Wednesday, June 30, 2010

မိသားစုဘ၀ကို ဗုဒ္ဓဘာသာရှု့ထောင့်မှ ချဉ်းကပ်ကြည့်ခြင်း (သို့မဟုတ်) အသေးငယ်ဆုံးအဖွဲ့အစည်း၏ ကြီးမားများပြားသော တာဝန်ဝတ္တရားများ



မြတ်ဗုဒ္ဓလက်ထက်က အဖွဲ့အစည်းများကို ခွဲထုတ်ကြည့်လျင် အိမ်ယာတည်ထောင်တဲ့လူ့အဖွဲ့အစည်း(အဂါရိက)၊ အိမ်ယာ မတည်ထောင်တဲ့လူအဖွဲ့အစည်း(အနဂါရိက)ရယ်လို့ နှစ်မျိုးနှစ်စား တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာမှ အိမ်ယာ မတည်ထောင်တဲ့လူ့ အဖွဲ့အစည်းဖြစ်တဲ့ အနဂါရိက အဖွဲ့အစည်းထဲမှာ သမဏတွေ၊ ပရိဗိုရ်တွေ၊ တက္ကတွန်းတွေဆိုပြီး ကွဲပြားသွားပြန်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ သမဏအဖွဲ့အစည်းမှာထဲမှာတော့ ဘိက္ခုအဖွဲ့အစည်း၊ ဘိက္ခုနီအဖွဲ့အစည်းရယ်လို့ ရှိပါတယ်။ အဲဒါကိုမှ ထပ်ဆင့်လို့ ဥပသကာအဖွဲ့အစည်း၊ ဥပသိကာအဖွဲ့အစည်းရယ်လို့ ရေတွက်နိုင်ပါသေးတယ်။


အိမ်ယာတည်ထောင်တဲ့အဖွဲ့အစည်းဖြစ်တဲ့ အဂါရိကအဖွဲ့အစည်းဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ သက်ဆိုင်နေတော့ ပို့လို့ ကျယ်ပြန့်ပါတယ်။ ဒီလူ့အဖွဲ့အစည်းထဲမှာ ခတ္တိယဆိုတဲ့ အုပ်ချုပ်သူလူတန်းစားအဖွဲ့အစည်း၊ ပညာရှိများပါဝင်တဲ့ ဗြဟ္မဏ အဖွဲ့အစည်း၊ ဝေဿဆိုတဲ့ ကုန်သည်ပွဲစားဓနရှင်အဖွဲ့အစည်း၊ သုဒ္ဓဆိုတဲ့ အလုပ်သမားအောက်ခြေလူတန်းစား အဖွဲ့ အစည်းရယ်လို့ လေးမျိုးခွဲခြားထားပါတယ်။


ဆက်လက်လို့ ချမ်းသာကြွယ်ဝတဲ့ အထက်တန်းလွှာအဖွဲ့အစည်း၊ အောက်ခြေလူတန်းသားအဖွဲ့အစည်း၊ အသားအရောင်ကို အကြောင်းပြုဖြစ်ပေါ်လာတဲ့အဖွဲ့အစည်း၊ မျိုးနွယ်ကို အကြောင်းပြုလို့ ခွဲခြားထားတဲ့အဖွဲ့အစည်းရယ်လို့ ထပ်ခွဲနိုင်ပါသေးတယ်။ မျိုးနွယ်ဆိုတာကတော့ သကျမျိုး၊ သာကီယမျိုး၊ မလ္လမျိုးစသဖြင့်ပါ။ အသားအရောင်ခွဲခြားခြင်းမှာတော့ လူဖြူ(သုက္က) လူမဲ(ကာဠ) စသဖြင့်ပါ။ နောက်ထပ် လိင်ပိုင်းဆိုင်ရာအရ ခွဲခြားနိုင်တာကတော့ အမျိုးသားအဖွဲ့အစည်း၊ အမျိုးသမီးအဖွဲ့အစည်း ဖြစ်ပါတယ်။


အဲဒီအထဲကမှ ထပ်ပြီး ခွဲခြားထုတ်ကြည့်ယင် မိဘနဲ့ သားသမီး အဖွဲ့အစည်း၊ ဆရာနဲ့ တပည့် အဖွဲ့အစည်း၊ သူငယ်ချင်းနဲ့ ဆွေးမျိုးဆိုတဲ့ အဖွဲ့အစည်း၊ လင်နဲ့မယားဆိုတဲ့အဖွဲ့အစည်း၊ အလုပ်ရှင်နဲ့အလုပ်သမားဆိုတဲ့ အဖွဲ့အစည်း၊ သမဏဗြဟ္မဏ ဆိုတဲ့အကိုးကွယ်ခံအဖွဲ့အစည်း အဲသလို ကွဲပြားသွားပြန်ပါတယ်။ ဒါကို မြတ်ဗုဒ္ဓက အရပ်မျက်နှာများနဲ့ ခွဲခြားပြထားပါတယ်။ မိဘနဲ့ သားသမီးက အရှေ့အရပ်၊ ဆရာနဲ့ တပည့်က တောင်အရပ်၊ သူငယ်ချင်းနဲ့ ဆွေးမျိုးက မြောက်အရပ်၊ လင်နဲ့မယားက အနောက်အရပ်၊ အလုပ်ရှင်နဲ့အလုပ်သမားက အောက်အရပ်၊ သမဏဗြဟ္မဏဆိုတဲ့ အကိုးကွယ်ခံက အထက်အရပ် အသီးသီး ခွဲခြားပြပါတယ်။


ယေဘုယျအားဖြင့် စိတ်ဝင်စားမှုတူသူ၊ ဒါမှမဟုတ် ရည်ရွယ်ချက်တူသူများ အတူတကွ စပ်ဆက်နေတဲ့ လူ့အသိုင်းအ၀ိုင်းကို အဖွဲ့အစည်းလို့ ပြောပါတယ်။ အချို့ကလည်း လုပ်ဖော်ကိုင်ဖက်၊ အချို့ကလည်း နှစ်ဦးနှစ်ဖက်အကျိုး စီးပွါးအတွက် ရည်ရွယ်ချက်တူသူ၊ အချို့ကလည်း တစ်ဦးချင်းစီ စုပေါင်းထားတဲ့ အုပ်စုတစ်စုကို အဖွဲ့အစည်း စသဖြင့် ဖွင့်ဆိုထားတာ အများသားပါ။ အချို့ကတော့ အဖွဲ့အစည်းမှာ လူသားကိုသာ ကန့်သတ်ထားတာမဟုတ်ဘဲ သတ္တ၀ါအားလုံး ပါဝင်တယ်လို့ ဆိုပါတယ်။


အဖွဲ့အစည်း society-နဲ့ နီးစပ်တဲ့ဝေါဟာရတွေကတော့ group, crowd, association, institution people, community, clan, tribe - စသဖြင့်ပါ။ ပါဠိလိုကတော့ ဒီဝေါဟာရတွေနဲ့ နီးစပ်နိုင်တယ်လိုပြောနိုင်ပါတယ်။ အဲဒါတွေကတော့ ပဇာ၊ လောက၊ မနုဿ၊ ဇနတာ-တို့ ဖြစ်ပါတယ်။


ဖော်ပြခဲ့ပြီးတဲ့ လူ့အဖွဲ့အစည်း အမျိုးမျိုးဟာ ပါဠိစာပေကျမ်းဂန်များက ပြောတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ တစ်ခါ အဲဒါတွေကို ထပ်ခွဲခြားကြည့်မယ်ဆိုယင်တော့ မိသားစုအဖွဲ့အစည်း၊ ရပ်ကွက်,ရပ်ရွာ အဖွဲ့အစည်း၊ မြို့ပြအဖွဲ့အစည်း၊ ပြည်နယ်အဖွဲ့အစည်း၊ နိုင်ငံအဖွဲ့အစည်း၊ ကမ္ဘာ့အဖွဲ့အစည်း စသဖြင့် အသေးငယ်ဆုံး မိသားစုအဖွဲ့အစည်းမှ အကြီးဆုံး ကမ္ဘာ့အဖွဲ့အစည်းထိ ပါဝင်နေပါတယ်။ အဲဒီအဖွဲ့အစည်းတွေထဲကမှ ဒီနေရာမှာ အဓိကအခြေခံအဖွဲ့အစည်းဖြစ်တဲ့ မိသားစုအဖွဲ့အစည်းကို လေ့လာကြည့်ချင်ပါတယ်။


လောကမှာ “လူနှစ်ဦးဟာ တသဘောတည်းရယ်လို့ မရှိဘူး” ဆိုတဲ့အတိုင်း နှစ်ယောက်မှအစပြုပြီး အဖွဲ့အစည်းရယ်လို့ ရေတွက်ခဲ့မယ်ဆိုယင် အဲဒီအဖွဲ့အစည်းနဲ့အတူ ကပ်ပါလာတာက အကျိုးခံစားခွင့်နဲ့ ပြဿနာများပါ။ အဲဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် လုပ်ဆောင်ရမယ့် တာဝန်ဝတ္တရားနဲ့ စောင်းထိန်းရမယ့် စည်းကမ်းတွေ ပါဝင်လာပါတယ်။ ဒီတာဝန်ဝတ္တရားနဲ့ စည်းမျဉ်းစည်းကမ်းဆိုတာကလည်း အဖွဲ့အစည်းချမ်းသာဖို့၊ အဖွဲ့အစည်းခိုင်မာဖို့ ဖြစ်ပါတယ်။


အသေးငယ်ဆုံးဖြစ်တဲ့ မိသားစုအဖွဲ့အစည်းက ဆောင်ရွက်ရမယ်၊ စောင့်ထိန်းရမယ့် အဲဒီ တာဝန်ဝတ္တရား၊ စည်းကမ်းတွေကလည်း အများသားပါ။ မိသားစုအဖွဲ့အစည်းတစ်ခုမှာ ပါဝင်နေသူများကတော့ လင်ယောကျာင်္းနဲ့ဇနီးမယား၊ မိဘနဲ့ သားသမီးတို့ ဖြစ်ပါတယ်။ အဲဒီအထဲက အိမ်ထောင်ဦးစီးလို့ဆိုနိုင်သူ အမျိုးသားဖက်က ပြုမူဆောင်ရွက်ရမှာတွေက “ မထေမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ” ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။ အမျိုးသမီးဖက်က ဆောင်ရွက် ရမယ့်အပိုင်းတွေကိုတော့ “ အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချီ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ” အဲသလို ပြဆိုထားပါတယ်။


ထပ်ဆင့်လို့ မိသားစုအဖွဲ့အစည်းမှာ အရေးပါတဲ့ အခန်းကဏ္ဍက ကြိုးကိုင်နေသူဖြစ်တဲ့ လင်ယောင်္ကျားနဲ့ဇနီးမယားအတွက် ပေါင်းသင်းနေထိုင်မှုပုံစံကို ဒီလို တွေ့ရှိရပြန်ပါတယ်။

(၁) သူသေလင်ယောင်္ကျားဟာ သူသေဇနီးမယားနှင့်အတူ ပေါင်းသင်းနေထိုင်ခြင်း၊
(၂) သူသေလင်ယောင်္ကျားဟာ နတ်သမီးဇနီးမယားနှင့်အတူ နေထိုင်ပေါင်းသင်းခြင်း၊
(၃) နတ်သားလင်ယောကျာင်္းဟာ သူသေဇနီးမယားနှင့်အတူ ပေါင်းသင်းနေထိုင်ခြင်း၊
(၄) နတ်သားလင်ယောင်္ကျားဟာ နတ်သမီးဇနီးမယားနှင့်အတူ ပေါင်းသင်းနေထိုင်းခြင်းတို့ပါ။

ဒီနေရာမှာ သူသေလင်ယောကျာင်္း၊ သူသေဇနီးမယား-ဆိုတာကတော့ ငါးပါးသီလမလုံခြုံ၊ ယုတ်ညံ့သောသဘောရှိခြင်း၊ ၀န်တိုခြင်း၊ ဆဲရေးခြင်းသဘောရှိသူတွေပါ။ နတ်သားလင်ယောင်္ကျား၊ နတ်သမီးဇနီးမယား-ဆိုတာကတော့ ကိုယ်ကျင့် တရားကောင်းခြင်း၊ ပေးကမ်းလိုစိတ်ရှိခြင်း၊ မောင်းမဲခြိမ်းခြောက်ခြင်းမရှိသူများ ဖြစ်ပါတယ်။ မိသားစုအဖွဲ့အစည်းမှာတော့ နတ်သားလင်ယောင်္ကျားနဲ့ နတ်သမီးဇနီးမယားတို့ရဲ့ အတူ ပေါင်းသင်းနေထိုင်းခြင်းကသာ အဖွဲ့အစည်းကို တည်တံ့ခိုင်မြဲ စေမယ်လို့ ဆိုပါတယ်။


မြတ်ဗုဒ္ဓက အနာထပိဏ်သူဌေးရဲ့ ချွေးမဖြစ်သူ သုဇာတာကို မိန့်မြွက်ထားတဲ့ ဖော်ပြပါအချက်တွေထဲမှာ မိသားစုအဖွဲ့ အစည်းအတွင်း အဖွဲ့အစည်း အစည်းမပြေစေဖို့ ရွေးချယ်လိုက်နာရမယ့် အချက်တွေ ပါဝင်နေပါတယ်။

(၁) သူသတ်နဲ့တူတဲ့ဇနီးမယား (အခြားအမျိုးသားကို တပ်မက်မောသူ)
(၂) ခိုးသူနဲ့တူတဲ့ဇနီးမယား( မိမိအမျိုးသားရှာဖွေထားတဲ့ ဥစ္စာများကို အပြင်ထုတ်ယူသူ)
(၃) အရှင်နဲ့တူတဲ့ဇနီးမယား(မိမိအမျိုးသားကို လွှမ်းမိုးနှိပ်စက်သူ)
(၄) အမိနဲ့တူတဲ့ဇနီးမယား(အစစအရာရာ စောင့်ရှောက်သူ)
(၅) နှစ်မနဲ့တူတဲ့ဇနီးမယား(အရှက်နှင့်ယှဉ်သောစိတ်ဖြင့်နေထိုင်သူ)
(၆) အဆွေခင်ပွန်းနဲ့တူတဲ့ဇနီးမယား(၀မ်းမြောက်စွာကြိုဆိုတတ်သူ)
(၇) ကျွန်မနဲ့တူတဲ့ဇနီးမယား(မိမိအမျိုးသား၏အလိုဆန္ဒနဲ့အညီနေထိုင်သူ)ရယ်လို့ ဖြစ်ပါတယ်။

ဒီနေရာမှာ အနာထပိဏ် သူဌေးရဲ့ချွေးမ သုဇာတာကတော့ ကျွန်မနဲ့တူတဲ့ဇနီးမယား (မိမိအမျိုးသား၏အလိုဆန္ဒနဲ့ အညီ နေထိုင်သူ)အဖြစ် ကြိုးစားပါမယ့်လို့ မြတ်ဗုဒ္ဓကို လျှောက်ထားခဲ့ပါတယ်။

ဓနဉ္စယသူဌေးကြီးက သမီးဖြစ်သူ ၀ိသာခါကို မှာကြားလိုက်တဲ့ စကားတွေကလည်း မိသားစုအဖွဲ့အစည်းမှာ အဖွဲ့အစည်းရဲ့ ပျော်ရွင်ချမ်းမြေ့မှုအတွက် အရေးပါတဲ့အချက်တွေပါ။

(၁) အတွင်းမီးကို အပြင်မထုတ်ရ (မိမိတို့၏အိမ်တွင်းရေးကို အခြားသူများမပြောရ)
(၂) အပြင်မီးကို အတွင်းသို့ မသွင်းရ (အခြားသူများ၏အိမ်တွင်းရေးကို မိမိတို့၏မိသားစုများ မပြောရ)
(၃) ပေးကမ်းတတ်သူအားသာ ပေးကမ်းပါ(မိမိပစ္စည်းကို ပြန်လည်ပေးအပ်မယ့်သူများသာ ငှါးရမ်းပါ)
(၄) မပေးကမ်းသူအား မပေးကမ်းရ( မိမိပစ္စည်းကို ပြန်မပေးတတ်သူများအား မငှားရမ်းရ)
(၅) ပေးကမ်းသည်ဖြစ်စေ၊ မပေးကမ်းသည်ဖြစ်စေ ပေးကမ်းပါ (ဆင်းရဲတဲ့ ဆွေမျိုးနှင့်မိတ်ဆွေများအား စွမ်းနိုင်သလောက် ထောက်ပံ့ပါ)
(၆) ချမ်းသာစွာ နေထိုင်ပါ(လူကြီးမိဘများနှင့်နေထိုင်သည်အခါ အပြစ် ၆-ပါး လွတ်သည့်အရပ်တွင် နေထိုင်ပါ)
(၇) ချမ်းသာစွာ စားပါ( ယောက္ခမများ၊ မိဘများနှင့် လင်ယောင်္ကျားဖြစ်သူကို ရှေးဦးစွာ ကျွေးမွေးပါ)
(၈) ချမ်းသာစွာ အိပ်ပါ(ယောက္ခမများ၊မိဘများနှင့် လင်ယောင်္ကျားဖြစ်သူတို့ထက် ရှေးဦးစွာ မအိပ်ရ)
(၉) မီးကို ရိုသေစွာ လုပ်ကျွေးပါ(ခင်ပွန်းသည်၏မိခင်ဖခင်တို့ကို အလေးအမြတ်ထားစောင့်ရှောက်ပါ)
(၁၀)အိမ်ဦးနတ်ကို ရိုသေပါ (ခင်ပွန်းသည်ကို အိမ်ဦးနတ်ကဲ့သို့ ရိုသေစွာ ဆက်ဆံပါ) ဆိုတဲ့ အချက်များပါ။


လင်ယောင်္ကျားနဲ့ဇနီးမယားမှသည် မိဘအဖြစ်သို့ ကူးပြောင်းရောက်ရှိသွားတဲ့အခါ အဲဒီမိသားစု အဖွဲ့အစည်းထဲမှာ ပွါးစည်းလာတဲ့ သားသမီးများနဲ့အတူ နောက်ထပ်တိုးပွါးလာတဲ့ အရာများကတော့ မိဘအဖြစ် ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားများနဲ့ သားသမီးများက ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားများပါ။ မိဘများက ပြုမူဆောင်ရွက်ရမယ့် အပိုင်းက “ မကောင်းမြစ်တာ၊ ကောင်းရာညွန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်လျှင်၊ ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ” ဆိုတာ ဖြစ်ပါတယ်။


