုအများ၊ လက်ရုံးအားဖြင့်၊ ယောင်္ကျားဆောင်သီး၊ မပြီးကိစ္စ၊ တစ်ယောက်မျှပင်၊ မိန်းမရွက်ဆောင်၊ အောင်သည်တစ်မျိုး။ (၃) အမရာဒေ၀ီ၊ ဘေရီဓမ္မ၊ ဒိန္နာစသည်၊ အပ္ပကဟူ၊ နည်းငယ်မူကား၊ လူဝယ်ထိုသို့၊ မိန်းမတို့လည်း၊ မချို့ပညာ၊ ယှိတတ်စွာ၏။ (၄) ညဏ်လစ် ယောင်္ကျား၊ ယှိခဲ့ငြားသော်၊ ယောင်္ကျားတို့ထက်၊ ရုတ်တရက်ညဏ်၊ ပဋိဘာန်ဖြင့်၊ လျင်မြန်မချွတ်၊ ကြံစည် တတ်၏။ (၅) ကိစ္စတသီး၊ အရေးကြီး၍၊ မပြီးနိုင်က၊ ကြံမရသော်၊ မိန်းမကိုသာ၊ တိုင်ပင်ရာဟု၊ ပညာယှိများ၊ အစဉ်ကြားလျက်၊ ထင်ရှားမိန့် မှာ၊ ဥဒါန်လား၏။

ဒီတော့ စာပေများမှာ အမျိုးသမီးများနဲ့ ပတ်သက်လို့ အဆိုးအကောင်း ဝေဖန်သုံးသပ်ထားကြတာ အမျိုးမျိုးပါ။ ကျမ်းဂန်များမှာတော့ မိန်းမသားများကို ဖော်ညွှန်းရာမှာ“မာတုဂါမ”ဖြစ်ပါတယ်။ ဒါက ပါဠိဝေါဟာရပါ။ ဒီဝေါ ဟာရအဓိပ္ပါယ်က “မိခင်မျိုးနွယ်” ဒါမှမဟုတ် “ မိခင်အဖွဲ့အစည်း” လို့ ဆိုလိုပါတယ်။ ဒါ့ကြောင့် ဗုဒ္ဓ၀ါဒမှာ မိန်းမသားတစ်ယောက်ဟာ မိခင်တစ်ယောက်အဖြစ် ဂုဏ်သိက္ခာရှိတဲ့နေရာကို ရရှိထားပါတယ်။ မိခင် တစ်ယောက်ကို နိဗ္ဗာန်သို့ တက်ရောက်ဖို့ ဒါမှမဟုတ် မြင့်မြတ်တဲ့နေရာကို တက်လှမ်းဖို့ သင့်လျော်တဲ့ လှေကား တစ်ခုအဖြစ် သတ်မှတ်ထားတာပါ။ ဇနီးမယားကိုလည်း လင်ယောင်္ကျားရဲ့အကောင်းဆုံးမိတ်ဆွေ (ပရမာသခါ) တစ်ဦးအဖြစ် ယူဆထားတာပါ။

မြင့်မြတ်တဲ့အမျိုးသမီးများရဲ့ အဖွဲ့အစည်းဖြစ်တဲ့ ဘိက္ခုနီသာသနာကိုတည်ထောင်ခွင့်ပြုခြင်းဟာ မဟာပဇာပတိ ဂေါတမီ၏ စွမ်းဆောင်မှုကြောင့်လို့ ဆိုရမှာပါ။ ဒီအဖွဲ့အစည်းကို ဖွဲ့စည်းတည်ထောင်ခွင့်ရခြင်းဟာ အမျိုးသမီး တစ်ယောက်ရဲ့ စွမ်းဆောင်မှုကြောင့်ဆိုယင်လည်း မှားမယ်မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓဟာ အမျိုးသမီးများကို နှိမ့်ချမထားဘဲ သဘာဝ၏အာနွဲ့သူများအဖြစ် အသိအမှတ်ပြုထားသလို အမျိုးသားနဲ့အမျို့သမီးတို့ရဲ့ အတွင်း ဓာတ်ခံသဘော မွေးရာပါကောင်းတဲ့စိတ်ကိုလည်း ကောင်းစွာသိတော်မူပါတယ်။ တကယ်တော့ လိင်ပိုင်းဆိုင် ရာကွဲပြားမှုဟာ လွတ်မြောက်မှုအတွက် တားမြစ်ချက်မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓရဲ့ဒေသနာတော်များကို ကြည့်ရှု့ လေ့လာမယ်ဆိုလျင် အမျိုးသမီးများကို သင့်တော်တဲ့နေရာ ပေးထားတာ တွေ့မြင်နိုင်ပါတယ်။

အရှင်သာရိပုတ္တရာနဲ့အရှင်မောဂ္ဂလာန်တို့ကို ဘိက္ခုသံဃာရဲ့အကြီးအကဲအမြတ်ဆုံးသာဝကများအဖြစ် သတ် မှတ်ခန့်အပ်ထားသလို ဘိက္ခုနီသံဃာမှာလည်း ရှင်မခေမာနှင့် ရှင်မဥပ္ပလ၀ဏ် ထေရီနှစ်ပါးတို့ကို အကြီးမြတ် ဆုံး ဘိက္ခုနီသာဝကများအဖြစ် သတ်မှတ်ခန့်အပ်ထားတာပါ။ ဘိက္ခုနီသံဃာ့အဖွဲ့အစည်းနဲ့ ဥပါသိကာ သာဝိ ကာမများမှာ မိဖုရားများ၊ မင်းသမီးများ၊ မြင့်မြတ်တဲ့အမျိုးသမီးများ၊ မုဆိုးမများ၊ သောကရောက်နေတဲ့ အမေများ၊ အကူအညီကင်းမဲ့နေတဲ့ အမျိုးသမီးများ၊ အဆုံးစွန်အားဖြင့် ပြည်တန်ဆာမများထိပါ အဆင့်အတန်း အမျိုးမျိုးမှ ပါဝင်တယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။ အဲဒီအထဲကမှ ပဋာစာရီ၊ ဓမ္မဒိန္နာ၊ ဘဒ္ဒါကာပိလာနိ၊ ၀ိသာခါ၊ သုပ္ပိယ၊ နကုလမာတာ၊ သာမာဝတီ၊ မလ္လိကာ၊ ခုဇ္ဇုတ္တရာ၊ သီရိမာ၊ အမ္ဗပါလီ၊ သုမနနဲ့ သုဘဒ္ဒါ စသူတို့ ဟာ ထင်ရှားသူများ ဖြစ်ပါတယ်။ ကျမ်းဂန်များမှာတော့ ရဟန်းတော်ပေါင်း ၂၆၄-ပါးကို အကြောင်းပြုထားတဲ့ ထေရဂါထာပေါင်း ၁၂၈၈-ခုရှိတာကို တွေ့ရပြီး ထေရီပေါင်း ၇၃-ပါးကို အကြောင်းပြုထားတဲ့ ထေရီဂါထာပေါင်း က ၅၃၄-ခု ရှိတာကို သိရှိရပါတယ်။

