Sunday, February 28, 2010

အသောကကျောက်စာတိုင်များ, မဇ္ဈိဒေသနှင့်ပစ္စန္တရာဇ် နယ်နိမိတ်


အသောကမင်း၏ကျောက်စာများကို

(၁) ပါကစ္စတန်နိုင်ငံ၌ (၂) နေရာ
(၂) အာဖဂန်နစ္စတန်နိုင်ငံ၌ (၂)နေရာ
(၃) အိန္ဒိယနိုင်ငံနှင့်နီပေါနိုင်ငံတို့၌ (၂၉)နေရာ

(၁) ကျောက်တုံးအသေး အမိန့်ပြန်တမ်း(Minor Rock Edicts)၊ နေရာ(၄)ခု၊ အရေအတွက်(၁၉)
(၂) ကျောက်တုံးအကြီး အမိန့်ပြန်တမ်း (Major Rock Edicts)၊ နေရာ(၁၆)ခု၊ အရေအတွက်(၂၂)
(၃) ကျောက်ဂူကမ္ဗည်းမှတ်တမ်း(Cave Inscriptions)၊ နေရာ(၃)ခု၊ အရေအတွက်(၃)
(၄) ကျောက်တိုင်အသေးအမိန့်ပြန်တမ်း(Minor Pillar Edicts)၊ နေရာ(၃)ခု၊ အရေအတွက်(၅)
(၅) ကျောက်တိုင်အကြီးအမိန့်ပြန်တမ်း(Major Pillar Edicts)၊ နေရာ(၂)ခု၊ အရေအတွက်(၂)
(၆) ကျောက်တိုင်ကမ္ဗည်းမှတ်တမ်း(Pillar Inscriptions)၊ နေရာ(၇)ခု၊ အရေအတွက်(၇)။

(၁) အသောကမင်းသည် အချို့ကျောက်စာကို ခေတ်သစ်ဆန်စခရစ်အမည်တွင်သော ပရာကရစ်(Prakrit)အက္ခရာ၊
(၂) အချို့ကျောက်စာကို ပါကစ္စတန်နိုင်ငံနှင့်အာဖဂန်နစ္စတန်နိုင်ငံသုံး ဂရိက်(Greek)အက္ခရာ၊
(၃) အချို့ကျောက်စာကို ခေတ်သစ်အာဖဂန်နစ္စတန် ရှေးခေတ် ဂန္ဓာရ်(Kandhar)ဒေသ အာရမ္မိက်(Arammick)အက္ခရာနှင့်လည်းကောင်း ရေးထိုးထားခဲ့သည်။

(၁) အသောကနာမည်ဖြင့် ကျောက်စာ(၂)ခု (ဂူဂျာရ်နှင့်မာစတီအရပ်) ၌ ရေးထိုးသည်။
(၂) ဓမ္မပီယ-ဟူ၍လည်းကောင်း၊ ပီယဒဿီရာဇာ-ဟူ၍လည်းကောင်း၊ ပီယဒဿန-ဟူ၍လည်းကောင်း အခြားကျောက်စာများတွင် ရေးထိုးသည်။
မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်းပုံရိပ်လွှာများ(သာဝတ္ထိမြန်မာကျောင်းဆရာတော် ဦးသြဘာသ)စာအုပ်မှ ကူးယူဖော်ပြသည်။


မဇ္ဈိဒေသနှင့်ပစ္စန္တရာဇ်ဒေသ ပိုင်းခြားပြသော နယ်နိမိတ်
(၁)အရှေ့အရပ်= အင်္ဂတိုင်း၊ ကဇင်္ဂလနိဂုံး၊(ခေတ်သစ်-ဗီဟာပြည်နယ်-သန္တာလနှင့်ပရဂနာခရိုင်)။
(၂)အရှေ့တောင်အရပ်=အင်္ဂတိုင်း၊သလ၀တီ(ဆီလာအီမြစ်)၊(ခေတ်သစ်-ဗီဟာပြည်နယ်၊ ကာလကတ္တားမြို့အနောက်မြောက်အရပ်)။
(၃)တောင်အရပ်=အဿကတိုင်း၊ သေတကဏ္ဏိကနိဂုံး၊ (ခေတ်သစ်-အန္ဓရာပရာဒေရှ်-Andhra Pradesh-ပြည်နယ်၊ဂေါ်ဓ၀တီ-Godavati-အရပ်၊ဟာဇာရီဘာဂခရှင်)။
(၄)အနောက်တောင်အရပ်=အ၀န္တိတိုင်း၊ ဒက္ခိဏပထ၊ (ခေတ်သစ်-မဓယပရာဒေရှ်-Madhaya Pradesh-ပြည်နယ်၊ မေဟေဆ၀ါး-Maheshwar-အရပ်)။
(၅)အနောက်အရပ်=ကုရုတိုင်း၊ ထုနဗြဟ္မဏရွာ၊(ခေတ်သစ်-ဟာရယာန-Haryana-ပြည်နယ်၊ကာရခရိုင်၊ ထာနေဆရ-Thanasar-ရွာ)။
(၆) မြောက်အရပ်=ဥသီရဒ္ဓဇတောင်၊ ဟိမ၀န္တာတောင်ခြေ၊(ခေတ်သစ်- ဥတ္တရာပရာဒေ့ရှ်ပြည်နယ်နှင့် နီပေါနိုင်ငံနယ်စပ် ဟရိဒွါရ-Haridwar-အရပ်)။
ဖော်ပြပါ နိဂုံး၊မြစ်၊ ရွာ၊တောင်တို့မှ အပြင်ဖက်အရပ်များသည် ပစ္စန္တရာဇ်ဒေသများ ဖြစ်ကြ၍ အတွင်းဖက်အရပ်သည် မဇ္ဈိမဒေသဖြစ်သည်။

(က)ဖြူစင်သော အကျင့်ရှိသူတို့ ဖြစ်ထွန်းရာအရပ်သည် မဇ္ဈိမဒေသဖြစ်၏။(မဇ္စျောစ သောဒေသောစာတိ မဇ္ဈိမဒေသော)။
(ခ) ဗုဒ္ဓဘာသာ မဖြစ်ထွန်းရာနှင့်ဘိက္ခုစသော ပရိသတ်လေးပါးမရှိရာ (သို့)မဇ္ဈိမဒေသမှ အစွန်အဖျားကျသည့်အရပ်သည် ပစ္စန္တရာဇ်ဒေသဖြစ်သည်။(ယတ္ထ နတ္ထိ ဂတိ ဘိက္ခူနံ ဘိက္ခူနီနံ ဥပသကာနံ ဥပသကီနံ)။
မဇ္ဈိမဒေသသမိုင်းရုပ်ကြွင်းပုံရိပ်လွှာများ-မှ-ကူးယူသည်။

Saturday, February 20, 2010

အပရိဟာနိယတရားများ၏ ကွဲပြားခြားနားမှုများ


ကမ္ဘာပေါ်တွင် မူဆလင်များအဖို့၊ မက္ကာမြို့(Macca)၊ ဟိန္ဒူများအဖို့ အယုဒ္ဓယမြို့(Ayodhya)၊ခရစ်ယာန်များအဖို့ ဂျေရုဆလင်မြို့(Jeruslam)ဖြစ်သကဲ့သို့ ဗုဒ္ဓဘာသာဝင်များအဖို့ အမြင့်မြတ်ဆုံးဖြစ်သော မဟာဗောဓိစေတီနှင်ဗောဓိပင်ရှိရာ ဗုဒ္ဓဂယာမြို့(Buddha Gaya)မှ ထွက်ခွါလာပြီးနောက် (၂၇-၁၂-၂၀၀၉)နေ့တွင် ပတ္တနားမြို့သို့ ရောက်ရှိခဲ့ပါသည်။

၂၈-၁၂-၂၀၀၉-ရက်နေ့၌ ထိုပတ္တနားမြို့၊ မြန်မာကျောင်းမှ နံနက်စောစောတွင် ထွက်ခွါလာကြသောစာရေးသူတို့သည် အသောကကျောင်းတိုက်သို့ ၀င်ရောက်ပြီးနောက် ဆက်လက်ထွက်ခွါလာကြရာ ဝေသာလီရှိ လိစ္ဆ၀ီမင်းများဝေစုရသော မြတ်စွာဘုရားရှင် သရီရဓာတ်တော်များကို ဌာပနာထားသည့် စေတီတော်နေရာသို့ ရောက်ရှိပါသည်။