မိဘတွေဟာ သားသမီးများကို မွေးမြူကြရာမှာ မျော်လင့်ချက် ငါးမျိုးနဲ့ မွေးမြူကြတယ်လို့ ဆိုပါတယ်။ အဲဒါတွေကတော့-

(၁) ငါတို့ကို တစ်ချိန်သောအခါ ပြန်လည်၍ လုပ်ကျွေးမွေးမြူကြလိမ့်မယ်၊
(၂) ငါတို့ရဲ့အမှုကိစ္စအ၀၀တို့ကို ဆောင်ရွက်ပေးကြလိမ့်မယ်၊
(၃) ငါတို့ရဲ့အစဉ်အဆက် အမျိုးအနွယ်ကို ကြာမြင့်စွာတည်အောင် စောင့်ထိန်းလိမ့်မယ်၊
(၄) ငါတို့ရဲ့အမွေခံ ဖြစ်လိမ့်မယ်၊
(၅) ငါတို့သေလွန်တဲ့အခါ ငါတို့အတွက် ကုသိုလ်ကောင်းမှုပြုပြီး အမျှအတမ်းပေးဝေကြလိမ့်မယ်-ဆိုတာတွေ ဖြစ်ပါတယ်။


ထပ်ဆင့်လို့ သားသမီးတွေအပေါ်မှာ ထားတတ်ကြတဲ့ သဘာဝကို ကြည့်မယ်ဆိုယင်တော့ တွေ့မြင်နိုင်တာက ဒီလိုပါ။

(၁) မိဘတွေထက် ကျော်လွန်သောဂုဏ်ရှိတဲ့သားသမီး - အတိဇာတ
(၂) အမိအဖတို့နဲ့ဂုဏ်တူသောသားသမီး - အနုဇာတ
(၃) မိဘတို့အောက် ဂုဏ်နိမ့်သောသားသမီး - အ၀ဇာတ ရယ်လို့ သုံးမျိုး ရှိပါတယ်။

ပညာရှိဖြစ်သူများကတော့ အတိဇာတ နဲ့ အနုဇာတသားသမီးများကို အလိုရှိပြီး အ၀ဇာတ-ဖြစ်တဲ့ သားသမီးဟာ အမျိုးအနွယ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းမရှိလို့ အားမရကြဘူးလို့ ဆိုပါတယ်။ ဒီနေရာမှာ ကျော်လွန်ခြင်း၊ တန်းတူဖြစ်ခြင်း၊ နိမ့်ကျခြင်းဆိုတာတွေက ရတနာသုံးပါးကို ကြည်ညိုမှု၊ ကိုယ်ကျင့်တရားကောင်းမှု၊ ပညာတတ်မှု စသဖြင့် ပါဝင်ပါတယ်။


မြတ်ဗုဒ္ဓက မိန့်ကြားထားရာမှာ မိဘဖြစ်သူများဟာ ခုပြဆိုမယ့်အချက်တွေ မဖြည့်ဆည်းထားခဲ့ယင် သားသမီးများထံမှ ပူဇော်မှု မြတ်နိုးမှုကို ပြည်လည်မျော်လင့်ဖို့ ခဲယင်းတယ်ဆိုတာပါ။ အဲဒါတွေကတော့ -

(၁) ဒါန -ဆိုတဲ့ ပေးကမ်းစွန်ကြဲမှု၊ သဘောထားကြီးရက်ရောမှု
(၂) ပေယျဝဇ္ဖ -ဆိုတဲ့ ချစ်ဖွယ်သောစကားကိုပြောဆိုမှု
(၃) အတ္ထစရိယာ- ဆိုတဲ့ အကျိုးစီးပွါးကို ကျင့်မှု၊ စီးပွါးဥစ္စာအတွက် ဖန်တီးပေးမှု
(၄) သမာနတ္တတာ -ဆိုတဲ့ ထိုက်သည်အားလျော်စွာ ကိုယ်နှင့်ထပ်တူပြုမှု၊ ကိုယ်နဲ့တန်းတူထားမှု-တို့ ဖြစ်ပါတယ်။


အဲဒီမိသားစုအဖွဲ့အစည်းထဲမှာ ပါဝင်နေတဲ့ သားသမီးများဖက်က ပြုမူဆောင်ရွက်ရမယ့်အပိုင်းကျတော့ “ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှုမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ” အဲဒါတွေ ဖြစ်ပါတယ်။ ဒါ့အပြင် မင်္ဂလသုတ်မှာ “အမိအဖတွေကို ပြုစုလုပ်ကျွေးခြင်းသည် မင်္ဂလာတစ်ပါး” လို့ ဖော်ပြထားပါတယ်။


ဒီတော့ မိသားစုအဖွဲ့အစည်းမှာ လင်ယောင်္ကျားနေရာမှ ဖြည့်ဆည်းရမှုအပိုင်း၊ ဇနီးမယားဘက်က ထိန်းသိမ်းရမယ့်အချက်၊ မိဘအဖြစ် ဆောင်ရွက်ရမယ့်အရာ၊ သားသမီးများက ပြန်လည်ပေးဆပ်ရမယ့်အခန်းကဏ္ဍ-ဆိုပြီး အဲသလို ပြည့်စုံမယ့် အချက်တွေက အများသားပါ။ ဒီနေရာမှာ ဗျဂ္ဃပဇ္ဖအမျိုးသားက မြတ်ဗုဒ္ဓကို လျှောက်ထားတဲ့ စကားတွေကို ဖော်ပြချင်ပါသေးတယ်။ အဲဒါကတော့

“အရှင်ဘုရား! ကာမဂုဏ်ခံစားတဲ့ တပည့်တော်တို့ လူသားတွေဟာ သားမယားတွေနဲ့ အတူတူနေပါတယ်။ စန္ဒကူးနံ့သာတွေ သုံးဆောင်သလို ပန်းများကို ပန်ဆင်ကြပါတယ်။ ရွှေငွေတွေနဲ့လည်း သာယာ ကြပါတယ်ဘုရား။ လက်ရှိဘ၀မှာ အကျိုးစီးပွါးချမ်းသာကို ဖြစ်စေမယ်၊ နောင်တမလွန်ဘ၀မှာလဲ မြင့်မြတ်ကောင်းမွန်တဲ့ ဘ၀ကို ရရှိမယ့် လိုက်နာရမယ့်အချက်တွေကို မိန့်ကြားပါဘုရား”လို့ လျှောက်ထားပါတယ်။
ဒီအခါ မြတ်ဗုဒ္ဓက မျက်မှောက်ဘ၀ ချမ်းသားဖို့အတွက် -

(၁) ဥဋ္ဌာနသမ္ပဒါ- လုံ့လ၀ီရိယ ပြည့်စုံရမယ်၊
(၂) အာရက္ခသမ္ပဒါ - စောင့်ရှောက်မှုနဲ့ ပြည့်စုံရမယ်၊
(၃) ကလျာဏမိတ္တတာ- မိတ်ဆွေကောင်းရှိရမယ်၊
(၄) သမဇီဝိတာ - မျှတစွာ အသက်မွေးမှု ရှိရမယ်-လို့ မိန့်ကြားပါတယ်။

တမလွန်ချမ်းသာစီးပွါးအတွက်တော့ - (၅) သဒ္ဓါသမ္ပဒါ (၆) သီလသမ္ပဒါ (၇)စာဂသမ္ပဒါ (၈) ပညာသမ္ပဒါ - ဆိုတဲ့ ယုံကြည်မှု၊ အကျင့်သီလ၊ စွန့်ကြဲမှု၊ ပညာတွေနဲ့ ပြည့်စုံရမယ်-လို့ မိန့်ပါတယ်။


တကယ်တော့ လောကမှာ မိသားစုအဖွဲ့အစည်းတစ်ခုတည်း ရပ်တည်နေတာမဟုတ်ပါ။ ရပ်တည်ဖို့လဲ မဖြစ်နိုင်တဲ့ အရာပါ။ သူနဲအတူဆက်စပ်နေတဲ့ လူမှုအသိုင်းအ၀ိုင်းကလည်း ရှိနေသေးတာပါ။ အဲဒါတွေကတော့ ဆွေမျိုးများ၊ မိတ်ဆွေများ၊ ဆရာများ၊ တပည့်များ၊ အကိုးကွယ်ခံများ၊ အလုပ်သမားများ၊ အလုပ်ရှင်များ စသဖြင့်ပါ။ ဒါတွေကတော့ မိသားစုအဖွဲ့အစည်းရဲ့အပြင်ဘက်မှာ ရှိနေတဲ့ ပတ်ဝန်းကျင်အဖွဲ့အစည်းတွေပါ။ အဲဒီပတ်ဝန်းကျင်အသိုင်းအ၀ိုင်းပေါ်မှာ ဖြည့်ဆည်းပေးရမယ့် ကျင့်သုံးပေးရမယ့်အပိုင်းတွေကလည်း အများသားပါ။


ဒါတွေဟာ မြတ်ဗုဒ္ဓက သာမန်လူ့အဖွဲ့အစည်းများအတွက် လမ်းညွှန်ထားခြင်းမျှသာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟာ လူ့အဖွဲ့အစည်းနဲ့ မကင်းကွာသော်လည်း အိမ်ယာမတည်ထောင်တဲ့ အနဂါရိကအဖွဲ့ဝင် ဖြစ်ပါတယ်။ ဒါ့ကြောင့် သံဃအဖွဲ့အစည်းကဲ့သို့ ပညတ်ထားခြင်းမျိုး၊ အမိန့်ဆန်တဲ့အပြုအမူမျိုး တစ်စုံတစ်ရာ မပါပါ။ လူ့အဖွဲ့အစည်းအတွက် စည်းမျဉ်းဥပဒေများ ချမှတ်ခြင်းမျိုးလည်း မရှိခဲ့ပါ။ ဒါပေမယ့် ဖော်ပြခဲ့တဲ့အချက်တွေ ပြည့်စုံယင်တော့ အဖွဲ့အစည်းတွေဟာ တိုးတက်ချမ်းသာမယ်၊ တည်ငြိမ်အေးချမ်းမယ်ဆိုတာကို လမ်းညွှန်မှု ပြုလုပ်ခြင်း၊ ဖော်ထုတ်ပြခြင်းမျှသာ ဖြစ်ပါတယ်။


အဖွဲ့အစည်းဆိုရာမှာ မိသားစုအဖွဲ့အစည်းမှ ဆွေမျိုးများ၊ မိတ်ဆွေများ၊ ဆရာများ၊ တပည့်များ၊ အကိုးကွယ်ခံများ၊ အလုပ်သမားများ၊ အလုပ်ရှင်များ စသဖြင့် မိသားစုအဖွဲ့အစည်းရဲ့အပြင်ဘက်မှာ ရှိနေတဲ့ ပတ်ဝန်းကျင်အထိ ကျယ်ပြန့်ပါတယ်။ တစ်နည်းအားဖြင့်တော့ မိသားစုအဖွဲ့အစည်းတစ်ခုမှ ရပ်ကွက်တစ်ခု, ရွာတစ်ခု အဖွဲ့အစည်းသို့၊ အဲဒီ ရပ်ကွက်တစ်ခု, ရွာတစ်ခုမှ မြို့နယ်တစ်ခုသို့၊ အဲဒီမြို့နယ်တစ်ခုမှ ပြည်နယ်တစ်ခုသို့၊ အဲဒီပြည်နယ်တစ်ခုမှ နိုင်ငံတစ်ခုသို့၊ အဲဒီနိုင်ငံတစ်ခုမှ ကမ္ဘာ့အဖွဲ့အစည်းသို့ တဖြည်းဖြည်း ကျယ်ပြန့်သွားပါတယ်။ ဒီနေရာမှာ ကမ္ဘာ့အဖွဲ့အစည်းကြီးရဲ့ သာယာဝ ပြောရေးအတွက် မိသားစုအဖွဲ့အစည်းက အခရာကျနေမလားဆိုတာပါ။ အဲဒီမိသားစု အဖွဲ့အစည်းမှာလဲ လင်ယောင်္ကျားနဲ့ ဇနီးမယားက အဓိကအရေးပါနေပါတယ်။


တကယ်တော့ လင်ယောကျာင်္နဲ့ဇနီးမယားကို လူမှုရေးဆိုင်ရာ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပုံဖော်ထား၊ ပုံသွင်းထားတာပါ။ မိသားစုအဖွဲ့အစည်းမှာ တစ်စုံတစ်ယောက်က အခြားတစ်စုံတစ်ယောက်ထက် နိမ့်ကျခြင်း မရှိပါ။ လိင်ပိုင်းဆိုင်ရာအရ မြင့်မြတ်တယ် ယုတ်နိမ့်တယ်ဆိုတာမရှိပါ။ တာဝန်ဝတ္တရားများနှင့်သာ သတ်မှတ်ပေးထားတာပါ။ သူတို့ရဲ့ဆက်ဆံမှုဟာ တပ်မက်မှုနဲ့ ကြည်နူးဖွယ်ရာ အချစ်များဖြစ်သာမဟုတ်ပါ။ မြတ်နိုးယုယခြင်း၊ နားလည်မှုနှင့်အပြန်အလှန်ယုံကြည်မှုက ဖြစ်စေတဲ့ ပေါင်းစည်းခြင်းနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။


ဒီတာဝန်ဝတ္တရားများကပဲ နှစ်ဦးစလုံးအတွက် လူအဖွဲ့အစည်းအတွင်း ယောင်္ကျားကြီးစိုးတဲ့ မိသားစုအယူအဆမှ သွေးဖည်းသွားစေကာ အဲဒီအယူအဆ ဘောင်တွေကို ကျော်လွန်သွားတဲ့ အချုပ်အချယ်ကင်းခြင်းနဲ့ တစ်ဦးကိုတစ်ဦး အမှီသဟဲ ပြုခြင်းဘက်သို့ ဦးတည်သွားစေတာပါ။ အသီးသီးသောအခွင့်အရေးနဲ့တာဝန်ဝတ္တရားများက ဘ၀အတွက် အဓိပ္ပါယ်ပြည့်ဝလာခြင်း၊ နားလည်မှုဖြင့် ဘ၀ရဲ့လောကဓံ အကောင်းအဆိုးကို ရင်ဆိုင်နိုင်ဖို့ သူတို့ကို အထောက် အကူပေးနေပါတယ်။


အဲဒီနောက် သားသမီးများ ပွါးစည်းလားတဲ့အခါ လင်ယောင်္ကျားနဲ့ဇနီးမယားအဆင့်မှ မိဘများအဖြစ် မြင့်မြတ်တဲ့ အဆင့်အတန်းသို့ ၀င်ရောက်လာပါတယ်။ ဒါ့ကြောင့် မိဘများရဲ့အရေးကြီးတဲ့အခြေအနေအဆင့်အတန်းကိုပေးတဲ့အခါမှာ အရှေ့အရပ်ကို မိဘများကိုယ်စား ရည်ညွန်းထားပါတယ်။ ဗြဟ္မဏအနွယ်ဝင်တွေဟာ မိဘတွေကို သူတို့ကိုးကွယ်တဲ့ ဗြဟ္မာကြီးတွေနဲ့ (ဗြဟ္မာတိ မာတာပိတရော)တန်းတူထားခဲ့ကြတာပါ။ အဖွဲ့အစည်းများမှာ အဓိက ဆက်နွယ်မှု, ဆက်ဆံမှုဟာ မိသားစု အဖွဲ့အစည်းထဲက မိဘများသာ ဖြစ်ပါတယ်။ မိသားစုတစ်ခုကို အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ကြည့်တဲ့အခါ အဲဒီအဖွဲ့အစည်းကို ကောင်းစွာတည်ထောင်နိုင်ပြီးဆိုလျင် အဲဒီနောက် အခြားလူမှုအဖွဲ့အစည်းများကို တည်ထောင်နိုင်ဖို့အတွက် အခက်အခဲ နည်းပါးသွားမယ် ဆိုတာပါ။ မိသားစုအတွင်းမှာ အားလုံးသောတာဝန်များ ၀တ္တရားများကို ပြည့်ဝစွာ ဖြည့်ဆည်းထားတဲ့အခါ အခြားသော လူမှုအဖွဲ့အစည်းများကို ဆက်ဆံရာမှာ ပဋိပက္ခများ၊ မပြေလည်မှုများ၊ မငြိမ်သက်မှုများ၊ မကျေနပ်မှုများ၊ မသာယာမှုများ၊ ဣနြေ္ဒမဲ့မှုများ၊ သဘောမတူမှုများ မရှိနိုင်တော့ပါ။


ဒီဆောက်တည်ရမယ့်အရာဝတ္တုတွေကို မိသားစုအတွင်းမှာ မတွေ့မြင်ရဘူးဆိုလျင်တော့ အဲဒီမိသားစုအဖွဲ့အစည်းဟာ အုပ်မနိုင်ထိန်းမရ အခြေအနေသို့ ဆိုက်ရောက်လာနိုင်ပါတယ်။ အဲဒီမိသားစုဟာ ဖောက်ဖောက်ပြန်ပြန်ဖြစ်နေပြီးဆိုယင် အဲဒီနောက် အခြားအဖွဲ့အစည်းများသို့ ရိုက်ခတ်သွားမှာပါ။ အလားတူပါပဲ။ အကယ်၍ မိသားစုဖွဲ့စည်းပုံဟာ ကောင်းစွာ တည်ဆောက်ထားမယ်ဆိုလျင် မိဘများ၊ တပည့်နှင့်ဆရာသမားများ၊ ဇနီးမယားနှင့်ကလေးများ၊ အလုပ်ရှင်နဲ့ အလုပ်သမားများ၊ သမဏ ဗြဟ္မဏများကဲ့သို့သော လူအဖွဲ့အစည်းအတွင်းရှိ အသင်းဝင်အားလုံးဟာလည်း တိုးတက်ဖွံ့ ဖြိုးနေမှာပါ။ မိသားစု အဖွဲ့အစည်းရဲ့စနစ်ကို ကောင်းစွာ တည်ဆောက်ထားတာမဟုတ်လျင် အခြားသူတို့ဟာလည်း ယိုယွင်းပျက်စီးလာမယ်ဆိုတာပါ။