ကြီးကျယ်ကောင်းမွန်တဲ့ မိန်းမသားမရှိလျင် ဗုဒ္ဓ၀ါဒဆိုင်ရာဘာသာတရား မရှိနိုင်ပါဘူး။ မြတ်ဗုဒ္ဓရဲ့မယ်တော် ဖြစ် တဲ့ မိဖုရား မဟာမာယာဒေ၀ီဟာ သူမရဲ့သားဘုရားလောင်းတော်အတွက် သူမဘ၀ကို ပေးအပ်ခဲ့ရတာပါ။ သူမ ဟာ မင်းသားငယ်ကို မွေးဖွါးပြီးတဲ့နောက် ရက်အနည်းငယ်မှာပဲ သူမဘ၀ကို အပြီးအပိုင် စွန့်လွှတ်ခဲ့ရခြင်းပါ။ ဒါပေမယ့် အခြားကောင်းမွန်မြင့်မြတ်တဲ့ မိန်းမသားတစ်ဦးဖြစ်သူ သူ့ရဲ့အဒေါ် မဟာပဇာပတိဂေါတမီက အမေ တစ်ယောက်ရဲ့နေရာကို ၀င်ယူပြီး နုးညံ့စွာ ဂရုတစိုက်ချစ်ခြင်းဖြင့် သူ့ကို မွေးမြူခဲ့ရတာပါ။ ဒါ့ကြောင့် မြင့်မြတ် ကောင်းမွန်တဲ့ မိန်းမသားများသာမရှိလျင် မြတ်ဗုဒ္ဓဟာ လူသားတစ်ယောက်အဖြစ် ရှင်သန်ရပ်တည်ဖို့နဲ့ မြတ်ဗုဒ္ဓ (သဗ္ဗညုတညဏ်ရှင်)အဖြစ် ပေါ်ပေါက်လာဖို့မှာ ဘယ်သောအခါမှ ဖြစ်လာမှာမဟုတ်ဘူးဆိုတာ ရှင်းရှင်း လင်းလင်းတွေ့မြင်ရမှာပါ။

ဒါနဲ့စပ်ဆပ်လို့ မိခင်ရင်းနဲ့ မွေးစားမိခင်တို့ကို ဥပမာတင်စားထားတဲ့ စာလေးကို သတိရမိပါတယ်။ အဲဒါကတော့ မိခင်ရင်းဟာ သူ့အမြစ်ကပေါက်လာတဲ့ သစ်ပင်ကို ရှင်သန်ဖွံ့ဖြိုးလာအောင် အာဟာရဖြစ်စေတဲ့ အစားအစာတွေ တိုက်ကျွေးပေးတဲ့ ရေပန်းနဲ့တူပါတယ်။ မွေးစားမိခင်ကတော့ ဟို--အမြင့်တိမ်တိုက်ထဲအရောက် ထိုးတက် သွား ပြီး အဝေးကြီးရောက်သည့်အထိ ခရီးဆန့်၊ ကန္တာရထဲက အထီးကျန်သစ်ပင်လေး ဖွံ့ဖြိုးစေဖို့ အာဟာရဖြစ် စေတဲ့ အစားအစာတွေ တိုက်ကျွေးပေးတဲ့ ရေးပန်းနဲ့တူတယ်-လို့ ဆိုတာလေးပါ။ (A mother is likened unto a mountain spring that nourishes the tree at its root, but one who mothers another’s child is likened unto a water that rises into a cloud and goes a long distance to nourish a lone-tree in the desert.)

“ကောင်းမွန်မြင့်မြတ်သော အမေများမရှိလျင် ထိုနိုင်ငံ(ထိုအမျိုး)သည် ကြီးကျယ်သောနိုင်ငံ (ကြီးကျယ်သော အမျိုး)ဖြစ်မလာနိုင်ဘူး” ဆိုတဲ့အရာဟာ မှန်ကန်ဆဲပါ။ ပုံမှန်အားဖြင့်တော့ အလုပ်သို့သွားရခြင်း၊ သူ၏မိသားစု အတွက် စားစရာနဲ့ အခြားလိုအပ်ချက်များ ထောက်ပံ့ရခြင်းဟာ ဖခင်ရဲ့တာဝန်ဖြစ်တယ်ဆိုတာ အားလုံး လက်ခံ ထားကြပါတယ်။ ဒါပေမယ့် ကလေးကို ဂရုတစိုက်စောင့်ရှောက်ဖို့နဲ့ သူတို့ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာကို ပုံစံသွင်း ရခြင်းတို့ကတော့ မိခင်များသာ ဖြစ်ပါတယ်။ မိခင်များကပဲ သူတို့ရဲ့မိခင်ဘာသာစကားကို ပြောဆိုဖို့ သူတို့ရဲ့ ကလေးငယ်များကို သင်ကြားပေးရတာပါ။ ဒီတော့ လူသားတိုင်းဟာ အမေ့လျှာ-ကြောင့် ပြောဆိုကြတယ်လို့ ဆိုနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုယင် ကလေးငယ်ရဲ့ ပထမဆုံးဖြစ်တဲ့ စကားဟာ မိခင်ဖြစ်သူထံမှ သင်ယူရ ရှိခဲ့လို့ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း မိမိလူမျိုးရဲ့ပင်ရင်းစကားကို မိခင်ဘာသာစကားလို့ ပြောဆိုကြခြင်း ဖြစ်ပါလိမ့်မယ်။

လူသားလောကကြီးမှာ ကြီးကျယ်တဲ့အောင်မြင်မှုကို ပြုလုပ်နိုင်သူ၊ မြင့်မားတဲ့ရိုသေလေးစားမှုကို ရရှိသူ အချို့ မိန်းမယောကျာင်္းများကို ဘယ်အချိန်မှာပဲကြည့်ကြည့် သူတို့ရဲ့မိခင်ဖြစ်သူဟာ အဲဒီအောင်မြင်မှုတွေအတွက် ယုံကြည်မှုအချို့ကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ လူသားတိုင်းဟာ ကလေးဘ၀က ရရှိခဲ့တဲ့ အယူအဆအတွေး အခေါ်များဟာ ဘ၀တစ်လျောက်လုံး သူတို့နဲ့အတူတကွပါသွားတာပါ။ ဒါကို စိတ်ပညာရှင်များက ပြောပြခြင်း ဖြစ်ပါတယ်။ မိခင်များထံမှ ကောင်းမွန်မြင့်မြတ်တဲ့ ညွန်ကြားချက်များ ရရှိလျင်၊ အမှားအမှန်ကြားမှာ ခြားနားမှုကို ပြောကြားလျင်၊ မိသားစုများ၊ သူငယ်ချင်းများ၊ ကလေးငယ်ကိုယ်တိုင်အတွက် တာဝန်များကို ပြောကြားလျင် လူသားတိုင်း ဘ၀ရဲ့ဆုံးရှုံးမှုများကို ပြုလုပ်ခဲ့ကြလိမ့်မယ်မဟုတ်ဘူးဆိုတာပါ။

