Friday, October 29, 2010

အကြမ်းမဖက်ခြင်း ပါဝါ

အကြမ်းမဖက်ခြင်းရဲ့စွမ်းပကားဟာ အကြမ်းဖက်ခြင်းပါဝါထက် ပိုလို့ သြဇာကြီးမားပါတယ်။ အကြမ်းမဖက်ခြင်းရဲ့ သက်ရောက်မှုများကသာ အပြုသဘောဆောင်တဲ့ ရည်မှန်းချက်များကို ရရှိနိုင်ပါတယ်။ အကြမ်းဖက်ခြင်းရဲ့ နည်းလမ်းများကတော့ ပျက်စီးရာပျက်စီးကြောင်းနဲ့ အတိဒုက္ခရောက်မှုများဆီသို့သာ ဦးတည်နိုင်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့လွတ်လပ်ရေးတိုက်ပွဲကို စတင်ခဲ့တာကတော့ ၁၈၅၇-ခုနှစ်မှာပါ။ အဲဒီခေတ်ခေါင်းဆောင်တွေဟာ အကြမ်းဖက်နည်းလမ်းများနဲ့ လွတ်လပ်ရေးရယူချင်ခဲ့ကြပါတယ်။ အဲဒီလမ်စဉ်နဲ့ ဆက်လက်လို့ တိုက်ပွဲဝင်ခဲ့ကြတာဟာ ၁၉၁၉-ခုနှစ်အထိလို့ ဆိုရမှာပါ။ ဒါပေမယ့် အဲဒီလမ်းစဉ်ဟာ အောင်မြင်မှုမရရှိခဲ့ပါဘူး။ အဲဒီ ၁၉၁၉-ခုနှစ်ထဲမှာပဲ မဟတ္တမဂန္ဓီဟာ လွတ်လပ်ရေးတိုက်ပွဲထဲကို ပါဝင်ခဲ့ပါတယ်။ အခြေအနေ သဘောသဘာဝများကို နားလည်လာပြီးတဲ့နောက်မှာတော့ မဟတ္တမဂန္ဓီဟာ သူလုပ်ဆောင်မယ့်အစီအစဉ်များကို ရှေးကခေါင်းဆောင်များနဲ့မတူဘဲ ဆန့်ကျင်ဘက်အသွင်ဖြင့် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

မဟတ္တမဂန္ဓီက သူတို့ဟာ လွတ်လပ်ရေးအတွက် ဆက်လက်ပြီး ချီတက်တိုက်ပွဲဝင်မယ်ဆိုတာကို အသိပေးကြေငြာခဲ့ပါတယ်။ ဒါပေမယ့် နည်းလမ်းကတော့ လုံးဝအကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ပဲ ဖြစ်ပါတယ်။ ရှေ့ပိုင်းခေါင်းဆောင်တွေဟာ ဗြိတိသျှဥပဒေကို ဆန့်ကျင်ကန့်ကွက်ဖို့အတွက် အကြမ်းဖက်ခြင်းဆိုတဲ့ ဗုံး-ကို အသုံးပြုခဲ့ကြပေမယ့် သူတို့ကတော့ တူညီတဲ့ ပန်းတိုင်ကို ရရှိဖို့အတွက် အကြမ်းမဖက်ခြင်းဆိုတဲ့ဗုံး-ကို ယခုအခါ အသုံးပြုမယ်လို့ ကြေငြာခဲ့ပါတယ်။

မဟတ္တမဂန္ဓီရဲ့ ဒီကြေငြာချက်ဟာ အနာဂါတ်အလားအလာတစ်ခုလုံးအတွက် အပြောင်းအလဲပဲ ဖြစ်ပါတယ်။ ဒီအပြောင်းအလဲဟာ ဗြိတိသျှအင်ပါယာရဲ့ လည်ပတ်နေတဲ့စက်ယန္တယားတစ်ခုလုံးကို ရပ်တံ့သွားစေခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီထုတ်ဖော်ကြေငြာချက်ဟာ ပဟေဠိဖြစ်သွားစေတဲ့ပုစ္ဆာတစ်ပုဒ်ဆိုယင်လဲ မမှားပါဘူး။ ဗြိတိသျှတစ်ယောက်က သူ့ရဲ့အတွင်းဝန်ရုံးကို ကြေးနန်းပို့လာတဲ့ စာထဲမှာတော့ ဒီလိုရေးထားပါတယ်။ အဲဒါကတော့ “ အကြမ်းဖက်ခြင်းမရှိတဲ့ကျားကို ဘယ်လို သတ်ရမလဲဆိုတဲ့ညွန်ကြားချက်ကို ကြေးနန်းရိုက်ပါ ” ဆိုတာပဲ ဖြစ်ပါတယ်။

အကြမ်းဖက်ခြင်းနည်းလမ်းများက လက်တုန့်ပြန်အကြမ်းဖက်ဖို့အတွက် သင့်ရဲ့ပြိုင်ဘက်အတွက် ကြောင်းကျိုး သင့်လျော်တဲ့တရားမျှတမှုကို ပေးပါတယ်။ ဒါပေမယ့် သင်ဟာ အကြမ်းမဖက်တဲ့ နည်းလမ်းများကို ရွေးချယ် ရပ်တည်ထားမယ်ဆိုယင် အခြားအဖွဲ့အစည်းအသင်းအပင်းများက သင့်ကို ဆန့်ကျင်တော်လှန်ပြီး တိုက်ခိုက်ဖို့အတွက် အသုံးပြုစရာမြေ ရှိတော့မယ်မဟုတ်ပါ။ ဒါဟာ မဟတ္တမဂန္ဓီရဲ့ အကြမ်းမဖက်တဲ့နည်းလမ်းများရဲ့ ယုတ္တိဗေဒပဲ ဖြစ်ပါတယ်။ အဲဒီနောက် များမကြာမီမှာပဲ အိန္ဒိယနိုင်ငံဟာ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ ဒီ အကြမ်းမဖက်ခြင်းပုံသေနည်းစနစ်ဟာ ပုဂ္ဂလိကဆိုင်ရာအဆင့်မှာဖြစ်စေ အမျိုးသားဆိုင်ရာအဆင့်မှာဖြစ်စေ နှစ်ခုလုံးမှာ အကြုံးဝင်သက်ဆိုင်နေပါတယ်။

အကြမ်းဖက်ခြင်းနည်းလမ်းများဟာ အလွန်ဘေးအန္တရာယ်များပြီး စွန့်စားရတဲ့အလုပ် ဖြစ်ပါတယ်။ အဲဒီအရာအတွက် ပြန်လည်ပေးဆပ်ရမယ့်ဆုံးရှုံးမှုကလဲ ကျိန်းသေဖြစ်ပေါ်စေလိမ့်မှာပါ။ ရရှိလာမယ့်အကျိုးတရားများကလည်း အမှန်ပဲ သံသယ ဖြစ်စရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါပေမယ့် အရဲစွန့်ရခြင်းမရှိဘဲ ဘေးအန္တရာယ်ကင်းတဲ့ အကြမ်းမဖက်ခြင်း နည်းလမ်းကတော့ အောင်မြင်မှုအတွက် အသေအချာအာမခံထားပါတယ်။

ဘာ့ကြောင့် အကြမ်းမဖက်ခြင်းနည်းလမ်းများက အဲဒီလို အကျိုးတရားတွေကို အများကြီး သက်ရောက်စေတာလဲ။ အကြောင်းကတော့ အကြမ်းမဖက်တဲ့နည်းလမ်းများဟာ လူသားရဲ့ အသိစိတ်ဓာတ်ကို လာရောက် ရိုက်ခတ်လာတဲ့ အကြောင်းကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီလို အသိစိတ်ဓာတ်ကို လာရောက်ရိုက်ခတ်လာတဲ့အခါ ပတ်သက်ဆက်နွယ်နေတဲ့ လူသားဟာ စဉ်းစားရွေးချယ်ပိုင်ခွင့် မရှိတော့ပါ။ ဒါဟာ သင့်ကို အရှုံးပေးအညံ့ခံလာဖို့ပဲ ဖြစ်ပါတော့တယ်။

အကြမ်းဖက်ခြင်းနည်းလမ်းများဟာ အခြားပါဝင်ပတ်သက်သူများရဲ့ အတ္တမာနကို ခလုတ်ဖွင့်ထိပါးလာပါတယ်။ အဲဒီလို အတ္တမာနများ ပါဝင်လာတဲ့အခါ ပျက်ပြားယိုယွင်းမှုဆိုတဲ့အကျိုးဆက်ကလည်း တစ်ပါတည်း ပါလာပါတော့တယ်။ အကြမ်းဖက်ခြင်းဟာ အကြမ်းဖက်ခြင်းကိုပဲ အမှန်တကယ် ပေါ်ပေါက်စေသလို အဲဒီအကြမ်းဖက်ခြင်းဟာ ပြဿနာများကို ပိုမိုလို့သာ ဆိုးရွားစေပါတယ်။ ပုဂ္ဂလိကဆိုင်ရာအတွက်ဖြစ်စေ၊ အဖွဲ့အစည်းအတွက်ဖြစ်စေ၊ နိုင်ငံအတွက်ဖြစ်စေ အဲဒီထက် တစ်ဆင့်မြင့်လို့ ကမ္ဘာကြီးအတွက်ဖြစ်စေ အဲဒီအကြမ်းဖက်ခြင်းနည်းလမ်းက ဘယ်လိုပြဿနာမျိုးကိုမှ ဖြေရှင်းပေးနိုင်တာမျိုး မရှိပါ။

အကြမ်းမဖက်ခြင်းနည်းလမ်းဟာ သဘာဝတရားဆိုင်ရာနည်းလမ်း ဖြစ်သလို ဒါဟာ မပြောင်းလဲတဲ့ နည်းဥပဒေ တစ်ခုပါ။ အကြမ်းမဖက်တဲ့နည်းလမ်းကို လျှောက်လှမ်းနိုင်ဖို့အတွက် သဘာဝတရားကို အစဉ်ထာဝရ ကျေးဇူးတင်နေဖို့ပါ။ သဘာဝတရားဟာ နေရာတိုင်းမှာ ပြီးပြည့်စုံမှုရှိတယ်ဆိုတာကို အကျွန်ုပ်တို့ တွေ့မြင်ရမှာပါ။ သဘာဝမှာ သက်ဝင်လှုပ်ရှားနေတဲ့ နှိုင်းယှဉ်လို့မရတဲ့ အမျိုးအစားများ ပါဝင်နေနိုင်ပါတယ်။ ဒါပေမယ့် အဲဒါတွေက ပြဿနာကို ဖန်တီးတယ်ဆိုတာမျိုး မရှိပါ။ ဒါဟာ အမှန်တကယ်ပဲ ပြုမူလုပ်ဆောင်ချက်ရဲ့ လမ်းကြောင်းမှာ တည်ကြည်ခိုင်မာစွာ ငြိမ်းချမ်းနေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

အကြမ်းမဖက်နည်းလမ်းဟာ သင်ရဲ့ အချိန် အဲဒီနောက် စွမ်းအင် အဲဒါတွေကို ဖြုန်းတီးရမယ့်အချိန်များမှ သင့်ကို အကာအကွယ် ပေးပါတယ်။ အကြမ်းမဖက်ခြင်း ဆက်လက်တည်ရှိနေခြင်းဟာ အခြေအနေများကို ပုံမှန်ဖြစ်ပေါ်စေဖို့ ကူညီပြီး အဲဒီအကြမ်းမဖက်ခြင်းက အပြုသဘောကို ဆောင်ပါတယ်။ အဲဒါအပြင် အကြမ်းမဖက်ခြင်းက ချစ်ခြင်းမေတ္တာ၊ စာနာမှုကရုဏာတရားတွေကို အားပေးမြှင့်တင်နေစဉ်မှာ အကြမ်းဖက်ခြင်းကတော့ အမုန်းတရားနဲ့ သည်းမခံမှုများကိုသာ မွေးမြူအားပေးနေပါတယ်။ ငြိမ်းချမ်းရေးဆိုတဲ့ အကြမ်းမဖက်ခြင်းဟာ ကြီးမားတဲ့ လူမှုရေးဆိုင်ရာကောင်းကျိုးပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ အဲဒီအရာဟာ လူအများအကြား အပြုသဘောဆောင်တဲ့ အပေါင်းလက္ခဏာကို စိတ်ထဲစွဲမြဲအောင်သွန်သင်ထားလို့ပါ။ အကြမ်းဖက်ခြင်းကင်းတဲ့ ငြိမ်းချမ်းတဲ့ နေရာတိုင်းမှာ ဖွံ့ဖြိုးတိုးတက်တဲ့ သက်ဝင်လှုပ်ရှားမှုများ ရှိနိုင်ပါတယ်။ ဒါပေမယ့် အကြမ်းမဖက်ညင်သာတဲ့ လေထု မရှိဘဲနဲ့တော့ ဘယ်နေရာမှာမှ စည်ပင်ဖွံ့ဖြိုးမှု မရှိနိုင်ဘူးဆိုတာပါပဲ။