ဗုဒ္ဓရှု့ထောင့်အလိုအရတော့ မိသားစုဆိုင်ရာ တာဝန်ဝတ္တရားများကို မိသားစုအတွင်းမှာရှိတဲ့ အခြားသူကိုတောင် လွှဲပြောင်းပေးလို့ မရနိုင်ဘူးဆိုတာပါ။ မိသားစုအတွင်း တစ်ဦးချင်းအလိုက် အကောင်းအဆိုးဆိုတဲ့ အရာဝတ္ထုများဟာ သူတို့ရဲ့ တာဝန်အသီးသီးအပေါ်မှာပဲ မူတည်နေပါတယ်။ မြတ်ဗုဒ္ဓမိန့်ကြားထားတာကတော့ “သုဒ္ဓီ အသုဒ္ဓိ ပစ္စတ္တံ၊ နာညော အညံ ၀ိသောဓယေ = ဖြူစင်ခြင်း၊ မဖြူစင်ခြင်းဟာ မိမိကိုယ်ကိုယ်ပေါ်မှာပဲ မူတည်ပါတယ်။ တစ်ဦးတစ်ယောက်က အခြားတစ်ဦးတစ်ယောက်ကို ဖြူစင်သန့်ရှင်းအောင် ပြုလုပ်မပေးနိုင်ပါ” ဆိုတာပါ။

Thursday, June 24, 2010

သဘာဝပတ်ဝန်းကျင်အပေါ် မြတ်ဗုဒ္ဓ၏အမြင်


အရာရာတိုင်းသည် ပြောင်းလဲသည့်အခြေအနေအပေါ်တွင် ရှိ၏။ အရာရာတိုင်းသည် ဆက်သွယ်မှုရှိနေ၏။ ပညာသည် သဘာဝဖြစ်သောအရာထက် ပိုလွန်သည်မရှိ။ အဓိပ္ပါယ်မရှိဘဲ တစ်စုံတစ်ခုသည် မတည်။ အခြေခံအားဖြင့် ဖြုန်းတီးနိုင်သော အကြောင်းတရားအဖြစ် အရာဝတ္ထုမည်သည် မရှိ။


သဘာဝပတ်ဝန်းကျင်တွင် သစ်ပင်များ၊ တိရစ္ဆာန်များ၊ လူများနှင့် လေ၊ ရေ၊ မြေ စသဖြင့် ပါဝင်ကြ၏။ ယင်းတို့သည်လည်း တစ်ခုနှင့်တစ်ခု အပြန်အလှန်အမှီသဟဲပြုနေပြီး သဘာဝပတ်ဝန်းကျင်နှင့်လျော်ညီစွာ ဖွဲ့စည်းတည်ဆောက်ထား၏။ ကမ္ဘာလောကကြီး၏တိုးတက်မှုနှင့်ကြီးထွားမှုသည် အားလုံးသောတည်ရှိမှုများနှင့် စပ်ဆက်မှုရှိနေပြီး စီးဆင်းနေသော ပြောင်းလဲနေသောအရာများ ဖြစ်ပါ၏။ စီးဆင်းမှုကို ကြန့်ကြာစေသော မည့်သည့်အရာဖြစ်ဖြစ် ကြန့်ကြာမှုကို ဖြစ်စေသောထိုအရာသည် အန္တရာယ်ကို ဖြစ်စေပါ၏။ သဘာဝဖြစ်စဉ်များကို တားဆီးပိတ်ပင်ပါက ပတ်ဝန်းကျင်သည် ၀ရုန်းသုန်းကားဖြစ်ခြင်းသို့ ဦးတည်လိမ့်မည်ဖြစ်ပါ၏။


မျက်မှောက်ခေတ်တွင် လူသားတို့၏ အကျိုးစီးပွါးအတွက် သဘာဝရင်းမြစ်များကို ဆင်ခြင်ကင်းမဲ့စွာ အသုံးပြုခြင်း၊ မှားယွင်းသော လမ်းညွန်းမှုများက ဂေဟဗေဒပျက်စီးမှုများကို ဖြစ်စေပါ၏။ စက်မှုထွန်းကားမှုသည် လူသားတို့၏ဘ၀ကို ခြိမ်းခြောက်မှုနှစ်ခု ပြုလုပ်၏။ ပထမတွင် လူသားဘ၀ကို ဖျက်စီးရန်အတွက် ပတ်ဝန်းကျင်ညစ်နွမ်းမှုများကို ဖြစ်စေ၏။ ဒုတိယတွင် အစားထိုးမရနိုင်သော သဘာဝရင်းမြစ်များကို ကုန်ခမ်းစေ၏။ အဆိပ်အာနိသင်ရှိသော စွန့်ပစ်ပစ္စည်းများက ဖြစ်စေသော ညစ်နွမ်းမှုများ၊ တောပြုန်းတီးမှုများ၊ သဲကန္တာရ ဖြစ်ထွန်းမှုများနှင့် လူတို့က ပြုလုပ်သော အခြားအကြောင်း တရားများစွာက ရာသီဥတုပြောင်းလဲခြင်းများကို ဖြစ်ပေါ်စေ၏။


စက်မှုထွန်းကားမှုကြောင့် များစွာသော စက်ရုံများ၊ မော်တော်ကားများ၊ လေယာဉ်များ၊ အသီးသီးသောစက်များမှ ကာဗွန်မို နောက်ဆိုက် (carbonmonxide) (အဆင်းအနံ့ မရှိသော အဆိပ်ဓာတ်ငွေ့၊ ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့)၊ ဟိုက်ဒရိုကာဗွန် (hydrocarbon) (ဟိုက်ဒရိုဂျင်နှင့်ကာ ဗွန်ဓာတ်ပေါင်း) နှင့် အခြား ဓာတုဗေဒနှင့်ပတ်သက်သော စွန့်ပစ်ပစ္စည်းများ(other chemical wastes)ထုတ်လွှင့်မှုများက လေကို ညစ်နွမ်းစေ၏။ ဓာတုဗေဒနှင့် ပတ်သက်သော အမျိုးမျိုးသည် ရေကို ညစ်နွမ်းစေ၏။ ကျောက်မီးသွေးနှင့် ဓာတ်ဆီများ လောင်ကျွမ်းမှုများမှ လေကို ညစ်နွမ်းစေ၏။ အက်ဆစ်မိုးများရွာသွန်းခြင်းနှင့် အိုဇုန်းလွှာများ ပေါက်ကွဲခြင်းများ ဖြစ်စေ၏။


နေမှ ဖြာထွက်ကျရောက်လာသော ခရမ်းလွန်ရောင်ခြည်(ultra-violet) များသည် ကမ္ဘာမြေအထက် ၁၂-မိုင်ခန့် ဖြစ်သော အိုးဇုန်းလွှာမှတဆင့် ကမ္ဘာမြေသို့ရောက်ရှိ၏။ ခရမ်းလွန်ရောင်ခြည်များသည် ကမ္ဘာမြေပေါ်သို့ ကျရောက်ပြီး ရေခဲတောင်များကို အရည်ပျော်စေခြင်း၊ အကျိုးဆက်အားဖြင့် အချို့သော အရပ်ဒေသများကို ပင်လယ်တွင်းသို့ နစ်မြုပ်စေ၏။ ကင်ဆာရောဂါ၊ မျိုးရိုးဗီဇနှင့်ဆိုင်သောသန္ဓေပြောင်းလဲမှုများကို ဖြစ်စေ၏။ ကမ္ဘာပေါ်တွင် အပူချိန်လွန်ကဲမှုများ မြင့်မားလာပြီး အပူပိုင်းဒေသများကို ပို၍ခြောက်သွေ့လာစေ၏။


နာတာရှည်အသက်ရှုကြပ်ရောဂါများ၊ ကလေးများချွတ်ယွင်းစွားမွေးဖွါးခြင်း၊ စိတ်ပိုင်းဆိုင်ရာအပြုအမူနှင့် ပတ်သက်သော ချို့ယွင်းချက်အားနည်းချက်များသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် တိုက်ရိုက် သက်ဆိုင်နေပါ၏။ လေထဲတွင် ပါဝင်သော ဓာတ်တစ်မျိုး၏ပါဝင်မှုသည် ချောင်းဆိုးရင်ကျပ်နာ၊ ပန်းနာရောဂါများကို တိုက်ရိုက် ဖြစ်စေ၏။


အခြားတစ်ဖက်တွင် သစ်တောပြုန်းတီးခြင်းကြောင့် တိရိစ္ဆာန်များသည် သူတို့၏သဘာဝတည်ရာနေရာများမှ ရွေ့လျော့လာ ကြ၏။ အခြားတစ်ဖက်မှာမူ လူအများသည် အမွေးများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများအတွက် တိရိစ္ဆာန်များကို ရှာဖွေ သတ်ဖြတ်ကြ၏။ သုတေသနသမားများပြောဆိုသည်မှာ နာရီတိုင်းနာရီတိုင်း သစ်ပင်များ တိရိစ္ဆာန်များ ကမ္ဘာမှ ပျောက်ကွယ်နေသည်ဟု ဆို၏။ ပညာရှင်များပြောဆိုကြသည်မှာ ယနေ့ခေတ်ပြဿနာများသည် ပြဿနာဖြစ်ပေါ်စေသောနေရာများနှင့်သာ သက်ဆိုင်သည်မဟုတ်တော့ဘဲ သည်အရာများသည် ကမ္ဘာ့ပြဿနာများဖြစ်လာသည်ဟု ဆိုကြ၏။


အထက်ပါဖော်ပြချက်များအရ အဆိပ်အာနိသင်ရှိတဲ့စွန့်ပစ်ပစ္စည်းများ၊ တောပြုန်းတီးမှုများ၊ သဲကန္တာရဖြစ်ထွန်းမှုများ စသဖြင့် လူသားတို့ပြုလုပ်ခဲ့သည့် အကြောင်းတရားများစွာက နောက်ထပ် အကျိုးဆက်များစွာကို ဖြစ်ထွန်းစေခဲ့သည်ဟု သိရှိရ၏။
ဤနေရာတွင် မြတ်ဗုဒ္ဓ၀ါဒသည် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ရှိ-မရှိ၊ မြတ်ဗုဒ္ဓသာသနာနှင့် ယနေ့မျက် မှောက်သဘာဝပတ်ဝန်းကျင်ဖြစ်စဉ်များ သက်ဆိုင်မှု ရှိ မရှိဆိုသော မေးခွန်း ဖြစ်ပါ၏။


မြတ်ဗုဒ္ဓ၏သာသနာတစ်ခုလုံးသည် သစ်ပင်တောတောင်တို့၏အရိပ်အယောင်များဖြင့် လွှမ်းမိုးနေပါ၏။ မြတ်ဗုဒ္ဓ၏ သာ သနာနှင့်သစ်ပင်တောတောင်တို့ကို ခွဲခြားရအံ့ မထင်။ တောတောင်သစ်ပင် မရှိလျင် မြတ်ဗုဒ္ဓ၏သာသနာသည်လည်း မရှိ ဟု ဆိုရလောက်အောင်ပင် မြတ်ဗုဒ္ဓ၏သာသနာနှင့်တောတောင်သစ်ပင်များကား စပ်ဆက်လျက်ရှိချေ၏။


မြတ်ဘုရားနှင့် တောတောင်သဘာဝပတ်ဝန်းကျင်များ သက်ဆိုင်မှု ဤသို့ တွေ့ရှိရ၏။ မြတ်ဘုရားရှင်၏ထူးခြားသော ဖြစ်စဉ်များတွင် အလောင်းတော်ကို လုမ္ဗိနီိဥယျာဉ်တွင် မွေးဖွါးပါ၏။ သဗ္ဗညုတညဏ်တော်ကို မဟာဗောဓိပင် အောက်တွင် ရရှိ၏။ ကုသိနာရုံအင်ကြင်းတောတွင် ပရိနိဗ္ဗာန် စံဝင်တော်မူ၏။ တဖန် တောထွက်တော်မူခြင်းကို ကြည့်ပါကလည်း တရားထူးများကို ရှာဖွေ ကျင့်သုံးရာတွင် တောတောင်ထဲမှာပင် ရှာဖွေကျင့်သုံးတော်မူ၏။ မြတ်ဘုရားသည် ရံခါရံခါ တောတောင်သစ်ပင်များရှိရာသို့ ကြွရောက်၍ တစ်ပါးတည်း သီတင်းသုံးနေထိုင်လေ့ရှိပါ၏။ ဥပမာ- ပါလိလေယျတောသို့ ကြွရောက်ခြင်းမျိုး ဖြစ်ပါ၏။


ဂေါတမမြတ်ဘုရားသည် ညောင်ဗုဒ္ဓဟေပင်တွင် ဘုရားအဖြစ်သို့ရောက်ရှိသကဲ့သို့ ၀ိပဿမြတ်ဘုရားသည် သခွတ်ပင်၊ သိခီမြတ်ဘုရားသည် သရက်ဖြူပင်၊ ဝေဿဘူမြတ်ဘုရားသည် အင်ကြင်းပင်၊ ကကုသန် မြတ်ဘုရားသည် ကုက္ကိုပင်၊ ကောဏာဂုံမြတ်ဘုရားသည် ရေသဖန်ပင်၊ ကဿပမြတ်ဘုရားသည် ပညောင်ပင် စသဖြင့် သစ်ပင်များကို အမှီပြု၍ ဘုရားအဖြစ်သို့ အသီးသီး ရောက်ရှိ ကြပါ၏။


မြတ်ဗုဒ္ဓ၏ကိုယ်စားတော်အားဖြင့် လာရောက်သူများအား ဖူးမြော်ရန် အာနန္ဒာဗောဓိပင်ကို ဇေတ၀န်ကျောင်းတော်တွင် စိုက်ပျိုးစေခဲ့၏။ အသောကမင်းလက်ထပ်တွင် ဗောဓိပင်၏တောင်ဘက်ကိုင်းကိုဖြတ်၍ သီဟိုလ်သို့ သယ်ဆောင်သွားစေခဲ့၏။ ယနေ့တိုင် ထိုဗောဓိပင်သည် သက်ရှိ ထင်ရှားရှိနေဆဲဖြစ်ပါ၏။ ဗောဓိပင် စိုက်ပျိုးခြင်းဓလေ့သည် မြတ်ဘုရားရှင်သာသနာထွန်းကားရာအရပ်များ၌ ဘုရားရှင်၏သာသနာနှင့်အတူ လိုက်ပါထွန်းကားလျှက် ရှိပါ၏။


တရားတော်များနှင့်သဘာဝတောတောင်ပတ်ဝန်းကျင် သက်ဆိုင်မှုကို ဤသို့ တွေ့ရှိရ၏။ ဓမ္မကို စတင်တီးခတ်သောနေရာသည် တောတောင်ထဲမှာပင် ဖြစ်ပါ၏။ အနေကဇာတိသံသာရံ-စသဖြင့် ဥဒါန်းကျူးရင့် ခြင်းသည် မဟာဗောဓိပင်အောက်မှာ ဖြစ်သကဲ့သို့ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ဆင်ခြင်ရာမှာလည်း ဗောဓိပင်အောက် (ပလ္လင်္ကသတ္တာဟ၊ ဗောဓိသတ္တာဟ)မှာပင် ဖြစ်ပါ၏။ ဖလသမာပတ်ချမ်းသာကို ခံစားရာတွင် အဇပါလညောင်ပင်အောက် (အဇပါလ သတ္တာဟ)၊ ကျည်းပင်အောက်(မုစလိန္ဒသတ္တာဟ)၊ လင်းလွန်းပင်အောက် (ရာဇာရတနသတ္တာဟ)တွင် ဖြစ်ပါ၏။ တရားဦး ဓမ္မစကြာကို ဟောကြားရာမှာလည်း မိဂဒါဝုန်တောမှာဖြစ်၏။ သစ်ပင်တောတောင်များ၏အရိပ်အာဝါသအောက်မှာ သီတင်းသုံးနေထိုင်၍ တရားတော်များကို ဟောကြားသည်မှာ များပြားစွာ ရှိ၏။ မြတ်ဗုဒ္ဓ၏အစဆုံးတရားတော်မှ နောက်ဆုံး တရားတော်တိုင် အောင်သည် သစ်ပင်အောက်မှာပင် ဟောကြားခဲ့ပါ၏။ ဓုတင်ကျင့်စဉ်များတွင် တောတောင်ထဲတွင် ကျင့်သုံးဆောက်တည်ရသော ဓုတင်ကျင့်စဉ်များ ပါဝင်ပါ၏။


ရဟန်းတော်များနှင့် တောတောင်သဘာဝပတ်ဝန်းကျင် သက်ဆိုင်မှုကို ဤသို့ တွေ့ရ၏။ မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဗောဓိပင် အောက်မှာပင် ဘုရားရှင်အဖြစ်သို့ ရောက်ရှိသကဲ့သို့ အခြားသော တပည့်သာဝက သာဝိကာမများမှာလည်း ယေဘုယျအားဖြင့် တောတောင်သစ်ပင်တို့နှင့်စပ်ဆက်လျက်သာလျင် တရားထူးကို ရခဲ့ကြပါ၏။ မြတ်ဗုဒ္ဓသည် ရဟန်းတော်များအား မေတ္တသုတ်သင်ပေးပြီးနောက် တောတောင်ထဲသို့ ပြန်လည်ကြွရောက်စေခဲ့ပါ၏။ ရဟန္တာမထေရ်ကြီးများစွာမှာ တောတောင်တွင် ပျော်မွေ့သူများအဖြစ် ကျမ်းဂန်များစွာမှာ တွေ့မြင်နိုင်ပါ၏။ ရဟန်းဖြစ်ပြီးသောသူများကို နေရာ ကျောင်း အခက်အခဲရှိပါက သစ်တစ်ပင်အောက် ၀ါးတစ်ပင်အောက်မှာ သီတင်းသုံး နေထိုင်ရန် မြတ်ဗုဒ္ဓသည် ညွှန့်ကြားတော်မူပါ၏။ ရဟန်းတော်များအား သစ်ပင်မခုတ်ရန် ပညတ်တော်မူထား၏။ ထိုအတူ ရဟန်းတော်များ၊ ရှင် သာမဏေများအား စိမ်းစိုသော မြက်သစ်ပင်ရှိရာအရပ်၌လည်းကောင်း၊ ရေ၌လည်းကောင်း တံထွေးစသည်ကို ထွေးခွင့် မပြုပါ။ ကျင်ကြီး ကျင်ငယ် စွန့်ခွင့်မပြုပါ။