ကမ္ဘာလောကကြီးရဲ့အစိတ်အပိုင်းတော်တော်များမှား ဆိုးသွမ်းတဲ့သူငယ်များက ဖြစ်ပေါ်စေတဲ့ ဆင်းရဲ့ဒုက္ခများ စွာကို ကြားနေကြရတာပါ။ တိုင်းပြည်များစွာမှာ ငယ်ရွယ်နုပျိုတဲ့ လူငယ်များ ဆိုးသွမ်းရခြင်းအကြောင်းမှာ -ဒီငယ်ရွယ်တဲ့လူငယ်များဟာ သူတို့ရဲ့မိဘများထံမှ သင့်လျော်တဲ့ ညွန်ကြားချက်ကို မရရှိခဲ့ဘူး-ဆိုတဲ့ အချက် ကြောင့် ဖြစ်တယ်လို့ တရားသူကြီးများနှင့်ရဲအရာရှိကြီးများက ပြောဆိုသုံးသပ်ကြပါတယ်။ ဒါ့ကြောင့် အချို့သူ များက “ဆိုးသွမ်းတဲ့ကလေးတွေ-လို့ ပြောဆိုဖို့ မသင့်ဘူး၊ ဆိုးသွမ်းတဲ့မိဘများ-လို့ ပြောဆိုသင့်တယ်”လို့ ယူဆ လာကြခြင်း ဖြစ်ပါတယ်။ ဒါဟာ ကိစ္စအားလုံးမဟုတ်လျင်တောင် အချို့ကိစ္စများမှာ မှန်ကန်နေပါတယ်။

ငယ်ရွယ်နုပျိုမှုကြောင့်ဖြစ်တဲ့ ကြမ်းတမ်းဆိုးရွားမှုများစွာမှာ ဆိုးသွမ်းတဲ့မိဘများက အမှားအယွင်းအားလုံးကို ဖြစ်စေခဲ့တာတော့ မဟုတ်ပါ။ ဒါပေမယ့် ကလေးဟာ မိဘမဲ့ကလေးဖြစ်တယ်ဆိုတဲ့အချက်နဲ့ ကောင်းတဲ့လမ်း ညွန်မှုကို ရရှိဖို့ အမေအဖေမရှိဆိုတဲ့ အချက်က မှားယွင်းစေခြင်း ဖြစ်ပါတယ်။ အားလုံးသော လူသားသတ္တ၀ါ များကို ညီအကိုမောင်နှမများအဖြစ် သတ်မှတ်ရမယ်ဆိုတာကို ဗုဒ္ဓဘာသာဆိုင်ရာက ပြောပြထားပါတယ်။ ဒါ့ကြောင့် မိဘမဲ့ကလေးများကို သူတို့ရဲ့ကိုယ်ကျင့်တရားဆိုင်ရာအတွက် ကောင်းတဲ့သတင်း အချက်အလက် များ၊ ကောင်းတဲ့အကူအညီဖြစ်စေမယ့် လမ်းညွန်ချက်များကို ပေးနိုင်ဖို့ ကြိုးစားသင့်ပါတယ်။

မျက်မှောက်ကမ္ဘာမှာ စစ်ပွဲနှင့်ပတ်သက်တဲ့ အဆက်မပြတ်ဖြစ်နေတဲ့ ကြောက်လန့်မှုများရှိနေတယ်ဆိုတာ အား လုံး သိရှိကြပြီး ဖြစ်ပါတယ်။ ကမ္ဘာလောကကြီးရဲ့ များစွာသောအစိတ်အပိုင်းများမှာ ဘာသာတရားကို မေ့လျော့ နေခဲ့ခြင်းကပဲ ဒီအခြေအနေအတွက် တစ်ခုသောအကြောင်းဖြစ်နိုင်ပါတယ်။ အမေများဟာ ဘာသာတရားမှာ တွေ့ရှိရတဲ့ ကြီးကျယ်မြင့်မြတ်တဲ့အမှန်တရားများကို သူတို့၏ကလေးများသို့ သင်ကြားမပေးတဲ့အခါ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးအဖြစ် မျော်လင့်ရန် ခက်ခဲပါလိမ့်မယ်။

လူသားအားလုံးနဲ့ပတ်သက်တဲ့ အကောင်းဆုံးဘာသာတရားရှိတယ်ဆိုတာကို ဗုဒ္ဓ၀ါဒီများက ယုံကြည်ကြပြီးသာ ပါ။ ဒါ့ကြောင့် ဗုဒ္ဓ၀ါဒယုံကြည်မှုကို ရိုသေဖို့ ကလေးကိုစောင့်ရှောက်မွေးမြူတဲ့အိမ်၊ သန်မာတဲ့ကိုယ်ကျင့်တရား ရှိပုံပေါ်တဲ့ ကလေးရှိတဲ့အိမ်၊ ဘ၀နေထိုင်မှုပုံစံ အောင်မြင်မှုရရှိတဲ့အိမ်များဟာ ပျော်ရွှင်ချမ်းမြေ့တဲ့အိမ်အဖြစ် တွေ့မြင်နေရတာပါ။

ယောကျာ်းများဟာ အလုပ်ကိစ္စများ၊ ငွေရအောင်ပြုလုပ်ခြင်း၊ ဟိုက်ဒရိုဂျင်ဗုံးကို ထုတ်လုပ်ခြင်း၊ စစ်ပွဲကို ဖန်တီး ခြင်း၊ စစ်ပွဲပြီးတဲ့နောက် တစ်ဖန်ကမ္ဘာကြီးကို ဖြောင့်မတ်အောင် ကြိုးစားခြင်းဖြင့် ပုံမှန်အားဖြင့် ဦးဆောင်မှုကို ယူလေ့ရှိတယ်ဆိုတာကို ဘယ်အချိန်မဆို ကမ္ဘာကြီးမှာ ဒီအတိုင်းတွေ့နေရတာပါ။ ဒါပေမယ့် မိန်းမသားအုပ်စု တစ်စုက စစ်ပွဲတစ်ပွဲကို စတင်ဖန်တီးခဲ့တယ်ဆိုတာကိုတော့ သံသယရှိစရာကောင်းတဲ့ ဝေါဟာရတစ်ခုပါ။ တကယ်တော့ ယောင်္ကျားသားတိုင်းဟာ မိခင်ဖြစ်သူက ချမှတ်ပေးထားတဲ့ ဥပမာများကို သတိရသင့်ပြီး ဖျက်ဆီး ကြမယ့်အစား ငြိမ်းချမ်းမှုအတွက် ကြိုးစားကြရမှာပါ။