ကြယ်များ၊ နက္ခတ်တာရာများ၊ အားလုံးသော အခြား လက္ခဏာအသွင်အပြင်တွေဟာ နေ့ရောညပါ တစ်နေ့တာ ခရီးကို အစီအစဉ်တကျ ရှင်သန်လှုပ်ရှားနေကြပါတယ်။ ဒါပေမယ့် သူတို့ဟာ ဘယ်သောအခါမျှ အကြမ်းမဖက်ခြင်းဆိုတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းမှနေပြီး လမ်းလွှဲသွေဖည်သွားတယ်ဆိုတာမျိုး မရှိပါဘူး။ သဘာဝရဲ့ ယဉ်ကျေးမှုအနုပညာလက်ရာများဟာ အကြမ်းမဖက်ခြင်းပဲ ဖြစ်ပါတယ်။ အကြမ်းမဖက်ခြင်းဟာ စကြ၀ဠာ အစုအဝေးရဲ့ ပြဌာန်းထားတဲ့ဥပဒေသပဲ ဖြစ်ပါတယ်။ မြစ်တွေဟာ အကြမ်းမဖက်ခြင်းဆိုတဲ့ ငြိမ်းချမ်းရေး သတင်းစကားတွေကို တာဝန်ယူသယ်ဆောင်ပြီး စဉ်းဆက်မပြတ်စီးဆင်းနေပါတယ်။ နေရောညပါ တိုက်ခတ်နေတဲ့ လေတွေကတော့ အဲဒီ အကြမ်းမဖက်ခြင်းဆိုတဲ့ ငြိမ်းချမ်းရေးသတင်းစကားတွေကို ဆောင်ပို့လို့ ပေးနေတယ် ဆိုတာပါပဲ။



Tuesday, October 26, 2010

ရန်လိုမှုများ ဖယ်ရှားခြင်း

ငြိမ်းချမ်းမှုဟာ အကြမ်းဖက်ခြင်းရဲ့ ပျက်ကွက်ခြင်းမျှသာ မဟုတ်။ အဲဒါဟာ သူ့ ရဲ့ ရင်းမြစ်များ၊ စိတ်မှာ စွဲထင် နေတဲ့အရာများနဲ့တကွ ရန်လိုမှုရဲ့ ပြီးပြည့်စုံတဲ့ ရပ်နားခြင်းပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာပညာရပ်နယ်ပယ်မှာ စိတ်ရဲ့အခြေအနေ၊ လုံဝငြိမ်းချမ်းမှုဆိုတဲ့အဓိပ္ပါယ်အတွက် နိဗ္ဗာန်ဝေါဟာရကို သုံးစွဲလေ့ရှိပါတယ်။

ဘာသာရေးများရဲ့ ကျင့်သုံးမှုပန်းတိုင်ဟာ လွတ်မြောက်ခြင်းဖြစ်ပေမယ့် အခြားပန်းတိုင်များလည်း ရှိပါသေးတယ်။ သင်ဟာ အခြားသတ္တ၀ါများရဲ့ကောင်းကျိုးကို တွေးတောရပါမယ့်။ အာရုံခံစားနိုင်, အာရုံမခံစားနိုင် ၊ အသိရှိ, မရှိ နှစ်ခုလုံးရဲ့ ကောင်းကျိုးအတွက် အလုပ်လုပ်ရပါမယ်။ အသုံးဝင်ရပါမယ်။ အနန္တစကြ၀ဠာအတွက် ကောင်းကျိုးကို ဆောင်ရွက်ခြင်းဟာ မြတ်ဘုရားသာသနာရဲ့ တကယ့်အနှစ်သာရဖြစ်တဲ့ သတင်းစကားပဲ ဖြစ်ပါတယ်။

စစ်မှန်တဲ့ဘ၀တစ်ခုအတွက် ကျယ်ပြန့်တဲ့အတွေးအခေါ်များနဲ့ စံနမူနာကောင်းများကို ဘယ်လို အသုံးချမလဲ? အဦးအစဟာ အလေးထားရမယ့်အရာကို ရင့်ကျက်စေဖို့ပါ။ အဲဒီနောက် ကိုယ်ပိုင် အမြင်များထက် အခြားသူများရဲ့အမြင်များကို ထည့်သွင်းစဉ်းစားဖို့ပါ။ ပထမဆုံးလိုအပ်ချက်ဟာ အမြင်များကို ကျဉ်းမြောင်းစွာကန့်သတ်မထားဘဲ ကျယ်ပြန့်စွာ ရှု့မြင်သုံးသပ်ဖို့ပါ။

ရန်လိုမှု၊ တိုက်ပွဲ၊ ပြိုင်ပွဲရဲ့ သဘောထားတစ်ခုကို ရပ်တည်ထားလျင် အကောင်းဆုံးစံများဟာ ဘယ်လောက် မြင့်မားနေပါစေ အရေးကိစ္စမဟုတ်တော့ပါ။ အဲဒါတွေဟာ လက်တွေ့အားဖြင့် နေရာတစ်ခုခုကိုမှ ဦးတည်စေလိမ့်မည်မဟုတ်ပါ။ သဘောတရား၊ ဘာသာရေးနဲ့ ဖီလိုဆိုဖီအမြင်များဟာ သင်ကြားထားတဲ့ ဘာသာရပ်များပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါတွေကို နေ့စဉ်ဘ၀ရဲ့အပြုအမူထဲ ရယူသယ်ဆောင်လာရပါမယ်။ ဘာသာရေး ဒါမှမဟုတ် ဖီလိုဆိုဖီနဲ့ဆက်စပ်တဲ့အခြေအနေများ တိုးတက်လာဖို့အတွက်တောင် မှန်ကန်တဲ့သဘောထားဟာ အနှစ်သာရပဲ ဖြစ်ပါတယ်။

ရန်မလိုမှုနဲ့ အကြမ်းမဖက်မှုများဟာ ကြောင်းကျိုးမဲ့တဲ့ ပျော့ပျောင်းညင်သာမှု ဒါမှမဟုတ် ကျိုးနွံနာခံမှု ဖြစ်သင့်တယ်လို့ ဆိုလိုခြင်းမဟုတ်ပါ။ ဘာသာရေးများကတောင် ကြောင်းကျိုးမဲ့စွာ ရန်လိုလာတဲ့သူများနဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာကို သင်ကြားပေးပါတယ်။ ဗုဒ္ဓဘာမှာတော့ ဒါကို ကျွမ်းကျင်ပိုင်နိုင်မှုရဲ့ လက်တွေ့ လုပ်ဆောင်ခြင်းလို့ ခေါ်ပါတယ်။ မြတ်ဗုဒ္ဓက အမြဲတမ်းကျိုးနွံရမယ်ဆိုတာကို မိန့်မထားပါ။ သဘောထား မတိုက်ဆိုင်သူများနှင့်အပေးအယူလုပ်ရာမှာ ကျွမ်းကျင်သင့်ပါတယ်။ အဲဒီနောက် သဘောထားဟာ မှန်ကန်တယ်၊ ညင်သာတယ်၊ ဖော်ရွေတယ်၊ ပြိုင်ပွဲလဲမဟုတ် တိုက်ပွဲလဲမဟုတ်ဘူးဆိုယင် အဲဒီအပေးအယူလုပ်ခြင်းဟာ အမြဲတမ်းအောင်မြင်နိုင်ပါတယ်။

ဗုဒ္ဓဘာသာက ဓမ္မဟာ အစ အလယ် အဆုံး သုံးခုလုံးမှာ ကောင်းတဲ့အရာဖြစ်တယ်လို့ ဆိုပါတယ်။ အလားတူ ငြိမ်းချမ်းမှုနှင့်ညီညွတ်မှုအတွက် သင့်တော်တဲ့အခြေအနေကို မဖန်တီးတဲ့အခါ အတွင်း, အပြင် နှစ်ခုလုံးမှ ငြိမ်းချမ်းမှုနဲ့ ညီညွတ်မှုဟာ ရောက်မလာနိုင်ပါ။ အဲဒီနောက် အကျွန်ုပ်တို့ထံမှလာတဲ့ မလိုလားအပ်တဲ့ အပြုအမူများက ငြိမ်းချမ်းဖို့လမ်းညွန်ထားတဲ့အခြေအနေများကို နှောင့်ယှက်လို့မရအောင် သတိထားဂရုစိုက်ရပါမယ်။ ငြိမ်းချမ်းမှု,ညီညွတ်မှုစံများနဲ့ လိုက်လျောညီထွေဖြစ်သင့်တဲ့ သတ္တ၀ါတစ်ခုလုံးလို့ ဆိုလိုတဲ့ အတွင်း အပြင် ကမ္ဘာအကြား ညီညွတ်မှုများ ရှိသင့်ပါတယ်။

ငြိမ်းချမ်းမှုဟာ တံခါးမများ၊ ပြတင်းပေါက်များကို ပိတ်ထားယုံ၊ အထဲသို့ဝင်လာတဲ့ အနှောင့်အယှက်အသံများကို ခွင့်မပြုယုံမျှဖြင့် ရရှိလာနိုင်တဲ့ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အခြေအနေတစ်ခုတော့ မဟုတ်ပါ။ စစ်မှန်တဲ့ ငြိမ်းချမ်းမှုရဲ့စမ်းသပ်စစ်ဆေးချက်ဟာ နှောင့်ယှက်နေတဲ့လေထု ဖြစ်ပေမယ့် ငြိမ်သက်မှုကို ထိန်းထားနိုင်စွမ်းရှိတဲ့ အခါမျိုးမှာ ရောက်လာပါတယ်။

ဆန့်ကျင်ဘက်အနေအထားအတွင်းမှာပဲ ငြိမ်သက်မှုကို ထိန်းသိမ်းရခြင်းအတွက် လျိုဝှက်ချက်ရှိပါသလား? အဖြေကတော့ မိမိရဲ့စိတ်ကို တိုးတက်စေဖို့ ဖြစ်ပါတယ်။ လူသားရဲ့စိတ်ကို မြှင့်တင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ဆက်စပ်နေတဲ့ ဘာသာရပ်နဲ့ပတ်သက်လို့ ပြောဆိုခြင်းများပဲ ဖြစ်ပါတယ်။ အဆင့်များစွာ ရှိနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ တိုးတက်လာခြင်းရဲ့ စစ်မှန်တဲ့ အရိပ်လက္ခဏာဟာ မာန်စွယ်ကျိုးလာပြီး အကျွန်ုပ်တို့ ပတ်လည်ရှိ အရာဝတ္ထုများနဲ့ပတ်သက်လို့ တစ်ဦးကိုတစ်ဦး အမှီပြုနေတဲ့သဘာဝကို သတိမူ သိရှိလာနေတာပဲ ဖြစ်ပါတယ်။

တိဘက်တန် ဗုဒ္ဓဘာသာကပြောတဲ့ စကားပုံတစ်ခုကတော့ - အတိတ်က သင်ပြုခဲ့တဲ့အပြုအမူနဲ့ ပတ်သက်လို့ သင်သိချင်ယင် သင်ရဲ့မျက်မှောက်ခန္ဓာကိုယ်ကို ကြည့်ရှု့ပါ။ သင်ရဲ့အနာဂတ်ကံကြမ္မာနဲ့ပတ်သက်လို့ သင်သိချင်ယင် သင်ရဲ့ယခုလက်ရှိစိတ်ကို စောင့်ကြည့်ပါ။ - ဒါ့ကြောင့် အကောင်းဆုံးမနက်ဖြန်ဖြစ်ဖို့ မှန်ကန်တဲ့ သဘောထားနဲ့ အကောင်းဆုံးယနေ့ လူ့အဖွဲ့အစည်းအတွက် တွေးပါ၊ အလုပ်လုပ်ပါ- ဆိုတာပဲ ဖြစ်ပါတယ်။


Wednesday, October 20, 2010

ကာလာမသုတ်တော် လေ့လာချက်





နိဒါန်း

ဘာသာတရားနှင့်လူ

ကြောက်တတ်သောသဘောသည် ပုထုဇဉ်လူသားတို့၏ မွေးရာပါဗီဇစိတ်ဖြစ်သည်။ ယင်းကြောက်ခြင်းကို အစပြုကာ လူသားတို့သည် ကိုးကွယ်မှုကို စတင်ခဲ့သည်ဟု ဒေသနာတော်က ဆိုသည်။ သို့ဖြစ်၍ လူသားနှင့်ကိုးကွယ်မှုသည် မကွဲမကွာ ရှိလာခဲ့သည်။ ထို့ကြောင့် လောက၌ ကိုးကွယ်မှုဆိုင်ရာဘာသာကြီးများ အသီးသီးပေါ်ထွက်လာခြင်း ဖြစ်သည်။ အကြောက်တရားများသည် ကိုးကွယ်မှုဆိုင်ရာများကို ဖန်တီးပေးသကဲ့သို့ ထိုကိုးကွယ်မှုဆိုင်ရာများကလည်း လူသားတို့အား တစ်ဖန်ပြန်လည်၍ အကြောက်တရားများကို ဖြစ်စေပြန်သည်။ ဒေသနာတော်များ၌ ဤသည်ကိုပင် “ဇာတံ သရဏတော ဘယံ” စသည်ဖြင့် ကိုးကွယ်ခြင်းကြောင့် ဘေးဖြစ်တတ်သည်ဟု ဆိုထားခြင်း ဖြစ်ပေသည်။ သို့ဖြစ်၍ အကြောက်တရားနှင့် ကိုးကွယ်မှု၊ ကိုးကွယ်မှုနှင့်အကြောက်တရားတို့သည် ဆန့်ကျင်ဘက်အသွင်ဖြင့် ထာဝရတည်ရှိနေကြသည်။ ထို့ကြောင့် အချို့က ကိုးကွယ်မှုဆိုင်ရာဘာသာတရားကို “မှိုင်း” ဟု ဆိုထားခြင်း ဖြစ်ပေသည်။ သို့သော် ဘာသာတရားသည် မှိုင်း-မဟုတ်သကဲ့သို့ လူသားမှန်လျင် ဘာသာတရားနှင့်မကင်းကွာစကောင်းပေ။ အချို့ပညာရှင်များက “ဘာသာမဲ့ ဟူသည်ပင် ဘာသာတရားတစ်ခု၏အမည် ဖြစ်သည်” ဟု ဆိုထားရာ ဘာသာတရား၏အပြင်ဘက်၌ လူသားသည် ရပ်တည်ရန် စွမ်းနိုင်မည်မဟုတ်ပေ။