ကမ္မဌာန်းအားထုတ်ရန် တောတောင်တို့သည် သင့်လျော်ကြောင်းကို ဤသို့ သိရှိရ၏။ တောထွက်မူစဉ် ဥရုဝေလတော သေနာနိဂုံးသို့ရောက်သောအခါ အကြံဖြစ်ပုံကို မြတ်ဗုဒ္ဓသည် ဗောဓိမင်းသားအား ပြန်လည်မိန့်ကြားသည်မှာ “ အချင်းတို့! မြေအဖို့သည် မွေ့လျော်ဖွယ် ရှိစွတကား၊ တောအုပ်သည် မွေ့လျော်ဖွယ်ရှိစွတကား၊ မြစ်သည်လည်း စီးဆင်းနေ၏၊ ဆိပ်ကမ်းသည်လည်း သန်းရှင်း၍ မွေ့ လျော်ဖွယ်ကောင်း၏၊ ဆွမ်းခံရွာသည်လည်း နီးနား၏၊ ဤအရပ်သည် ကမ္မဌာန်း အားထုတ်လိုသော အမျိုးသားအား ကမ္မဌာန်းအားထုတ်ခြင်းငှါ သင့်လျော်ရာ၏တကား” ဟု ဖြစ်ပါ၏။


တောတောင်တို့၏သာယာဖွယ်ရာများကို ဤသို့ ဖွင့်ဆိုခဲ့ကြ၏။ ကာဠုဒါယီမထေရ်သည် တောတောင်ဘွဲ့ ပါဠိကဗျာ ဂါထာပေါင်း ခြောက်ဆယ်ကို သီကုံးရွတ်ဆိုလျှက် မြတ်ဗုဒ္ဓအား ကပိလ၀တ်သို့ ပင့်ဆောင်ခဲ့၏။ မြန်မာစာဆိုတော် ရှင်ဥတ္တမကျော်က ရေးသားခဲ့ရာ “တောလား”ဟု ကျော်ကြား၏။ ဤဂါထာများသည် ဆောင်ကုန်နွေကူး တပေါင်းလ ရာသီထူး၏ မပူမအေးဖြစ်၍ သာယာပုံ၊ သစ်ပင်များ ရွက်ညွန့်တွေ ထွက်ချိန်ဖြစ်၍ ရှုမငြီးအောင် သာယာပုံ၊ ရာသီနှင့်တောတောင် သာယာလှသဖြင့် သားကောင်များ၊ ကျေးငှက်များလည်း သာသာယာယာ တွန်ကျူးလျက် မြူးတူးရွှင်ပျော်နေကြပုံ အစုံစုံ တို့ကို ဖေါ်ပြရေးခြယ်ထားသော တောတောင်ပန်းချီကားကြီး ဖြစ်ပါ၏။

မြတ်ဗုဒ္ဓ၊ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်မဟာကဿပ၊ အရှင်အနုရုဒ္ဓါ၊ အရှင်အာနန္ဒာ၊ အရှင်ရေ၀တ-တို့သည် ဂေါသိင်္ဂအင်ကြင်တော၏ သာယာဖွယ်ကို ဤသို့ ပြောဆိုခဲ့ကြ၏။ အရှင်သာရိပုတ္တရာသည် “ ငါ့ရှင် အာနန္ဒာ! ဂေါသိင်္ဂမည်သော အင်ကြင်တောသည် မွေ့လျော်ဖွယ်ရှိ၏။ ညဥ့်သည် အပြစ်တို့မှ ကင်း၏။ အင်ကြင်ပင်တို့သည် ပင်လုံး ကျွတ် ပွင့်ကုန်၏။ နတ်၌ဖြစ်ကုန်သော ပန်းရနံ့တို့ကဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့ရှင့် အာနန္ဒာ အဘယ်ကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂ မည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာအံနည်း” ဟု မေးမြန်းခဲ့သည်။


ပိဋကတ်တော်လာ တောအုပ်ကြီးများနှင့် မြစ်ကြီးများ၊ တစ်နည်းအားဖြင့် မြတ်ဗုဒ္ဓသာသနာတော်နှင့် စပ်ဆက်မှုရှိခဲ့သော တောအုပ်ကြီးများ၊ မြစ်ကြီးများကို ဤသို့ ဖတ်ရှု့ခဲ့ရ၏။ တောအုပ်ကြီးများမှာ - မဟာဝုန်တော၊ ပါလိလေယျတော (ရက္ခိတ၀နသဏ္ဍ ဘဒ္ဒသာလာ)၊ မိဂဒါဝုန်တော၊ အနုပိယ အမ္ဗ၀န၊ ဣစ္ဆာနင်္ဂလတောအုပ်၊ သုဘဂတော အုပ်-စသဖြင့် ဖတ်ရှု့ရ၏။ မြစ်ကြီးများမှာ - အစီရ၀တီမြစ်၊ ယမုနာမြစ်၊ ဂင်္ဂါမြစ်၊ သရဘူမြစ်၊ မဟီမြစ်၊ အနော်မာမြစ်၊ ရောဟိဏီမြစ်၊ ကကုဓမြစ်၊ ဟိရည၀တီမြစ် ၊အရ၀စ္ဆမြစ်၊ နီလာဝါဟနမြစ်၊ စန္ဒဘာဂမြစ်၊ ဗြဟ္မပုတ္တမြစ်- စသဖြင့် တွေ့ရှိရ၏။


သစ်ပင်များ၊ ဥယျာဉ်များကို ဤသို့ စိုက်ပျိုးစေခဲ့၏။ မြတ်ဗုဒ္ဓသည် ၀နရောပသုတ်တွင် “အကြင်သူတို့သည် သစ်သီး ဥယျာဉ်၊ ပန်းဥယျာဉ် စိုက်ပျိုးကုန်၏။ တောသစ်ပင်ကို စိုက်ပျိုးကုန်၏။ တံတားခင်းကုန်၏။ အကြင်သူတို့သည် ရေအိုးစင်ကိုလည်းကောင်း၊ ရေတွင်းကိုလည်းကောင်း၊ နေရာကျောင်းကိုလည်းကောင်း လှုဒါန်းကုန်၏။ ထိုသူတို့အား နေ့၌လည်းကောင်း၊ ညည့်၌လည်းကောင်း အခါခပ်သိမ်း ကောင်းမှုသည် တိုးပွါး၏။ ထိုသူတို့သည် တရား၌ တည်ကုန်၏။ ထိုသူတို့သည် ကောင်းသောအလေ့အထ စာရိတ္တသီလနှင့် ပြည့်စုံကုန်၏။ တိုသူတို့သည် နတ်ပြည်သို့ သွားရ၏။” ဟု မိန့်ကြားထားပါ၏။

အသောကမင်းကြီးကျောက်စာများတွင်လည်း ရေတွင်းရေကန်များတူးဖော်ရန်၊ သစ်ပင်များစိုက်ပျိုးရန်၊ သားငှက်တိရစ္ဆာန် များကို မသတ်ဖြတ်ရန် စသဖြင့် ရေးထိုးထုထွင်းထား၏။


သစ်ပင်များ၏ကျေးဇူးကို ဤသို့ ဖော်ညွှန်း၍ အသိသက်သေပြုခဲ့၏။ မြတ်ဘုရားရှင် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် သတ္တသတ္တာဟ ၄၉-ရက်တွင် ဘုရားဖြစ်တော်မူရာ ပလ္လင်တော်နှင့် ဗောဓိပင်ကို မမှိတ်မသုံကြည့်၍ ခုနစ်ရက် စံတော်မူကာ နောက်ဆုံးကြည့်ခြင်း(အနိမိသသတ္တာဟ)ဖြင့် ကျေးဇူးဆပ်အသိအမှတ် ပြုတော်မူခဲ့၏။

ချမ်းသာမှုကိုပေးသော အရိပ်ငါးမျိုးကို လောကနီတိ၌ ဖော်ပြထား၏။ ယင်းတို့မှာ သစ်ပင်ရိပ်၊ မိဘရိပ်၊ ဆရာအရိပ်၊ မင်းရိပ်၊ ဘုရားရိပ်တို့ ဖြစ်ရာ သစ်ပင်ရိပ်သည်လည်း ကျေးဇူးများသည်ဟု ဖော်ပြထား၏။


တောတောင်သစ်ပင်ကို ဥပမာထား၍ ဟောကြားသောတရားတော်များကို ဤသို့ တွေ့ရ၏။ “ နွေးဥတု၏အစဖြစ်သော တန်ခူးလ၌ ပင်လုံးကျွတ်ပွင့်သော အဖျားရှိသော တောအုပ်သည် ကျက်သရေရှိ၍ တင့်တယ်သကဲ့သို့ ထိုတောအုပ်လျင် ဥပမာရှိသော နိဗ္ဗာန်သို့ ရောက်စေတတ်သော ပရိယတ္တိတရားတော်မြတ်ကို မြတ်သော နိဗ္ဗာန်အကျိုးငှါ ဟောတော်မူ၏။” ဟု ရတနသုတ်တွင် ဟောကြားခဲ့ပါ၏။

မဟာသာလပုတ္တသုတ်တွင် ဟိမ၀န္တာတောင်မင်းကို အမှီပြု၍ သစ်ပင်ကြီးတို့သည် ငါးမျိုးသောအကြောင်းတို့ဖြင့် ကြီးပွါးကြကုန်၏။ (၁) အကိုင်းအခက်တို့ဖြင့် ကြီးပွါးခြင်း (၂) အခေါက်ဖြင့်ကြီးပွါးခြင်း (၃) အပွေးဖြင့် ကြီးပွါးခြင်း (၄) အကာဖြင့်ကြီးပွါးခြင်း (၅) အနှစ်ဖြင့်ကြီးပွါးခြင်းတို့ ဖြစ်ပါ၏။ ဤဥပမာအတူ သဒ္ဓါတရားရှိသူအမျိုးသား တစ်ဦး တစ်ယောက်ကို အကြောင်းပြု၍ အခြားအိမ်နေသူအများမှာလဲ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာတို့ဖြင့် ကြီးပွါးကြကုန်၏။


မြတ်ဘုရားရှင် ခုတ်ဖြတ်ခိုင်းသော သစ်ပင်တောတောင်ကား ဤသို့ ဖြစ်၏။ မြတ်ဗုဒ္ဓသည် ရဟန်းတော်များအား “ ရဟန်းတို့! တဏှာတည်းဟူသော တောကို ခုတ်ဖြတ်ကြကုန်လော့၊ ပြကတေ့ သစ်ပင်ကို မခုတ်ဖြတ်ကြကုန်လင့်၊ တဏှာဟူသော တောကြောင့် ဇာတိစသော ဘေးဖြစ်၏။ တဏှာဟူသော တောကြီး တောငယ်ကို ခုတ်ဖြတ်၍ တဏှာဟူသော တောမှ ထွက်မြောက်ကြကုန်လော.” ဟု ပဥ္ဒမဟလ္လကဘိက္ခုဝတ္ထုတွင် မိန့်ကြားထားပါ၏။


ဤသို့ဖြင့် မြတ်ဗုဒ္ဓ၀ါဒသည် သဘာဝပတ်ဝန်းကျင်နှင့် လူသား၏သဘာဝများ ဆက်သွယ်နေမှုကို ချဉ်းကပ်ပြ၏။ လူသားနှင့် သဘာဝပတ်ဝန်းကျင် ရင်းနှီးကျွမ်းဝင်မှုရှိအောင် အခြေအနေများကို ဖန်တီးပေးခဲ့၏။ ရင်းနှီးကျွမ်းဝင်မှုနှင့် သဟဇာတဖြစ်မှု ရှု့ထောင့်မှ သစ်ပင်၊ တိရိစ္ဆာန်၊ လူများကို ကြည့်ရှု့ပြခဲ့၏။ သဘာဝပတ်ဝန်းကျင် ပြဿနာများအတွက် ဖြစ်နိုင်ချေရှိသော ဖြေရှင်းချက်များကို ထုတ်ဖော်ပေးခဲ့၏။ ပတ်ဝန်းကျင်ညစ်နွမ်းမှုကဲ့သို့သော အန္တရာယ်များသည့် စွန့်စားမှုမျိုးကို တိုက်တွန်းရန် တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်အား ခွင့်ပြုလိမ့်မည်မဟုတ်။ သို့ဖြစ်၍ ဖော်ပြပါ အချက်များသည် မြတ်ဗုဒ္ဓသာသနာနှင့် ယနေ့မျက်မှောက် သဘာဝပတ်ဝန်းကျင်ဖြစ်စဉ်များ သက်ဆိုင်မှု ရှိ မရှိဆိုသော မေးခွန်း၏အဖြေများ ဖြစ်ပါ၏။

Friday, June 18, 2010

ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော (သို့မဟုတ်) ချစ်ခင်သူတွေကို ခွဲခွါထားတဲ့ ကမ္ဘာ့ရွာ




ဂလိုဘယ်လိုက်ဇေးရှင်းဟာ ကမ္ဘာရွာကြီးတစ်ရွာနဲ့ တူတယ်လို့ပြောကြတယ်။ ဒါကို ကျုံ့ လာတယ်၊ စုစည်းလာတယ်၊ နီးကပ်လာတယ်၊ တစ်နေရာနဲ့တစ်နေရာ အသိအမြင်တွေ ရရှိဖို့အတွက် လျင်မြန်လာတယ်လို့ ဆိုခဲ့ယင် အဲဒီရွာကြီးထဲက အိမ်တွေကကော ကျုံ့လာပါသလား၊ စုစည်းလာပါသလား၊ နီးကပ်လာပါသလား၊ အသိအမြင်တွေ ရရှိဖို့ လျင်မြန်လာပါသလားဆိုတာပါ။ တခါ အဲဒီအိမ်တိုင်းအိမ်တိုင်းမှာရှိတဲ့ မိသားစုဝင်တွေကကော အချင်းချင်း နီးကပ်လာပါသလား၊ စုစည်းလာပါသလား၊ အသိအမြင်တွေ ချက်ချင်ဖလှယ်နိုင်ကြပါသလားဆိုတဲ့ ထပ်ဆင့်မေးခွန်းပါ။ အဲဒီရွာကြီးထဲက အိမ်တိုင်းအိမ်တိုင်းရှိ မိသားစုတိုင်းမိသားစုတိုင်းဟာ ချစ်ချစ်ခင်ခင် အတူနေထိုင်ခွင့် ရချင်ကြပါလျှက် အချို့မိသားစုဝင်တွေအချင်းချင်း ဘာ့ကြောင့် ခွဲခွါစေခဲ့သလဲ။


မျက်မှောက် နှစ်ဆယ့်တစ်ရာစုခေတ်ကို အချို့ကလည်း တိုးတက်တယ်လို့ ပြောတယ်။ ဒါကတော့ ရုပ်ဝတ္ထုပိုင်း ဆိုင်ရာကို အလေးပေးပြောဆိုခြင်း ဖြစ်မှာပါ။ အချို့ကလည်း ဆုတ်ယုတ်သွားတယ်လို့ ပြောကြပြန်တယ်။ ဒါကတော့ နာမ်ပိုင်းဆိုင်ရာဘက်ကို အသားပေးပြောဆိုခြင်း ဖြစ်နိုင်ပါတယ်။ ဘာသာရေးသမားကလဲ အမြင်တစ်မျိုးနဲ့ ပြောမှာပါ။ အဲသလိုပါပဲ စီးပွါးရေးသမားကလဲ သူမြင်သလို သိပ္ပံပညာရှင်ကလဲ သူ လက်လှမ်းမိသလောက် နိုင်ငံရေးသမားကလဲ သူသိတဲ့အတိုင်း ပြောကြမှာပါ။ အခြားအခြား သူများကလည်း သူတို့ ညဏ်မီသလောက် ပြောကြမှာပါပဲ။


အဘယ်သို့ပင်ဆိုကြစေ ငြင်းကွယ်လို့မရတဲ့အချက်ကတော့ ဒီခေတ်ကြီးမှာ သားအမိအချင်းချင်း၊ သားအဖအချင်းချင်း၊ မောင်နှမအချင်းချင်း၊ ချစ်သူအချင်းချင်း၊ ဇနီးမောင်နှံအချင်းချင်း၊ ဆရာနဲ့တပည့် စသဖြင့် ခွဲခွါနေကြရတာပါ။ မိဘက တစ်နိုင်ငံ၊ ကိုယ်ချစ်သူက တစ်နိုင်ငံ၊ ကိုယ့်သားသမီးက တစ်နိုင်ငံ၊ ကိုယ်ကိုယ်တိုင်က တစ်နိုင်ငံ ဒီလိုနဲ့ ခွဲခွါနေကြရတယ် ဆိုတာပါပဲ။ ဒါကလည်း တစ်ဦးတစ်ယောက်၊ တစ်နိုင်ငံမှာ ဖြစ်နေတာမဟုတ်ဘဲ လူအားလုံး နိုင်ငံအားလုံးနီးပါးမျှ ဖြစ်နေကြတာပါ။


အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော။ ဒီစာသားတွေကိုတော့ တော်တော်များများက ကြားဖူးပြီးသားဖြစ်မလားပဲ။ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော--ဆိုတာက မချစ်မနှစ်အပ်သူတွေနဲ့ အတူတကွ ပေါင်းဖော်နေရခြင်းဟာ စိတ်ဆင်းရဲရတယ်လို့ ဆိုပါတယ်။ ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော-ဆိုတာကတော့ ချစ်နှစ်အပ်သူတွေနဲ့ ကွေကွင်းခွဲခွါနေရခြင်းဟာ စိတ်ဆင်းရဲရတယ်လို့ ဆိုတာပါ။