ယေဘုယျအားဖြင့် လူ့အဖွဲ့အစည်းကို ကူညီသူ၊ လှုမှုရေးနဲ့ပတ်သက်တဲ့ တိုးတက်မှုများကို ပြုလုပ်စေသူ၊ လူသားမျိုးနွယ်ကို စောင့်ရှောက်တဲ့သူ၊ နုးညံ့ပြီးကူညီမှုကို ပေးတဲ့သူများဟာ မိန်းမသားများသာ ဖြစ်ပါတယ်။ ဆေးရုံအတွက်၊ မိဘမဲ့ကလေးများဂေဟာအတွက်၊ ဒါမှမဟုတ် မျက်မမြင် နားမကြားဂေဟာများအတွက် လိုအပ်တဲ့ မည်သည့်အချိန်ဖြစ်ဖြစ် ပုံမှန်အားဖြင့် အဲဒီအရာကို ဖြည့်ဆည်းပေးနေသူများမှာ လိုအပ်ချက်များကို ဂရုစိုက်ရတဲ့ လူ့အဖွဲ့အစည်းဖြစ်တဲ့ မိန်းမသားများသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် “မိန်းမသားများအားလုံး ဗုဒ္ဓ၀ါဒီလူ့အဖွဲ့အစည်းအသင်းအပင်းမှ ရုတ်တရက် ထွက်ခွါသွားကြလျင် ခိုင်မာသောဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်း ကျန်ရစ်လိမ့်မည် မဟုတ်။ မိန်းမသားများသည် ဘာသာတရားတည်းဟူသော ခန္ဓာကိုယ်အတွက် နှလုံးသားကို ထည့်ပေးထားကြသူများ ဖြစ်သည်”ဟု ပြောဆိုကြခြင်း ဖြစ်ပါတယ်။

အသက်ကြီးသူများနှင့်ဆင်းရဲသူများအတွက် လိုအပ်ချက်များ၊ ဘုရားကျောင်းကန်များအတွက် အသုံးအဆောင် များ အဲဒီအရာများအတွက် ထောက်ပံ့မှုအားလုံးဟာ မိန်းမသားများရဲ့ လုံးလစွမ်းပကားကြောင့် ဖြစ်တယ်ဆိုယင် လွန်လွန်းရာကြမယ့် အဆိုမဟုတ်ပါဘူး။ ဒါ့ကြောင့် “မိန်းမသားများသာ မရှိလျှင် အားလုံးသောဒါနသည် အဆုံးတစ်ခုသို့ လားရောက်လုနီးပါး ဖြစ်လိမ့်မည်”ဟု ပြောဆိုကြခြင်း ဖြစ်ပါတယ်။

တိုင်းပြည်အသီးသီးမှာ ကလေးများနှင့်တိရိစ္ဆာန်များကို ကြမ်းတမ်းစွာပြုမူခြင်းမှ တားမြစ်ရန် ဥပဒေများကို ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီအတွက် မိန်းမသားများဟာ အချို့သောဥပဒေများကို ချမှတ်ရန် လုပ်ဆောင်ခဲ့တာပါ။ ကမ္ဘာပေါ်ရှိ တိုင်းပြည်အများစုမှာ ဆရာများဟာ မိန်းမသားများ ဖြစ်ပါတယ်။ ကလေးများရဲ့ ကောင်းမွန်မှန်ကန် တဲ့ ကိုယ်ကျင့်တရားဆိုင်ရာကို ပုံစံသွင်းရာမှာ အမေဖြစ်သူများကို ကူညီဖို့ဟာ သူတို့ရဲ့ တာဝန်အဖြစ် ခံယူထားကြတာပါ။

ကြက်ခြေနီအလုပ်ဆိုတာ သိတဲ့အတိုင်း ဘေးဒုက္ခရှိတဲ့ နေရာတော်တော်များများမှာ ဘယ်အချိန်ဖြစ်ဖြစ် ပြုလုပ် ရပါတယ်။ ဒီမြင့်မြတ်တဲ့ အဖွဲ့အစည်းဟာ မြင့်မြတ်တဲ့ မိန်းမတစ်ယောက်မျှ၏ အလုပ်ရဲ့အကျိုးဆက်အဖြစ် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ သူကတော့ Florence Nightingle ပါ။ ကင်ဆာခံစားနေရတဲ့ လူနာထောင်ပေါင်း များစွာဟာ ဓာတ်ရောင်ခြည်ကုသမှုနဲ့ အချို့သောသက်သာမှုကို ရရှိခဲ့ပါတယ်။ အဲဒီရေဒီယမ်ကို ရှာဖွေသူ ကတော့ မိန်းမသားတစ်ယောက်ဖြစ်တဲ့ Madame Curie ဖြစ်ပါတယ်။ လူသားကျွန် ဘ၀စနစ်ကို ဖြတ်သိမ်းနိုင်ဖို့ လုပ်ဆောင်ခဲ့တဲ့သူများထဲမှာ မိန်းမသားတစ်ယောက် ပါဝင်ပါတယ်။ သူကတော့ Harrief Beechar Stow ဖြစ်ပါတယ်။ အိုမဲအိမ်မဲ့ ဖြစ်နေသူကလေးများကို ပြုစုစောင့်လျှောက်သူ မိန်းမသားတစ်ဦး ရှိပါတယ်။ သူက တော့ Mother teresa ဖြစ်ပါတယ်။ အခြားသော တိုင်းနိုင်ငံအသီးသီးမှာလည်း သူ့အစွမ်းနဲ့သူ ရှိနေကြတဲ့ မိန်းမသားများ များစွာရှိနေတာပါ။

ဒီတော့ ဘယ်ရှုထောင့်က ကြည့်ကြည့် အကြောင်းတခုကတော့ ကမ္ဘာလောကမှာ မိန်းမသားများရဲ့ လွှမ်းမိုး မှုဟာ များစွာအရေးကြီးတဲ့ လွှမ်းမိုးမှုဖြစ်တယ်ဆိုတာကို ကောက်ချက်ချဖို့ ခွန်အားဖြစ်စေခဲ့တယ် ဆိုတာပါပဲ။ အဲဒီရဲ့အခြားတစ်ဖက်မှာလည်း ဘာသာတရားတည်းဟူသော ခန္ဓာကိုယ်အတွက် နှလုံးသားကို ထည့်ပေးထားကြသူများဖြစ်တဲ့ မိန်းမသားများသာ မပါခဲ့လျင် အားလုံးသောဒါနသည် အဆုံးတစ်ခုသို့ လားရောက်လုနီးပါး ဖြစ်လိမ့်မည်-ဆိုတဲ့ စကားလေးက ဗုဒ္ဓဘာသာအတွက် ဒါမှမဟုတ် အားလုံးသောဘာသာအတွက်……..