“သဝေ ဟိတေ (ပါသံဋာ) သံယမံစ ဘ၀သုဓိံစ ဣဆံတိ။ ဟိ-မှန်ပါ၏။ သဝေ- အလုံးစုံကုန်သော၊ တေ ပါသံဋာ - ထိုကိုးကွယ် ယုံကြည်မှုဆိုင်ရာ ဘာသာအယူဝါဒတို့သည်၊ သံယမံစ - မကောင်းမှုကို မပြုမိရန် စောင့်စည်းခြင်းကိုလည်းကောင်း၊ ဘ၀သုဓိံစ- ဘ၀၏စင်ကြယ်ခြင်းကိုလည်းကောင်း၊ ဣဆံတိ- အလိုရှိကုန်၏။” ဟု အသောကကျောက်စာ၌ မိန့်ဆိုထားရာ--

လူသားတို့အား မိမိတို့၏ကိုယ်ကျင့်သိက္ခာကို မြင့်မားလာအောင် ထိန်းသိမ်းစောင့်ရှောက်စေလိုခြင်း၊ မိမိတို့ဘ၀ စင်ကြယ်မြင့်မြတ်မှုကို တန်ဖိုးထားစေလိုခြင်းဖြင့် လူ့လောက၌ အသက်ရှင်နေထိုင်ကြစဉ်ကာလအတွင်း ထာဝစဉ်ပျော်ရွှင်ချမ်းမြေ့သော ငြိမ်းချမ်းတည်ငြိမ်သည့် ဘ၀မျိုးကို တည်ထောင်နိုင်ရန် လိုလားခြင်းသည်ပင် ဘာသာတရားများ၏မူလရည်ရွယ်ချက်ဖြစ်သည်ဟု ဆိုသည်။ သို့ဖြစ်၍ ဘာသာတရားတိုင်းသည် တစ်ခုနှင့်တစ်ခု အနှစ်သာရအားဖြင့် မတူကြစေကာမူ အခြေခံမူလရည်ရွယ်ချက်ဖြစ်သည့် အထက်ပါသဘောတရားများကား အတူတူပင် ဖြစ်ပေသည်။ ထို့ကြောင့် လူသားတို့သည် ဘာသာတရားကပေးသော သွန်သင်ချက်အပေါ် အားကိုးအားထားပြု၍ အမှားအမှန်ဟူသမျှကို ဆုံးဖြတ်ကြခြင်း ဖြစ်ပေသည်။


ချက်ချင်းလက်ခံ အတည်မပြုသင့်သော အချက်(၁၀)ချက် အနှစ်ချုပ်

သမိုင်းခေတ်များသည် တစ်ခေတ်ပြီးတစ်ခေတ် ရွေ့လျားနေသည်။ အတွေးအခေါ်များလည်း တစ်ချိန်နှင့်တစ်ချိန် မတူကြတော့ပေ။ အတွေးအခေါ်အဟောင်းများ၏နေရာတွင် အတွေးအခေါ်အသစ်များက အစားထိုးဝင်ရောက်လာကြသည်။ သို့သော်လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀-ကျော်ကာလက ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သော ကေသမုတ္တိသုတ်(ကာလာမသုတ်)တော်လာ အဓိပ္ပါယ် အယူအဆများသည်ကား အိုသွားခြင်း၊ ဟောင်းနွမ်းသွားခြင်း မရှိဘဲ ပေါ်ပေါက်လာသောခေတ်နှင့်အညီ တပြေးညီ လိုက်လျက်ရှိသည်။

ကမ္ဘာ၌ ကာလာမသုတ်ဟု ကျော်ကြားနေခြင်း၏အကြောင်းမှာလည်း ပေါ်ပေါက်လာသောခေတ်နှင့်အညီ တန်းတူလိုက်နိုင်သောကြောင့် ဖြစ်သည်။ ဤကား တစ်ဆင့်ချ၍ ရှု့မြင်ခြင်းသာ ဖြစ်၏။ အမှန်အားဖြင့် ဤသုတ်တော်သည် ပေါ်ပေါက်လာသောခေတ်ထက်ပင် ရှေ့ပြေးဖြစ်နေပေသေးသည်။ သို့သော် ဤသုတ်တော်လာ အဓိပ္ပါယ် အယူအဆများကိုကား အပေါ်ယံမျက်နှာပြင်၌သာ မလေ့လာဘဲ အတွင်းသို့နှိုက်၍ လေ့လာရန် လိုအပ်ပေသည်။ သို့မှသာလျင် ဤသုတ်တော်၏နက်နဲမှုအတိုင်းအတာကို သိရှိနိုင်ပေလိမ့်မည်။ ယင်းနက်နဲမှုအတိုင်းအတာကို သိရှိလာသည်နှင့်အမျှ မြတ်စွာဘုရားရှင်၏သဗ္ဗညုတညဏ်တော်၏နက်နဲပုံကို သိရှိပြီး ဤသုတ်တော်၏တန်ဖိုးကိုလည်း နားလည်မည်မှာ အမှန်ပင် ဖြစ်ပေသည်။

အမြွက်မျှဖော်ပြရသော် ဤသုတ်တော်လာ ချက်ချင်းလက်ခံအတည်မပြုသင့်သော အချက် (၁၀)ချက်ကို ခြုံ၍ကြည့်ပါက (သို့မဟုတ်) ရှု့ထောင့်ပေါင်းစုံမှနေ၍ လေ့လာပါက အချက်တစ်ခုနှင်တစ်ခုသည် လစ်ဟာနေခြင်းမရှိဘဲ စပ်ယှက်လျက် ၀ါ-စပ်နွယ်လျက် ရှိနေသည်ကို တွေးခေါ်သူ၏ကိုယ်ပိုင်ညဏ် မြင့်မားလျင်မြင့်မားသလောက် တွေ့မြင်နိုင်ပေသည်။ ဤလောက၌ တွေးခေါ်နေကြသော အတွေးအခေါ် အယူအဆမှန်သမျှတို့သည် ဤအချက်(၁၀)ချက်၏ အပြင်ဘက်၌ မရှိနိုင်ပေ။ အချက်(၁၀)ချက်၏အတွင်း၌သာ အမည်နာမဝေါဟာရအမျိုးမျိုးဖြင့် တည်ရှိနိုင်ပေသည်။ သို့ဖြစ်၍ ဤ၌ အချက် ၁၀-ချက်ဟု တစ်ခုချင်းအားဖြင့် အမည်နာမကွဲပြားလျက်ရှိနိုင်သော်လည်း ယင်းအချက် ၁၀-ချက်လုံးကို အနှစ်ချုပ်၍ ပြရပါမူကား “မည်သည့်အရာကိုမျှ ချက်ချင်းအတည်ပြုလက်ခံခြင်း မပြုရ”ဟုပင် ဆိုဘွယ်ရှိပေတော့သည်။


သက်သာရာ ရပ်နားရာ

အထက်၌ ချက်ချင်းလက်ခံ အတည်မပြုသင့်သောအချက် (၁၀)ချက်လုံး၏ အနှစ်ချုပ်သည် “မည်သည့်အရာကိုမျှ ချက်ချင်းအတည်ပြု လက်ခံခြင်းမပြုရ” ဟု ဆိုထားသည်။ သို့ဖြစ်ပါက ရေပြင်၌ ထောက်တည်ရာမဲ့သောပုဂ္ဂိုလ်သည် ထိုရေပြင်၌ မျောချင်ရာသို့မျောနေနိုင်သကဲ့သို့ လေဟာပြင်၌ ထောက်တည်ရာမဲ့သောပုဂ္ဂိုလ်သည်လည်း လေဟာပြင်အတွင်း လွင့်မျောချင်းတိုင်း လွင့်မျောနေမည်သာ ဖြစ်ပေသည်။ ထို့အတူ ကိုယ်ပိုင်ညဏ်ဖြင့် အမှားအမှန်,အကောင်းအဆိုးကို မဆုံးဖြတ်နိုင်၍ အယူဝါဒရေးရာ၌ ထောက်တည်ရာမဲ့နေသော ပုထုဇဉ်ပုဂ္ဂိုလ်အတွက် အယူဝါဒရေးရာတောကြီးအတွင်းဝယ် မျက်စိလည် လမ်းမှားကာ တ၀ဲလည်လည်ဖြင့် ဆောက်တည်ရာမဲ့နေပေတော့မည်။

ယင်းသို့ အယူဝါဒရေးရာ၌ ထောက်တည်ရာမဲ့နေပါက မျက်မှောက်ဘ၀၌ ကိုယ်စိတ်ချမ်းသာမှုတို့နှင့်ကင်းဝေးလျက် ဆင်းရဲဒုက္ခ၀ဲသြဃမှာ နစ်မွန်းချင်တိုင်း နစ်မွန်းနေပေတော့မည်။ အဆုံးစွန်အားဖြင့် ဘ၀သံသရာတစ်လျောက်လုံး ထောက်တည်ရာမဲ့လျက် ဒုက္ခဆင်းရဲ ၀ဲဂယက်တွင်းမှာ တ၀ဲလည်လည် ဖြစ်ချင်တိုင်းဖြစ်နေပေတော့မည်။ ထိုသို့ ဆင်းရဲဒုက္ခ၀ဲသြဃထဲမှာ မျောပါချင်တိုင်းမျောပါ၊ နစ်မွန်းချင်တိုင်းနစ်မွန်း၊ တ၀ဲလည်လည် ဖြစ်ချင်တိုင်းဖြစ်နေသော ပုထုဇဉ်လူသားအား ထိုဒုက္ခဆင်းရဲ ၀ဲသြဃအတွင်းမှာ မျောပါချင်တိုင်းမျောပါခွင့်၊ နစ်မွန်းချင်တိုင်း နစ်မွန်းခွင့်၊ တ၀ဲလည်လည် ဖြစ်ချင်တိုင်းဖြစ်ခွင့်ကို မပေးဘဲ သက်သာရာ ရပ်နားရာ ထောက်တည်ရာကို ဤသုတ်တော်က ပေးထားလေသည်။


စံ (သို့မဟုတ်) မှတ်ကျောက်

မှန်၏။ မြတ်စွာဘုရားရှင်သည် ဤသုတ်တော်၌ အချက် ၁၀-ချက်တို့ဖြင့် အရာရာကို ချက်ချင်းအတည်ပြုလက်ခံခြင်းမပြုရန် မိန့်တော်မူခဲ့၏။ ထို့သို့ မိန့်တော်မူခဲ့သည်မှန်သော်လည်း မိမိ၏ကိုယ်ပိုင်ညဏ်ဖြင့် စူးစမ်းဆင်ခြင်ခွင့်ကိုကား တိုက်တွန်းအားပေးထားသည်။ မိမိ၏ကိုယ်ပိုင်ညဏ်ဖြင့် စူးစမ်းဆင်ခြင်ရမည်ဟု တိုက်တွန်းအားပေးချက်နှင့်အညီ တိုင်းတာနိုင်ရန် ၀ါ-တင်ကြည့်နိုင်ရန် စံ (သို့မဟုတ်)မှတ်ကျောက်များကိုလည်း မြတ်စွာဘုရားရှင်ကိုယ်တိုင် ဤသုတ်တော်၌ အရိပ်အမြွက်ဟောကြားထားလေသည်။

မှန်၏။ ဤသုတ်တော်ပါ အချက် ၁၀-ချက်တို့ဖြင့် “မည်သည့်အရာကိုမျှ ချက်ချင်းအတည်ပြု လက်ခံခြင်း မပြုရ”ဟု ဆိုသော်လည်း ပုထုဇဉ်လူသားတို့အတွက် မည်သည့်နည်းနှင့်မျှ အမှားအမှန်, အကောင်းအဆိုးကို ခွဲခြားနိုင်အံ့မထင်။ သို့ဖြစ်၍ မြတ်ဗုဒ္ဓသည် ချက်ချင်းလက်ခံ အတည်မပြုသင့်သော အချက် (၁၀)ချက်နှင့် တစ်ဆက်တည်းအားဖြင့် အမှားနှင့်အမှန်, အကောင်းနှင့်အဆိုးကို မည်ကဲ့သို့သော စံဖြင့် တိုင်းတာရမည်ကို ၀ါ- မည်ကဲ့သို့သော မှတ်ကျောက်ဖြင့် တင်ကြည့်ရမည်ကို တိုင်းတာရန် ၀ါ- တင်ကြည့်ရန် စံ (သို့မဟုတ်)မှတ်ကျောက်များကိုလည်း ဟောကြားတော်မူခဲ့ပါသည်။

ယင် စံ (သို့မဟုတ်)မှတ်ကျောက်များမှာ--
“အကုသိုလ်ဖြစ်သော - အပြစ်ရှိသော - ပညာရှိတို့ ကဲရဲ့အပ်သော - စီးပွါးမဲ့ရန်ဖြစ်သော- ဆင်းရဲရန်ဖြစ်သော- လောဘ, ဒေါသ, မောဟ, တရားများနှင့် ကုသိုလ်ဖြစ်သော - အပြစ်ကင်းသော- ပညာရှိတို့ ချီးမွမ်းအပ်သော- အစီးအပွါးရှိခြင်းငှါဖြစ်သော- ချမ်းသာခြင်းငှါဖြစ်သော -အလောဘ, အဒေါသ, အမောဟ-တရားများ, ပင် ဖြစ်ပေသည်။