လောကမှာ စိတ်ဆင်းရဲစရာတွေက အများသား။ ဒီများစွာထဲမှာမှ မြတ်ဗုဒ္ဓက ဒီနှစ်ချက်ကို တရားဦး ဓမ္မစကြာမှာ ထည့်သွင်းလို့ ဟောကြားခဲ့ပါတယ်။ ဒီလိုဆိုတော့လဲ ဒီဒုက္ခဟာ အခြားဒုက္ခတွေထက် အရေးများ ပိုလို့ပါနေသလား ဆိုတာပါ။ အဲဒီဒုက္ခနှစ်မျိုးထဲကမှ ဒီခေတ်ဟာ မချစ်မနှစ်သက်သူတွေနဲ့ အတူတကွပေါင်းဖော်နေရတဲ့ ဆင်းရဲခြင်းထက် ချစ်နှစ်သက်သူတွေနဲ့ ခွဲခွါနေရခြင်းက ပိုလို့များ ဆင်းရဲခြင်းတွေ ဖြစ်နေသလားဆိုတာပါ။



စားဝတ်နေရေးစသဖြင့် ရုပ်ပိုင်ဆိုင်ရာလိုအပ်ချက်တွေ၊ လုံခြုံမှုရလိုခြင်း, ချစ်ခင်လိုခြင်း, အထင်ကြီးခံလိုခြင်း, စသဖြင့် စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေ သူသူကိုယ်ကိုယ် ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းချင်ကြ ပြည့်ဝချင်ကြပါတယ်။ ဒီလိုအပ်ချက်များစွာထဲကမှ သူသူကိုယ်ကိုယ် အားလုံးဟာ ကိုယ်ချစ်ခင်တဲ့သူတွေနဲ့ အတူတူပဲ နေထိုင်လိုကြခြင်းဟာလဲ တစ်ခုအပါအ၀င်ပါ။ ခွဲခွါလို့ ခပ်ဝေးဝေးကြီးမှာ နေချင်ကြမှာ မဟုတ်ပါ။ ချစ်ခင်မှုနောက်မှာ ပူပင်သောကဆိုတာက ကပ်လို့ပါနေတာပါ။ အဲဒီလို ခွဲခွါနေကြရတဲ့အခါ မျက်မှောက်ရှေ့မှာ မြင်ခွင့်မရကြတော့ ပိုလို့များ ပူပန်နေမိကြသလား ဆိုတာပါ။ ဒါကိုပဲ မိဘတွေ၊ ကိုယ်ချစ်တဲ့ ချစ်သူတွေ၊ ကိုယ့် မောင်နှမ သားချင်းတွေနဲ့ ခွဲခွါနေရတဲ့အတွက် ပူပန်နေရတာတွေ အပူတွေ များနေလို့ အချို့အမျိုးသမီးများ ပြောတာက ခေတ်သစ် မပဋာ-များ ဖြစ်နေသလားမသိပါ ဆိုတဲ့စကားပါ။


တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြတယ်ဆိုရာမှာ -ပုဗ္ဗေ၀ သန္နိဝါသေန၊ ပစ္စုပ္ပန္န ဟိတေန ၀ါ-ဆိုတဲ့စကားအရ ရှေးဘ၀တုန်းက ဘ၀တစ်ခုခုမှာ အတူတကွ ကောင်းမှုတစ်ခုခုလုပ်ဖူးတာရယ်၊ ဒီဘ၀မှာလဲ တစ်ဦးကိုတစ်ဦး အကျိုးစီးပွါးအတွက် ကိုယ်နှုတ်စိတ် တစ်ခုခုဖြင့် ဆောင်ရွက်ဖူးကြတာရယ်၊ ဒီအကြောင်းနှစ်ချက်က အဓိကပါ။ ချစ်ခင်မှုတစ်ခု ရဖို့အတွက် ဟိုဘက်ဘ၀မှာပဲဖြစ်ဖြစ် ဒီဘက်ဘ၀မှာပဲဖြစ်ဖြစ် ဆုံဆည်းထားတဲ့ အခွင့်အရေးတွေ ရှိထားရပါမယ်။ ဆုံဆည်းခြင်းမှာတော့ အကြောင်းအရာမျိုးစုံနှင့် အတူတကွ ဆုံဆည်းထားကြခြင်းပါ။ တစ်နည်းအားဖြင့်တော့ တစ်ဦးနဲ့တစ်ဦး အကျိုးစီးပွါးတွေ ဆောင်ရွက်ဖူးထားတယ်ဆိုတဲ့သဘောပါ။ ဒါကတော့ လင်မယားနှစ်ဦးကိုသာ ရည်ရွယ်ထားတာ မဟုတ်ဘဲ အချင်းချင်း ချစ်ခင်မိကြသူအားလုံးကို ရည်ရွယ်ခြင်း ဖြစ်ပါတယ်။


အများသူငါ ပြောနေကြတဲ့ ချစ်ခြင်းဆိုတာက ရယူခြင်းလား၊ ပိုင်ဆိုင်ခြင်းလား၊ စွန့်လွှတ်ခြင်းလား၊ အနစ်နာခံခြင်းလား-ဆိုတာ ဖြေဖို့ ခက်ပါတယ်။ ပိုင်ဆိုင်ထားခြင်းကြောင့် ချစ်ပါသလားလို့ ပြောဖို့ခက်သလို မပိုင်ဆိုင်တော့တဲ့အတွက် မချစ်တော့ဘူးလားလို့လဲ ပြောဖို့ခက်ပြန်တယ်။ ချစ်ခြင်းနဲ့ ပိုင်ဆိုင်ခြင်းမှာ တန်းတူ ယှဉ်သွားသလား၊ တပြေးညီသွားသလား ဒါမှမဟုတ် ခွဲခြားပြီးသွားသလား ဒီလိုမှမဟုတ် ချစ်ခြင်းသည် စိတ်ခံစားမှုဆိုင်ရာ သက်သက်လား၊ ပိုင်ဆိုင်ခြင်းသည် ရုပ်ပိုင်ဆိုင်ရာ သက်သက်လား၊ နှစ်ခုလုံးဟာ တစ်ခုတည်းပဲလား ဆိုတာကတော့ ဖြေရှင်းဖို့ ခက်ပါတယ်။ ဒီနေရာမှာတော့ တစ်ဦးတစ်ဦး ချစ်ခင်မှုတွေ ဘာ့ကြောင့် ရကြတယ် ဆိုတာကိုသာ ပြောလိုရင်းပါ။


အတိတ်ဘ၀က ဆုံဆည်းထားတဲ့အကြောင်းတစ်ခုကြောင့်ဖြစ်စေ ဒါမှမဟုတ် ယခုဘ၀မှာ ဆုံဆည်းစေခဲ့သော အကြောင်းတစ်ခုကဖြစ်စေ အတူတကွ ပိုင်ဆိုင်မှုရကြပြီးတဲ့အခါ တစ်နည်းအားဖြင့်တော့ အတူတကွ လက်တွဲ နေထိုင်ကြပြီးတဲ့အခါ ဆက်လက်လို့ အနာဂတ်ဘ၀ခရီးမှာ ပိုင်ဆိုင်မှုတွေ ရချင်ကြတယ် အတူတကွ ဆက်လက် နေထိုင်လိုကြတယ်ဆိုယင်ဆိုတဲ့ အပိုင်းကို ဆက်ပြောကြည့်ချင်ပါတယ်။


နကုလပိတာနဲ့ နကုလမာတာက-“ တပည့်တော်တို့ ယခုဘ၀မှာလဲ အချင်းချင်း ရှု့မြင်လိုပါတယ်၊ နောင်ဘ၀မှာလဲ အချင်းချင်း ရှု့မြင်လိုပါတယ်” -လို့ မြတ်ဗုဒ္ဓကို လျှောက်ကြားပါတယ်။ ဆိုလိုတာကတော့ ဒီဘ၀မှာကော နောင်ဘ၀မှာပါ လင်မယားအဖြစ် အတူတူနေချင်ပါတယ်- ပိုင်ဆိုင်ချင်ကြပါတယ်လို့ ဆိုလိုတာပါ။ သူတို့ရဲ့အတိတ်ဘ၀နဲ့ လက်မထပ်မီကာလကို မပြောတော့ဘဲ ဒီနေရာမှာ လက်ထပ်ပြီး နောက်ပိုင်း ကာလကို ပြောထားပါတယ်။ သူတို့နှစ်ဦး မြတ်ဘုရားကို လျှောက်ထားကြတဲ့အထဲမှာ ဒီစကားလေးတွေကိုပါ ထည့်သွင်းလျှောက်ထားကြပါတယ်။


“အရှင်ဘုရား တပည့်တော်ဟာ ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူ နကုလမာတာသူကြွယ်မကို ထိမ်းမြား ယူဆောင်ခဲ့သည်မှ စ၍ စိတ်မျှဖြင့်လည်း နကုလမာတာသူကြွယ်မကို လွန်၍ ကျင့်မိသည်ဟု တပည့်တော် မသိစဖူးပါ။ ကိုယ်ဖြင့်မူကား အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း” အဲသလို နကုလပိတာက လျှောက်ထားပါတယ်။

နကုလမာတာကတော့ - “ အရှင်ဘုရား နကုလပိတာသူကြွယ်သည် ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူ တပည့်တော်မကို ထိမ်းမြားယူဆောင်ခဲ့သည်မှစ၍ စိတ်မျှဖြင့်လည်း နကုလပိတာသူကြွယ်ကို လွန်၍ ကျင့်မိသည်ဟု တပည့်တော်မ မသိစဖူးပါ။ ကိုယ်ဖြင့်မူကား အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း” လို့ လျှောက်ထားပါတယ်။

ဒီစကားများအရ နကုလပိတာနဲ့နကုလမာတာတို့ဟာ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြတယ်၊ သစ္စာရှိကြတယ်၊ ကိုယ်ကျင့်သိက္ခာ မဖောက်ပြားကြဘူးဆိုတာ သိသာထင်ရှားသလို ဘ၀တစ်ခုကို အတူတကွ ပိုင်ဆိုင်ထားကြတယ်ဆိုတာလဲ မြင်သာတဲ့အရာပါ။


မြတ်ဘုရားမိန့်တာက မျက်မှောက်ဘ၀မှာကော နောင်ဘ၀မှာပါ ရှု့မြင်လိုကြတယ်ဆိုယင် (၁) တူမျှသော သဒ္ဓါ (၂) တူမျှသော သီလ (၃) တူမျှသော စာဂ (၄) တူမျှသော ပညာ ရှိနေကြရမယ်ဆိုတာပါ။


သဒ္ဓါတရားတူညီနေဖို့ တနည်းအားဖြင့်တော့ ယုံကြည်ချက်တွေ တူညီနေဖို့၊ သီလတွေတူမျှနေဖို့ တစ်နည်းအားဖြင့်တော့ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ တစ်သားတည်းဖြစ်နေဖို့၊ စာဂတွေ တန်းတူဖြစ်နေဖို့ တစ်နည်းအားဖြင့်တော့ ပေးကမ်းကြရာမှာ သဘောထားတွေ တိုက်ဆိုင်နေဖို့၊ ပညာတွေ ညီမျှနေဖို့ တစ်နည်းအားဖြင့်တော့ အသိပညာ အတတ်ပညာတွေ တူညီတဲ့အဆင့်ရှိနေဖို့-လိုအပ်ပါတယ်လို့ ပြောလိုရင်းပါ။


ဒီနေရာမှာ မြတ်ဗုဒ္ဓက ယုံကြည်မှုဆိုတဲ့ သဒ္ဓါတရားကို ရှေးဦးစွာ ဖော်ပြထားပါတယ်။ ဒါဟာ ကျင့်သုံးဖို့ လွယ်ကူ လို့ ဦးစွာပထမ မိန့်ဆိုထားသလားဆိုတာပါ။


တကယ်တော့ ယုံကြည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ဘ၀တစ်ခုမှာ အဲဒီယုံကြည်မှုလေးတွေကို ပျက်ပြယ်မသွားအောင် ထိန်းသိမ်းရခြင်းဟာလည်း ထင်သလောက်တော့ လွယ်ကူမည်မထင်။ အဲဒီယုံကြည်ချက်တွေကို ထပ်တူထပ်မျှ ဖြစ်အောင်ကြိုးစားကြရတာကြတော့ ပိုလို့များ တည်ဆောက်ယူရမလားလို့ပါ။ ယုံကြည်ချက်ဆိုတာက လူမှုရေး၊ နိုင်ငံရေး၊ စီးပွါးရေး၊ ပညာရေး စတဲ့အပေါ်မှာ ခိုင်မာစွာ ရပ်တည်ထားခြင်းပါ။ ယုံကြည်ဆိုတဲ့အတိုင်း “ယုံနေသမျှ ကြည်နေဦးမယ်၊ မယုံတော့ယင် မကြည်တော့ဘူး”လားဆိုတဲ့ မြန်မာဘာသာပြန်ကလည်း စိတ်ဝင်စားစရာပါ။ ဒီတော့ ယုံကြည်မှုအပိုင်းဟာ ဘ၀တစ်ခုကို တည်ဆောက်ရာမှာ အခြေခံကြတဲ့အရာအဖြစ် အလွန်အရေးကြီးမယ် ထင်ပါတယ်။ မြင့်မြတ်တဲ့တရားတွေကို ကျင့်သုံးသူများမှာတော့ ယုံကြည်ခြင်းဆိုတဲ့ သဒ္ဓါတရားမရှိယင် မည်သို့မျှ အထက်တန်းမြင့်တဲ့အရာတွေကို မတက်လှမ်းနိုင်ပါဘူး။ အခြေခံအုတ်မြစ်ဖြစ်တဲ့ ယုံကြည်မှုသဒ္ဓါတရားကသာ ရှေ့ဆက်သွားမယ့် ခရီးအတွက် အခရာကျပါတယ်။ သူကသာ ပံ့ပို့ပေးနိုင်မှာပါ။ သာမန်လူတို့ရဲ့ဘ၀မှာလည်း ရှေးခရီးအတွက် ဆက်လက်တိုးတက်ခိုင်မြဲနေဖို့ဟာ ယုံကြည်မှုကိုသာ အခြေခံအုစ်မြစ်အဖြစ် သတ်မှတ်နိုင်မှာပါ။ ဒီတော့ ရှေ့ခရီးရဲ့ ပျော်ရွှင်သာယာမှုဟာ လက်ရှိ အချိန်မှာ ယုံကြည်မှုတွေ တစ်ဦးကိုတစ်ဦး ဘယ်လောက် တည်ဆောက်ခဲ့ပြီးပြီ တည်ဆောက်နေဆဲ ဖြစ်တယ်ဆိုတဲ့ အပေါ်မှာ မူတည်နေမလား ဆိုတာပါ။


စာဂဆိုတဲ့ စွန့်ကြဲမှုအပိုင်းကိုတော့ ရုပ်ပိုင်းဆိုင်ရာ စွန့်ကြဲမှု နှုတ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ စွန့်ကြဲမှုရယ်လို့ ယူဆနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ပေးကမ်းခြင်းဆိုတာကတော့ ရှင်းလင်းပြီးဖြစ်ပါလိမ့်မယ်။ အစားအသောက်၊ အ၀တ်အစား၊ နေရာထိုင်ခင်း စသဖြင့်ပါ။ ပေးကမ်းခြင်းအတွက် ခံယူထိုက်သူများကတော့ အောက်ထစ်ဆုံး တိရိစ္ဆာန်မှစ၍ မိဘများဆရာသမားများတိုင်အောင်ပါ။ အထက်ထက်ဖြစ်တဲ့ မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကို ပေးကမ်းလှုဒါန်းဖို့ဆိုတာကတော့ ပြောဖွယ်မလိုတဲ့အရာပါ။ အဲသလိုပုဂ္ဂိုလ်တွေကို ပေးကမ်းကြရမှာလဲ တူမျှနေဖို့ လိုတယ်ဆိုတာပါ။ အဲသလိုပါပဲ သူနဲ့ကိုယ် နှစ်ဦးသားမှာလည်း သူ့အပေါ်မှာ ကိုယ်က ရက်ရောဖို့လိုသလို သူ့ကလည်း ကိုယ့်အပေါ်မှာ မတွန့်တိုဖို့ လိုအပ်နေမလားလို့ပါ။ ဆိုလိုတာကတော့ သူ ပေးကမ်းတာကို ကိုယ်က ကြေနပ်စွာ လက်ခံနိုင်စွမ်းရှိဖို့ လိုအပ်သလို ကိုယ်ပေးကမ်းတာကိုလည်း သူက ကြေနပ်စွာ လက်ခံတတ်ဖို့ လိုအပ်မှာပါ။ တစ်နည်းအားဖြင့်တော့ နှစ်ဦးနှစ်ဖက် ကြေနပ်စွာ လက်ခံထားခြင်းပါ။


နှုတ်ပိုင်းဆိုင်ရာ စွန့်ကြဲမှု မျှဝေပေးကမ်းမှုဆိုတာကတော့ အကျိုးစီးပွါးလိုလားတဲ့ စကားတွေပြောဆိုပေးဖို့ပါ။ ဒါဟာ အခြားပုဂ္ဂိုလ်များကို ပေးကမ်းတဲ့အပေါ်မှာသာ တူမျှစေတာ မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓက လင်မယား နှစ်ဦးကို ဒီစကားကို အခုလို ထည့်သွင်းမိန့်ကြားထားပါတယ်။ အဲဒါကတော့ “ အချင်းချင်း ချစ်ဖွယ်သော စကားကို ပြောဆိုကြကုန်လျက်” ဆိုတဲ့စကားပါ။ ဒီစကားဟာ အချင်းချင်း အကျိုးစီးပွါးလိုလားတဲ့စကားတွေကို မျှဝေပေးကမ်းခိုင်းခြင်း ဖြစ်ပါတယ်။ အချင်းချင်း ချစ်ဖွယ်ဆိုတဲ့စကားဟာ ဘယ်လောက်ကျယ်ပြန့်သလဲ ဆိုတာကတော့ ဖွင့်ဆိုဖို့ နားလည်ဖို့ ခက်ခဲနေသေးတဲ့အရာပါ။