ဝေသာလီနယ်မြေသို့ ခြေချသည်ဆိုလျင်ပဲ ငယ်စဉ်ကပင် စာရေးသူ ကြိုက်နှစ်သက်သည့် စာအုပ်ဖြစ်သော စာရေးဆရာကြီးပါရဂူ ဘာသာပြန်ထားသည့် - ဝေသာလီ-စာအုပ်ကို ချက်ချင်း အမှတ်ရမိပါသည်။ ဂဏနိုင်ငံအုပ်ချုပ်ရေးစနစ် သို့မဟုတ် အလှည့်ကျစနစ်ဖြင့် အုပ်ချုပ်ရေးစနစ် သို့မဟုတ် ပြည်သူ့ဆန္ဒအရအုပ်ချုပ်သောစနစ်၊ သို့မဟုတ် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ဖော်ပြထားရုံမျှမက နိုင်ငံရေးလောက၏ ရှုပ်ထွေးမှုးများ၊ ဂဏအုပ်ချုပ်ရေးစနစ်၏ အားနည်းချက်အားသာချက်များကိုလည်း စာရေးဆရာသည် အကွက်ကျကျ ဖော်ပြထားသောစာအုပ် ဖြစ်ပါသည်။ ထို့ထက် ဤစာအုပ်ကို ကြိုက်နှစ်သက်၍ စွဲမြဲစွာဖတ်ခြင်း၏ အကြောင်းမှာ စာရေးသူ ဖတ်ခဲ့ဘူးသော စာအုပ်တစ်အုပ်၌ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုး ချုပ်ဟောင်း မြန်မာနိုင်ငံသား ဦးသန့် ပြောဆိုခဲ့သည့်- ခေတ်အဆက်ဆက် နိုင်ငံရေးစနစ်များစွာရှိရာတွင် ဒီမိုကရေစီစနစ်သည် အကောင်းဆုံးစနစ်မဟုတ်ခဲ့လျင်တောင် ယနေ့မျက်မှောက်ခေတ်တွင်တော့ အကောင်းဆုံးစနစ်တစ်ခု ဖြစ်ကြောင်း-ဟူသော စာကြောင့်လည်း ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်လက်ထက် ဤကဲ့သို့ ပြည့်သူ့ဆန္ဒနှင့်အညီ ကျင့်သုံးသောနိုင်ငံများမှာ အလ္လကပ္ပနှင့် ကေသပုတ္တ တို့ဖြစ်သည်ဟု ဆိုသည်။

အပရိဟာနိယတရား (၇)ပါးကို ကျင့်သုံးနေသမျှကာလပတ်လုံး ဝေသာလီနိုင်ငံကို မည်သည့်တိုင်းနိုင်ငံမှ တိုက်ခိုက်ဖြိုဖျက်၍မရနိုင်ကြောင်းကို ဘုရားရှင်သည် ဟောကြားခဲ့ပါသည်။ စိတ်ဝင်စားစရာကောင်းသည်မှာ ဤ(၇)ချက်ကို ကျင့်သုံးနေသည်ဟု ဆိုရာဝယ် ဘုရားရှင်၏ညဏ်တော်ဖြင့်သာလျင် မြင်၍ ဟောကြားခြင်းလား သို့မဟုတ် လိစ္ဆ၀ီမင်းတို့ကိုယ်တိုင်ပင် ဤ(၇)ချက်ကို ကျင့်သုံးနေခြင်းဖြစ်ကြောင်း သိရှိပါသလားဟူသော အချက်ပင်ဖြစ်ပါသည်။ ပို၍စိတ်ဝင်စားရန်အကြောင်းကား အခြားသောပဒေသရာဇ်စနစ်များ ထိုအချိန်၌ထွန်းကား နေသော်လည်း ဘုရားရှင်သည် သူ၏တပည့်သားသမီးများအား ဤ(၇)ချက်နှင့်အလားတူသော အချက်(၇) ချက်ကို ကျင့်သုံးနေသမျှကာလပတ်လုံး သာသနာတော်ကြီး မဆုတ်ယုတ်နိုင်ကြောင်းကို ဟောကြားခဲ့သောအချက်ပင် ဖြစ်ပါသည်။

ရက်များမကြာမီက အိန္ဒိယနိုင်ငံ၏တစ်နေရာတွင် အိန္ဒိယနိုင်ငံသားများအား မြန်မာဆရာတော်တစ်ပါးသည် တရားဓမ္မများဟောကြားခဲ့ပါသည်။ ထို၌ ဤအပရိဟာနိယတရားများသည် သာသနာတော်တွင်း၌ ကျင့်သုံးရန်ဟောကြားထားသောတရားများ ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဘုရားသားတော်များဖြစ်သော ရဟန်းသာမဏေများ သီးတင်းသုံးရာနေရာအသိုင်းအ၀ိုင်းအတွက်သာ ကျင့်သုံးရန် ဟောကြားထားခြင်းဖြစ်ပါသည်။ လူများအတွက်ကိုကား မြတ်စွာဘုရားသည် ပဒေသရာဇ်စနစ်ဖြင့်အုပ်ချုပ်သောနိုင်ငံသို့ မင်းကျင့်တရား ၁၀-ပါးကို ကျင့်သုံးရန် ဟောကြားခဲ့သကဲ့သို့ မလ္လမင်းတို့ကဲ့သို့သော ဂဏအုပ်ချုပ်ရေးကျင့်သုံးသူများကိုလည်း ၄င်းတို့ကျင့်သုံးနေသောစနစ်သည် ကောင်းကြောင်းကို ပြောဆိုခဲ့ပါသည်။ သို့သော် အပရိဟာနိယတရားများသည် အသေးငယ်ဆုံးသော အသင်းအဖွဲ့မှသည် အကြီးမားဆုံးသော အဖွဲ့အစည်းများတိုင် ကျင့်သုံးသွားပါက ကြီးပွါးတိုးတက်မည်သာဖြစ်ပြီး လူတစ်ဦးတစ်ယောက် စနစ်တစ်ခုခုကိုသာ ရည်ရွယ်၍ ဟောကြားထားခြင်းမဟုတ်ကြောင်းကို ရှင်းလင်းပြခဲ့ပါသည်။ မြတ်ဘုရားရှင်သည် မဟာကရုဏာရှင်ဖြစ်သည်အားလျော်စွာ တိုင်းသူပြည်သားတို့၏ အကျိုးစီးပွါးဖြစ်ထွန်းရေးကိုသာ ဦးတည်ဟောကြားခဲ့ကြောင်း စသည်ဖြင့် အပရိဟာနိယနှင့်စပ်ဆက်၍ ဟောကြားသွားပါသည်။ အနှစ်ချုပ်အားဖြင့် ညီညွတ်နေသမျှကာလပတ်လုံး-ဆိုသည့် အဓိပ္ပါယ်သက်ရောက်သောစကားများပင် ဖြစ်ပါသည်။

နောက်တစ်ခုမှာ ဝေသာလီအနီးတွင် အမရပုရတောအုပ်နှင့် ဂေါသိင်္ဂအမည်ရှိသော အင်ကြင်းတော တည်ရှိပါသည်။ ထိုဂေါသိင်္ဂအင်ကြင်းတော၌ အနုရုဒ္ဓါထေရ်၊ နန္ဒိယထေရ်၊ ကိမိလထေရ်တို့သည် အတူတကွ သီတင်းသုံး ကြပါသည်။ ဤအရှင်ထေရ်တို့အား မြတ်ဘုရားရှင်က သဟဇာတမျှတပါရဲ့လား-ဟု မေးတော်မူသောအခါ မိမိတို့သည် တစ်နေရာစီ နေထိုင်ကြသော်လည်း စိတ်အားဖြင့် တညီတညွတ်တည်း တစိတ်တည်းပင် ဖြစ်ပါကြောင်း လျှောက်ထားကြလေသည်။ ဤသည်မှာ ဝေသာလီ၏ညီညွတ်မှုက ထိုမထေရ်များ၏စိတ်သန္တာန်သို့ အရောင်ဟပ်လေသလား- ရိုက်ခတ်လေသလားဟု စဉ်းစားမိခြင်းပင် ဖြစ်ပါသည်။ သို့သော် ရဟန္တာမထေရ်တွေပဲ မညီညွတ်တဲ့စိတ် ရှိပါ့မလားဆိုသည့် မေးခွန်းကိုတော့ ပြန်လည်ဖြေကြားဖို့ရန် ခက်ခဲပါလိမ့်မည်။ သို့ဖြစ်၍ ဝေသာလီသည် ဝေသာလီအတွက်သာမက ဘုရားရှင်သာသနာအတွက်၊ မထေရ်တို့၏နှလုံးသားအတွက် ညီညွတ်မှုကို ဖော်ပြနေသော သင်္ကေတဖြစ်သည်။