ဝါဒမှန်ကို ရှာဖွေခြင်း အဓိပ္ပါယ်

ဖော်ပြပါ အချက် ၁၀-ချက်ကို စံ(သို့မဟုတ်)မှတ်ကျောက်များပေါ်တွင် တိုင်းတာ၍ ၀ါ-တင်ကြည့်၍ အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုးကို ခွဲခြားနားလည်နိုင်ပြီဆိုပါက ဤသုတ်တော်ကပေးသော မိမိကိုယ်တိုင် စူးစမ်းဆင်ခြင်ခြင်း၏အနှစ်သာရကို တွေ့ရှိရပြီဟု သတ်မှတ်ရပေမည်။ သို့သော် အမှားနှင့်အမှန်၊ အကောင်းနှင့်အအဆိုးတို့ကို ကိုယ်တိုင်စူးစမ်းဆင်ခြင်နိုင်ရုံမျှဖြင့် ကျေနပ်၍မနေဘဲ ယင်းတို့တွင် မှားသော ဆိုးသော တရားတို့ကို ပယ်စွန့်၍ မှန်သောကောင်းသောတရားတို့ကို ပြည့်စုံစေရမည် ဖြစ်ပေသည်။ မှန်၏။ ဤသို့ ပယ်စွန့်ရမည့်တရားများကို ပယ်စွန့်နိုင်ရန်၊ ပြည့်စုံရမည့်တရားများ ပြည့်စုံနိုင်ရန်အတွက် စစ်မှန်သောအယူဝါဒကို ရှာဖွေခြင်း ဖြစ်လေသည်။ ပယ်စွန့်ရမည့်တရားများကို ပယ်စွန့်ခြင်း၊ ပြည့်စုံရမည့်တရားများကို ပြည့်စုံစေခြင်းဟူသော စွမ်းရည်သတ္တိထူးကို ရရှိပြီးဆိုပါက စစ်မှန်သော ဘာသာအယူဝါဒကို ရှာဖွေခြင်း၏အဓိပ္ပါယ်သည်လည်း ပြီးပြည့်စုံသွားပြီဟု ဆိုနိုင်ပေသည်။


ပစ္စုပ္ပန်ချမ်းသာ

သို့သော် မြတ်စွာဘုရားရှင်သည် လူသားတို့အား ဤမျှဖြင့် ကျေနပ်ရောင့်ရဲခြင်းကို လိုလားတော်မမူဘဲ တစ်ဆင့်တက်၍ ပွါးများရမည့်အရာများကို ဟောကြားတော်မူခဲ့ပါသည်။ ယင်းကား အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တ၀ါအားလုံးတို့ကို မိမိနှင့်အတူပြု၍ ပြန့်ပြောသော၊ မြင့်မြတ်သော၊ အတိုင်းအရှည်မရှိသော၊ ရန်မရှိသော၊ ကြောင့်ကြခြင်းမရှိသော စိတ်ဖြင့် ပွါးများနေထိုင်ရမည့် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ တည်းဟူသော ဗြဟ္မ၀ိဟာရတရားများပင် ဖြစ်ပေသည်။

မြတ်စွာဘုရားရှင် ဟောကြားတော်မူသော ပိဋကသုံးပုံ၊ နိကာယ်ငါးရပ်တို့တွင် ဤကေသမုတ္တိသုတ်(သို့မဟုတ်)ကာလာမသုတ်သည်ကား သုတ္တန်ပိဋက၊ အဂုင်္တ္တရနိကာယ်၊ တိကနိပါတ်၌ ပါရှိသောသုတ်တော် ဖြစ်ပေသည်။ မျက်မှောက်ခေတ်၌ မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့် ကျော်ကြားသောဒေသနာတော်အများအပြားရှိရာတွင် ဓမ္မစက္ကပ၀တ္တနသုတ်၊ အနတ္တလက္ခဏသုတ်၊ မဟာသတိပဌာနသုတ်၊ ဓမ္မပဒ၊ အဘိဓမ္မာနှင့် ကေသမုတ္တိသုတ်(ကာလာမသုတ်)တော်တို့သည် အထူးထင်ရှားလေသည်။

ထို့တွင် ဓမ္မစကြာတရားတော်၌ သစ္စာလေးပါးကို အဓိကထား၍ ဟောကြားထားသည်။ အနတ္တလက္ခဏသုတ်သည် လောက၌ မြဲသော အတ္တဟူ၍မရှိ။ မမြဲသော အနတ္တတရားများသာ ရှိသည်ဟု အတ္တကိုပယ်သော ဒေသနာဖြစ်သည်။ မဟာသတိပဌာနသုတ်သည် သစ္စာလေးပါးကို ရရှိရန် ကျင့်စဉ်နည်းလမ်းများကို ညွန်ကြားထားသောသုတ်တော်ဖြစ်သည်။ သစ္စာလေးပါးကို သိရှိရန် ဤမဟာသတိပဌာနသုတ်လာ ကျင့်နည်းများမှတစ်ပါး အခြားမရှိချေ။ ထို့ကြောင့် သတိပဌာန်ကျင့်စဉ်ကို ဧကာယနမဂ္ဂေါ-တစ်ကြောင်းတည်းသောလမ်း-ဟု ဆိုခြင်း ဖြစ်သည်။ ဓမ္မပဒမှာမူ စိတ်၏သဘာဝ၊ ကုသိုလ်အကုသိုလ်တို့၏အကျိုးအပြစ်၊ ပညာရှိနှင့်သူမိုက်တို့၏ကွဲပြားမှု၊ သမဏ ဗြဟ္မဏတို့၏အဓိပ္ပါယ် စသည်တို့ကို ပြဆိုထားသည်။ အဘိဓမ္မာသည် စိတ်,စေတသိက်, ရုပ်, နိဗ္ဗာန် ဟူသော ပရမတ္ထတရားလေးပါးတို့၏ သဘောအဓိပ္ပါယ်များကို ဖွင့်ဆိုထားသည်။ သို့ဖြစ်၍ အထက်ပါ ဒေသနာတော်များသည် သစ္စာလေးပါးကို မျက်မှောက်ပြုရန် တစ်နည်းမဟုတ် တစ်နည်းအားဖြင့် အထောက်အပံ့ ပြုနေပါသည်။

သို့သော် ယင်တို့နှင့်မတူ တစ်မူထူးခြားသော ဒေသနာတော်သည်ကား ဤကေသမုတ္တိသုတ်ဒေသနာတော်ပင် ဖြစ်ပေသည်။ မှန်၏။ ဤသုတ်တော်သည် အထက်ပါဒေသနာများကဲ့သို့ သစ္စာလေးပါးအနားသို့ ချဉ်းကပ်ရန် မစွမ်းနိုင်သေးဘဲ အကုသိုလ်ဖြစ်သော- အပြစ်ရှိသော-ပညာရှိတို့ကဲ့ရဲ့အပ်သော- စီးပွါးမဲ့ရန်ဖြစ်သော-ဆင်းရဲရန်ဖြစ်သော လောဘ,ဒေါသ, မောဟ- တရားတို့နှင့် ကုသိုလ်ဖြစ်သော- အပြစ်ကင်းသော- ပညာရှိတို့ ချီးမွမ်းအပ်သော-အစီးအပွါးရှိခြင်းငှါဖြစ်သော-ချမ်းသာခြင်းငှါဖြစ်သော အလောဘ, အဒေါသ, အမောဟ-တရားတို့၏ ကွဲပြားသောရလဒ်ကို ထုတ်ဖော်ပြသည့် အောက်ခြေအဆင့်မျှသာ ရှိပေသေးသည်။ သို့သော် ဗြဟ္မစိုရ်တရားလေးပါးတို့ဖြင့် ယခုမျက်မှောက်ဘ၀၌ ကျင့်သုံးနေထိုင်ရန် ဟောကြားထားသဖြင့် လောကီချမ်းသာနှင့်စပ်၍ကား အထွတ်အထိပ်သို့ ပို့ဆောင်ပေးထားသည်ဟု ဆိုနိုင်ပေသည်။ သို့ဖြစ်၍ ဤသုတ်တော်၏ထူးခြားချက်သည် မဂ်ချမ်းသာ , ဖိုလ်ချမ်းသာ, နောင်တမလွန်ချမ်းသာတို့ထက် ယခုပစ္စပ္ပန် မျက်မှောက်ဘ၀၌ ထောက်တည်ရာ၊ ရပ်နားရာ၊ သက်သာရာ၊ ချမ်းသာရာကို ပေးသော အချက်ပင်ဖြစ်ပေသည်။

ဤသို့ဖြင့် ပယ်ရမည့်တရားများ၊ ပြည့်စုံရမည့်တရားများ၊ ထိန်းသိမ်းတည်ထားရမည့်တရားများဟု သုံးပိုင်းခွဲထားသည်။ ဖော်ပြပါ အချက်သုံးချက်သည်လည်း မြတ်စွာဘုရားရှင်တို့ မိန့်ကြားတော်မူသော အဆုံးအမဖြစ်သည့် “အလုံးစုံသော အကုသိုလ်တို့ကို မပြုလုပ်ရ၊ ကုသိုလ်မှန်သမျှကို ပြုလုပ်ရမည်။ မိမိစိတ်ကို ဖြူစင်အောင်ထားပါ” ဟူသော ဒေသနာတော်တွင် အကြုံးဝင်လျက် ရှိပေသည်။ သို့ဖြစ်၍ ဤသုတ်တော်လာ အနှစ်ချုပ်သည် အကုသိုလ်များကိုပယ်၍ ကုသိုလ်များကို ပြည့်စုံစေကာ ဗြဟ္မစိုရ်တရားတော်နှင့်အညီ ကျင့်သုံးနေထိုင်စေခြင်းပင် ဖြစ်ပေတော့သည်။

ယင်းသို့ ကျင့်သုံးနေထိုင်သွားပါက လူသားတို့ တွေးခေါ်နေသော တမလွန်ဘ၀ရှိခြင်း-မရှိခြင်း၊ ကုသိုလ်အကုသိုလ်တို့၏အကျိုးရင်းအကျိုးဆက်ရှိခြင်း-မရှိခြင်း၊ မကောင်းမှုပြုသော်လည်း ပြုသည် မည်ခြင်း-မမည်ခြင်းတို့သည် အရေးမကြီးတော့ပေ။ အဘယ်ကြောင့်ဆိုသော် မျက်မှောက်ဘ၀၌ စစ်မှန်သော ချမ်းသာကို တွေ့ရှိနေပြီး ဖြစ်သောကြောင့်ပေတည်း။


သုတ်တော်ဖွဲ့စည်းထားပုံ

“ကေသမုတ္တိသုတ်တော် လေ့လာချက်” ဟူသော ခေါင်းစဉ်၏အောက်ဝယ် အခန်းကြီး (၅)ခန်းခွဲ၍ အခန်းငယ်များဖြင့် တန်ဆာဆင်ကာ အောက်ပါအတိုင်း ဖွဲ့စည်းတည်ဆောက်ထားသည်။

အခန်း ၁- ၌ ကာလာမမင်းသားတို့နှင့်ဆက်စပ်နေသော အယူဝါဒများ၊ မြတ်ဗုဒ္ဓ၏၀ါဒနှင့်ပတ်သက်သော မှတ်ချက်များ၊ အယူဝါဒအပေါ် သံသယနှင့်စပ်သော မေးခွန်းများ၊ လူသားတို့အား ယုံကြည်မှုကို ပေးနိုင်သူတို့၏အရည်အသွေးများ စသည်တို့ကို ဖော်ပြထားသည်။