စိတ်ပိုင်းဆိုင်ရာ မျှဝေပေးကမ်းမှုဆိုတာကတော့ စိတ်ထဲမှာ အကျိုးစီးပွါးနဲ့စပ်ဆက်တာတွေကို နစ်မြုပ်ထားခြင်းပါ။ တနည်းအားဖြင့်တော့ ဣဿာ မစ္ဆရိယစိတ်ထားတွေ နည်းပါးစေတာပါ။ ရုပ်ပိုင်းဆိုင်ရာ နှုတ်ပိုင်းဆိုင်ရာ ပေးကမ်းမှုမှာ စိတ်ပိုင်းဆိုင်ရာပေးကမ်းမှုက အဓိကကျပါတယ်။ စိတ်ပိုင်းဆိုင်ရာမပါတဲ့ ပေးကမ်းမှုဟာ အတုအယောင်မျှသာ ဖြစ်မှာပါ။ ဒါဟာ အခြားသူတစ်ပါးတွေအပေါ်မှာ တူမျှစေတာ မဟုတ်ဘဲ သူနှင့်ကိုယ် အချင်းချင်းမှာလဲ ကိုယ့်စိတ်ကို သူ့အတွက်ပေးကမ်းထားဖို့ လိုအပ်သလို့ သူ့စိတ်ကလည်း ကိုယ့်အတွက် ဖြစ်နေဖို့ လိုမှာပါ။ တစ်နည်းအားဖြင့်တော့ သူ့စိတ်အလိုကျ ကိုယ်က နေထိုင်ပြုမူဆောင်ရွက်ပေးသလို ကိုယ့်စိတ် အလိုကျ သူကလည်း ပြောဆိုဆက်ဆံနေထိုင်ပေးဖို့ လိုအပ်နေမလားဆိုတာပါ။ ဒါကိုပဲ သူ့စိတ် ကိုယ့်စိတ် တူမျှနေတယ်လို့ ပြောဆိုခြင်းပါ။ ဒီနေရာမှာ ဂေါသိင်္ဂအင်ကြင်းတောမှာ သီတင်းသုံးနေထိုင်ကြတဲ့ အနုရုဒ္ဓါထေရ်၊ နန္ဒိယထေရ်၊ ကိမိလထေရ်တို့ မြတ်ဗုဒ္ဓကို လျှောက်ကြားတဲ့ အချင်းချင်းနေထိုင်မှုပုံစံလေးတွေကလည်း စိတ်ဝင်စားစရာပါ။ အဲဒါကတော့ “ကိုယ့်စိတ်အလိုအတိုင်း မနေဘဲ အခြားသူရဲ့စိတ်အလိုအတိုင်း နေကြပါတယ်”-ဆိုတဲ့ စကားလေးတွေပါ။


ကိုယ်ကျင့်တရားနဲ့ ပညာဆိုတာကတော့ ခဲယဉ်းစွာ ဖြည့်ဆည်းရမယ့်အပိုင်းပါ။ ဒီသီလနဲ့ ပညာမှာလဲ သီလဆိုတဲ့ ကိုယ်ကျင့်တရားက ပိုလို့ အရေးပါသလား ဒါမှမဟုတ် ပညာက ပိုလို့ အရေးပါသလား ဆိုတာကတော့ ဖြေရှင်းဖို့ခက်ပြန်တယ်။ ဒီသီလနဲ့ပညာဟာ မြတ်ဗုဒ္ဓသာသနာရဲ့ အနှစ်ချုပ်ဆိုလဲ မမှားပါဘူး။ လက်တစ်ဖက်ဖြစ် လက်တစ်ဖက်ကို ဆေးကြေားရာသကဲ့သို့ ခြေတစ်ဖက်ဖြင့်ခြေတစ်ဖက်ကို ဆေးကြေားရာသကဲ့သို့ သီလဖြင့် ပညာကို ဆေးကြောရာ၏။ ပညာဖြင့်သီလကို ဆေးကြေားရာ၏-လို့ ဆိုထားပါတယ်။


သီလဆိုတာကတော့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ သူ့စည်း ကိုယ့်စည်းကို စောင့်ထိန်းခြင်းပါ။ ဖော်ပြခဲ့တဲ့ နကုလမာတာနဲ့ နကုလပိတာတို့ လျှောက်ကြားတဲ့ “စိတ်မျှဖြင့်လည်း လွန်၍ ကျင့်သည်ကို မသိစဖူးပါ။ ကိုယ်ဖြင့်မူကား အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း” စကားလေးတွေကပဲ ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းမှု အပိုင်းကို ပြောနေပါတယ်။ ဒါက အချင်းချင်းနှစ်ဦးသား ကိုယ့်ကျင့်သိက္ခာကို ဘယ်လို တန်ဖိုးထား ကျင့်သုံးကြတယ် ဆိုတာပါ။ အခြားသီလများဖြစ်တဲ့ ငါးပါးသီလ စသဖြင့် လုံခြုံစွာ ထိန်းသိမ်းဖို့ဟာလည်း အတူတကွ ညီမျှနေဖို့ လိုအပ်ပါတယ်။ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာက ကျင့်သုံးဖို့ ခက်ခဲသလို ခက်ခဲစွာ ကျင့်သုံးထားရတဲ့ ကိုယ်ကျင့်သိက္ခာရဲ့ တန်ဖိုးကိုလည်း မြတ်ဗုဒ္ဓက လင်မယားနှစ်ဦးကို ဒီလို မိန့်ထားပြန်တယ်။ အဲဒါကတော့ “တူမျှသော သီလရှိကုန်သော လင်မယားနှစ်ဦးလုံးတို့အား အကျိုးစီးပွါးတို့သည် များပြားကုန်၏။ ချမ်းသာစွာ နေရခြင်းသည်လည်း ဖြစ်၏။ ရန်သူတို့ နှလုံးမသာဖွယ် ဖြစ်ကုန်၏။ တူမျှသော သီလရှိကုန်သော လင်မယား နှစ်ဦးလုံးတို့သည် ဤလူ့ဘ၀၌ တရားကို ကျင့်ကြကုန်၍ နတ်ပြည်လောက၌ အလုံးစုံသော ကာမဂုဏ် အာရုံတို့ကို လိုတိုင်းရကုန်လျက် နှစ်နှစ်သက်သက် မွေ့လျော်ကြရကုန်သတည်း” ဆိုတာပါ။


ပညာအရာမှာ တူမျှနေဖို့ ဆိုတာကတော့ ဘာသာရေးဆိုင်ရာ အသိပညာဆိုပါကလည်း အကြောင်းအကျိုး အကောင်းအဆိုးကို သိမြင်ခြင်း၊ ကုသိုလ် အကုသိုလ်တို့ကို ခွဲခြားနိုင်ခြင်း၊ ရုပ်နာမ်သဘာဝကို နားလည်ခြင်း စသဖြင့် မြင့်မြတ်တဲ့အရာတွေအထိ ပါဝင်နေပါတယ်။ သူနဲ့ကိုယ် နှစ်ဦးသားမှာလဲ တစ်ဦးက ပညာမြင့်မားနေပြီး တစ်ဦးက ပညာနိမ့်ကျနေယင် တူမျှနေဖို့ လွယ် မလွယ်ဆိုတာက စိတ်ဝင်စားစရာအချက်ပါ။ လောကီပညာကို ရည်ရွယ်တယ်ဆိုပါက အတန်းတူ ဘွဲ့တူနေတာထက် အသိပညာ အတတ်ပညာများ ညီမျှအောင် လုပ်ယူခြင်းကို ဆိုလိုဟန်တူသလားဆိုတာပါ။ ဒါပေမယ့် ဒီနေရာမှာ နားလည်ပေးနိုင်ခြင်း၊ ခွင့်လွှတ်နိုင်ခြင်း၊ ဖြည့်ဆည်းပေးနိုင်ခြင်း စသဖြင့် ပညာနဲ့ယှဉ်တွဲနေတဲ့အရာတွေက အများသားပါ။


တကယ်တော့ အချက်လေးချက်လုံးဟာ တစ်ခုနဲ့တစ်ခု အထောက်အကူပြုနေပါတယ်။ ယုံကြည်မှုရှိတဲ့အတွက် ကျန်တဲ့ စွန့်ကြဲမှုကို ပြုလုပ်ဖို့ ၀န်လေးမှာ မဟုတ်သလို ကိုယ်ကျင့်သိက္ခာတွေကို ဖြည့်ဆည်းဖို့နဲ့ ပညာတွေကို တိုးပွါးအောင်လုပ်ဖို့လဲ အဆင်သင့်ဖြစ်နေမှာပါ။ အဲသလိုပါပဲ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေ မျှဝေထားတဲ့အတွက် ကျန်တဲ့ ယုံကြည်မှုကလည် တန်ပြန်သက်ရောက်လာမှာပါ။ ကိုယ့်ကျင့်သိက္ခာနဲ့ ပညာကိုလည်း ဖြည့်ဆည်းဖို့ အထောက်အကူ ပြုနေမှာပါ။ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ စောင့်ထိန်းထားတဲ့အတွက် ယုံကြည်မှုတွေ တိုးပွါးလာမှာ ဖြစ်ပြီး စွန့်ကြဲမှုတွေ ပြုလုပ်ဖို့အတွက် တွန့်တိုနေမှာ မဟုတ်ပါ။ ပညာဆိုတာကတော့ ကိုယ့်ကျင့် တရားနဲ့အတူ နီးကပ်စွာရှိနေတဲ့အရာပါ။ ပညာပြည့်စုံသူများမှာတော့ သဒ္ဓါ၊ သီလ၊ စာဂ သုံးခု စလုံးဟာ အလိုလို လွယ်ကူသွားမှာ ဖြစ်ပါတယ်။


ဒီအချက်လေးခုဟာ လင်မယားနှစ်ဦးကို ရည်ရွယ်လို့ ဟောထားပေမယ့် ဟိုဘက် ဘ၀မှာပဲဖြစ်ဖြစ် ဒီဘက် ဘ၀မှာပဲဖြစ်ဖြစ် ညီအကိုမောင်နှမအချင်းချင်းဖြစ်စေ၊ သားအမိအချင်းချင်းဖြစ်စေ၊ သားအဖအချင်းချုင်း ဖြစ်စေ၊ ဆွေးမျိုးအချင်းချင်းဖြစ်စေ စသဖြင့် အတူတကွ ဘ၀တစ်ခုမှာ လက်တွဲနေချင်ကြတယ်ဆိုယင် ဒီအချက် လေးချက်ဟာ မဖြစ်မနေ ဖြည့်ဆည်းရမယ့် အချက်တွေဆိုယင်လဲ မှားနိုင်ဖွယ် မရှိပါ။ တူမျှနေပါဟု ဆိုခြင်းသည်ပင် တစ်ဦးတစ်ယောက်ကို ချို့တဲ့ခြင်း မရှိပါစေနဲ့လို့ ဆိုလိုက်ခြင်းဖြစ်တဲ့အတွက် သူ့ရဲ့ဆန့်ကျင်ဘက်အားဖြင့် မတူမျှဘဲ ချို့တဲ့ခဲ့ယင် ဆိုတာပါ။


ဒီနေရာမှာ ပါရမီဖြည့်ဖက်ဆိုတဲ့စကားနဲ့ အတူတူနေချင်တာနဲ့ တူသလား ထူးသလားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းတဲ့အချက်ပါ။ “ ပရမာနံ အယံ ပါရမီ - ပါရမီထိုက်သော အလုပ်များသည် မြင့်မြတ်သူတို့ အတွက်သာ ဖြစ်၏”-ဆိုတဲ့စကားအရ ပါရမီဆိုတာက မြင့်မြတ်တဲ့အလုပ်ပါ။ ဒီတော့ မြင့်မြတ်တဲ့အရာတွေကို ပြုလုပ်ရာမှာ ပူးပေါင်းပါဝင်လာသူများကို ပါရမီဖြည့်ဖက်များအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဇာတ်တော်များမှာ ပြန်လည်လို့ ကြည့်မယ်ဆိုယင်တော့ ပါရမီဖြည့်ဖက်ဆိုတဲ့အပိုင်းက ရှင်းလင်းပါလိမ့်မယ်။ ရယူပိုင်ဆိုင်ဖို့ထက် သူ့မှာ ပေးဆပ်ရတာ အနစ်နာခံရတာက ပိုများမယ် ထင်ပါတယ်။ မြတ်ဗုဒ္ဓလက်ထပ် ဘုရားရှင်၏တပည့်သာဝက ဖြစ်တဲ့ အဂ္ဂသာဝက၊ မဟာသာဝက၊ ထေရာ ထေရီ စသဖြင့် တော်တော်များများဟာ ဘ၀တစ်ခုမှာ မြတ်ဗုဒ္ဓအလောင်းတော်နှင့် ဆုံဖူးခဲ့ကြသူများသာ ဖြစ်ပါတယ်။


အချို့ဘ၀တွေမှာ လင်မယား၊ အချို့ဘ၀တွေမှာ သားအမိသာအဖ၊ အချို့ဘ၀တွေမှာ ညီအကိုမောင်နှမ၊ အချို့ ဘ၀တွေမှာ ဆရာတပည့် စသဖြင့် ဆုံဆည်းခဲ့ဖူးပြီးသူများဖြစ်ပါတယ်။ သူတို့ဟာ ဘုရားအလောင်းတော်အား ဘုရားဖြစ်လာဖို့အတွက် တစ်နည်းနည်းနဲ့ အထောက်အကူပြုခဲ့သူများ ဖြစ်ပါတယ်။ ဒါကိုပဲ ပါရမီဖြည့်ဖက်များ ဆိုယင်လည်း မမှားပါဘူး။ အဲဒီပါရမီဖြည့်ခဲ့သူများကပဲ ဗုဒ္ဓဘုရားရှင်လက်ထပ်မှာ တစ်ခုသောနေရာဌာနမှာ လာပြီး စုစည်းကြတာပါ။ သုမေဓာရှင်ရသေ့ကို ယသော်ဓရာအလောင်း သုမိတ္တာက ပါရမီဖြည့်ဆည်းခဲ့တယ် ဆိုတာ အမှတ်ရနေမယ်ဆိုယင် ပါရမီသဘောကို နားလည်လာမှာပါ။ အချို့အပိုင်းတွေမှာတော့ အချင်းချင်း အတူတူနေခွင့်ရခြင်းဖြင့် ပါရမီများကို အတူတကွ ဖြည့်ဆည်းခွင့်ရသည့်အတွက် ပါရမီဖြည့်ဖက်လို့ ဆိုနိုင်သလို အချို့အပိုင်းမှာတော့ ပါရမီဖြည့်ဖက်ဟူသည်ပင် အသွင်သဏ္ဍန်တစ်မျိုးမျိုးနဲ့ တစ်ဦးကိုတစ်ဦး စပ်ဆက်နေကြသူများ တစ်နည်းအားဖြင့်တော့ သူ့အကျိုးစီးပွါးကို ပူးပေါင်းပါဝင်ရွက်ဆောင်သူများ ဖြစ်ပါတယ်။


ဒီတော့ အတိတ်ဘ၀က ဖြည့်ဆည်းခဲ့တဲ့ အကြောင်းတွေ၊ ပစ္စုပ္ပန်မှာ အကျိုးတူဆောင်ရွက်ဖူးတာတွေကြောင့် ဘ၀တစ်ခုမှာ အတူတကွ ဆုံဆည်းခဲ့ကြပါတယ်။ ဒီနေရာမှာ ဆုံဆည်းမှုအပိုင်းဆိုတာကတော့ အတူတကွ အမြဲတမ်းလက်ပွန်းတတီး နေကြခြင်းကို ဆိုလိုသလား ဒါမှမဟုတ် အမြဲတမ်းလက်ပွန်းတတီး မနေကြပေမယ့် သူ့အကျိုးစီးပွါး ကိုယ့်အကျိုးစီးပွါးကို လုပ်ကိုင်ဆောင်ရွက်ပေးနေခြင်းကိုပဲ ဆုံဆည်းမှုလို့ ဆိုလိုသလား အဲဒါမှ မဟုတ်ယင် အမြဲတမ်းအတူတကွ နေထိုင်တာကိုရော အကျိုးစီးပွါးကိုဆောင်ရွက်တာကိုရော နှစ်မျိုးလုံးကိုမှ ဆုံးဆည်မှုလို့ ဆိုလိုသလား ဆိုတာကတော့ ခွဲခြမ်းစိတ်ဖြာဖို့ ခက်ပါတယ်။


အဲဒီကမှ နောက်ထပ်ခွဲခြမ်းကြည့်ယင်တော့ မျက်မှောက်ကမ္ဘာကြီးဖြစ်စဉ်တွေက လူအချင်းချင်းကို ခွဲခွါထားတာလား၊ ဒါမှမဟုတ် နိုင်ငံရေးပဋိပက္ခတွေက လူအချင်းချင်းကို ခွဲခွါထားသလား၊ ဒီလိုမှမဟုတ် စီးပွါးရေးအဆင် မပြေမှုတွေက လူအချင်းချင်းကို ခွဲခွါထားသလား၊ အဲသလိုမှမဟုတ် လူမျိုးရေးမငြိမ်သက်မှုတွေက လူအချင်းချင်းကို ခွဲခွါထားသလား၊ ဒါမှမဟုတ်ယင် ဘာသာရေးအစွန်းရောက်မှုတွေက လူအချင်းချင်းကို ခွဲခွါထားသလား၊ ဒီလိုမှမဟုတ်ယင် အိမ်ထောင်စုတစ်စုမှာရှိတဲ့ အိမ်တွင်းရေးပြဿနာတွေက မိသားစု အချင်းချင်းကို ခွဲခွါထားသလား၊ အဲသလိုမဟုတ်ယင် လူအသီးသီးမှာရှိတဲ့ စိတ်တွေကပဲ အချင်းချင်းကို ခွဲခွါထားတာလား၊ တစ်နည်းအားဖြင့်တော့ အလိုဆန္ဒတွေကပဲ လူအချင်းချင်းကို ခွဲခွါထားသလား စသဖြင့် နောက်ထပ်ဆင့်ပွါး မေးခွန်းတွေ များစွာ ရှိဦးမှာပါ။