တဖန် ဤကဲ့သို့ညီညွတ်သဖြင့် ဘုရားရှင်ကိုယ်တော်တိုင် နမူနာယူ၍ ဟောကြားခဲ့ရသော ဝေသာလီသည် ထိုညီညွတ်မှုကို ထိန်းမထားနိုင်ခဲ့ပါ။ အကြောင်းမှာ ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် အဇာတသတ်မင်းသည် ၀ဿကာရအမတ်အား လိစ္ဆ၀ီမင်းတို့၏ ညီညွတ်မှုကို ဖြိုခွဲစေခဲ့သည်။ ဝေဿကာရသည် မြတ်စွာဘုရားရှင်ထံမှ လိစ္ဆမင်းတို့၏အတွင်းရေးများကို သိရှိ၍ ညီညွတ်မှုကို ဖြိုခွဲနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆပြောဆိုခြင်းများရှိသည်။

ဤပြိုကွဲရခြင်း၏အကြောင်းကို ကောက်ချက်ချမည်ဆိုပါက ဘုရားရှင်၏ ဟောကြားခြင်းနှင့် ဝေဿကာရ၏ သွေးခွဲခြင်းတို့ထက် ညီညွတ်မှုကို ထိန်းသိမ်းမထားနိုင်သော လိစ္ဆ၀ီမင်းတို့၏ အားနည်းချက်သာဖြစ်နိုင်ပါသည်။ မည်သို့ပင်ဆိုစေ ဘုရားရှင်၏ပိဋကတ်တော်မှလာသော ဤဝေသာလီနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်များသည် နှောင်းလူတို့အား အတုယူအာကျစရာများ သံဝေဂဖြစ်ဖွယ်ရာများဖြင့် ပြည့်နှက်နေသော သမိုင်းတစ်ပုဒ်ပင်ဖြစ်သည်။

Tuesday, February 16, 2010

အရှင်အရိယဓမ္မ (ဘုံဘေ)၏ သမိုင်း



အိန္ဒိယနိုင်ငံ၊ဘုံဘေမြို့သည် မြန်မာနိုင်ငံမှ ရောက်ရှိလာသောဗုဒ္ဓသာသနာနှင့် ရှေးပိုင်းနှစ်များကပင် အကျွမ်း ၀င်ပြီး ဖြစ်ကြောင်း သမိုင်းများအရ သိရှိရပါသည်။ ယခုအခါ ဆရာကြီးဂိုအင်ကာဟူသော ကမ္ဘာကျော် ကမ္မဌာန်း နည်း ပြ ဆရာကြီးက အထင်အရှားရှိနေပြန်ရာ ဘုံဘေမြို့သည် မြန်မာနိုင်ငံ၏ ဗုဒ္ဓသာသနာနှင့်စပ်ဆက်နေ သည်မှာ အတိုင်းထက်အလွန်ဟု ဆိုရပေတော့မည်။ ထိုသို့ဘုံဘေမြို့တွင် မြန်မာနိုင်ငံ၏ဗုဒ္ဓ သာသနာနှင့်စပ်ဆက်နေသော အကြောင်းအရာများစွာရှိရာ ဤ၌ အရှင်အရိယဓမ္မ(ဘုံဘေ)၏ သမိုင်းအကျဉ်းကို ဖော်ပြလိုပါသည်။

ဆရာတော်၏ ရှေးဦးဘွဲ့ တော်အမည်မှာ အရှင်ဥက္ကံသဖြစ်ပြီး ဆရာတော်အရှင်ဥက္ကဋ္ဌမှ အရှင်အရိယဓမ္မဟု ဘွဲ့အမည်ပြောင်းလဲပေးခဲ့သည်။ မြန်မာဘာသာစကားကို ကောင်းစွာပြောဆိုနိုင်သော အင်္ဂလိပ်အိန္ဒိယ ကပြားဖြစ်ပါသည်။ ရုပ်ရည်အားဖြင့် အိန္ဒိယဘက်သို့ ပို၍ နွယ်သည်ဟု သိရှိရပါသည်။ အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့၊ စိန့်ဇေးဗီးယားကောလိပ်မှ B.A ဘွဲ့ ကို အောင်မြင် ရရှိခဲ့ပါသည်။ မည်သည့်နိုင်ငံသားဖြစ်သည်ကို တိကျစွာ ရှာဖွေ၍ မသိရှိရသေးသဖြင့် ဤ၌ မဖော်ပြနိုင်သေးပါ။

အရှင်အရိယဓမ္မသည် ဖြူးမြို့ဒေသ၌ ရဟန်းပြုခဲ့သည်ဟု သိရှိရပါသည်။ အရှင်အရိယဓမ္မသည် ရှေးဦးစွာ တောင်ငူမြို့၊ လောကုတ္တရာသိမ်ဦးကျောင်းဆရာတော် ဦးကုဏ္ဍလာဘိဝံသထံသို့ ရောက်ရှိပြီး ထိုဆရာတော်၏စေလွှတ်ချက်ဖြင့် ဆရာတော်အရှင်ဥက္ကဋ္ဌထံသို့ ရောက်ရှိခြင်း ဖြစ်ပါသည်။ အရှင်ကုဏ္ဍလာဘိဝံသ-ဟူသည်မှာ ကျေးဇူးရှင် ဗာရာဏသီဆရာတော်ဘုရားကြီး၏ ဦးကြီးတော်အရင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ရဟန်းတော်များထဲမှ လေယာဉ်ပျံကို ပထမဦးဆုံး စီးခွင့်ရရှိသောကြောင့် လေယာဉ်ပျံ-အရှင်ကုဏ္ဍလဟု ကျော်ကြားတော်မူသကဲ့သို့ ဓမ္မကထိကဆရာတော်အဖြစ် ဖြင့်လည်း တိုင်းပြည်တွင် လူသိထင်ရှားပါသည်။

သိမ်ဦးဆရာတော်သည် ဆရာတော်အရှင်ဥက္ကဋ္ဌနှင့် တောင်တွင်းကြီးမြို့၊ အရှေ့မြောက်ဖက်ရှိ ရတနာပင်စည်ကျောင်းတွင် အတူတကွ စာသင်ခဲ့ဖူးသကဲ့သို့ ထို့အတူ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံကျောင်းတိုက်တွင်လည်း ဤဆရာတော်နှစ်ပါးသည် ငယ်စဉ်ကပင် စာသင်ဘက်ဖြစ်သည်ဟု သိရှိရပါသည်။ ပြည်ခရိုင်၊ ၀က်ထီးကန်အနီး ကျောက်ကွင်းရွာ၌ ဗုဒ္ဓဘာသာနှင့်ခရစ်ယာန် ဘာသာပြိုင်ပွဲတွင် လောကုတ္တရာသိမ်ဦးဆရာတော် အရှင်ကုဏ္ဍလသည် သဘာပတိနာယက အကြီးအမှုးအဖြစ်ဖြင့် ပါဝင်ခဲ့ပါသည်။ စိတ်ဝင်စားရန်ကောင်းသည့်နောက်ထပ် အကြောင်းတစ်ခုကား ဆရာတော် အရှင်ဥက္ကဌ၏ လူသေလူဖြစ် ၀ိနိစ္ဆယတွင် သိမ်ဦးဆရာတော်ဘုရား၏တူဖြစ်သူ ဗာရာဏသီဆရာတော်ဘုရားက ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သောအချက်ပင်ဖြစ်သည်။

အရှင်အရိယဓမ္မသည် ဆရာတော်အရှင်ဥက္ကဋ္ဌ၏ကျောင်းတွင် အင်္ဂလိပ်စာပေများကို သင်ကြားပေးရင်း အခြားတဖက်တွင် ဆရာတော် အရှင်ဥက္ကဋ္ဌထံမှ အဘိဓမ္မာစာပေများကို လေ့လာခဲ့ပါသည်။ အရှင်အရိယဓမ္မသည် ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသောဆရာတော်ဖြစ်ပါသည်။ ကျောက်ကွင်းရွာ၌ကျင်းပသော ၀ါဒနှစ်ခုပြိုင်ပွဲတွင် အရှင်ဥက္ကဋ္ဌ၏နောက်ပါတော်အဖြစ် လိုက်ပါဆောင်ရွက်ခဲ့ သည်။ အီတာလျံဆရာတော် ဦးလောကနာထ၏ အိန္ဒိယသို့ ခြေလျင်ခရီးကြွသည့်အဖွဲ့ တွင် ပါဝင်ခဲ့သော်လည်း အိန္ဒိယသို့မရောက်မီ လမ်းခုလတ်၌ပင် ဆရာတော်အရှင်ဥက္ကဋ္ဌ၏ခြေရင်းသို့ ပြန်လည် ကြွရောက်လာခဲ့သည်။

အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့၊ ဗုဒ္ဓဘာသာအသင်းကို တည်ထောင်သူလည်းဖြစ်ပြီး ဥက္ကဋ္ဌလည်းဖြစ်သော ဒေါက်တာနာယားသည် ၄င်းတို့တည်ဆောက်လှုဒါန်းထားသော ဗုဒ္ဓ၀ိဟာရကျောင်း၌ ကျောင်းထိုင်သီတင်းသုံးရန် ဆရာတော်အရှင်ဥက္ကဋ္ဌအား ပင့်လျှောက်ခဲ့ပါသည်။ ဆရာတော်အရှင်ဥက္ကဋ္ဌသည် အရှင်အရိယဓမ္မအား ဘုံဘေမြို့၊ ဗုဒ္ဓ၀ိဟာရကျောင်းသို့ ကိုယ်စားအဖြစ် သီတင်းသုံးစေခဲ့ပါသည်။ အရှင်အရိယဓမ္မသည် အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့၊ ဗုဒ္ဓ၀ိဟာရကျောင်းတွင် (၂)နှစ်ခန့် သီတင်းသုံး၍ ၁၉၃၈-ခုနှစ်တွင် အရှင်ဥက္ကဋ္ဌ၏ခြေတော်ရင်းသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ ဘုံဘေမြို့၌ သီးတင်းသုံးစဉ်ကာလ ဒေါက်တာအမ်ဘေဒကာအစရှိသော ပညာရှင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် ကုန်သည်ပွဲစားများ၏ ခက်ခဲနက်နဲသော မေးခွန်းများကို ရှင်းလင်းပြတ်သားစွာ ဖြေဆိုပေးနိုင်ခဲ့ပါသည်။ ထိုမေးခွန်းများနှင့် အဖြေများကို မြန်မာပြည်တွင် ဗုဒ္ဓ၀ါဒပြဿနာများဟူသောအမည်ဖြင့် စာအုပ်ထုတ်ဝေထားပါသည်။

ဤ၌ ဒေါက်တာအမ်ဘေဒကာ(Dr ambedkar)ဟူသည် ဇာတ်နိမ့်များအား ဗုဒ္ဓဘာသာသို့ ပြောင်းလဲစေခဲ့သော အိန္ဒိယဗုဒ္ဓဘာသာတို့၏ ဖခင်ကြီးဖြစ်ပေသည်။ ဒေါက်တာအမ်ဘေဒကာနှင့်တကွ ဇာတ်နိမ့်များသည် မြန်မာနိုင်ငံသား ရခိုင်းဖွား ဆရာတော်ကြီးဦးစန္ဒာမဏိ (ကုသိနာရုံဆရာတော်)ထံမှ ဗုဒ္ဓဘာသာအဖြစ် ခံယူကြခြင်း ဖြစ်ပါသည်။ ထိုဗုဒ္ဓဘာသာခံယူပွဲကို နာဂပူရ်မြို့တွင် ကျင်းပရာ ထိုဗုဒ္ဓဘာသာခံယူသည့်နေရာကို အထိမ်းအမှတ်အဖြစ် စေတီတော် တည်ထားကိုးကွယ်ထား ပါသည်။ အိန္ဒိယနိုင်ငံတစ်ခုလုံးတွင် ဗုဒ္ဓဘာသာအများဆုံးနေရာသည် နာဂပူရ်ဒေသဖြစ်သည်ဟု သိရှိရပါသည်။ စာရေးသူတို့ရောက်ရှိသွားသော အချိန်တွင် မိုးကုတ်ကမ္မဌာန်းနည်းဖြင့် ၀ိပဿနာကမ္မဋ္ဌာန်းကိုသင်ကြားပြသနေသော ဆရာတော်သီတင်းသုံးသည့် မြန်မာကျောင်းတစ်ကျောင်း ရှိပါသည်။ ထို့အပြင် အခြားသော အိန္ဒိယရဟန်းတော်များသီတင်းသုံးသောကျောင်းများလည်း အများအပြားရှိပါသည်။ အိန္ဒိယနိုင်ငံ၏ အလည်တည့်တည့်ဗဟိုကျသောဌာနသည် နာဂပူရ်မြို့ ဖြစ်ကြောင်းကို ထိုမြို့တွင် အမှတ်အသားသင်္ကေတဖြင့် ပြသထားပါသည်။

ထိုင်းနိုင်ငံသားများသည် ထိုင်းဘုရင့်ပုံတော်ကို ဘုရားစင်များရှေ့တွင် ရိုသေးလေးစားအမြတ်တနိုးထားရှိကြသကဲ့သို အိန္ဒိယဇာတ်နိမ့်မှ ၀င်ရောက်လာသော ဗုဒ္ဓဘာသာအများစုသည် ဘုရားစင်များရှေ့တွင် ဒေါက်တာအမ်ဘေဒကာ၏ ဓာတ်ပုံ ပန်းချီ ပန်းပု စသည်ပုံများကို အမြတ်တနိုးထားရှိကြပါသည်။ ထိုဗုဒ္ဓဘာသာခံယူပွဲကို (၁၉၅၆ )ခုနှစ်၊ သာသနာတော် (၂၅၀၀)ပြည့်တွင် ကျင်းပခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ ထိုဗုဒ္ဓဘာသာခံယူပွဲမကျင်းပမီ အရှင်အရိယဓမ္မသည် အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့၌ သီတင်းသုံးခဲ့ခြင်းဖြစ်ပါသည်။

ထို့နောက် အရှင်အရိယဓမ္မသည် အမေရိကန်နိုင်ငံတွင် သာသနာပြုလိုသဖြင့် ထိုစဉ်ကအမေရိကန် သမ္မတဖြစ်သော သမ္မတ ရုစဘဲ့လ်ထ်ထံသို့ သာသနာပြုခွင့်ပေးပါရန် စာတစ်စောင်ရေးသား၍ပေးပို့ခဲ့ပါသည်။ အမေရိကန်သမ္မတထံမှ သာသနာပြုရန် ခွင့်ပြုချက် အကြောင်းပြန်စာရရှိသဖြင့် အမေရိကန်သို့ သာသနာပြုကြွရန် ဆုံးဖြတ်ခဲ့ပါသည်။ ရန်ကုန်မြို့၊ ဗုဒ္ဓဘာသာအသင်းမှ ထောက်ပံ့သောခရီးစရိတ်ဖြင့် အမေရိကန်သို့ ကြွရောက်တော်မူပါသည်။ ဆရာတော်အရှင်အရိယဓမ္မ(ဘုံဘေ)သည် မက္ကဆီကိုနိုင်ငံတွင် ပျံလွန်တော်မူသည်ဟု သိရှိရပါသည်။ သို့ဖြစ် ဤ၌ ဆရာတော်အရှင်အရိဓမ္မ(ဘုံဘေ)၏ ဘ၀အတ္ထုပ္ပတ်ကို အဆုံးသတ်ပါသည်။

Monday, February 15, 2010

အသောကမင်းကြီးနှင့်စကားပြောကြည့်ခြင်း


၂၈-၁၂-၂၀၀၉-နေ့ မနက်စောစောတွင် ပတ္တနားမြန်မာကျောင်းမှ ဆက်လက်ခရီးထွက်ခွါလာရာ စောစောစီးစီး ပင် တတိယသင်္ဂါယနာ တင်ရာနေရာသို့ ရောက်ရှိပါသည်။ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်က ဦးဆောင်၍ သင်္ဂါယနာတင်ခြင်း ဖြစ်ပြီး အသောကမင်းကြီး လက်ထပ်တွင် သင်္ဂါယနာတင်ခြင်း ဖြစ်ပါသည်။ ဤနေရာသို့ ရောက်သည်ဆိုလျင်ပဲ အသောကမင်းကြီးအား စကားများစွာကို ပြောဖြစ်ခဲ့မိသည်။

အရှင်မင်းကြီး” အရှင်မင်းကြီးဟာ သာသနာတော်အတွက် ဒါမှမဟုတ် မောရိယအင်ပါယာအတွက် ဒီလိုမှမဟုတ် လောကကြီး ကောင်းကျိုးအတွက် အကျိုးပြုလုပ်ငန်းတွေ လုပ်ခဲ့တယ်ဆိုတာ ကျောက်စာများအရ၊ သမိုင်းဆိုင်ရာများအရ သိရှိပြီးဖြစ်ပါတယ်။ ငြင်းဆိုစရာလည်း အကြောင်းမရှိပါ။ ယနေ့တိုင်အောင်လည်း အရှင်မင်းကြီးအား ဘာသာတရားရဲ့ သူရဲကောင်း၊ အိန္ဒိယနယ်မြေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာအဖြစ်ဖြစ် ရပ်တည်နေဆဲဖြစ်တယ်ဆိုတာလည်း လူတိုင်းအသိပါ။ အကျွ်နုပ် ဤဘ၀သို့ရောက်ရှိလာခြင်းဟာ အရှင်မင်းကြီနဲ့ တိုက်ရိုက်သက်ဆိုင်ကောင်း သက်ဆိုင်နေပါလိမ့်မယ်။ အသင်သာ အခြားနိုင်ငံများကို သာသနာပြုမလွှတ်ခဲ့ယင် အကျွနုပ် ဤဘ၀ကို ရောက်ရှိကောင်းမှရောက်ရှိပါ လိမ့်မယ်။ အဲဒီလိုပါပဲ အရှင်မင်းကြီး၏ ကျေးဇူးကိုလည်း ယခုလောက် နားလည်ချင်မှ နားလည်ပါလိမ့်မယ်။