အခန်း ၂- ၌ -

ချက်ချင်းလက်ခံအတည်မပြုသင့်သော ပထမအချက်တွင် စကားနှင့်ဆပ်စပ်၍ သိမှတ်ဖွယ်ရာများ၊ တစ်ဆင့်ကြားစကားများ၏ မှန်ကန်မှုနှင့် လွဲမှားမှုများ စသည်တို့ကို ဖော်ပြထားသည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော ဒုတိယအချက်တွင် ပရမ္ပအမျိုးအစားများ၊ အစဉ်အလာနှင့်စပ်သော သိမှတ်ဖွယ်ရာများ စသည်တို့ကို ဖော်ပြထားသည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော တတိယအချက်တွင် ဣတိဟာသ၊ ဣတိကိရ၊ ကောလာဟလနှင့်စပ်၍ သိမှတ်ဖွယ်ရာများ၊ ယင်းတို့နှင့်စပ်သော ပိဋကတ်တော်မှ သိမှတ်ဖွယ်ရာများ စသည်တို့ကို ဖော်ပြထားသည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော စတုတ္ထအချက်တွင် ပိဋက-နှင့်စပ်၍ ဤ၌ ယူရမည့်အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ထေရ၀ါဒနှင့် မဟာယာနတို့၏ကွဲပြားမှုများ၊ မြတ်ဗုဒ္ဓ၏ဓမ္မ၀ိနယအပေါ် အမြင်များ စသည်တို့ကို အကျယ်တ၀င့် ဖော်ပြထားသည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော ပဉ္စမအချက်တွင် တက္က၏သဘောများ၊ ဘုရားရှင်တို့၏သဗ္ဗညုတညဏ်ကို ၀န်ခံခြင်းတို့သည် ယင်းတက္ကမှအပဖြစ်ကြောင်းများ စသည်တို့ကို ဖော်ပြထားသည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော ဆဋ္ဌမအချက်တွင် တက္ကနှင့်နယတို့၏ အယူအဆမတူပုံများ၊ နယဟေတုတွင် ပါဝင်နိုင်သည့် ပိဋကတ်တော်မှ သိမှတ်ဖွယ်ရာများ စသည်တို့ကို ဖော်ပြထားသည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော သတ္တမအချက်တွင် အထောက်အထား ကိုးကားတတ်သော လူ့သဘာဝများ၊ အထောက်အထား အကိုးအကားများ စသည်တို့ကို ဖော်ပြထားသည်။
အထူးအားဖြင့် ဒိဋ္ဌိ ၆၂-ပါးကို တက္ကဟေတု၊ နယဟေတု၊ အကာရပရိဝိတက္က ၃- မျိုးတို့တွင် သွင်း၍ ဤ၌ ဖော်ပြထားခြင်းပင် ဖြစ်သည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော အဋ္ဌမအချက်တွင် ၀ါဒတစ်ခုနှင့်တစ်ခု အယူအဆတိုက်ဆိုင်တတ်ပုံ၊ သို့သော် အသွင်သဏ္ဍန်အားဖြင့်သာ တူပြီး အနှစ်သာရအားဖြင့် ကွဲပြားပုံများ စသည်တို့ကို ဖော်ပြထားသည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော န၀မအချက်တွင် ကျော်ကြားခြင်းကို လူသားတို့ လိုလားနှစ်သက်တတ်ပုံ၊ ကျော်ကြားခြင်းကြောင့် ကိုးကွယ်ခံပုဂ္ဂိုလ်များ ဖြစ်လာနိုင်ပုံ၊ ကိုးကွယ်မှုမှားယွင်းပါက ရရှိလာမည့် အကျိုးဆက်များ၊ ကိုးကွယ်ထိုက်သော ပုဂ္ဂိုလ်တို့၌ ရှိရမည့်အရည်အသွေးများ စသည်တို့ကို ဖော်ပြထားသည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော ဒသမအချက်တွင် လူသားတို့အဖို့ ဆရာကို ရှာမှီးရန်လိုအပ်ပုံ၊ ဗုဒ္ဓမြတ်စွာတို့ပင် ဆရာနှင့်မကင်းကွာပုံ၊ ဆရာကိုးကွယ် မှားယွင်းပါက ဘ၀သံသရာတစ်လျှောက်လုံး ဆင်းရဲဒုက္ခရောက်တတ်ပုံများ စသည်တို့ကို ဖော်ပြထားသည်။

အခန်း ၃- ၌ ပယ်စွန့်ရမည့် လောဘ, ဒေါသ, မောဟ - တရားများ၊ ပြည့်စုံရမည့် အလောဘ, အဒေါသ, အမောဟ- တရားများ စသည်ဖြင့် စံ (သို့မဟုတ်) မှတ်ကျောက်များကို ဖော်ပြထားသည်။

အခန်း ၄- ၌ တစ်ဆင့်တက်၍ ပွါးများရမည့် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ- တရားများ စသည်တို့ကို ဖော်ပြထားသည်။

အခန်း ၅- ၌ တမလွန်ဘ၀ ရှိ, မရှိ၊ ကုသိုလ်,အကုသိုလ်တို့၏ အကျိုးရင်းအကျိုးဆက် ရှိ, မရှိ၊ ကုသိုလ်ပြုသော်လည်း ပြုသည် မည်, မမည်နှင့်စပ်သော သိမှတ်ဖွယ်ရာများ စသည်တို့ကို အကျယ်တ၀င့် ဖော်ပြထားသည်။


အဖြေထုတ်ပြီးသောသုတ်

ရှေးသရောအခါ ခရီးသွားနှစ်ယောက်သည် လမ်းခရီးတစ်ခု၌ မြက်ပုံနှစ်ပုံကို တွေ့မြင်ကြ၏။ ထိုအခါ သူတို့နှစ်ယောက်လုံးသည် တစ်ယောက်တစ်ပုံစီဖြင့် မြက်ပုံကို ကောက်ယူသွားကြသည်။ ထို့နောက် ခရီးအတန်ငယ်သွားပြီးသောအခါ လမ်းတွင် ၀ါဂွမ်းနှစ်ပုံကို တွေ့ကြပြန်သည်။ ဤ၌ ခရီးသွားနှစ်ယောက်လုံး လုပ်သင့်လုပ်ထိုက်သော အလုပ်ကား မြက်ပုံများကို ထားခဲ့ပြီး ၀ါဂွမ်းပုံများကို ယူဆောင်သွားရန်သာ ဖြစ်သည်။ သို့သော် ခရီးသွားနှစ်ဦးအနက် တစ်ဦးက မြက်ပုံကိုပင် ဆက်လက်၍ သယ်ဆောင်လာခဲ့ပြီး ဒုတိယတစ်ဦးကမူ မြက်ပုံကို ချထားခဲ့ကာ ၀ါဂွမ်းပုံကို သယ်ဆောင်သွားခဲ့သည်။ ဤသို့ဖြင့် သူတို့သည် ရှေ့သို့ ခရီးဆက်ခဲ့ရာ တစ်ခုသောနေရာ၌ သိုးမွေးနှစ်ပုံကို တွေ့ကြပြန်သည်။ ထို့တွင် ပထမတစ်ဦးသည် အထက်ပါနည်းတူ မိမိသယ်ဆောင်လာခဲ့သောမြက်ပုံကိုပင် တစ်ဖန်ဆက်လက်၍ သယ်ဆောင်လာခဲ့ပြန်သည်။ သို့သော် ဒုတိယတစ်ဦးကမူကား အသစ်တွေ့ရှိသော သိုးမွေးပုံကို ပြောင်းလဲ၍ သယ်ဆောင်သွားခဲ့သည်။

ဤ၌ ပထမတစ်ဦးသည် အသစ်အသစ်တွေ့ရှိသော ၀ါဂွမ်းပုံ၊ သိုးမွေးပုံတို့ကို မြက်ပုံနှင့်မလဲဘဲ မိမိ၌ ရှိရင်းစွဲဖြစ်သည့် မြက်ပုံကိုပင် ဆက်လက်၍ သယ်ဆောင်သွားခဲ့သည်။ သို့သော် ဒုတိယတစ်ဦးကမူ ပစ္စည်းဝတ္ထုတစ်ခု၏တန်ဖိုးကို အကဲဖြတ်တတ်သည်။ တိုးတက်ဆန်းသစ်သော ခေတ်အမြင်ရှိသည်။ အဟောင်းကို ဖက်တွယ်ထားလိုက်စိတ်မရှိပေ။ ထို့ကြောင့် အသစ်အသစ်တွေ့ရှိသော တစ်ခုထက်တစ်ခု တန်ဖိုးမြင့်သည့် အရာဝတ္ထုများကိုသာ တစ်ခုပြီးတစ်ခု ပြောင်းလဲ၍ သယ်ဆောင်သွားခဲ့၏။
ဤကား ရှေးဟောင်းအယူအဆ ရှေးဟောင်းအတွေးအခေါ်များကို ဖက်တွယ်ထားသူနှင့် အသစ်အသစ်ပြောင်းလဲတိုးတက်လာသော အယူအဆအတွေးအခေါ်တို့ကို တစ်ခုပြီးတစ်ခု လက်ခံသောသူနှစ်ဦးတို့၏ ခြားနားချက် ဖြစ်သည်။

သို့ဖြစ်၍ ယနေ့တိုင်အောင် “ဓမ္မ”ဟူ၍ ယူဆထင်မှတ်ခဲ့သော အရာဝတ္ထုများသည် ဤသုတ်မှ ပေးလာသော စူးစမ်းဆင်ခြင်တတ်သည့် အတွေးအခေါ်များကြောင့် ယနေ့မျက်မှောက်၌ “အဓမ္မ”ဖြစ်မည်ဆိုပါက ဖြစ်သွားနိုင်သည်။ ထို့အတူ “အမှန် (သို့မဟုတ်)အကောင်း”ဟူ၍ ထင်မှတ်ယူဆလာခဲ့သော အရာဝတ္ထုတို့သည် ဤသုတ်မှ ဖွင့်ပေးသည့် ညဏ်အလင်းကြောင့် ပစ္စပ္ပုန်အခြေအနေ၌ “အမှား (သို့မဟုတ်) အဆိုး” သို့ သက်ဆင်းလိုက သက်ဆင်းသွားနိုင်သည်။
သို့ဆိုလျင် မြက်ပုံကို ထမ်းပိုးသယ်ဆောင်သွားမည်လား? (သို့မဟုတ်) ၀ါဂွမ်းပုံ၊ ထိုမှ တစ်ဆင့်တက်လျင် သိုးမွေးပုံကို ထမ်းပိုးသယ်ဆောင်သွားမည်လား ? ဤသုတ်သည် ယင်းအမေးအတွက် အဖြေထုတ်ပြီးဖြစ်ကြောင်း အောက်ပါအကျိုးကျေးဇူးများက သက်သေခံပေလိမ့်မည်။


အကျိုးကျေးဇူး

ဤသုတ်ကို လေ့လာခြင်းအားဖြင့် လူသားတို့ လိုလားမှုမရှိသော အကြောက်တရားများကို တွန်းလှန်နိုင်မည်။ ယုံမှားခြင်း၏နောက်ကွယ်၌ ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ကြိုတင်လက်ဦးမှုရယူကာ လက်ခံ, လက်မခံအားဖြင့် ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်မည်။ ကိုးကွယ်ခြင်းကြောင့် ဖြစ်ပေါ်လာမည့်ဘေးမှ ကာကွယ်နိုင်မည်။ စစ်မှန်သော ကိုးကွယ်ရာကို သိရှိလာမည်။ ယင်းစစ်မှန်သော ဘာသာတရား၏အသွင်နှင့်အနှစ်သာရတို့ကို ခွဲခြားတတ်လာမည်။ ဘာသာတရားတိုင်းအပေါ် သဘောထားအမြင် ကြီးမားတတ်လာမည်။ အရာရာနှစ်စပ်၍ အစွန်းရောက်ဝါဒီအဖြစ်မှ ကင်းလွတ်မည်။ ဥပါဒါန်တရားတို့ဖြင့် နှောင်ဖွဲ့ခံရခြင်းမှ တစ်ခုသော အတိုင်းအတာထိ ကင်းလွတ်မည်။ အရာရာတိုင်းအပေါ် စူးစမ်းဆင်ခြင်တတ်လာပြီး ယင်းစူးစမ်းဆင်ခြင်ခြင်း၏နောက်၌ အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုးတို့ကို ခွဲခြားတတ်လာမည်။ အတွေးအခေါ်အယူအဆအဟောင်းများ၏နေရာတွင် အတွေးအခေါ်အသစ်များဖြင့် ရဲရဲဝံ့ဝံ့ အစားထိုးကာ ဘ၀သစ်ကို ဖြတ်သန်းနိုင်လာမည်။

အသက်ရှင်နေထိုင်သော လူ့ဘ၀၏ရည်ရွယ်ချက်ကို နားလည်လာမည်။ သိပ္ပံပညာ၏တိုးတက်မှုအပေါ် ဘာသာတရားနှင့်သဟဇာတဖြစ်အောင် ဆက်စပ်ပေးတတ်လာမည်။ တမလွန်ဘ၀ ရှိ, မရှိ၊ ကုသိုလ် အကုသိုလ်တို့၏ အကျိုးရင်း အကျိုးဆက် ရှိ, မရှိ ၊ မကောင်းမှုပြုသော်လည်း ပြည်သည် မည်, မမည်တို့ကို ကွဲပြားစွာ သိရှိလာမည်။ အတုအစစ်တို့ဖြင့် ရောပြွမ်းလျက်ရှိသော မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာတို့၏ သဘောသဘာဝကို နားလည်လာပြီး သတ္တ၀ါတိုင်းအပေါ် ငဲ့ညှာတတ်၊ ချစ်တတ်၊ ၀မ်းမြောက်တတ်၊ လျစ်လျူရှု့တတ်လာမည်။ စစ်မှန်သော ဘာသာတရားဟူသည် ပစ္စုပ္ပန်ကောင်းစားရေးကို ဦးတည်ခြင်းဖြင့် အနာဂတ်အတွက်လည်း အလိုလို ပြီးပြည့်စုံပြီးဖြစ်ကြောင်း သဘောပေါက်လက်ခံလာမည်။ အဆုံးစွန်အားဖြင့် မဂ်,ဖိုလ်,နိဗ္ဗာန်တိုင်အောင် ဤသုတ်တော်က ပို့ဆောင်နိုင်စွမ်းရှိလိမ့်မည်။


(မှတ်ချက်။ ။ ကေသမုတ္တိသုတ်တော် လေ့လာချက်ကျမ်းမှ နိဒါန်းကို ကူးယူဖော်ပြသည်။)

Sunday, October 17, 2010

ကာလာမသုတ်တော်နှင့် ကျိုးကြောင်းဆက်စပ်သော ချဉ်းကပ်မှု



ပါဠိကျမ်းဂန်များအလိုအရ သဗ္ဗညုတညဏ်ကို ရှာဖွေရာမှာ ဘုရားလောင်းဟာ စည်းကမ်းတင်းကြပ်ပြီး ခြိုးခြံတဲ့ ကျင့်စဉ်ရဲ့ပုံစံအားလုံးကို စွန့်လွှတ်ခဲ့ပါတယ်။ အကြောင်းကတော့ ခြောက်နှစ်ကြာ အဲဒီကျင့်စဉ်များ နောက်သို့ လိုက်ပါခဲ့ပြီး ဖြစ်ပါတယ်။ သူရဲ့ရည်မှန်းချက်ကို အောင်မြင်စေနိုင်တဲ့ နည်းပညာများ နည်းစနစ်များကို သူကိုယ်တိုင်က တွေးခေါ်စဉ်းစားချင့်ချိန်ခဲ့ပါတယ်။ သူကိုယ်တိုင်က အကျိုးသင့် အကြောင်းသင့် တွေးခေါ်ခြင်းဖြင့် နောက်ဆုံးမှာတော့ မြတ်ဗုဒ္ဓအဖြစ် အိန္ဒိယနိုင်ငံ ဗောဓိပင်ရဲ့ ခြေရင်းမှာ တရားထူးကို ရရှိခဲ့ပါတယ်။