မြတ်ဗုဒ္ဓရဲ့အမြင်ကတော့ သူသူကိုယ်ကိုယ် လက်ဝယ်ရရှိလာတဲ့ ဒီဆုံဆည်းမှုကို ပစ္စုပ္ပန်မှာရော တမလွန်ဘ၀မှာ နောက်ထပ် ဆက်လက်ရေရှည်တည်တံ့ဖို့အတွက် ယုံကြည်မှု၊ ပေးကမ်းမှု၊ ကိုယ်ကျင့်သိက္ခာ၊ ပညာတွေနဲ့ ထောက်ပံ့ပေးရပါမယ်လို့ ဆိုပါတယ်။ ဒါကိုပဲ နကုလမာတာနဲ့နကုလပိတာတို့ကို မြတ်ဗုဒ္ဓမိန့်တဲ့အတိုင်း ပြောရမယ်ဆိုယင်တော့ “ဒါယကာတို့! လင်မယားနှစ်ဦးလုံးတို့သည် ယခုဘ၀၌လည်း အချင်းချင်း ရှုမြင်ကြရန်၊ တမလွန်ဘ၀၌လည်း အချင်းချင်းရှု့မြင်ကြရန် အကယ်၍ အလိုရှိကုန်အံ့။ နှစ်ဦးလုံးတို့သည် တူမျှသော သဒ္ဓါတရား ရှိကုန်ရာ၏၊ တူမျှသော သီလရှိကုန်ရာ၏၊ တူမျှသော စွန့်ကြဲမှု စာဂ ရှိကုန်ုရာ၏၊ တူမျှသော ပညာရှိကုန်ရာ၏။ ယင်းသို့ ဖြစ်လတ်သော် ထိုလင်မယားနှစ်ဦးတို့သည် ယခုဘ၀၌လည်း အချင်းချင်း ရှု့မြင်ကြ ရကုန်၏၊ နောင်တမလွန်ဘ၀၌လည်း အချင်းချင်း ရှု့မြင်ကြရကုန်လတံ့” ဆိုတာပါ။

Monday, June 7, 2010

စီးပွါးရေးရှု့ထောင့်အပေါ် မြတ်ဗုဒ္ဓ၏အမြင် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ဘောဂသုခ



မြတ်ဗုဒ္ဓ၏ဒေသနာတော်များသည် အနာဂတ်ပြန်လည်မွေးဖွါးမှုအတွက် လက်ရှိပျော်ရွှင်မှုကို အချိန်ရွှေ့ဆိုင်းထားမည်ဖြစ်သော ဘာသာရေးဆိုင်ရာ ဆင်ခြင်စဉ်းစားမှုအပေါ်မှာသာလျင် အခြေခံထားသည်။ အသက်ရှင်နေထိုင်စဉ်အတွင်း သူတို့၏ဘ၀ကို အမြဲတမ်း ပျော်ရွှင်မှုမရအောင် ဘ၀၏ဆိုးပြစ်များနှင့်ပတ်သက်၍ အဆက်မပြတ် တနှုန်းနှုန်းစဉ်းစားနေရန် သူ၏နောက်လိုက်များကို မျော်လင့်ထားသည်။ ဤကဲ့သို့ အချို့သူများက ယုံကြည်ကြ၏။


သုခ-ဆိုတာက ချမ်းသာခြင်းပါ။ လူတိုင်းချီတက်နေတာက အဲဒီ သုခ-ဆိုတဲ့အရာကို ရရှိဖို့ ဖြစ်ပါတယ်။ ဒီသုခ ဆိုတဲ့ ချမ်းသာခြင်းနဲ့ပတ်သက်လို့ အယူအဆကလည်း အမျိုးမျိုးပါ။
ဥစ္စာပစ္စည်းပိုင်ဆိုင်မှုကသာ စိတ်ချမ်းသာမှုကို ဖြစ်စေနိုင်တယ်-လို့ အချို့က ယူဆပါတယ်။
စိတ်ချမ်းသာမှုမှာ ဥစ္စာပစ္စည်းပိုင်ဆိုင်မှုနဲ့ သက်ဆိုင်မှု မရှိဘူး-လို့ ယူဆသူလည်း အများသားပါ။
ဥစ္စာပစ္စည်းပိုင်ဆိုင်မှုနဲ့ စိတ်ချမ်းသာမှုဟာ တစ်ခုနဲ့တစ်ခု အထောက် အကူပြုနေတယ်-လို့ သုံးသပ်ပြောဆိုမှုများလည်း ရှိနေတာပါ။
ကျမ်းဂန်များမှာ တွေ့ရတာကတော့ သုခအမျိုးအစားက တော်တော်များပါတယ်။ အဲဒီများစွာထဲကမှ ဒီနေရာမှာ လောကုတ္တရာဘောင်ထဲက လက်လှမ်းမမီတဲ့ သုခတွေကို မပြောဘဲ သာမန်လူတို့နှင့်သက်ဆိုင်တဲ့ သုခ၊ ဒါမှ မဟုတ် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ သုခ၊ တစ်နည်းအားဖြင့်တော့ လောကီဆိုင်ရာသုခများကိုပဲ ပြောကြည့်ချင်ပါတယ်။


အဲဒီသုခများကိုတော့ ဂိဟိသုခ၊ ကာမသုခ၊ ဥပဓိသုခ၊ သာသ၀သုခ၊ သာမိသသုခ၊ အနရိယသုခ၊ ကာယိကသုခ၊ သာတသုခ - ရယ်လို့ အမည်အမျိုးမျိုးဖြင့် တွေ့နိုင်ပါတယ်။ ကာမဂုဏ်ကို အကြောင်းပြု၍ဖြစ်တဲ့ ချမ်းသာ - ကာမသုခ၊ လောကမှာ အကျုံးဝင်တဲ့ချမ်းသာ - ဥပဓိသုခ၊ ပုထုဇဉ်တို့ရဲ့ ချမ်းသာ အနရိယသုခ၊ ကိုယ်မှာဖြစ်တဲ့ ချမ်းသာ ကာယိကသုခ၊ သာယာအပ်သောသဘောရှိတဲ့ ချမ်းသာ သာတသုခ-စသဖြင့် ခေါ်ပါတယ်။ ဒါတွေ အားလုံးဟာ သာမန်လူသားတွေနဲ့ စပ်ဆက်နေတဲ့ချမ်းသာတွေပဲ ဖြစ်ပါတယ်။ သူသူကိုယ်ကိုယ် လိုလားတောင့်တနေတဲ့အရာတွေဆိုယင်လည်း မှားမယ်မဟုတ်ပါ။


လိုချင်တယ်၊ ဆာလောင်မွတ်သိပ်တယ်၊ အိုမင်းတယ်-ဆိုတာကို ရောဂါလို့ ဆိုပါတယ်။ ကမ္ဘာဦးလူသားတွေမှာ အဲဒီရောဂါသုံးမျိုးပဲ ရှိခဲ့တယ်လို့ ကျမ်းဂန်များက ပြောပါတယ်။ ဒီတော့ လိုချင်တဲ့ ရောဂါဟာ ကမ္ဘာဦးအစကတည်းက ပါလာတာဖြစ်တော့ သူသူကိုယ်ကိုယ် လိုချင်တောင့်တကြတာဟာ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။ လူသားတစ်ယောက်အဖြစ် ပေါက်ဖွားလာကတည်းက ပါလာတာကလည်း ဒီလိုချင်တောင့်တမှုဆိုတဲ့ အရာပဲ ဖြစ်ပါတယ်။


လောကမှာ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ် ခဲယဉ်းသဖြင့် ရအပ်တဲ့အရာတွေက များစွာပါ။ အဲဒီများစွာထဲမှာ ဒီလေးမျိုးလည်း ပါဝင်ပါတယ်။
(၁) တရားနဲ့ လျော်ညီစွာ စည်းစိမ်ဥစ္စာတွေကို ရရှိချင်ကြတယ်။
(၂) အဲဒီလို တရားနဲ့အညီ စည်းစိမ်တွေရပြီးတဲ့အခါမှာ ဆွေမျိုး မိတ်သင်္ဂဟဖြစ်တဲ့ အခြံအရံတွေကို ရောက်လာစေလိုကြတယ်။
(၃) စည်းစိမ်တွေလည်းရ အခြံအရံတွေလည်း ပြည့်စုံတဲ့အခါ အသက်ရှည်ချင်လာကြတယ်။
(၄) အဲဒီသုံးခုပြည့်စုံယုံတင်မကဘူး သေလွန်တဲ့အခါမှာလည်း ကောင်းတဲ့ဘုံဘ၀ကို ရောက်လိုကြပြန်ပါတယ်။
တရားနဲ့လျော်ညီစွာ စည်းစိမ်ဥစ္စာတွေကို ဖြစ်စေချင်ကြတယ်-ဆိုတာနဲ့စပ်ဆက်လို့ “ ကြီးကျယ်တဲ့ စီးပွါးရေး အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ မလွတ်ကင်းတဲ့ ဥပဒေတစ်ခု ရှိစမြဲ” ဆိုတဲ့ စကားပါ။ ဒီစကားအရ တရားနဲ့လျော်ညီဖို့ဆိုရာမှာ စီးပွါးရေးလုပ်ကိုင်နေတဲ့ အောင်မြင်သူစီးပွါးရေးသမားများသာ နားလည်နိုင်မယ့်အရာ ဖြစ်မှာပါ။


ဆိုခဲ့ပြီးတဲ့စကားများအရ လူသားတွေတောင့်တလိုချင်ကြတဲ့အရာထဲမှာ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုဟာ အရေးပါနေတယ်ဆိုတာပါ။ မရသေးတဲ့စည်းစိမ်တွေ ရရှိစေပြီး ရပြီးသားတွေကို တိုးပွါးစေနိုင်မဲ့ အောင်မြင်တဲ့ စီးပွါးရေးရှင် တစ်ယောက်အဖြစ် ပြည့်စုံရမယ့်အချက်များကို ဒီလို့ ပြဆိုထားပါတယ်။ ဘာတွေလဲဆိုယင်တော့
(၁) နံနက် အခါမှာ ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ စီရင်ပြုလုပ်ရပါ့မယ်။
(၂) နေ့လယ်အခါမှာ ရောင်းဝယ်မှု အလုပ်ကို ရိုရိုသေသေ စီရင်ပြုလုပ်ရပါ့မယ်။
(၃) ညချမ်းအခါမှာလည်း ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ စီရင်ပြု လုပ်ရပါ့မယ်။
ဒီအလိုအရ စီးပွါးရေးအောင်မြင်လိုသူဟာ နံနက်, နေ့, ည အချိန်ပြည့် စီးပွါးရေးအပေါ်မှာပဲ အာရုံကို စူးစိုက်ထားပါလို့ မိန့်ဆိုထားခြင်းပါ။ စိတ်ဓာတ်ပိုင်းဆိုင်ရာက အမြဲတမ်း တက်ကြွနေဖို့လိုအပ်သလို အလုပ်ကိုလည်း ရိုသေလေးစားပါလို့ ပြောနေပါတယ်။ ပျင်းရိခြင်း၊ မေ့လျော့ခြင်း၊ ၀ီရိယမရှိခြင်း၊ မစောင့်စည်းခြင့်၊ အအိပ်ကြူးခြင်း၊ မပျော်မွေ့ ခြင်း-ဆိုတဲ့ စီးပွါးဥစ္စာမတည်ကြောင်း ၆-ခုထဲက အလုပ်မှာ မပျော်မွေ့သူ ပါဝင်နေတော့ သူ့ရဲ့အပြန်အာဖြင့် အလုပ်မှာပျော်မွေ့နေဖို့ လိုအပ်တယ်ဆိုတာပါ။


အဲဒါအပြင် ဒါတွေနဲ့ ပြည့်စုံမယ်ဆိုယင်တော့ မကြာမီမှာပဲ စည်းစိမ်တွေ များပြားခြင်းသို့ ရောက်မယ်လို့ ဆိုပါတယ်။
(၁) မျက်စိအမြင်ရှိခြင်း၊
(၂) ညဏ်နှင့်ယှဉ်တဲ့ ၀ီရိယထူးရှိခြင်း၊
(၃) အမှီကောင်းနှင့် ပြည့်စုံခြင်းတို့ ဖြစ်ပါတယ်။
ဒီနေရာမှာ မျက်စိအမြင်ရှိခြင်း-ဆိုတာကတော့ “ ပစ္စည်းကို ၀ယ်ပြီး ပြန်ရောင်းမယ်ဆိုယင် အရင်းအနှီးကတော့ ဘယ်လောက်ကုန်နိုင်တယ်။ အမြတ်အစွန်းက ဘယ်လောက် ပြန်ရနိုင်တယ်” အဲသလို တွက်ချက်နားလည်ထားခြင်းပါ။ ညဏ်နှင့်ယှဉ်တဲ့ ၀ိရီယထူးရှိခြင်း-ဆိုတာကတော့-“ပစ္စည်းကို ၀ယ်ရာမှာဖြစ်စေ၊ ရောင်းရာမှာ ဖြစ်စေ ကျွမ်းကျင်လိမ္မာပါးနပ်တယ်” အဲသလို အရောင်းအ၀ယ် ကျွမ်းကျင်ထားခြင်းပါ။ အမှီကောင်းနဲ့ ပြည့်စုံခြင်း-ဆိုတာကတော့ ဒီလိုပါ။ အခြား စီးပွါးရှင် သူဌေးသူကြွယ်ကုန်သည်တွေက-“ စီးပွါးရေးကို လုပ်နေတဲ့ ဒီပုဂ္ဂိုလ်ဟာ မျက်စိအမြင်လည်းရှိတယ်၊ ညဏ်နှင့်ယှဉ်တဲ့ ၀ီရိယထူးလည်း ရှိတယ်၊ ဇနီးမယား သားသမီးများကို လုပ်ကိုင်ကျွေးမွေး ပြုစုစောင့်ရှောက်နိုင်တယ်၊ ငါတို့ကိုလည်း ရံခါရံခါ အတိုး ပေးဆပ်ဖို့လည်း စွမ်းနိုင်တယ်” လို့ ယုံကြည့်ကြပါတယ်။ ဒါ့ကြောင့် သူတို့က“ မိတ်ဆွေ! ငါတို့ဆီက ဒီကုန်ပစ္စည်းတွေကို ယူပြီး ဇနီးမယား သမီးသားတို့အား ပြုစုလုပ်ကျွေးစောင့်ရှောက်ပါ၊ ငါတို့ကိုလည်း ရံခါရံခါ အတိုးကို ပေးဆပ်ပါ” လို့ ကုန်ပစ္စည်းများဖြင့် ဖိတ်ကြားကြပါတယ်။ ဒါကတော့ လုပ်ရည်ကိုင်ရည်ရှိမှုအပေါ်မှာ အခြေခံပြီး ယုံကြည်မှုရှိလို့ တစ်ဖက်စီးပွါးရှင်က သူထံမှာ ရင်းနှီးမြုပ်နှံထားခြင်းပါ။
ဒီတော့ တစ်နံပါတ်က အရင်းအနှီးနဲ့အမြတ်အစွန်းကို တွက်ချက်နားလည်ထားခြင်းပါ။ နံပါတ်နှစ်က အရောင်းအ၀ယ်မှာ ကျွမ်းကျင်လိမ္မာပါးနပ်ဖို့ကို ပြောတာပါ။ သုံးနံပါတ်က စီးပွါးရေးကိုလုပ်မယ့်သူက အခြားသူတစ်ပါးအား မိမိရဲ့စွမ်းရည်ကို ယုံကြည်လာအောင် ဆွဲဆောင်ထားနိုင်ခြင်းပါ။


ဖော်ပြခဲ့တဲ့အချက်တွေကတော့ ဥစ္စာပစ္စည်းတိုးပွါးဖို့အတွက် ညွန်ပြထားတဲ့ စီးပွါးရေးလုပ်နည်းကိုင်နည်းများပါ။ အဲဒီလို့ စီးပွါးရေးတွေ ရှာဖွေလုပ်ကိုင်ကြရာမှာ တစ်ဦးနဲ့တစ်ဦး ရည်ရွယ်ချက် ကွဲပြားသွားပြန်ပါတယ်။
(၁)မျက်ကန်းသူရယ်၊
(၂)တစ်ဖက်မြင်သူရယ်၊
(၃)နှစ်ဖက်မြင်သူရယ်လို့ ဆိုတာပါ။
ဒီနေရာမှာ တစ်ဖက်မြင်သူဆိုတာက မရသေးတဲ့စည်းစိမ်ကို ရရှိအောင် စွမ်းဆောင်နိုင်တယ်။ ရပြီးသားစည်းစိမ်တွေကိုလည်း တိုးပွါးများပြားအောင်လုပ်နိုင်တဲ့ မျက်စိရှိပါတယ်။ ဒါပေမယ့် ကုသိုလ် အကုသိုလ်၊ အပြစ်ရှိ မရှိ၊ အယုတ် အမြတ်၊ အဖြူ အမဲဆိုတာကိုတော့ မြင်နိုင်တဲ့မျက်စိ မရှိပါဘူး။ ဒါ့ကြောင့် သူက စည်းစိမ်းဥစ္စာကို ရမယ်ဆိုလျင် တရားခြင်း မတရားခြင်းစသည်တို့ကို မကြည့်တော့ပါဘူး။ စုဆောင်းဖို့ကိုပဲ စိတ်ဝင်စားသလို ရှာဖွေမှုမှာလည်း ကျွမ်းကျင်ပါတယ်။ ရှာဖွေလုပ်ကိုင်ခြင်းများဟာလဲ ကာမဂုဏ်ကို အပြည့်အ၀ခံစားဖို့ပဲ ရည်စူးပြီး လုပ်ကိုင်နေပါတယ်။ ဒါကိုပဲ ရုပ်ပိုင်းဆိုင်ရာကို ဗဟိုပြုထားပြီး စိတ်ပိုင်းဆိုင်ရာကို မြှင့်တင်ဖို့ စိတ်မ၀င်စားသူလို့ ဆိုနိုင်ပါတယ်။ လုံးဝကန်းသူဆိုတာကတော့ ရုပ်ပိုင်ဆိုင်ရာပစ္စည်းဥစ္စာကို ရှာဖွေနိုင်စွမ်း မရှိသလို စိတ်ပိုင်းဆိုင်ရာကို ဘယ်လို မြှင့်တင်ရမယ်ဆိုတာကိုလည်း နားမလည်သူပါ။ သူ့အတွက် ကာမဂုဏ်သုခရဲ့အဓိပ္ပါယ်ကို ဖွင့်ဆိုနိုင်စွမ်းမရှိသလို မြင့်မြတ်တဲ့အရာတွေကိုလည်း ထိတွေ့ခွင့်မရရှာပါဘူး။ နှစ်ဖက်မြင်သူဆိုတာကတော့ လိုချင်တဲ့ ပစ္စည်းဥစ္စာကို ရယူနိုင်စွမ်းရှိသလို စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ထားနိုင်စွမ်းရှိသူ ဒါမှမဟုတ် မြင့်မြတ်တဲ့အရာတွေကို သူ့နဲ့အတူလက်တွဲ ခေါ်ဆောင်သွားနိုင်သူပါ။ ဒါကိုပဲ ဘာသာတရားနယ်ပယ်ကစကားနဲ့ ပြောမယ်ဆိုယင်တော့ ပစ္စုပ္ပန် သံသရာ အကျိုးစီးပွါးကို နားလည်ကျင့်သုံးနေတယ်လို့ ဆိုတာပါ။