ဒါပေမယ့် အရှင်မင်းကြီးကို အကျွနုပ် တကယ်လေးစားကြည်ညိုတဲ့နေရာမှာ အဲဒီလုပ်ရပ်တွေထက် အခြားလေးစားကြည်ညိုတဲ့အရာ ရှိပါတယ်။ အဲဒါကတော့ အမှားမှ အမှန်သို့ဟုပဲ ဆိုဆို ဒါမှမဟုတ် အဆိုးမှ အကောင်းသို့ဟုပဲ ပြောပြော ဒီလိုမှမဟုတ် ဘာသာတရားတစ်ခုမှ တစ်ခုသို့ ပြောင်းတယ်ဟုပင် ဆိုချင်ဆို နောက်ဆုံး သိလို့ပြောင်းတာပဲဖြစ်ဖြစ် မသိလို့ပြောင်းခဲ့သည်ဆိုဦး အရှင်မင်းကြီး အပြောင်းအလဲ ပြုလုပ်ခဲ့တာကတော့ အမှန်ပါ။ အကျွ်နုပ် အရှင်မင်းကြီးအား အတုယူ အားကျတာက အဲဒီပြောင်းလဲရဲတဲ့ သတ္တိပဲ ဖြစ်ပါတယ်။

” အပြောင်းအလဲ change-ဟုတ်ပါတယ်။ အပြောင်းအလဲဆိုတာ change-ပဲ မဟုတ်လား။ အရှင်မင်းကြီး” ယနေ့ကမ္ဘာလောကကြီးက change-ဆိုတာကို တောင်းဆိုနေကြပါတယ်။ အဲဒီအပြောင်းအလဲ change-ကို မလုပ်နိုင်တော့ယင် အစစအရာရာဟာ နောက်ကျကျန်ရစ်ခဲ့တော့မှာပါ။ လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေးတွေအတွက် change-ဆိုတာကို လက်မခံယင် အားလုံးဟာ တစ်ဖက်စောင်းနင်းတွေ ဖြစ်နေတော့မှာပါ။ အရှင်မင်းကြီး “ အရှင်မင်းကြီးရဲ့သားနဲ့သမီးနဲ့ကို ဘိက္ခုဘောင် ဘိက္ခုနီအဖြစ်ကို ရောက်စေတာလည်း အပြောင်းအလဲ change ပဲမဟုတ်လား“။ ” အခြားတိုင်းတစ်ပါးကို သာသနာပြုဆိုတဲ့ စကားလုံးအသုံးပြုပြီး ရဟန်းသံဃာတော်တွေကို လွှတ်ခဲ့တာလည်း အဲဒီအခြားတိုင်းပြည်မှာရှိတဲ့သူတွေကို change-ဖြစ်စေချင်လို့ပဲမဟုတ်လား။
အရှင်မင်းကြီး” အရှင်မင်းကြီးကိုယ်တိုင် change လုပ်ခဲ့တယ်။ အရှင်မင်းကြီး သားသမီးတွေကော အခြားတိုင်းနိုင်ငံက လူတွေကိုပါ change-ဖြစ်ဖို့အတွက် ကြိုးပမ်းခဲ့တယ်လေ။

အော် စကားမစပ် အရှင်မင်းကြီးကို ပြောချင်တာက အရှင်အာနန္ဒာကို ဘုရားရှင်က သေးငယ်တဲ့ဝိနည်းသိက္ခာပုဒ်တွေကို ပြောင်းလဲလိုက ပြောင်းလဲနိုင်တယ်၊ ပယ်ဖျက်လိုက ပယ်ဖျက်နိုင်တယ်လို့ မိန့်မှာခဲ့တယ်မဟုတ်လား။ အဲဒါလည်း အပြောင်းအလဲ change-လုပ်ဖို့ဆိုတဲ့ အဓိပ္ပါယ်ပဲ မဟုတ်လား။
ဒါဆိုယင် ဘာသာရေးအတွင်းမှာရှိတဲ့ အကျွန်ုပ်က ဘာသာသာသနာအတွက် change-လုပ်ဖို့ လိုမလား။ အရှင်မင်းကြီး” အရှင်မင်းကြီးက တတိယသင်္ဂါယနာတင်ခဲ့တာဟာ ဗုဒ္ဓသာသနာကို ချစ်မြတ်နိုးလို့ဆိုတာ ပြောစရာမလိုပါ။ အရှင်မင်းကြီး ကိုးကွယ်တာက ရှေးရှေးသောမထေရ်တို့ရဲ့လမ်းစဉ်အတိုင်း ကျင့်သုံးနေတဲ့ ရဟန်းသံဃာတော်တွေကိုပါ။ အဲဒါကိုပဲ ထေရ၀ါဒကို ကိုးကွယ်တယ်လို့ ဆိုတာမဟုတ်လား။ ထေရ၀ါဒဆိုတာ ရှေးရှေးသောမထေရ်တို့ရဲ့ လမ်စဉ်အတိုင်း ကျင့်သုံးရတာဆိုတော့ change-ကို လက်ခံလို့ ရပါမလား အရှင်မင်းကြီး။ change-တွေလုပ်လို့ မဟာယာန စတဲ့ဂိုဏ်းကွဲတွေ ပေါ်ခဲ့တယ်ဆိုယင် အကျွနုပ်တို့ change- မလုပ်ရတော့ဘူးလား ။ ယနေ့ကမ္ဘာကြီးက တောင်းဆိုနေပါတယ်ဆိုတဲ့ change-ဆိုတာတွေကို ဘာသာသာသနာရှု့ထောင့်ကနေ change - လုပ်ဖို့ တကယ်ကောလိုအပ်သလား အရှင်မင်းကြီး။

ပထမသင်္ဂါယနာတင်တုန်းကတော့ မထေရ်ကြီးတွေက ပြောခဲ့တယ်လေ။ ၀ိနည်းသိက္ခာပုဒ်တွေကို အသစ်လည်း ထပ်မထည့်နဲ့ အဟောင်းကိုလည်း မပယ်ဖျက်နဲ့ ရှိပြီးသားအတိုင်းတည်စေဆိုတာလေ။ အရှင်မင်းကြီး”မထေရ်ကြီးတွေကကော ဘာ့ကြောင့် အပြောင်းအလဲကို မလိုလားခဲ့သလဲ။ ပြောင်းလဲချင်းဟာ နိယာမဆိုယင် ဒီကနေ့ တောင်းဆိုနေတဲ့ အပြောင်းအလဲ change-ကို လက်ခံရမှာပေါ့ အရှင်မင်းကြီး။

ဘုရားရှင်ရဲ့သာသနာတော်အတွင်းမှာ အာဏာသုံးရပ်နဲ့ဖွဲ့စည်းထားတယ်လို့ အချို့ပညာရှင်တွေက ပြောကြပြန်ပါတယ် အရှင်မင်းကြီး။ အဲဒီအာဏာသုံးရပ်ကတော့ ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာ၊ စီမံခန့်ခွဲရေးအာဏာတို့ပါပဲ။ အဲဒီအာဏာ သုံးရပ်ထဲမှာ ဥပဒေပြုအာဏာကို ဘုရားရှင်ကိုယ်တိုင်သာလျင် အသုံးပြုရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ ဆိုကြပါတယ် အရှင်မင်းကြီး။ အခြားအာဏာတွေကိုတော့ တပည့်တပန်းများအား လွှဲအပ်ထားပါတယ်။ ဒါသည်ပင် အချို့အာဏာတွေကို အပြည့်အ၀ပေးထားတာ မဟုတ်ဘူးလို့ ဆိုကြပြန်ပါတယ် အရှင်မင်းကြီး။ အရှင်မင်းကြီး - ဥပဒေပြုအာဏာကို ဘုရားရှင်ကိုယ်တိုင်သာလျင် အသုံးပြုပိုင်ခွင့်ရှိတယ်ဆိုလျင် ဘုရားရှင်ရဲ့ဥပဒေတွေကို ပယ်ဖျက်ပေးဖို့အတွက် ဘုရားရှင်မရှိတော့တဲ့ ယနေ့မှာ အကျွ်နုပ်တို့ မည်သူကို တောင်းဆိုးရမလဲ။ ဘုရားရှင်သာလျင် ဥပဒေပြုအာဏာကို အသုံးပြုပိုင်ခွင့်ရှိတယ်ဆိုလျင် အခြားသူတွေဟာ change လုပ်ဖို့ အခွင့်အရေး မရှိတော့ဘူးလား အရှင်မင်းကြီး။