Tuesday, May 4, 2010

ပြုံးတုံ့ ပြုံးလှယ်


“ ရိုသေးကျိုးနွံသော ဗုဒ္ဓ၏တပည့်တစ်ယောက်အနေဖြင့်မူ-‘ကျွန်ုပ်သည် ဗုဒ္ဓအကြောင်းကို ပိုသိလေလေ၊ ဗုဒ္ဓကို ပို၍ ချစ်ခင်ကြည်ညိုလေ ဖြစ်မိပါသည်။ ဗုဒ္ဓကို ပို၍ ချစ်ခင်ကြည်ညိုလာသည်နှင့်အမျှလည်း ဗုဒ္ဓ အကြောင်းကို ပို၍ သိလာခဲ့ရပါသည်’ ဟူ၍ ပြောဆိုရလိမ့်မည် ဖြစ်ပါသည်”။ ဒါလေးကတော့ နာရဒမဟာ ထေရ်ရေးသားတဲ့ Buddhism in a nutshell စာအုပ်မှာပါ။ အင်္ဂလိပ်လို ဖတ်ချင်သူများအတွက်တော့ ဒီလိုပါ။ A humble follower of his would say “ the more I know Him, the more I love Him; the more I love Him, the more I know Him.”

ဒီစာစုရဲ့ “ပြုံးတုံ့ပြုံးလှယ်”ဆိုတဲ့ ခေါင်းစဉ်လေးကို သီချင်းနာမည်က - ပြုံးတုံ့လှယ်၊ တေးရေး - မြို့မငြိမ်း၊ မိမိဝင်းဖေ သီဆိုထားတဲ့ သီချင်းလေးက စာသားလေး ယူထားတာပါ။

အပြုံးနဲ့စပ်ဆက်လို့ ဖွင့်ဆိုထားတဲ့ အဓိပ္ပါယ်ကတော့ အများသား။ ရှက်ပြုံး၊ မဲ့ပြုံး၊ ပီတိအပြုံး၊ မချိပြုံး၊ လှောင်ပြုံး၊ နွမ်းလျလျအပြုံး၊ ကျက်သရေရှိတဲအပြုံး၊ မိုနာလီဇာအပြုံး၊ မာယာအပြုံး စသဖြင့်ပါ။ အငိုမျက်လုံး အပြုံးမျက်နှာ-ဆိုတဲ့ စကားကလည်း ရှိသေးတာပါ။ ဘယ်လောက်ပဲများပါစေ အပြုံးကို လူတိုင်း ခင်မင်တွယ်တာကြသလို အပြုံး ပိုင်ရှင်တွေဟာလည်း လူချစ်လူခင် ပေါများလှတာကတော့ အားလုံးလက်ခံကြလိမ့်မယ်လို့ ယုံကြည်မိပြန်တယ်။ ခပ်တည်တည်ကြီးနဲ့ဆိုတော့လဲ “ဘယ်လို လူကြီးလဲ” ဖြစ်မှာပါ။ ဒါ့ကြောင့်လဲ မပြုံးတတ်သောသူ ဈေးမရောင်းရ (A man without a smilling face must not open a shop) ဆိုတဲ့ တရုတ်စကားပုံက အသုံးဝင်နေတာ ဖြစ်မှာပါ။

ရောက်ခဲ့ဘူးတဲ့နိုင်ငံတွေမှာတော့ သီဟိုလ်သူများ ပိုလို့များ ပြုံးကြသလား မသိပါ။ မြန်မာ့ အပြုံးများကတော့ မိုနာလီဇာအပြုံးလား နွမ်းလျလျဆန်နေသလားဆိုတာတော့ ဝေခွဲဖို့ ခက်ပါသေးတယ်။ တစ်နေတာမှာ အမျိုးသားများထက် အမျိုးသမီးများက ပိုလို့ ရယ်ကြတယ်လို့ သုတေသနတစ်ခုက ဆိုထားပြန်တော့ ဘာ့ကြောင့် ပိုလို့ ရယ်ပါသလဲဆိုတာတော့ မေ့ခဲ့ပြီးဖြစ်တဲ့ အဖြေတစ်ခုပါ။ အိန္ဒိယနိုင်ငံမှာတော့ လူအများစုပေါင်းပြီး ရယ်ပွဲကျြီးများကို သီးသန့်ကျင်းပကြတယ်လို့ သိရှိရပြန်တယ်။ ဒါကတော့ စိတ်လွတ်ကိုယ်လွတ် ရယ်ချင်သလို ရယ်ချလိုက်တော့ စိတ်ထဲမှာလေးလံနေတာတွေ ပေါ့ပါးသွားအောင်ပါ။ ဒီလိုဆိုတော့ ပြုံးဖို့ ရယ်မောဖို့ဟာ ပျော်ရွှင်မှု အတွက်၊ ကျန်းမာရေးအတွက် လိုအပ်နေတယ်လို့ ပြောရမှာပါ။

အခြားတစ်ဖက်မှာလည်း ပြုံးခြင်းကို ဒီလို ပြောကြပြန်တယ်။ သူပြုံးနေသည် ညာတော့မယ်-တဲ့။ မျက်နှာများ တယ်-တဲ့။ Body language စာအုပ်မှာတော့ နှုတ်ခမ်းက အောက်ကွေးပြုံးနေယင် ရက်စက်တတ်တယ်။ အစစ်အမှန်ပြုံးခြင်းမှာ မျက်လုံးကော မျက်နှာကော ပြုံးနေတယ်။ အတုအယောင်ပြုံးခြင်းမှာတော့ မျက်နှာပဲ ပြုံးပြီး မျက်လုံးကတော့ မပြုံးဘူးလို့ ဆိုပါတယ်။ ရဟန်းတော်များမှာတော့ ပြုံးရွှင်တတ်ဖို့ကို ဘိက္ခုပါတိမောက်၊ ပါစိတ္တိယပါဠိ၊ မုသာဝါဒ၀ဂ်၊ သြမသ၀ါဒသိက္ခာပုဒ်မှာ မိန့်ကြားထာပါတယ်။ အဲသလို အပြုံးရဲ့ အဆိုး အကောင်း များကို အမျိုးမျိုး ပြောဆိုကြတာဆိုတော့ ပြုံးတတ်ဖို့ လိုပါလိမ့်မယ်လို့ ထင်မြင်မိပြန်တယ်။