ဒီနည်းလမ်းဖြင့် ကျွမ်းကျင်ပိုင်နိုင်မှုကို ရရှိပြီးတဲ့နောက် ယခုဘ၀မှာ အောင်မြင်သော နေထိုင်ခြင်းနဲ့ နောင်ဘ၀မှာ အကောင်းဆုံးဘ၀ကိုရရှိမှုအတွက် တစ်ဦးတစ်ယောက်ဟာ ဘယ်လိုမှ အရေးမကြီးဘဲ တန်ဖိုးမဲ့ ဟောင်းနွမ်းနေတဲ့ ဘာသာရေးအစဉ်အလာများနဲ့ အဆိုးမြင်ယုံကြည်မှုများကို ဘယ်လို ပယ်နှုတ်သင့်တယ် ဆိုတာကို မြတ်ဗုဒ္ဓက ညွန်ပြခဲ့ပါတယ်။ တစ်ဖက်တွင် ခြားနားတဲ့ဘာသာရေးအမြင်များကို ဆုပ်ကိုင်ထားတဲ့ လူအများဟာ အငြင်းပွါးဖွယ်ဖြစ်တဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ ဘာသာရေးဆိုင်ရာ ပြဿနာများနဲ့ပတ်သက်လို့ အငြင်းပွါးခြင်းဖြင့် စိတ်ပါဝင်စားတဲ့အလေ့အကျင့်များ ဖြစ်ပွါးနေတဲ့အချိန် ဖြစ်ပါတယ်။ အခြားတစ်ဖက်တွင်မူ အယူသီးအစွဲအလမ်းကြီးတဲ့ ယုံကြည်မှုများဟာ ရိုးရာဓလေ့ အစဉ်အလာများဖြင့် ပြည့်နှက်နေပါတယ်။

လူအများစုဟာ ကွဲပြားတဲ့ အမြင်များကြားထဲ ဘယ်အရာကမှန်ကန်တယ်ဆိုတာကို မခွဲခြားနိုင်၊ ရွေးမထုတ်နိုင်တဲ့ အခြေအနေမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ အဲဒီအမြင်များဟာ ရှေ့ဦးအစဖြစ်ခြင်း၊ တူညီတဲ့ အလေးထားမှုကို ဖော်ထုတ်တင်ပြခြင်း၊ သက်ဆိုင်ရာ ဘာသာရေးယုံကြည်မှုများနဲ့ပတ်သက်လို့ ထောက်ခံ အားပေးသူများက အပြောအဟောကောင်းခြင်းများကြောင့် ဖြစ်ပါတယ်။ အဆင့်အတန်းမြင့်မားတဲ့ ဂုဏ်သရေရှိ ဟောကြားသူများနဲ့ သူတို့အထဲက အချို့ဟာ လေးစားဖွယ်ကောင်းတဲ့ မိသားစုများမှ ဖြစ်ပါတယ်။ သူတို့အထဲမှ အချို့က အတွေးအခေါ်ဆိုင်ရာ အဆိုပြုချက်များကို ထုတ်ဖော်တင်ပြပါတယ်။ အခြားသူများနဲ့ဆန့်ကျင်နေပေမဲ့ ယုတ္တိဗေဒအရ ကြောင်းကျိုးခိုင်လုံပြီး သဘောတရားအရ အခြေအမြစ် ရှိသည်များ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓဟာ အဲဒီအမြင်များကို ကိုယ်ကျင့်တရားမြေပြင်ပေါ်မှာ အကြောင်းအကျိုးအရ တန်ဖိုးဖြတ်စေချင်ပါတယ်။ မြတ်ဗုဒ္ဓခေတ်တွေ့ရတဲ့ ဤကဲ့သို့ အတွေးအခေါ်ပိုင်းဆိုင်ရာ အယူအဆများကို ၆၂-ခုထက် မနည်း မှတ်တမ်းတစ်ခုဖြင့် ဗြဟ္မဇာလသုတ်မှာ ခင်းကျင်းထားခဲ့ပါတယ်။

တစ်ခါတုန်းက မြတ်ဗုဒ္ဓဟာ ကာလာမအမျိုးအနွယ်များ နေထိုင်တဲ့ အိန္ဒိယမြောက်ပိုင်းရှိမြို့တစ်မြို့ ကေသပုတ္တသို့ ဒေသစာရီလှည့်လှည်ခဲ့ပါတယ်။ သူတို့ဟာ မြတ်ဗုဒ္ဓ အဲဒီမြို့သို့ရောက်လာတယ်ဆိုတာကို သိလာတဲ့အခါ မြတ်ဗုဒ္ဓထံ ၀ိုင်းအုံကြပြီး သူတို့ရဲ့မြို့ဟာ ဘာသာရေးအငြင်းပွါးတဲ့ ဒုစရိုက်နယ်ပယ်တစ်ခု ဖြစ်လာတယ်ဆိုတာကို ပြောဆိုကြပါတယ်။ ရှေးကတည်းက အပြောင်းအလဲရဲ့ရည်ရွယ်ချက်နဲ့ အဲဒီနေရာသို့ ခရီးလှည့်လှည်လာတဲ့ ဘာသာရေးငြင်းခုံသူများဟာ အပြင်ပန်းအရ ယုတ္တိဆန်တဲ့ အကြောင်းအကျိုးဆိုင်ရာ အခြေခံအပေါ်မှာ သူတို့ရဲ့အမြင်များကို ထုတ်ဖော်ကြေငြာခဲ့ကြပါတယ်။

ဗုဒ္ဓမတိုင်မီ အိန္ဒိယအတွေးအခေါ်ဆရာများဟာ အဓိကအားဖြင့် အပြန်အလှန်ပါဝင်တဲ့ အဆင့်အတန်း သုံးမျိုးမှာ အကျုံးဝင်ပါတယ်။ အဲဒါတွေကတော့ -
(၁) အတွေးသစ် အမြင်သစ်ကို ဖွင့်ဟပေးခြင်းနှင့်ပတ်သက်၍ ကျမ်းဂန်ဆိုင်ရာ ရိုးရာအစဉ်အလာတွင် ယုံကြည်သော ရိုးရာ အစဉ်အလာသမာများ သို့မဟုတ် သိုသိပ်ထားချက်များကို လူသိအောင် ထုတ်ဖော်သူများ(The Traditionalists or revelationists)၊
(၂) အကျိုးသင့်အကြောင်းသင့် စဉ်းစားနှိုင်းချိန်ခြင်းနှင့် မှန်းဆထင်မြင်ချက်မှ အသိပညာကို အခိုင်အမာဆိုသော ဆင်ခြင်မှုကိုဦးစားပေးသူများနှင့် ရုပ်လွန်ပညာသမားများ(The Rationalists and Metaphysicians)၊
(၃) မြင်သာသော ပုဂ္ဂိုလ်ရေးဆိုင်ရာ အသိပညာနှင့် ကွဲပြားခြားနားသော အတိုင်းအတာများနှင့်ပတ်သက်၍ အတွေ့အကြုံများအပေါ် တည်မှီသော အတွေ့အကြုံသမားများ (The Experientialists) ပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် သူတို့ရှေ့မှောက်မှာ ထုတ်ဖော်ကြေငြာထားပြီးတဲ့ ကွဲလွဲတဲ့အမြင်များကြားထဲ အမှန်တရားနဲ့ ပက်သတ်လို့ စိတ်ရှုပ်ထွေးနေတဲ့ ကာလာမများဟာ မြတ်ဗုဒ္ဓရဲ့ရှေ့မှောက်မှာ သူတို့ရဲ့အကြွင်းမဲ့မကျေနပ်ချက်များကို ဖွင့်ဟခဲ့ကြပါတယ်။ သူတို့ရှေ့မှောက်မှ အဲဒီအတွေးအခေါ်အမျိုးမျိုးရဲ့အမြင်များကြောင့် သူတို့ရပ်တည်သင့်တဲ့ စံမှတ်ကျောက်နဲ့ ပတ်သက်လို့ ယုံကြည်လောက်တဲ့ တစ်ယောက်ယောက်ကို တွေ့ရဖို့ သူတို့ဟာ မြတ်ဗုဒ္ဓကို မေးမြန်းခဲ့ပါတယ်။

ဒီကိစ္စနှင့်ပတ်သက်လို့ ကာလာမများကိုဟောကြားတဲ့အခါ မြတ်ဗုဒ္ဓက အချို့ အခြေခံကျတဲ့ အခွင့်အရေးများနဲ့ အမှန်တရားကိုရှာဖွေသူများအတွက် အခွင့်ကောင်းများကိုအာမခံတဲ့ ကာလာမသုတ်တော်ကို ဟောကြားခဲ့ပါတယ်။ အဲဒါတွေဟာ လက်တွေ့ကျတဲ့ စုံစမ်းမှုနယ်ပယ်မှာ မှတ်သားဖွယ်ကောင်းတဲ့ အဖြစ်အပျက်များ ဖြစ်ပါတယ်။ လူသားသမိုင်းမှာ ပထမဆုံးအကြိမ်အတွက် အတည်ပြုစိစစ်ထားတဲ့အဆိုပြုချက်က ချည်နှောင်ထားခြင်းမရှိဘဲ လွတ်လွတ်လပ်လပ်တွေးခေါ်ရန် မြတ်ဗုဒ္ဓဟာ လမ်းခင်းပေးထားပါတယ်။ တစ်ဦးတစ်ယောက်ဟာ တရားသေလက်ခံထားတဲ့ ၀ါဒ ဒါမှမဟုတ် အမြင်အမျိုးမျိုးအပေါ် မလိုက်နာဖို့နဲ့ အဲဒါတွေဟာ အကြောင်းတရားအချို့နဲ့အခြားအရာများအတွက် မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်း ဆင်းသက်လာခြင်းကြောင့် ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက လိုက်နာကျင့်သုံးဖို့အတွက် ကောင်းမှုကုသိုလ် ဖြစ်တဲ့အရာကို ရှာဖွေဖို့နဲ့ ကိုယ်ကိုယ်တိုင် ဝေဖန်ဆန်းစစ်တတ်တဲ့စွမ်းရည်ကို အသုံးပြုသင့်တယ်ဆိုတဲ့ အချက်ကို ဒီသုတ်တော်မှာ အထူးပြုထားပါတယ်။

Friday, October 8, 2010

ဗုဒ္ဓ၀ါဒရှု့ထောင့်မှ လူ့ သဘာဝနှင့်ပဋိပက္ခ (၆)



(၄) ပဋိပက္ခသည် ပထမသင်္ဂါယနာတင်ခြင်းဆီသို့ ဦးတည်သည်။

ပဋိပက္ခဟာ မြတ်ဗုဒ္ဓကျမ်းစာများအတွက် ပထမသင်္ဂါယနာတင်ခြင်းဆီသို့ ဦးတည်ပါတယ်။ ပြီးနောက် သင်္ဂါယနာတင်ခြင်းဆီသို့ လွှမ်းမိုးမှုတစ်ခု ရှိပါတယ်။ သည်ပြဿနာကို ထည့်သွင်းစဉ်းစားရာတွင် အောက်ပါ မေးခွန်းများကို ဖြေကြားရန် အရေ့းကြီးပါတယ်။

(က) မြတ်ဘုရား ပရိနိဗ္ဗာန်စံပြီးနောက် သုံးလအကြာ မြတ်ဗုဒ္ဓ၏ဒေသနာတော်များ ပြဌာန်းရန်အလို့ငှါ ရဟန်းတော်များ ဘာ့ကြောင့် အစည်းအဝေးရှိခဲ့ပါသလဲ။

(ခ) “သင် မငိုသင့်ဘူး၊ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံခြင်းဟာ ကောင်းတယ်။ အကြောင်းက တစ်စုံတစ်ခုသော အရာဝတ္ထုဟာ မှားယွင်းတယ်။ တစ်စုံတစ်ခုသောအရာဝတ္ထုဟာ မှန်ကန်တယ်။ တစ်စုံတစ်ခုသော အရာဝတ္ထုကို ပြုလုပ်သင့်တယ်။ တစ်စုံတစ်ခုသောအရာဝတ္ထုကို မပြုလုပ်သင့်ဘူး” ဟု မြတ်ဗုဒ္ဓကို ဝေဖန်လျက် အရှင်သုဘဒ္ဒက ရဟန်းများသို့ ပြောဆိုခဲ့ပါတယ်။ အရှင်သုဘဒ္ဒရဲ့ဒီစကားကို အရှင်မဟာကဿပထေရ်က ကြားခဲ့ရပါတယ်။