အရှင်မင်းကြီး” ၀ိနယောနာမ သာသနဿ အာယု ဆိုတဲ့ စကားလုံးတွေ အောက်မှာ အကျွနုပ်တို့ဟာ မလှုပ်နိုင်မယှက်နိုင် ဖြစ်နေရတယ်။ လေလံလှတဲ့ ဒီဝိနည်းဥပဒေတွေကို တစ်ခါတစ်ရံမှာတော့ အပြောင်းအလဲ change-လုပ်ပစ်ချင်တယ် အရှင်မင်းကြီး။ ဒါပေမယ့်လဲ ယနေ့ပြောနေတဲ့ အပြောင်းအလဲ change-ထဲမှာ ဒီဝိနည်းဥပဒေတွေ ပြောင်းလဲခြင်း မပါနိုင်ဘူးဆိုတာကိုလည်း တစ်ဖက်မှာ ယုံကြည်နေပါတယ် အရှင်မင်းကြီး။

တကယ်လို့ မျက်မှောက်ခေတ် အနေအထားအရ change- ဟာ အတိုင်းအတာ တစ်ခုထိ လိုအပ်နေမယ်ဆိုယင်တောင် အဲဒီchange-ကတော့ ၀ိနည်းဥပဒေတွေကို အပြောင်းအလဲ change-ဖို့ ဟုတ်ဟန်မတူပါဘူး အရှင်မင်းကြီး။ အကျွ်နုပ် အဲဒီမထေရ်ရဟန္တာကြီးတွေရဲ့ စကားကို အကြွင်းမဲ့ ယုံပါတယ်။ သူတို့ဟာ လောကကြီးမှာ ဘုရားပြီးယင် ညဏ်အမြော်အမြင် အရှိဆုံးပုဂ္ဂိုလ်တွေ မဟုတ်လား အရှင်မင်းကြီး။

လောကီအပြောင်းအလဲ change-တွေကတော့ သူလည်ပတ်နေ့တဲ့ယန္တယားအတိုင်း ဆက်လက် လည်ပတ်နေဦးမှာပဲ မဟုတ်လား အရှင်မင်းကြီး။ “ ------အသောကမင်းကြီးအား အကျွ်နုပ်သည် စိတ်ထဲမှာ စကားများစွာကို ပြောဆိုနေသော်လည်း မည်သို့သော အပြောင်းအလဲ change -ဖြစ်မည်ဆိုသည်ကိုတော့ မေးခွန်းနှင့်အဖြေကြားမှာ ထွေးလုံးရစ်ပတ်ယင်း အတွေးများချာချာလည်လျက် မျက်မှောက်ခေတ်သစ်ကမ္ဘာကြီးနှင့် သဟဇာတဖြစ်ဖို့ အံဝင်ခွင်ကျဖြစ်ဖို့------------။

Saturday, February 13, 2010

သမိုင်းရုပ်ကြွင်းများနှင့်စကားပြောမိသောအခါ


ပညာသင်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ အစည်းအဝေးကို ကျင်းပပြီးစီးသည့်အခါ ပုနေး၊ ဘုံဘေ၊ နာဂဇုန၊ ဂျမူး စသည် အဝေးရောက်စာသင်သားများနှင့်အတူ စာရေးသူသည် ဂယာသို့ ရောက်တုန်းရောက်ခိုက် ဘုရားရှင်နှင့်စပ်ဆက်ပတ်သတ်သောနေရာများကို လှည့်လည်ရန် အစီအစဉ်ဆွဲထားပါသည်။

သို့ဖြစ်ရာ ၂၇-၁၂-၂၀၀၉-နေ့ နံနက် အာရုံဆွမ်းဘုန်းပေးပြီးအချိန်မှ စတင်ကာ ကားနှစ်စီး သံဃာဆယ့်ငါးပါးဖြင့် ဂယာမြေပေါ် မှ ထွက်ခွါလာကြပါသည်။ လမ်းညွန်ဂိုက်မှာ နာလန္ဒာတက္ကသိုလ်မှ ဆရာတော်လေးတစ်ပါး ဖြစ်ပြီး လက်တွဲဖော် လမ်းညွန်ဂိုက်မှာမူ မဂဓတက္ကသိုလ်မှ ဆရာတော်လေးတစ်ပါး ဖြစ်လေသည်။ ရာဇဂြိုလ်မြို့၊ မြန်မာကျောင်းသို့ မ၀င်ရောက်မီ ရှေးအခါက လှည်သွားရာလမ်း၊ ဂိဇ္ဈဂုတ်တောင်၊ ဇီဝကသရက်ဥယျာဉ်၊ ဗိမ္ဗိသာရမင်း အကျဉ်းချ ရာနေရာ၊ အဇာတသတ်နန်းတော်ရာ၊ ဘဏ္ဏာတိုက်၊ ဓာတ်တော်ဌာပနာတိုက်၊ ဝေဠုဝန်ကျောင်းတော်၊ ဂျပန်ဘုရား၊ ဇာတ်နိမ့်ဇာတ်မြင့်များရေချိုးသော နေရာ၊ အရှင်အာနန္ဒာ သီတင်းသုံးရာလိုဏ်ဂူ၊ မြတ်စွာဘုရားရှင် သီတင်းသုံးရာနေရာ စသည်တို့ကို သွားရောက်ကြပါသည်။

ရှေးဦးပထမတွင် ရာဇဂြိုလ်သို့ ကားကြုံလိုက်ပါစီး နင်းလာသော ရာဇဂြိုလ်မြန်မာကျောင်းမှ ဆရာတော်က ရောက်ရာဌာန၌ ၄င်းတို့နှင့်စပ်ဆက်သောအကြောင်း အရာတို့ကို အသေးစိတ်ရှင်းလင်းပြောပြပါသည်။ ဘုရားရှင် သီတင်သုံးသောနေရာသို့ ရောက်သောအခါ မြန်မာ နှင့်အိမ်နီးချင်းနိုင်ငံတစ်ခုမှ ဘုရားဖူးလှည့်လည်သူများသည် သူတို့ချစ်သော ဘုရင်၏ဓာတ်ပုံကို ဘုရားရှင်သီ တင်းသုံးသော နေရာမှာတင်ထားလျှက် ပူဇော်ရာအဖြာဖြာတို့ဖြင့် ပူဇော်ပသပြီး ရွတ်ဆို ဆုတောင်းနေကြသည် ကို ထူးထူးခြားခြား မြင်တွေ့ခွင့်ရခဲ့ပါသည်။ စာရေးသူအထင်မှာ သူတို့ကိုကြင်နာယုယ၍ သူတို့ကလည်း မြတ် နိုးချစ်ခင်သော ဘုရင်ကို ကျန်းမာချမ်းသာစွာဖြင့် သက်တော်ရာကျော်ရှည်ပါစေကြောင်း ဆုတောင်းနေခြင်းပင် ဖြစ်နိုင်သည်ဟု ထင်ပါသည်။

ငယ်ရွယ်စဉ်ကပင် ကြားခဲ့ဘူးသော ဆေးဆရာ ဇီဝက ၊ ဗိမ္ဗိသာရမင်းကြီး၊ အဇာ တသတ်မင်း တို့၏နေရာသိုံ့ ရောက်သောအခါ ဆရာဇီဝကအား-- အသင်၏သနားကြင်နာတတ်သောစိတ်ထား ကို အကျွုန်ုပ် အမြတ်တနိုး တန်ဖိုးထားပါကြောင်း၊ ဗိမ္ဗိသာရမင်းကြီးအား-- အသင့်၏ သည်းခံနိုင်မှုစွမ်းအားကို အကျွနုပ် ဦးထိပ်မှာ အမြဲတင်ထားပါကြောင်းနှင့် အဇာတသတ်မင်းအားလည်း --အသင်၏ ဘုရားရှင်အပေါ် ကြည်ညိုမြတ်နိုးသော စိတ်ထားကို အကျွ်နုပ် နှစ်သက်မြတ်နိုးပါကြောင်း စိတ်ထဲမှာ တိုင်တည် ပြောဆိုမိပါ သည်။

ဂိဇ္ဈဂုတ်တောင်ပေါ်သို့ ရောက်သောအခါတွင် ဘ၀ဆက်တိုင်းမှာ-- ကိုယ်တိုင်းကလည်း သူတစ်ပါးကို ရန်ငြိုးထားသူ မဖြစ်ရပါ လို၏။ သူတစ်ပါးကလည်း ကိုယ့်အပေါ်မှာ အငြိုးအတေးရန်ငြိုးတွေ မထားကြပါစေနဲ့-ဟု စိတ်သန္တာန်မှာ တောင်းဆိုနေမိပါသည်။