ဒီနေရာမှာ ဆက်လက်ပြောချင်တာက ရရှိပြီးဖြစ်တဲ့ စီးပွါးဥစ္စာကို နောက်ထပ်တိုးပွါးဖို့နဲ့ တည်တံ့နေဖို့ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုအပိုင်းကိုပါ။ ရင်းနှီးမြှုပ်နှံကြသည်ဆိုရာမှာ အချို့က ရေ-မီး-မင်း-ခိုးသူ-ကြွေးမြီ-ငတ်မွတ်မှုတွေ ဖြစ်ပေါ်လာယင် အချိန်မရွေး ထုတ်သုံးနိုင်ဖို့အတွက် ရှေးခေတ်က မြေကြီးထဲမှာ မြုပ်နှံကြပါတယ်။ ဒါပေမယ့် စိတ်မချရပါဘူး။ အဲဒီ မြှုပ်ထားတဲ့နေရာက ရွေ့ ရှားသွားတတ်ပါတယ်။ မြှုပ်ထားတဲ့သူကိုယ်တိုင်ကလည်း မေ့လျော့နေနိုင်ပါတယ်။ နဂါးတွေက နေရာပြောင်းတတ်သလို ဘီလူးတွေက ယူထားတတ်ပါတယ်။ မချစ်အပ်တဲ့ အမွေခံတွေက တူးဖော်ထုတ်ဆောင်တတ်ပါတယ်။ ကုသိုလ်ကံကုန်တဲ့အခါမှာ အဲဒါတွေ အလိုလို ကုန်ဆုံးသွားနိုင်တယ်-လို့ ဆိုပါတယ်။ ဒီနေရာမှာတော့ ကုသိုလ်ကံတို့ နဂါးတို့ ဘီလူးတို့ဆိုတဲ့ မမြင်နိုင်တာတွေကို ချန်ထားလို့ အခြားအရာတွေကတော့ ငြင်းကွယ်စရာမရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီနည်းကိုတော့ မျက်မှောက်ခေတ်မှာ ကျင့်သုံးသူ နည်းပါးသွားပြီဟု ပြောနိုင်ပါတယ်။ ဒါပေမယ့် အဲဒီမြေကြီးထဲမြှုပ်နှံခြင်းအစား မီးခံသေတ္တာများ၊ ဘဏ်များနှင့် အာမခံကုမ္မဏီများက အစားထိုးနေရာဝင်ယူသလားဆိုတာကတော့ စဉ်းစားစရာပါ။


ဒါ့အပြင် နောက်ထပ် ရင်းနှီးမြှုပ်နှံကြတာကတော့
(၁)လယ်-ယာ-မြေ-ဥယျာဉ် စသဖြင့် ရွှေ့ ပြောင်းလို့မရတဲ့ အရာတွေပေါ်မှာ ရင်းနှီးမြှုပ်နှံထားခြင်း ထာဝရဥစ္စာ၊
(၂) ကျွဲး-နွား-ဆင်း-မြင်း စသဖြင့် ရွှေ့ ပြောင်းလို့ရတဲ့အရာတွေအပေါ်မှာ ရင်းနှီးမြှုပ်နှံထားခြင်း ဇင်္ဂမဥစ္စာ၊
(၃) ရွှေ-ငွေ-ကျောက်သံ ပတ္တမြား စသဖြင့် ရင်းနှီးမြှုပ်နှံထားခြင်း သံဟာရိမဥစ္စာ၊
(၄)သိပ္ပံပညာ-၀ိဇ္ဇာပညာ-နည်းပညာ၊ စသဖြင့် အသိပညာ-အတတ်ပညာအပေါ်မှာ ရင်းနှီးမြှုပ်နှံထားခြင်း အင်္ဂသမဥစ္စာ-တို့ ဖြစ်ပါတယ်။ (၅)ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုကတော့ အနုဂါမိကဥစ္စာလို့ ဆိုပါတယ်။
ဒီမှာလည်း အနုဂါမိကဥစ္စာကို ခနဘေးချထားကြပါစို့။ မြှုပ်နှံမှုလေးမျိုးဖြစ်တဲ့ ထာဝရ၊ ဇင်္ဂမ၊ သံဟာရိက၊ အင်္ဂသမ -ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုများဟာ ယနေ့တိုင် ကျင့်သုံးနေဆဲဖြစ်ပါတယ်။ ဒီအထဲမှာလဲ ရုပ်ပိုင်းဆိုင်ရာရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ ထာဝရ၊ ဇင်္ဂမ၊ သံဟာရိက-ဆိုတဲ့အရာတွေဟာ အသိပညာ အတတ်ပညာကို ရင်းနှီးမြှုပ်နှံခြင်းဖြစ်တဲ့ အင်္ဂသမဥစ္စာနဲ့ ကင်းလို့မရဘူးဆိုတာပါ။ အသိပညာ၊ အတတ်ပညာကို ရင်းနှီးမြှုပ်နှံထားခြင်းသည်ပင် အခြား ထာဝရ-ဇင်္ဂမ-သံဟာရိက-တို့ကိုလည်း ရင်းနှီးမြှုပ်နှံပြီးသား ဖြစ်နိုင်ပါတယ်။ အသင်္ဂမဥစ္စာဖြစ်တဲ့ အသိပညာ အတတ်ပညာများကို ရင်းနှီးမြှုပ်နှံထားတဲ့ လူမျိုးများ၊ နိုင်ငံများသာ ယနေ့မျက်မှောက်မှာ ကမ္ဘာ့ထိပ်တန်းလူမျိုး၊ ထိပ်တန်းနိုင်ငံများအဖြစ် ရပ်တည်နေတယ်ဆိုတာ သိမြင်ပြီး ဖြစ်နိုင်ပါတယ်။


နောက်ထပ် ဆက်လက်ဖော်ပြမဲ့အပိုင်းက ရလာတဲ့ စည်းစိမ်ဥစ္စာတွေကို သုံးဆောင်ခံစားမှုအပိုင်းပါ။ ရရှိလာတဲ့ ဥစ္စာပစ္စည်းတွေကို သုံးဆောင်ခံစားခြင်းဖြင့် သင့်တင့်လျောက်ပတ်စွာ ပြုနိုင်တဲ့အချက်တွေ ဒါမှမဟုတ် အကျိုးရလဒ်တွေ ရှိပါတယ်။ အဲဒါတွေကတော့ ရှာဖွေလို့ရရှိခဲ့တဲ့ စည်းစိမ်တို့ဖြင့် မိမိကိုယ်ကိုယ် ချမ်းသာစေပါတယ်။ နှစ်သက်စေပါတယ်။ ချမ်းသာကို ကောင်းစွာဆောင်နိုင်စွမ်းရှိပါတယ်။ အဲသလိုပါပဲ မိမိနဲ့စပ်ဆက်နေတဲ့ အမိ အဖ၊ သားသမီး၊ ဇနီးမယား၊ ဆွေမျိုး၊ အလုပ်သမား-တွေကိုလည်း ချမ်းသာစေပါတယ်။ နှစ်သက်စေပါတယ်။ ချမ်းသာကို ကောင်းစွာဆောင်နိုင်စေပါတယ်။


တကယ်တော့ လူတစ်ဦးတစ်ယောက်ရဲ့ စည်းစိမ်ဥစ္စာပြည့်စုံမှုဟာ ကိုယ်နဲ့စပ်ဆက်နေတဲ့ အခြားသူတွေကို အထောက်အကူပြုနေသလို အခြားစပ်ဆက်သူများကလည်း ကိုယ့်ကို ပြန်လည်လို့ အထောက်အကူ ပြုနေပါတယ်။ အထောက်အကူပြုခြင်းများစွာထဲက ဒီနေရာမှာ ဇနီးမယားရဲ့ အရေးပါမှုကို ပြောကြည့်ချင်ပါတယ်။ ဘဏ္ဍာတို့တွင် မိန်းမဘဏ္ဍာသည် အမြတ်ဆုံးလို့ ဆိုထားတဲ့အတွက် ချစ်သော ယုံကြည်ရသော ဇနီးတစ်ယောက်ရှိခြင်းဟာ မင်္ဂလာတစ်ပါးလို့ ယူဆရမှာပါ။ ဒါနဲ့စပ်ဆက်လို့ “ All great people have had women behind their successes. ကြီးကျယ်ထင်ရှားတဲ့လူများရဲ့ အောင်မြင်မှုနောက်ကွယ်မှာ ဇနီးမယားရှိတယ်” ဆိုတဲ့ စကားပါ။


နောက်တစ်ခုက ပြည့်စုံတဲ့စီးပွါးရှင်တစ်ယောက်ဟာ ကုန်ခမ်းသွားခြင်းများစွာထဲက စီးပွါးဥစ္စာတွေကို ဘယ်လိုနည်းနဲ့ ကုန်ခမ်းစေမလဲဆိုတဲ့အပိုင်းပါ။ အဆွေအမျိုးများကို ပေးကမ်းရပါမယ့်။ ဧည့်သည်တို့ကို ပေးကမ်းရပါ့မယ်။ သေလွန်ပြီးတဲ့ အဆွေအမျိုးတွေအတွက် ရည်စူးပြီး ပေးလှုပူဇော်ရပါ့မယ်။ အာဏာပိုင်ဆိုင်သူများ၊ တနည်းအားဖြင့်တော့ မင်းအားပူဇော်ရပါ့မယ်။ နတ်တွေကိုလည်း ခြွင်းချန်ထားလို့ မရဘူးဆိုတာပါ။ အဲသလိုပါပဲ မြင့်မြတ်တဲ့ သမဏဗြဟ္မဏတွေကို လှုဒါန်းခြင်း ပြုလုပ်ကြရပါ့မယ်။ ဒီသုံးစွဲခြင်းမျာကိုတော့ သင့်တင့်လျောက်ပတ်တဲ့ သုံးဆောင်ခံစားနည်း၊ တစ်နည်းအားဖြင့် နည်းမှန်လမ်းမှန် ကုန်ခမ်းခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ နောက်တစ်ခုက- ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံဆိုးတို့ရဲ့ ကျရောက်လာမည့်ဘေးတို့မှ ထက်ဝန်းကျင် ပိတ်ဆို့ပြီး ဖြစ်တဲ့အတွက် ဒါဟာကို သင့်လျော်တဲ့သုံးဆောင်မှုလို့ ဆိုပါတယ်။


အထက်မှာဖော်ပြခဲ့တဲ့ သုခများစွာထဲက ဆင့်ပွါးခွဲထွက်လာတဲ့ သုခတွေကတော့ - အတ္ထိသုခ၊ ဘောဂသုခ၊ အာနဏျသုခ၊ အန၀ဇ္ဇသုခ-တို့ပါ။
(၁)သင့်လျော်တဲ့အချိန်အခါမှာ တရားသဖြင့် ကြိုးစားအားထုတ်ပြီး ရရှိလာတဲ့ စည်းစိမ်တွေရှိလို့ ချမ်းသာမှု ၀မ်းမြောက်မှုရတာက အတ္ထိသုခပါ။
(၂)တရားသဖြင့် ရှာဖွေရရှိလာတဲ့ စည်းစိမ်တွေကို သုံးဆောင်ခံစားနိုင်၊ ကောင်းမှုကိုလည်း ပြုလုပ်နိုင်လို့ ချမ်းသာမှု ၀မ်းမြောက်မှုရတာက ဘောဂသုခပါ။
(၃)နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ကြွေးမြီများကို တစ်ဦးတစ်ယောက်အား ပေးဆပ်စရာမလိုအပ်လို့ ချမ်းသာမှု ၀မ်းမြောက်မှုရတာက အာနဏျသုခပါ။
(၄)အန၀ဇ္ဇသုခ -ဆိုတာကတော့ အပြစ်မရှိတဲ့ ကာယကံ ၀စီကံ မနောကံတွေနဲ့ ပြည့်စုံနေတဲ့အတွက် ချမ်းသာမှု ၀မ်းမြောက်မှုရနေတာကို ဆိုပါတယ်။
ဒါကိုပဲ ရှိမှုချမ်းသာ- အတ္ထိသုခ၊ သုံးဆောင်မှု ချမ်းသာ- ဘောဂသုခ၊ ကြွေးမြီမရှိမှု ချမ်းသာ- အာနဏျသုခ၊ အပြစ်မရှိမှုချမ်းသာ- အန၀ဇ္ဇသုခ-လို့ ဆိုရမှာပါ။

ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀တစ်ခုဆိုတာက ပိုင်ဆိုင်မှုတွေနဲ့ သက်ဆိုင်နေပါတယ်။ ပိုင်ဆိုင်တာတွေကို ခံစားသုံးဆောင်ခြင်း၊ သုံးဆောင်တတ်ခြင်းဟာလည်း ပျော်ရွှင်မှုကို ဖြစ်စေတယ်ဆိုတာပါ။ ဒီနေရာမှာ သုံးဆောင်မှုချမ်းသာအပိုင်းကို နောက်ထပ်ဆင့်ပွါးလို့ ချဲ့ကားကြည့်ချင်ပါတယ်။


ယနေ့မျက်မှောက်ကမ္ဘာမှာ လူ့အဖွဲ့အစည်းအတွင်း အသက်ရှင်နေထိုင်ကြစဉ် အကြီးမားဆုံး ခြိမ်းခြောက်မှုဟာ တစ်ဦးချင်းအလိုက် နိုင်ငံအလိုက် နှစ်ဦးနှစ်ဖက် အကြမ်းဖက်ဝါဒ ဖြစ်တယ်လို့ဆိုပါတယ်။ အကြောင်းရင်း ဇစ်မြစ်များကို စုံစမ်းမှုအရ အခြားသူများက အုပ်စုတစ်စုကိုဖြစ်စေ လူမျိုးတစ်ခုကိုဖြစ်စေ ခေါင်းပုံဖြတ်ခြင်း၊ သို့မဟုတ် အခြားလူမျိုးတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခြင်း၊ သိမ်းသွင်းဆွဲဆောင်ခြင်း၊ ဒါမှမဟုတ် အခြားအုပ်စုတစ်ခုက လူမျိုးစုတစ်ခု အုပ်စုတစ်စု၏နယ်မြေကို ကျူးကျော်သိမ်းပိုက်ခြင်းဟာ အဓိကအကြောင်း အချက်ဖြစ်တယ်-လို့ အကြံပြုထားပါတယ်။ မျက်မှောက်ဂလိုဘယ်လိုက်ဇေးရှင်းဟာ များစွာကြွယ်ဝချမ်းသာသော ဘ၀တူ လုပ်ဖော်ကိုင်ဖက်ညီနောင်များက ကမ္ဘာ့အဖွဲ့အစည်းရဲ့ အားနည်းတဲ့ အဖွဲ့အစည်းများကို အမြတ်ထုတ်ရန် အရင်းရှင်ဝါဒ၏ အမြင့်မားဆုံးတိုးတက်မှု၏ အထူးပြုပုံစံတစ်ခု ဖြစ်တယ်-လို့ ဆိုထားပါတယ်။ ဒီအဆိုအရ လူသားတွေဟာ ရရှိဖို့ပိုင်ဆိုင်ဖို့ ခံစားသုံးဆောင်ဖို့အတွက် အပြေးအလွှားရှာနေပါတယ်။


ခံစားသုံးဆောင်မှုအပိုင်းမှာတော့ သုခအမျိုးမျိုးကို ဖွင့်ဆိုနိုင်တဲ့အတွက် ရုပ်ပိုင်းဆိုင်ရာခံစားမှုအတွက် ဦးတည်းမလား စိတ်ပိုင်းဆိုင်ရာအတွက် ရည်စူးမလား ဒါမှမဟုတ် ဘာသာရေးပိုင်းဆိုင်ရာကို ဦးတည်းမလားဆိုတာပါ။ တစ်နည်းအားဖြင့်တော့ တစ်ဖက်ကန်းဆိုတဲ့ ကာမဂုဏ်ချမ်းသာမှုကိုပဲ လုံးဝဦးတည်မလား နှစ်ဖက်မြင်ဆိုတဲ့ ကာမဂုဏ်ချမ်သားကော မြင့်မြတ်တဲ့အရာတွေကော ပြုလုပ်မလား ဆိုတာပါ။ ခပ်မြင့်မြင့်ပြောကြည့်ယင်တော့ လူတစ်ဦးနှင့်တစ်ဦး၊ ဆိုင်တစ်ဆိုင်နဲ့တစ်ဆိုင်၊ ကုမ္မဏီတစ်ခုနဲ့တစ်ခု၊ နိုင်ငံတစ်ခုနဲ့တစ်ခု ဘယ်လိုခွဲဝေသုံးဆောင်မလဲ ဆိုတာပါ။


ဒီတော့ မြတ်ဗုဒ္ဓရဲ့ဒေသနာတော်များဟာ အနာဂတ်ပြန်လည်မွေးဖွါးမှုအတွက် လက်ရှိပျော်ရွှင်မှုကို အချိန်ရွှေ့ဆိုင်းထားတဲ့ ဘာသာရေးဆိုတာရယ်၊ အသက်ရှင်နေထိုင်စဉ်အတွင်း သူတို့၏ဘ၀ကို အမြဲတမ်း ပျော်ရွှင်မှုမရအောင် ဘ၀၏ဆိုးပြစ်များနှင့်ပတ်သက်၍ အဆက်မပြတ် တနှုန်းနှုန်းစဉ်းစားနေစေတယ်ဆိုတာရယ်-အဲဒါတွေကို အထက်ပါ သုခများက ဖြေရှင်းပြီး ဖြစ်ပါလိမ့်မယ်။

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်