ဒီအခါ “ မမှန်ကန်သော အရာဝတ္ထုများ ပျံ့နှံ့မှုမှ တားမြစ်ရန်၊ မှန်ကန်သောအရာဝတ္ထုများ ဆုတ်ယုတ်သွားခြင်းမှ တားမြစ်ရန် ၀ိနည်းကို ပြင်ဆင်တည်းဖြတ်သင့်တယ်” လို့ သူ့ကို စိုးရိမ်ပူပန်များ ဖြစ်စေခဲ့ပါတယ်။ အရှင်မဟာကဿပထေရ် ပြောသည်မှာ “ အ၀ိနယက ပျံ့နှံလိမ့်မယ်။ ၀ိနယက ပျောက်ကွယ်လိမ့်မယ်။ အဓမ္မ၀ါဒီက အာဏာပါဝါကို ရရှိလိမ့်မယ်။ ဓမ္မ၀ါဒီက သြဇာပါဝါ ဆုံးရှုံးလိမ့်မယ်။ အ၀ိနယက တိုးပွါးလာလိမ့်မယ်။ ၀ိနယက ဆုတ်ယုတ်သွားလိမ့်မယ်” ဆိုတာ ဖြစ်ပါတယ်။

အကြောင်းအကျိုးအရ အရှင်မဟာကဿပထေရ်ဟာ အရှင်သုဘဒ္ဒရဲ့စကားလုံးများကို တဖန် မှီငြမ်းကိုးကားခဲ့ပါတယ်။ သံဃာဟာ ရာဇဂြိုလ်မြို့အနီး၊ ဝေဘာရတောင်၊ သတ္တပဏိလိုဏ်ဂူမှာ မြတ်ဗုဒ္ဓ၏ဒေသနာတော်များကို တည်းဖြတ်သုတ်သင်ရန် စတင်ခဲ့ပါတယ်။ ဒါဟာ မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူပြီးနောက် သုံးလအကြာ ပထမဆုံးသင်္ဂါယနာကို ပြုလုပ်ခြင်းအကြောင်းအတွက် တကယ့်ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းချက် ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီကိစ္စမှာ ပထမဆုံးသင်္ဂါယနာအတွက် ပဋိပက္ခဟာ မရှိမဖြစ် လိုအပ်ခဲ့ပြီး အရေးပါတယ်ဆိုတာကို ထောက်ခံရန် ဖြစ်နိုင်ချေ ရှိပါတယ်။ သံဃာ့အုပ်စုတွင် ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခရဲ့အကြောင်းကို စုံစမ်းစစ်ဆေး မကြည့်လျင် အရှင်မဟာကဿပထေရ်အတွက် ပထမဆုံးသင်္ဂါယနာကို စတင်ဖို့ဆိုတာ ဖြစ်နိုင်ချေမရှိပါ။






(၅) ပဋိပက္ခသည် စီးပွါးရေးတိုးတက်မှုဆီသို့ ဦးတည်သည်။

ကူဋဒန္တသုတ်အလိုအရ ဘုရင်မဟာဝိဇိတဟာ ဥစ္စာရတနာများစွာ ပိုင်ဆိုင်ပြီး သူအသက်ရှိနေသမျှကာလပတ်လုံး အဲဒီအရာတွေကို ထိန်းသိမ်းထားချင်တယ်။ ဒါ့ကြောင့် သူ့အလိုအရ သူ့ကို အရာရာကို ပေးနိုင်သူများအဖြစ် ယုံကြည်ထားတဲ့တမန်များ ကျေနပ်စေဖို့ သူဟာ ယဇ်ပူဇော်မှုကို ပြုလုပ်ချင်ပါတယ်။

ဒီကိစ္စမှာ ဗြဟ္မဏဖြစ်တဲ့ ဘုရင်ရဲ့ပုဏားက ဒီလို အကြံပြုထားပါတယ်။ “သူတို့ရဲ့လိုအပ်ချက်များကို နားမလည်ခဲ့လျင်တောင် ဘုရင်ရဲ့နှလုံးသားဟာ သူ့တိုင်းသူပြည်သားများပဲ ဖြစ်ပါတယ်။” ဒါ့ကြောင့် သူတို့အထဲမှ အချို့က သူ့ကို သဘောမတူကြောင်းဆန့်ကျင်ကန့်ကွက်လိမ့်မယ်။ သူ့ပိုင်ဆိုင်မှုများကို ဖျက်ဆီးလိမ့်မယ်-ဆိုတာ ဖြစ်နိုင်ချေ ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဘုရင်ရဲ့အကြံပေးပုဂ္ဂိုလ်က “ငါတို့တိုင်းပြည်မှာ ငါတို့ကို နှိပ်စက်ငြှင်းပန်းတဲ့ ရန်သူများနဲ့ တို့အိမ် တို့ရွာ တို့မြို့မှာ ခိုးသူများ ရှိပါတယ်။ သင်ဟာ ဘုရင်တစ်ဦးအနေနဲ့ တလေးတစားပြုမူ ဆောင်ရွက်လျင် ဤအရာဟာ မှန်ကန်တဲ့အရာကို ပြုလုပ်တာမည်ပါတယ်” ဆိုတာကို ပြောပါတယ်။ ဒီအပြင် ဘုရင်ရဲ့အကြံပေးက ဘ၀င်ကျလောက်အောင် ဆွေးနွေးခဲ့ပါတယ်။ “သတ်ခြင်း၊ အကျဉ်းချခြင်း၊ ဒဏ်တပ်ခြင်း၊ အပြစ်ပေးခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်းဖြင့် ခိုးသူကဲ့သို့သော ရန်သူများကို နှိမ်နှင်းခြင်းဟာ ခိုးသူများကို အမှန်တကယ် အမြစ်ပြတ် ပယ်သတ်ခြင်းမဟုတ်။ အကြောင်းက အဖမ်းမခံရတဲ့ ကြွင်းကျန်တဲ့ ခိုးသူများဟာ ဆက်လက် ပြုမူပါလိမ့်မယ်။”

အခြားနည်းလမ်းဖြင့် ဘုရင်ရဲ့အကြံပေးက စီမံခန့်ခွဲရေးဆိုင်ရာနည်းပညာနှင့် စီးပွါးဆိုင်ရာ တိုးတက်မှုများရဲ့ ဖြစ်စဉ်များကို အကြံပြုပါတယ်။

(က) ကြိုးစားအားထုတ်သူများအတွက် စိုက်ပျိုးမွေးမြူရန် မျိုးရိက္ခာများ၊ ကျွဲနွားများကို ကိုယ်ကိုယ်တိုင် ရပ်တည်နိုင်သည့်အထိ သူတို့ကို ထောက်ပံ့ပေးခြင်း၊ ဤသို့ဖြင့် ဆင်းရဲသည့် လူတန်းစားအတွက် နိုင်ငံတော်က စီးပွါးရေးကို တည်ဆောက်သင့်ကြောင်း။

(ခ) လယ်သမားများထံမှ ထုတ်ကုန်များ၊ ကုန်ပစ္စည်းများကို ၀ယ်ယူခွင့်ပြုရန် ရုပ်ပိုင်းဆိုင်ရာ ငွေကြေးပိုင်းဆိုင်ရာ ကူညီထောက်ပံ့ပေးခြင်းဖြင့် အလယ်တန်းလွှား အထက်တန်းလွှားများအတွက် နိုင်ငံတော်က စီးပွါးရေးကို တည်ဆောက်သင့်ကြောင်း။ ဒါဟာ ထုတ်ကုန်များနှင့် ၀န်ဆောင်မှုများကို အလှည့်ကျ ပြုလုပ်ပေးခြင်းအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဟု ဆိုထားပါတယ်။

(ဂ) လူအများကို လုပ်ကျွေးရန်၊ တိုင်းပြည်ကို ဆက်လက်တိုးတက်ရန် စားသောက်စရာများကို ကမ်းလှမ်းခြင်း၊ လုပ်ခကြေးငွေများကို တိုးမြှင့်ပေးခြင်းဖြင့် တိုင်းပြည်အုပ်ချုပ်တဲ့သူဟာ မင်းမှုထမ်းများကို ဆွဲဆောင်သင့်ကြောင်း။

ဒီပြဿနာကို ထည့်သွင်းစဉ်းစားရာတွင် တိုင်းပြည်တိုးတက်ရန် မူဝါဒနှစ်ခုနှင့် ရှေ့ဆက်လက်ခြင်းရဲ့ အရေးပါမှုကို တွေ့မြင်နိုင်ပါတယ်။ ဘုရင်ရဲ့အကြံပေးက ဤသို့ သုံးသပ်ထားပါတယ်။ “ နိုင်ငံသားများ ကြိုးစားအားထုတ်ပြီး သူတို့ရဲ့အလုပ်အပေါ်မှာ စိတ်ကိုနှစ်မြှုပ်ထားတဲ့ ဘယ်အချိန်မဆို ကန့်သတ်ဘောင်ခတ်မထားပါနဲ့။ အခြားသူများရဲ့ အခွင့်အရေးများကို စီးပိုးပြီးအခွင့်အရေးမယူပါနဲ့။ ဒါဆိုယင် သူတို့ရဲ့တိုင်းပြည်အတွင်းရှိ လူအများဟာ အနှောင့်အယှက်ကင်းစွာ နေထိုင်နိုင်စွမ်း ရှိကြလိမ့်မယ်။ လူအများဟာ ပျော်ရွှင်ချမ်းမြေ့ကြလိမ့်မယ်။ မိသားစုများဟာ ကျေနပ်အားရမှုများ ရရှိကြလိမ့်မယ်” ။





(၈) နိဂုံး

အကျဉ်းချုပ်လျင် ဗုဒ္ဓ၀ါဒီများအမြင်မှ ပဋိပက္ခဟာ ဤကမ္ဘာတွင် သဘာဝဖြစ်စဉ်နှင့် မရှိမဖြစ် လိုအပ်ချက် ဖြစ်ပါတယ်။ အကြောင်းကတော့ လူသားသတ္တ၀ါရဲ့ ဆင်းရဲဒုက္ခနှင့် လူ့အဖွဲ့အစည်းများရဲ့ ဆင်းရဲဒုက္ခများဟာ တစ်လမ်းတည်း ဖြစ်နေလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာမှာ ပဋိပက္ခမရှိတဲ့ တစ်ခုတည်းဖြစ်တဲ့ သီးသန့်ဖြစ်တဲ့ အရာရှိပါတယ်။ အဲဒါကတော့ နောက်ဆုံးပန်းတိုင် နိဗ္ဗာန်ပါပဲ။

နောက်ထပ် အထက်ပါဆွေးနွေးချက်မှ ဓမ္မဒိဌာန်ကျကျပြောဆိုရလျင် ပဋိပက္ခဟာ လူသားသတ္တ၀ါရဲ့ အတွင်းပိုင်းဆိုင်ရာ တန်ဖို့းရဲ့တိုးတက်မှုဆီသို့ ဦးတည်ပါတယ်။ အဲဒီနောက် ပုဂ္ဂလိကဆန်ဆန်ပြောရလျှင် ပဋိပက္ခဟာ ၀ိနည်းကို တည်ထောင်ခြင်း၊ ပထမသင်္ဂါယနာတင်ခြင်းဆီသို့ ဦးတည်ပြီး စီးပွါးရေးတိုးတက်မှုဆီသို့လည်း ဦးတည်ပါတယ်။ ဒါ့ကြောင့် ဗုဒ္ဓဘာသာမှာ ပဋိပက္ခဟာ အကောင်း , အဆိုး အရာဝတ္ထု ဖြစ်ပါတယ်။ အခြေခံအားဖြင့် ပဋိပက္ခကို အကျွန်ုပ်တို့ ဘယ်လိုရှု့မြင်ကြည့်မှာလဲ? အကျွနုပ်တို့ဟာ ခြားနားထားတဲ့ မူမတူသော်လည်း ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်နိုင်သည်ဟု ခံယူထားတဲ့ လူ့အဖွဲ့အစည်းအတွင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်နိုင်စွမ်း ရှိလာပါလိမ့်မယ်။

Friday, October 1, 2010

ဗုဒ္ဓ၀ါဒရှု့ထောင့်မှ လူ့ သဘာဝနှင့်ပဋိပက္ခ (၅)

(၇) ပဋိပက္ခ၏ တန်ဖိုးနှင့် အရေးပါမှု

ဗုဒ္ဓဘာသာက တစ်ခါတစ်ရံ ပြစ်မှုဟာ ပဋိပက္ခမှ ဖြစ်ပွားလာတယ်ဆိုတာကို ငြင်းခုံပါလိမ့်မယ်။ အခြားတစ်ဖက်မူ များစွာသောအခြေအနေတွင် ပဋိပက္ခက လူသားနှင့် လူ့အဖွဲ့အစည်းအတွက် အကျိုးတရားများဆီသို့ ဦးတည်ပါတယ်။




(က) ပဋိပက္ခသည် မိမိကိုယ်ကိုယ် တိုးတက်မှုဆီသို့ ဦးတည်သည်။

ဘုရားလောင်းသိဒ္ဓတ္ထဟာ တရားထူးရရှိသည့်အထိ တောထွက်ရခြင်းအတွက် အကြောင်းများစွာ ရှိပါတယ်။ ဒီနေရာမှာ သူ့စိတ်ထဲမှ ပဋိပက္ခဟာ သူဒီဆုံးဖြတ်ချက်ကို ပြုလုပ်ဖို့အတွက် အရေးကြီးတဲ့အကြောင်းတစ်ခု ဖြစ်ပါတယ်။