ဇာတ်နိမ့်ဇာတ်မြင့်ဟူ၍ ခွဲခြားကာ ရေချိုးသောနေရာသို့ ရောက် သောအခါတွင်မူ ဖြစ်လာသော ဘ၀၀ယ် အဆင့်အတန်းခွဲခြားသော ပတ်ဝန်းကျင်၊ လူကိုလူလို မမြင်နိုင်သော နေရာဒေသ၊ လူသား၏အခွင့် အရေးကို တန်ဖိုးမထားတတ်သော အသိုင်းအ၀ိုင်းတို့၌ ဘယ်သောအခါမျှ မမွေး ဖွါးရပါလို၏-ဟု ထပ်ခါထပ်ခါ ဆန္ဒဖြစ်ပေါ်နေမိပါသည်။ ဝေဠုဝန်ကျောင်းတော်နေရာသို့ ရောက်သောအခါမှာ ဘယ်ဘ၀မျိုးမှာပဲဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့် မာန်မာနတွေ ၀င်လာခဲ့ယင် အဲဒီမာန်မာနတွေကို ချိုးနှိမ် ပေးနိုင်မည့် သူတော်ကောင်းများနှင့် ဆုံဆည်တွေ့ဆုံခွင့် ရရပါလို၏-ဟု တောင်းဆုများ ခြွေခဲ့မိပါသည်။

ပထမ သင်္ဂါယနာတင်ရာနေရာ သို့ ဂိုက်ဆရာတော်မှ လက်ညိုးညွှန်ပြသောအခါမှာလည်း အရှင်အာနန္ဒာအား သမိုင်းဆရာတို့က မှတ်တမ်းတင် ထားသကဲ့သို့ - ဘုရားရှင်အား မေးသင့်မေးထိုက်သည်တို့ကို မမေးမိလိုက်သည့်အတွက် တာဝန်မကျေပွန်သူ - ဟု ပြောဆိုမှုကို အရှင်ကိုယ်တိုင်ကကော မည်ကဲ့သို့ သဘောထားပါသလဲ-ဟု မေးကြည့်လိုက်ချင်မိပါသည်။
ထို့နောက် ရာဇဂြိုလ် မြန်မာကျောင်းသို့ ရောက်ရှိပြီး နေ့ဆွမ်းဘုန်းပေးအပြီးတွင် နန်တော်ဟောင်းနေရာကို ကျောင်းဆောင်၏အပေါ်ဆုံးထက်မှ ကြည့်ရှုလေ့လာခွင့် ရရှိခဲ့ပါသည်။

ရာဇဂြိုဟ်မှ ဆက်လက်ထွက်ခွါ လာကြသော စာရေးသူတို့သည် မြန်မာကျောင်းသားအများစု တက်ရောက်သင်ကြားနေသော န၀နာလန္ဒာတက္ကသိုလ်သို့ နေ့လည်ပိုင်းတွင် ရောက်ရှိကြပါသည်။ ဂိုက်ဆရာတော်လေးမှာ န၀နာလန္ဒာတက္ကသိုလ်မှ ကျောင်းသားဖြစ်သည့်အလျောက် ရောက်တုန်းရောက်ခိုက်တွင် အခြားသောသူငယ်ချင်းများနှင့်တကွ အဖျော်ရည်စသည်တို့ဖြင့် ဧည့်ခံပြုစုကြပါသည်။ ထိုတက္ကသိုလ်သည် တစ်ချိန်တုန်းက အလွန်ကျော်ကြားခဲ့သော နာလန္ဒာတက္ကသိုလ်ကြီးအစား အသစ်တည်ထောင်သော တက္ကသိုလ်ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ကျောင်းသားစုစုပေါင်း ၉၀-ကျော်ခန့် ရှိသည်ဟု သိရှိရပါပြီး အသစ်တည်ထောင်ထားသည် ဖြစ်သည့်အလျောက် အဆောက်အဦးများအား ဖွဲ့စည်းထားပုံမှာလည်း အလွန်သန့်ရှင်းသပ်ယပ်လှပပါသည်။

ထိုမှတဆင့် နာလန္ဒာတက္ကသိုလ်ဟောင်းသို့ ဆက်လက်ထွက်ခွါလာကြရာ အဆောက်အဦးဟောင်းများအား မြင်တွေ့လျင်မြင်တွေ့ချင်း နာလန္ဒာတက္ကသိုလ်သည် တချိန်က အလွန်ကြီးကျယ် ထင်ရှားခဲ့သည်ဆိုသည်မှာ သံသယဖြစ်စရာ မလိုတော့ပါ။ ဤမျှကြီးကျယ်ခဲ့သော တက္ကသိုလ်ကြီးသည် အဘယ့်ကြောင့် အကြွင်းအကျန်အရာမျှသာ ကျန်ရှိတော့ခဲ့ပါသနည်။ ဗုဒ္ဓဘာသာမဟုတ်သောဘုရင်များက ဖျက်ဆီးလိုက်သည့်အတွက် ပျက်စီးရသည်ဟု သမိုင်းများက ဆိုထားပါသည်။ တည်ဆောက်သူများက တည်ဆောက်၍ ဖျက်ဆီးသူများကလည်း ဖျက်ဆီးကြသည်မှာ လောကသံသရာဟု ဆိုရမည်လား သို့မဟုတ် ပျက်စီးချိန်တန်က ပျက်စီးကြရတာပဲဟု လွယ်လွယ်ပဲ တွေးလိုက်ရမည်လား စာရေးသူ ကောင်းစွာ မပြောတတ်ပါ။ သို့်သော် အုတ်ပုံအကျိုးအပဲ့မျှသာ ရှိသော ဤအဆောက်အဦးဟောင်းကြီးများကတော့ အိန္ဒိယမြေမှာ အမှန်တကယ်ဗုဒ္ဓဘာသာသည် တိုးတက်ထွန်းကားခဲ့ကြောင်းကို အခိုင်အမာဆိုနေပါသည်။ အခြားတဖက်မှာမူလည်း ဘာသာတရားတစ်ခုက ဘာသာတရားတစ်ခုကို လွှမ်းမိုးလို၍ ဖျက်ဆီးသည်ဖြစ်စေ (သို့မဟုတ်) အမုန်းတရားများကြောင့် ဖျက်ဆီးခဲ့သည်ဖြစ်စေ (သို့မဟုတ်) မိမိရဲ့အာဏာ ကြီးကျယ်လိုမှုကြောင့် ဖျက်ဆီးခဲ့သည်ဖြစ်စေ သမိုင်းရုပ်ကြွင်းများကတော့ လူသားတို့၏သဘာဝကို ဖော်ကျူးနေသည်မှာ အမှန်ပင်ဖြစ်သည်။

တက္ကသိုလ်ကြီး၌ နေရာစုံစုံလင်လင်ကြည့်ရှုကြပြီးနောက် စာရေးသူတို့သည် ဆက်လက်ထွက်ခွါလာကြရာ
ပတ္တနားမြို့ ၊ မြန်မာကျောင်းသို့ ညပိုင်း ၆-နာရီခန့်တွင် ရောက်ရှိကြပါသည်။ ထို့ညတွင် ရှေးသရောအခါက ဝေဿကာရပုဏ္ဏားကြီး ဦးစီးတည်ဆောက်ခဲ့သော ပါဋလိပုတ်မြေမှာ တစ်ညတာ အိပ်စက်အနားယူရန် အိပ်ရာကုတင်ပေါ်မှာ လဲလျောင်းရင်း-ဝေဿကာရပုဏ္ဏားကြီးအား ဤမှာဘက်မှာ တည်ဆောက်သူ ထိုမှာဘက်မှာမူ ဖျက်ဆီးသူအဖြစ် ဘာ့ကြောင့်များ ထိုဘ၀ကို ရွေးချယ်ခဲ့ပါသလဲ -ဟု မေးခွန်း များထုတ်ရင်း-ဆက်လက်ကျန်ရှိနေသေးသော ရှေးခရီးများအတွက်--------။

Thursday, February 4, 2010

ကွန်ပျူတာရှေ့ တွင် ပြောမိသောစကားများ


သတိရမိသော ကာတွန်းလေးတစ်ခုကနေ စပြီး ဒီဆောင်းပါးလေးကို ပြောကြည့်ချင်ပါတယ်။ စာရေးသူ တွေခဲ့ဘူးတဲ့ အဲဒီကာတွန်းရုပ်ကလေးမှာ ကိုရင်လေးတစ်ပါးက ခါးမှာ တံတောင်ဖြင့် ညှပ်ထားတဲ့ အင်္ဂလိပ်အဘိဓာန် (dictionary) စာအုပ်ကြီးနဲ့ ဆရာဖြစ်သူထံ စာတက်သွားနေတဲ့ပုံပါ။ ဆိုလိုတာကတော့ ကိုရင်လေးတွေဟာ ခေတ်နဲ့အညီ အင်္ဂလိပ်စာကို သင်ကြားနေပြီဆိုတာကို ကာတွန်းဆရာက ပြလိုရင်း ဖြစ်ပါတယ်။