နိုင်ငံခြားတိုင်းပြည်တွေက အင်တာဗျူးလုပ်ကြတဲ့နေရာတွေမှာ လူကဲခတ်ကျွမ်းကျင်တဲ့ တစ်နည်းတော့ body language ကို ကျွမ်းကျင်တဲ့သူများက အင်တာဗျူးကြတယ်လို့ ဆိုပါတယ်။ ဒီတော့ စာရေးသူလဲ လူကဲခတ်မညံ့အောင် body language စာအုပ် လေးငါးအုပ်လောက်တော့ ဖတ်ထားဖူးပေမယ့်လဲ ညံ့ဆဲပါပဲ။

သုတေသနတစ်ခုကတော့ ဒီလို ဆိုပါတယ်။ အချို့ကျွမ်းကျင်သူပညာရှင်များက လူတိုင်းရဲ့မျက်နှာမှာ ခြားနားတဲ့ ဖော်ပြချက် ခုနှစ်ထောင်ထက်မကများစွာကို ထုတ်လုပ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ( In fact, some experts believe that your face can produce more than seven thousand different expressions!) အကြောင်းကတော့ မျက်နှာပေါ်မှ muscles-တွေကြောင့်ပါ။ ဒီmuscles-များဟာ မျက်နှာပြင် တစ်ဝိုက် အရေ ဖျားအောက် ပါးတဲ့အလွှာအထပ်မှာ တည်ရှိနေပါတယ်။ တစ်ချိန်တည်းမှာ muscles-တွေဟာ တစ်ခု ဒါမှမဟုတ် အများအပြား ရွေ့လျားနိုင်ပါတယ်။ ဒီ muscles-များ အသီးသီး ပေါင်းစပ်ခြင်းများက ခြားနားတဲ့ မျက်နှာ ဆိုင်ရာကို ဖော်ပြပါတယ်။ ကျွမ်းကျင်သူသုသေသနသမားများကတော့ ကမ္ဘာပေါ်မှာ လူတိုင်း သတိထားနိုင်တဲ့ မျက်နှာထားအမူအရာ အနည်းဆုံး ခြောက်ခုရှိတယ်လို့ ဆိုထားပါတယ်။ ဒါတွေကတော့ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု၊ စိတ်ဆိုးမှု၊ ကြောက်လန့်မှု၊ အံသြမှုနှင့် စပ်ဆုပ်ရွံရှာမှုတို့ ဖြစ်ပါတယ်။ But experts say there are at least six facial expressions that everyone on earth can recognize. These expressions are happiness, sadness, anger, fear, surprise and disgust. သုတေသနသမားများဟာ အာရုံခံ ကိရိယာများနဲ့ ကင်မရာများ အသုံးပြုပြီး ကလေးငယ်များကို စမ်းသပ်ကြည့်ကြခြင်း ဖြစ်ပါတယ်။ ဒီအလိုအရ ပြုံးတယ်ဆိုတာ muscles များရဲ့ ရွေ့  လျားခြင်း ပုံစံတစ်မျိုးပါ။

မျက်နှာဖတ်ခြင်းအတတ်မှာ တော်တဲ့သူများအတွက် ဆက်သွယ်မှုတည်ဆောက်ရာမှာ အကောင်းဆုံး အခွင့် အရေးများ၊ အလုပ်များနှင့် အခြားသော အကျိုးများစွာကို ရရှိစေနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါ့ကြောင့် မျက်နှာထားဟာ လှုမှုအဖွဲ့အစည်းတစ်ခုဖြစ်ဖို့ ကူညီသလို တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ပေါင်းကူးပေးတဲ့ အရာလည်း ဖြစ်ပါတယ်။

ပါဠိစာပေများမှာတော့ စိတ်ကို သိပုံအခြင်းအရာ လေးမျိုးကို ပြဆိုတားပါတယ်။ (၁) နိမိတ်ကောက်၍ သိခြင်း (၂) အသံကြား၍ သိခြင်း (၃) ယောင်ယမ်းမြည်တမ်းသံကို ကြား၍သိခြင်း (၄) စေတောပရိယအဘိညာဉ်ဖြင့် သိခြင်းတို့ပါ။ ဒါကိုတော့ ပါထိက၀၀္ဂ၊ သမ္ပသာဒနီယသုတ်မှာ တွေ့ရှိရပါတယ်။ (၄)နံပါတ်မှတစ်ပါး ကျန်တဲ့ (၃) ခုက body language မှာ အကြုံးဝင်နိုင်ပါတယ်။

အဘိဓမ္မာအလို ရယ်ရွှင်ချင်းကို ဖြစ်စေတဲ့စိတ်များက လောဘမူ - သောမနဿသဟဂုတ်စိတ် ၄-ပါး၊ မဟာကုသိုလ် - သောမနဿသဟဂုတ်စိတ် ၄-ပါး၊ မဟာကြိယာ - သောမနဿသဟဂုတ်စိတ် ၄-ပါး၊ အဟိတ်မဟာကြိယာ - ဟသိတုပ္ပါဒ်စိတ် ၁-ပါး ပေါင်း ၁၃-ပါး ဖြစ်ပါတယ်။ အဲဒီအထဲကမှ ပုထုဇဉ်ပုဂ္ဂိုလ်မှာ အစဉ်အတိုင်း ပထမ ၈-ပါး၊ သေက္ခပုဂ္ဂိုလ်ကျတော့ အဲဒီ ၈-ပါးထဲကမှ ဒိဋ္ဌိဂတသဟဂုတ်စိတ် ၂-ပါးကို ချန်ထား ကျန် ၆-ပါးနဲ့ ပြုံးရယ်ကြပါတယ်။ အသေက္ခပုဂ္ဂိုလ်ကျတော့ ပုထုဇဉ်ပုဂ္ဂိုလ်နဲ့သေက္ခပုဂ္ဂိုလ်မှအခြား နောက် ၅-ပါးနဲ့ ပြုံးရယ် ပါတယ်။ မြတ်ဗုဒ္ဓကတော့ အဲဒီ ၅-ပါးထဲကမှ အဟိတ်မဟာကြိယာ - ဟသိတုပ္ပါဒ်စိတ်ကို ချန်ထား ကျန် ၄-ပါးနဲ့ ပြုံးတော်မူပါတယ်။ ဗုဒ္ဓဘုရားရှင်ဟာ အတိတ်, အနာဂါတ်, ပစ္စုပ္ပန်နဲ့ ကာယကံ, ၀စီကံ, မနောကံ တို့မှာ ညဏ်နဲ့ အမြဲ ယှဉ်နေပါတယ်။ ဒါကတော့ သင်္ဂဟ၊ ရုပ်ပိုင်းနဲ့ ဋီကာကျော်များမှာ ကြည့်ရှု့နိုင်ပါတယ်။