ပိဋကအလိုအရ မြတ်ဗုဒ္ဓဟာ ရဟန်းဖြစ်ခြင်းမတိုင်မီ “ လူသားသတ္တ၀ါဟာ ဘာ့ကြောင့် မွေးဖွားသလဲ၊ ဘာ့ကြောင့် အိုသလဲ၊ ဘာ့ကြောင့် နာသလဲ၊ ဘာ့ကြောင့် သေသလဲ” ဆိုတဲ့ အရေးကြီးတဲ့မေးခွန်းများစွာကို ထိပ်တိုက်ရင်ဆိုင်ရပါတယ်။ သူရဲ့ဖခမည်းတော် သုဒ္ဓေါဒနဟာ စောစောပိုင်းကလေးဘ၀ ဤကဲ့သို့သော မေးခွန်းများကို မေးခွန်းထုတ်ခြင်းမှ သူ့ကို တားမြစ်ဟန့်တားရန် ကြိုးစားခဲ့ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် သူ့ဘ၀ရဲ့အလှည့်အပြောင်းဖြစ်တဲ့ အလွန်အရေးကြီးတဲ့ ဒီမေးခွန်းများက မှန်ကန်သောပျော်ရွှင်မှုအတွက် ဖြစ်စေခဲ့ပါတယ်။ သူဟာ အကြိမ်ကြိမ် ဒီမေးခွန်းကို ဖြေကြားရန် ကြိုးစားသော်လည်း ရဟန်းတစ်ပါးနှင့် တွေ့ဆုံခဲ့သည့်တိုင် ပြဿနာကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ သို့သော် သည်တွေ့ဆုံမှုရဲ့ရလဒ်က သူဟာ ရဟန်းတစ်ပါးအဖြစ်သို့ ရွေးချယ်စေဖို့ ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမကြာမီ သူဟာ ပဋိပက္ခ၏ အခြေအနေတွင် သဟဇာတဖြစ်ခြင်း (နိဗ္ဗာန်) ရှိနိုင်တယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ “ ဒီနေရာမှာ ဒုက္ခရှိတယ်၊ မနှစ်မြို့ဖွယ်ဖြစ်တယ်” ဆိုတာကို ပြောဆိုလျက် အိမ်မှ တောသို့ ထွက်ခွါလာတဲ့ ယသသတိုးသားနဲ့ သည်ကိစ္စက တူညီဟန်ရှိပါတယ်။ သူဟာ မြတ်ဘုရားကို တွေ့ရတဲ့အခါ သူ့ရဲ့ အတွင်းစိတ်မှာ ပဋိပက္ခများ ရှိခဲ့ပြီး ဖြစ်ပါတယ်။




(ခ) ပဋိပက္ခသည် နိုင်ငံရေးတိုးတက်မှုဆီသို့ ဦးတည်သည်။

ပဋိပက္ခဟာ နိုင်ငံရေးရဲ့အခြေခံ ဖြစ်ပါတယ်။ အကြောင်းကတော့ အတိတ်ပဋိပက္ခများတွင် ပုံမှန်အားဖြင့် လူအဖွဲ့အစည်းအတွင်း ဖြစ်ပေါ်ခဲ့သောအရာများက တိုင်းပြည်တည်ထောင်ခြင်းဆီသို့ ဦးတည်ပါတယ်။ အဂ္ဂညသုတ်အလိုအရ ဘုရင်စနစ်ကို တည်ထောင်ခြင်းဟာ ပဋိပက္ခနှင့်စပ်ဆက်ပါတယ်။ အကြောင်းကတော့ လူအများဟာ နေထိုင်ရေး၊ စိုက်ပျိုးရေးမွေးမြူရေးကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ ရှိပါတယ်။

ဒီအခြေအနေတွင် သူတို့ဟာ အတူတကွ စုရုံးပြီး “စိုက်ပျိုးရေးအတွက် ခွဲဝေသင့်တယ်။ နေထိုင်ရေးအတွက် မြေနေရာကို ခွဲခြားသင့်တယ်”ဆိုတာကို သုံးသပ်ဆုံးဖြတ်ခဲ့ကြပါတယ်။ သို့သော်လည်း ၄င်းတို့ထဲမှ အချို့က ပထမဆုံးသဘောတူညီချက်ကို လိုက်ပါနိုင်စွမ်းမရှိခဲ့ပါ။ လိုအပ်ချက်ထက် ရုပ်ပိုင်းဆိုင်ရာများကို လိုချင်သော သူများက သူတို့အိမ်နီးနားချင်းများရဲ့ ဆန်စပါးများကို ခိုးယူခဲ့ကြပြီး သူတို့ကိုယ်ပိုင်ပစ္စည်းများကိုတော့ သိမ်းဆည်းရန် ကြိုးစားခဲ့ကြပါတယ်။ တစ်ဦးတစ်ယောက်က မပေးတဲ့ အခြားပစ္စည်းများကိုလည်း ခိုးယူခဲ့ကြပါတယ်။

နောက်များမကြာမီ သူတို့ဟာ ထပ်ခါထပ်ခါ အငြင်းပွါးခဲ့ကြပါတယ်။ အကြောင်းက သူတို့အထဲကအချို့ဟာ ခွဲဝေခြင်းဖြင့် စီမံထားပြီးတဲ့မြေများကို ထိန်းသိမ်းမထားနိုင်ခဲ့ကြပါ။ အခြားသောအုပ်စုများက ဤကဲ့သို့ ပြောဆိုကြပါတယ်။ “ သင်ဟာ သင့်ရဲ့ကိုယ်ပိုင် ဥစ္စာများကို ထိန်းသိမ်းထားပြီး ခွင့်ပြုချက်မရတဲ့ အခြားသူများရဲ့ ဥစ္စာများကို ယူတဲ့အတွက် သင်ဟာ အမှားများကို ပြုလုပ်ခဲ့တယ်။ နောင်မှာ သင်ဟာ အဲသလို မပြုမူသင့်”ဆိုတာကို ပြောဆိုကြပါတယ်။

နောက်ထပ် ပဋိပက္ခက ပိုမိုကျယ်ပြန့်လာပြီး အကြမ်းဖက်ခြင်းသို့ ဦးတည်ခဲ့ပါတယ်။ လူအများဟာ အချင်းချင်း တိုက်ခိုက် ဖျက်ဆီးကြပါတယ်။ ဒါ့ကြောင့် ၄င်းတို့အထဲမှ အချို့က အကြံပြုပါတယ်။ “ ငါတို့အုပ်စုထဲမှာ ခိုးခြင်း၊ ပြစ်တင်ခြင်း၊ လိမ်ညာခြင်းနှင့် လက်နက်ဖြင့် ဖျက်ဆီးခြင်းစတဲ့ မကောင်းမှုတွေဟာ ဖြစ်ပွါးနေတယ်။ ဒါ့ကြောင့် ငါတို့ဟာ ငါတို့ရဲ့စည်းမျဉ်းဥပဒေနှင့်အညီ အမှားပြုလုပ်တဲ့သူများကို စေ့စပ်ညှိနှိုင်းနိုင်၊ အကြံပေးနိုင်၊ အပြစ်ပေးနိုင်တဲ့ တစ်ဦးတစ်ယောက်ကို ခန့်အပ်တာဝန်ပေးသင့်တယ်။”

သည်အကြံပြုချက်အရ သူတို့ဟာ သူတို့အုပ်စုတွင်မှ သင့်တော်တဲ့တစ်စုံတစ်ယောက်ကို ရွေးချယ်ခဲ့ပြီး ညီမျှစွာ လယ်ယာစပါးများကို ခွဲဝေရန် ဘုရင်အဖြစ် ရွေးကောက်ခဲ့ကြပါတယ်။ ဒီနေရာမှာ ဆက်စပ်စဉ်းစားရာတွင် ရှင်ဘုရင်ဟာ စိုက်ပျိုးရေးသမား ဖြစ်ပါတယ်။ သူ့ရဲ့အလုပ်ဟာ ဆန်းစပါးကို ခွဲဝေရန်နှင့် နုညံ့စွာ အဖွဲ့ဝင်များအတွက် မြေကိုခွဲဝေရန် ဖြစ်ပါတယ်။




(ဂ) ပဋိပက္ခသည် ၀ိနည်းကို တည်ထောင်ခြင်းဆီသို့ ဦးတည်သည်။

ဝိနည်းဟာ ဗုဒ္ဓရဟန်းတော်များအတွက် သူတို့၏စိတ်မှ ပြင်းပြမှုများကို ဖယ်ရှားရန် လိုက်နာကျင့်သုံးရမည့် အခြေခံဖြစ်ပြီး ဥပဒေစည်းမျဉ်းများ ဖွဲ့စည်းပါဝင်ပါတယ်။

မည်သို့ပင်ဆိုစေ ၀ိနယကို တည်ထောင်ခြင်းဟာ မြတ်ဗုဒ္ဓ၏ဆန္ဒအရ ဖြစ်ပွါးပေါ်ပေါက်လာတာမဟုတ်။ သို့သော် ရဟန်းများရဲ့အမှားအယွင်းအပေါ်မှာ အခြေခံထားပါတယ်။ မြတ်ဗုဒ္ဓကမိန့်သည်မှာ “ သံဃာနှင့် အဖွဲ့အစည်းအတွင်း ရဟန်းတော်များက အမှားကို ပြုလုပ်ပြီးသည့်တိုင်အောင် ၀ိနည်းကို မတည်ထောင်ခဲ့ဘူး” ဆိုတာ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓက မဟာဝီရနှင့်ပတ်သက်၍ သိရှိခဲ့တဲ့အချက်ရှိပါတယ်။ မဟာဝီရဟာ သူရဲ့နောက်လိုက်တပည့်များအတွက် ဥပဒေသများကို မချမှတ်ခဲ့။ ဒီရလဒ်အဖြစ် သူသေလွန်ပြီးတဲ့အခါ တပည့်ဖြစ်သူများဟာ ဥပဒေများကို သိရှိနားလည်ခြင်း မရှိခဲ့ကြပါ။ အဲဒီနောက် အမြင်များနှင့် ကျင့်သုံးမှုများက ခြားနားသွားပြီး သူရဲ့နောက်လိုက် တပည့်များဟာ ပဋိပက္ခ ဖြစ်ပေါ်လာပါတယ်။ ခိုက်ရန်ဖြစ်ခြင်းများရဲ့အဆုံး အခြားအုပ်စုမှ ခွဲထွက်ခဲ့ကြပါတယ်။ ဒီအချက်များက မြတ်ဗုဒ္ဓဟာ ရဟန်းများအတွက် ဥပဒေများကို ချမှတ်ရန် ရည်းညွှန်းနေပါတယ်။

သူရဲ့ပုဂ္ဂလိကဆိုင်ရာ ကုဋီဆောက်လုပ်ရန်အတွက် ပြည်သူပိုင်သစ်သားများကို ယူဆောင်ခဲ့တဲ့ ဓနိယရဟန်း ဖြစ်ရပ်များမှာ ဥပမာကောင်းများရှိပါတယ်။ ရလဒ်အဖြစ် ဘုရင်ဗိမ္ဗိသာရနှင့် ရွာသားများက သူ့ကို အပြစ်တင်ကြပါတယ်။ ဒီဖြစ်ရပ်မှာ မြတ်ဗုဒ္ဓက ၀ိနည်းစည်းမျဉ်းကို ချမှတ်ပါတယ်။ အဲဒါကတော့ - ကုဋီဆောက်လုပ်ရန် ပြည်သူလူထုရဲ့သစ်များကို ခိုးယူခဲ့တဲ့ ရဟန်းဟာ အာပတ်သင့်စေရမည်။ ရဟန်းအဖြစ် ဆုံးရှုံးစေရမည်- ဆိုတာ ဖြစ်ပါတယ်။ အခြားဖြစ်ရပ်မှာတော့ သံဃာ့အဖွဲ့အစည်းကို ဖျက်ဆီးရန်ကြိုးစားတဲ့ ရဟန်းဟာ သံဃာဒိသေသ်အာပတ်သင့် စေရမည်-ဆိုတာပါ။

အထက်ပါ ဆွေးနွေးချက်များမှ ၀ိနည်းဥပဒေသများကို သတ်မှတ်ပေးခြင်းဖြင့် အလားတူရည်မှန်းချက်များက အဖွဲ့အစည်းအတွင်း ပဋိပက္ခများကို ကိုင်တွယ်စီမံရန်ဖြစ်တယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။ ပထမဖြေရှင်းမှုဟာ သံဃာ့အုပ်စုအတွင်း ပဋိပက္ခကို ဖြေရှင်းပါတယ်။ ဒုတိယဖြေရှင်းမှုဟာ လူအုပ်စုများအတွင်း ပြဿနာများကို ဖြေရှင်းပါတယ်။ ဒါ့အပြင် ဥပဒေနှင့်စပ်လျဉ်း၍ ဖြစ်ရပ်များစွာတွင် ဤအရာက ပဋိပက္ခဆီသို့လည်း ဦးတည်နိုင်ပါတယ်။

ဖော်ပြပါပြောဆိုချက်များနှင့်စပ်လျဉ်း၍ မြတ်ဗုဒ္ဓ၏ကိစ္စတွင် သူချမှတ်ပေးထားတဲ့ဥပဒေများဟာ အလွန်ပြောင်းလွယ်ပြင်လွယ်ရှိပြီး ရွေ့ပြောင်းမရတဲ့အရာလည်း မဟုတ်ပါ။ ဒီကိစ္စကို ထည့်သွင်းစဉ်းစားရာတွင် ချမှတ်ထားတဲ့ဥပဒေများဟာ အချို့ရဟန်းများကပြုလုပ်ပြီးတဲ့ အမှားများကို ဖုံးကွယ်တဲ့ပြဿနာရပ် တစ်ခုတော့မဟုတ် - ဆိုတာ နားလည်သဘောပေါက်ရန် အလွန်အရေးကြီးပါတယ်။ မြတ်ဗုဒ္ဓက အသစ်ဥပဒေများကို ချမှတ်ပါလိမ့်မယ်။ သည်အရာဟာ အနုပညတ္တိရဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်