အဘိဓာနပ္ပဒီပိကာမှာတော့ ရယ်ခြင်း-ဟသနံ၊ ဟသိတ၊ ဟာသ။ ပြုံးခြင်း-မိဟိတ၊ သိတ။ ပြင်းစွာရယ်ခြင်း-အဋဟာသ၊ မဟာဟာသ-လို့ ဖွင့်ဆိုထားပါတယ်။ ရယ်တာနဲ့ပြုံးတာဟာ အဆင့်တစ်ဆင့်အနေနဲ့ ကွာခြားတယ် ထူးခြားတယ်လို့ ပြောနိုင်ပေမယ့် အတိအကျ တိုင်းတာဖို့တော့ ခက်ပါလိမ့်မယ်။

ရယ်ခြင်း ခြောက်မျိုးကိုတော့ ဒီအတိုင်း မှတ်နိုင်ပါတယ်။ (၁) သိတ- ပြုံးသည့်အသွင်မျှ ရယ်ခြင်း (၂) ဟသိတ-သွားပေါ်ရုံမျှ-နှုတ်ခမ်းလှုပ်ရုံမျှရယ်ခြင်း (၃) ၀ိဟသိတ-ညင်သာသော အသံထွက်အောင်ရယ်ခြင်း (၄) ဥပဟသိတ-ဦးခေါင်း-ပခုံး-လက်ရုံးများ လှုပ်အောင် ရယ်ခြင်း (၅) အပဟသိတ-မျက်ရည်ထွက်အောင် ရယ်ခြင်း (၆) အတိဟသိတ-ခြေရော-လက်ပါ တစ်ကိုယ်လုံး လှုပ်ခါ၍ ရယ်ခြင်းတို့ပါ။ ဒီရယ်ခြင်းအသွင်များကပဲ လူ့ယဉ်ကျေးမှုရဲ့ အဆင့် ဒါမှမဟုတ် လူသားတစ်ယောက်ရဲ့ စိတ်ခံစားမှုအဆင့်ကို ဖော်ပြနေတယ်ဆိုယင်လဲ ဆိုခွင့်ရှိမှာပါ။

ကလေးတို့ ငိုခြင်း ရယ်ခြင်းသဘောနဲ့ပတ်သက်လို့ - ဒုဂ္ဂတိဘ၀မှလာတဲ့ကလေးက မပြတ်ငိုတတ်ကြောင်း၊ လန့်၍ အော်တတ်ကြောင်းကို ပြဆိုထားပါတယ်။ သုဂတိဘ၀မှလာတဲ့ ကလေးကတော့ အမြဲလိုလို ပြုံးရွှင် နေတတ်ကြကြောင်း ဖွင့်ပြထားပါတယ်။ သီလက္ခန္ဓ၀ဂ္ဂအဋ္ဌကထာ၊ ခန္ဓ၀ဂ္ဂသံယုတ္တအဋ္ဌကထာ၊ မဇ္ဓျိမပဏ္ဏာသ အဋ္ဌကထာ-တို့မှာ လေ့လာနိုင်ပါတယ်။ ဒါကတော့ ယတိပြတ်အဆိုထက် ယေဘုယျသဘောကို ရည်ညွန်းကောင်း ရည်ညွန်တာလဲ ဖြစ်နိုင်ပါတယ်။

စာရေးသူ ငယ်ငယ်ကတည်းက ကြားဖူးထားတာက “ဘုရားရှင်သည် ပြုံးတော်မူ၏” ဆိုတာပါ။ ဘုရားရှင် ပြုံး တော်မူခြင်းဟာ ထူးခြားတဲ့ အကြောင်းတစ်ခု ရှိလို့ပါ။ မြတ်စွာဘုရားရှင်တို့၏ ဘ၀တစ်သက်တာမှာ အကြိမ် ဘယ်လောက်ပြုံးခဲ့တယ် ဆိုတာကိုတော့ လေ့လာနေဆဲပါ။ ဘုရားရှင်တို့ရဲ့ အပြုံးဟာ လူသာမန်တို့ရဲ့အပြုံးနဲ့ အဓိပ္ပါယ်မတူထူးခြားတဲ့အတွက် နှိုင်းယှဉ်မမိရန် လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။ ဘဂ၀ါဂုဏ်တော်မှာပါရှိတဲ့ သိရီဘုန်းတော်မှာ “ရွှေမျက်နှာတော်၊ လက်ခြေတော်မှ၊ စ၍မကြွင်း၊ ပင်လုံးဝန်းသည်၊ ပန်းမာန်အနေ၊ ကျက်သရေမင်္ဂလာ၊ စုဝေးကာဖြင့်၊ လွန်စွာတင့်တယ်၊ သပ္ပါယ်တော်မူသော၊ သိရီဘုန်းတော်” ဆိုထားတဲ့အတွက် မပြုံးခဲ့သည့်တိုင် အမြဲကျက်သရေရှိနေတာကတော့ ဘုရားရှင်တို့ရဲ့ အနှိုင်းမဲ့ဂုဏ်ပုဒ်ပါ။

အရိယာတို့ရဲ့နယ်ပယ်မှာတော့ လူကြီးလူကောင်းဆန်တဲ့ ပြုံးရယ်ခြင်းမျိုးပဲ ရှိပါတော့တယ်။ ဒါကိုပဲ ညင်သာ သိမ်မွေ့တဲ့ ပြုံးခြင်းမျိုးလို့ ဆိုနိုင်ပါတယ်။ ရုဏ္ဏသုတ်၊ တတိယပဏ္ဏာသ၊ တိကနိပါတ်။ အင်္ဂုတ္တရနိကာယ-မှာ မိန့်ဆိုထားတာက သက်သေတစ်ခုလို့ ယူဆနိုင်ပါတယ်။ အဲဒါကတော့“ ရဟန်းတို့-အပိုင်းအခြားကို လွန်၍ သွားပေါ်အောင် ပြင်းစွာရယ်ခြင်းသည် အရိယာ၏အဆုံးအမ၌ ကလေးသူငယ်တို့ ပြုအပ်သော အလုပ်မည်၏” လို့ မိန့်ထားလို့ပါပဲ။

ဒီနေရာမှာ ပြောကြည့်ချင်တာတစ်ခုက အချို့အရာတွေမှာ မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ အပြုအမူတွေ ဒါမှမဟုတ် ဘာသာရေး နယ်ပယ်မှာ ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေကို လူသာမန်တို့အတွက် နှိုင်းယှဉ်ပြီး သုံးသပ်သင့်, မသင့်နဲ့ အတုယူ လိုက်နာကျင့်ကြံဖို့ သင့်, မသင့်ကို စဉ်းစားမိခြင်းပါ။ ဘာသာရေးနယ်ပယ်မှာ ထားရမယ့်အရာနဲ့ လူမှုနယ်ပယ်မှာ ထားရမယ့်အရာတွေကို သီးခြားခွဲထုတ်ကြည့်ခြင်းကသာ ပိုလို့ အပြုသဘောဆောင်နိုင်ပြီး ဘ၀ကို ပိုလို့နေပျော်စေမယ် ထင်မိလို့ပါ။ ဘာသာရေးနယ်ပယ်မှာ ချမှတ်ထားတာတွေကို လူမှုအသိုင်းအ၀ိုင်း မှာ ကျင့်သုံးနေမယ်ဆိုယင် ဘ၀ကို ပျင်းရိခြောက်သွေ့စေပြီး ပျော်ရွှင်ဖွယ်တွေနဲ့ ဆိတ်သုဉ်းနေမှာလားလို့ပါ။ ဘာသာတရားနယ်ပယ်က စကားလုံးဝေါဟာရတွေနဲ့ လူမှုနယ်ပယ်မှာ ချမှတ်ကျင့်သုံးနေတဲ့စံတွေကို ခွဲခြား မထားခြင်းဟာ မြတ်ဗုဒ္ဓရဲ့ဝါဒကို အဆိုးမြင်ဝါဒ(pessimism)အဖြစ် တွန်းပို့နေသလား ဆိုတာပါ။ ( Some critics argue that Buddhism is morbid, cynical, hovering on the dark and shadowy side of life, an enemy of harmless pleasures, and an unfeeling trampler on the innocent joys of life. They see Buddhism as being pessimistic, as fostering an attitude of hopelessness towards life, as encouraging a vague, general feeling that pain and evil predominate in human affairs.) လောကဟိတာယ၊ ဗဟုဇနဟိတာယ၊ ဗဟုဇနသုခါယ-ဆိုတဲ့ သတ္တ၀ါအများ ချမ်းသာစေဖို့ဆိုတာမှာ နတ်ပြည်၊ ဗြဟ္မာပြည်၊ နိဗ္ဗာန်ရဲ့ ချမ်းသာများကိုသာ ရည်ညွန်းထားတာမဟုတ်ဘဲ လက်ရှိလူ့ဘ၀ ချမ်းသာကိုလည်း ပစ်ပယ်မထားဘူးဆိုတာကိုပါ။

ဒါနဲ့စပ်ဆက်လို့ ကမ္ဘာကျော်သာသနာပြုဆရာတော်ဘုရားကြီးကို မေးတဲ့မေးခွန်းလေးတစ်ခုကို သွားလို့ သတိရ မိတယ်။ အဲဒါကတော့ ဆရာတော်ဘုရားကြီးကို နိုင်ငံခြားမှာနေတဲ့ အမျိုးသားတစ်ယောက်က “ နိဗ္ဗာန်ချမ်းသာ-ဆိုတာ ဘယ်လိုဟာမျိုးလဲ”လို့ မေးပါတယ်။ ဒီအခါမှာ ဆရာတော်ဘုရားကြီးက- မင်း နိုင်ငံခြားမှာ စီးပွါးလာရှာတာ ချမ်းသာချင်လို့မဟုတ်လား။ အဲဒီ မင်း လိုချင်တဲ့အရာတွေရလို့ ချမ်းသာပြီးတဲ့ တစ်နေ့မှာတော့ နိဗ္ဗာန် ချမ်းသာအကြောင်း ဆက်ဆွေးနွေးကြတာပေါ့-တဲ့။ ဆရာတော်ဘုရားကြီးကတော့ ခပ်မြင့်မြင့်စကားတွေ မမိန့်ပါဘူး။ နိဗ္ဗာန်ချမ်းသာဆိုတာတွေထက် လက်ရှိတိုင်းပြည်နဲ့လူမျိုး ချမ်းသာနေယင် ကျေနပ်တော်မူနေတာပါ။

ဒီတော့ နေပျော်တဲ့ဘ၀ကို ပိုင်ဆိုင်ဖို့ လောကကြီးကို ကြည့်တတ်မြင်တတ်ဖို့ လိုအပ်နေမှာပါ။ ဘယ်လို ကြည့် မလဲ-ဆိုတာကတော့ အမျိုးမျိုးကွဲပြားနိုင်ပေမဲ့ စာရေးသူနှစ်သက်တဲ့ ဆရာတော် ဒေါက်တာ K.Sri dhammananda ရေးသားထားတဲ့ what Buddhists believe စာအုပ်လာ စာသားလေးကတော့ ဒီလိုပါ။
“ The world is like a mirror and if you look at the mirror with a smiling face, you can see your own, beautiful smiling face. On the other hand, if you look at it with a long face, you will invariably see ugliness. Similarly, if you treat the world kindly the world will also certainly treat you kindly. Learn to be peaceful with yourself and the world will also be peaceful with you.”

ဆိုခဲ့ပြီးတဲ့စကားများဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀-က ဗုဒ္ဓမိန့်ခဲ့တဲ့၊ တပည့်သာဝကတွေ ပြောခဲ့တဲ့ အပြုံးနဲ့ ပတ်သက်တာတွေကို ယနေ့ခေတ် ပြောနေတဲ့ “အပြုံး၊ ရယ်မောခြင်း” ဆိုတဲ့ ဝေါဟာရတွေပေါ်မှာ ခံစားနှိုင်းယှဉ်ပြောဆိုမိခဲ့ခြင်းပါ။ ဘုရားရှင်ရဲ့တရားဓမ္မလာစကားလေးတွေ သိရပြန်တော့ “မြတ်ဗုဒ္ဓတရားကို သိလေလေ မြတ်ဗုဒ္ဓကို ကြည်ညိုလေလေ” ဆိုသလိုပါပဲ ပိုလို့သာ ကြည်ညိုမိပြန်တာပါ။ အဲဒီစာပေများရဲ့ အခြား တစ်ဖက်မှာကြပြန်တော့ အပြုံးရဲ့ ရလဒ်ကလေးတွေကို စိုးစဉ်းမျှ နားလည်ထားမိခြင်းကပဲ “အပြုံးရဲ့တန်ဖိုးကို နားလည်လေလေ အားလုံးကို ပြုံးစေချင်လာလေလေ”လို့ ဆန္ဒဖြစ်မိတာကကော အပြစ်တစ်ခုလို့များ ဆိုနေကြမလား စဉ်းစားမိခြင်းပါ။

ပြုံးပျော်နိုင်ကြပါစေဟု ဆန္ဒပြုရင်း----------

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်