နောက်တစ်ခု သီရိလင်္ကာနေစဉ်ကပါ။ တက္ကသိုလ်ကျောင်းသားရဟန်းတော်တွေလောကမှာ တက္ကသိုလ်ကျောင်းသားမှန်ယင် လပ်ပတော့(laptop)ကွန်ပျူတာ ရှိမှသာ ပီသမယ်ပေါ့။ ခေတ်စားတယ်လို့ပဲ ပြောရမလား ဒါမှမဟုတ် လိုအပ်လို့ပဲဟု ဆိုရမလား ကွန်ပျူတာ လပ်ပတော့လေးများမှာ စာသင်သားတိုင်းနီးပါး ရှိတတ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက စာရေးသူ ငေးမေားနေယုံမျှသာပါ။

နောက်ပြောချင်တာက ရှေးခေတ်ဆရာတော်တွေ ကျမ်းပြုကြတဲ့အခါ စားပွဲပေါ်မှာ ကျမ်းစာအုပ်တွေ များစွာနဲ့ လက်မှာလည်း ဖေါင်တိန်လေး ကိုင်လို့ပါ။ ယနေ့ခေတ်ရဟန်းတော်တွေ ကျမ်းပြုကြတဲ့အခါမှာတော့ ကွန်ပျူတာရှေ့မှာပါ။ဘေးမှာတော့ စာအုပ်တွေအစား အက်စထရာဟက်ဒစ်(external hard disk)တွေ၊ စီဒီပြား(cd)တွေ၊ ပင်ဒရိုက်(pendrive)တွေ၊ ပရင်တာ(printer)တွေနဲ့ပေါ့။ တစ်ခါ သူငယ်ချင်းရဟန်းတစ်ပါးပြောဘူးတာက ရှေးခေတ်ကရဟန်းတော်တွေကတော့ ခရီးသွားတဲ့အခါ ပရိက္ခရာအဖြစ် သင်္ကန်း၊သပိတ်၊ ဒါး စတာတွေကို ယူသွားကြပါတယ်။ ယခုခေတ်ရဟန်းတော်တွေကတော့ လက်ပတော့၊ ကင်မရာတွေနဲ့ ခရီးသွားကြတယ်လို့ သူကပြောပါတယ်။ ခေတ်သစ်ကမ္ဘာကြီးနှင့်အတူ ရဟန်းတော်တွေဟာလည် ရင်ဘောင်တန်းလိုက်နေတယ်လို့ သူကဆိုလိုတာပါ။

အထက်က ခေတ်သစ်သံဃာတော်တွေလောကကို ပြောခဲ့တဲ့အတိုင်း စာရေးသူလည်း ခေတ်သစ်ကမ္ဘာထဲ တိုးဝင်နေတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ရာ ခေတ်ကိုအမီလိုက်နေရတယ်လို့ပဲဆိုချင်ဆို ဒါမှမဟုတ် လိုအပ်ချက်အရပဲဟု ပြောချင်ပြော အနည်းဆုံး တစ်နေ့တစ်ခါတော့ ကွန်ပျူတာရှေ့ရောက်နေတာပါ။

ကွန်ပျူတာမျက်နှာပြင်ဆိုတာ သိတဲ့အတိုင်း မြန်မာ့အလင်းသတင်းစားရွက်တစ်ရွက် ဖြန့်ထားတာလောက် ကြီးလှတာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီမကြီးလှတဲ့မျက်နှာပြင်လေးပေါ်မှာ တကမ္ဘာလုံးဖြစ်ပျက်နေတာတွေကို ကြည့်လို့ရနေတာကတော့ အင်တာနက်သုံးဖူးသူတိုင်း သိမှာပါ။ ၀က်ဘ်ဆိုက်ကလေးတွေ ဖွင့်လိုက် ဘလော့လေးတွေဖွင့်လိုက်နဲ့ တစ်နေ့တစ်နေ့ အချိန်လေးတွေကို ကွန်ပျူတာရှေးမှာ တော်တော်လေးကုန်တယ် ဆိုရမလားပဲ။ ရံခါများဖြင့် ကိုယ်ရေးရမယ့်ကျမ်းတောင် မရေးဖြစ်တော့တာပါ။ ခု ဘလော့လေးတစ်ခုလုပ်ထား ပြန်တော့ ပိုဆိုးပြန်တယ်။ ဘလော့အကြောင်းနားမလည်တာက တမျိုးခက်သလို ဟိုရေး ဒီရေးနဲ့ စာရေးတဲ့ ၀ါသနာလေးကလည်း မစွန့်နိုင်ပြန်တော့ ဒုက္ခတမျိုးပေါ့။

ဒီလိုနဲ့ ဘုရားရှင်မိန့်ခဲတာတွေ၊ ရှေးရှေးမထေရ်တွေ ရေးသားခဲ့တာတွေကို ဖတ်မိပြန်တော့လည်း ကိုယ့်ကိုယ်ကို ဘယ်လိုနားလည်ရမလဲလို့ စဉ်းစားမိပြန်တယ်။ ဘုရားရှင်မိန့်ခဲ့တာက ဒီလိုပါ။

အခါတစ်ပါးမှာ ယသသူဌေးသားနဲ့တကွ သူငယ်ချင်းတွေဟာ ပြည့်တန်ဆာတစ်ယောက်ကို ငှါးပြီး တောထဲမှာ ပျော်ပါးကြပါတယ်။ ပျော်ပါးပြီးလို့ မင်းသားတွေအိပ်ပျော်နေချိန်မှာ ပြည့်တန်ဆာမက လက်ဝတ်တန်ဆာနဲ့အတူအ၀တ်တန်ဆာတွေကို ခိုးယူပြီး ထွက်ပြေးသွားပါတယ်။ အိပ်ပျော်ရာကနေ နိုးလာတဲ့သူဌေးသားနဲ့အဖော်အပေါင်းတွေဟာ ပြည့်တန်ဆာမကို လိုက်ရှာကြပါတယ်။ ဒီအခိုက်မှာ ဘုရားရှင်က ကြွရောက်လာပြီး သူဌေးသားနဲ့အပေါင်းအပါတွေကို “ အသင်တို့ ဘာရှာနေကြသလဲ ”ဟု မေးတဲ့အခါ ၀တ်ဆာတန်ဆာတွေခိုးးသွားတဲ့ ပြည့်တန်ဆာမကို လိုက်ရှာနေတဲ့အကြောင်း လျှောက်ထားကြပါတယ်။ အဲဒီအခါမှာ ဘုရားရှင်က “ အပြင်မှာ မရှာပဲ ကိုယ့်ကိုယ်ကိုမှာသာ ရှာကြ”-လို့ မိန့်ထားတာလေးပါ။

နောက်တစ်ခုကတော့ ဒီလိုပါ။ ဘုရားရှင်လက်ထက်မှာ ရဟန်းတစ်ပါးဟာ အလွန်လျင်မြန်စွာ ကောင်းကင်ကို ပျံသန်းနိုင်တဲ့ ဈာန်အဘိညာဉ်ရထားပါတယ်။ ဘယ်လောက်မြန်သလဲဆိုယင် မျက်စိတမှိတ် လက်ဖျစ်တတွတ်အတွင်းမှာ အလွန်အားကောင်းတဲ့လေးကပစ်လိုက်တဲ့မြှားလိုပဲတဲ့ ထန်ပင်တစ်ရပ်လောက်ကို ခဏလေးဟု စာပေများမှာဆိုပါတယ်။ အဲဒီရဟန်းက “ ကောင်းကင်ကြီး အဆုံးရှိမလား” ဆိုပြီး ကောင်းကင်ကို ပျံတက်သွားတာပါ။ အဲသလောက်လျင်မြန်တဲ့ ရဟန်းဟာ နှစ်တွေတော်တော်ကြာလို့ ပြန်လာတဲ့အခါ ဘုရားရှင်ကို ကောင်းကင်ကြီးဟာ အဆုံးမရှိကြောင်း လျှောက်ထားပါတယ်။ ဒီအခါ ဘုရားရှင်က အဲဒီရဟန်းကို ကဲ့ရဲ့ပြစ်တင်တော်မူပါတယ်။ နှစ်များစွာ မလိုအပ်ဘဲ အချိန်တွေကို ဖြုန်းပစ်လို့ပါ။ နောက်ပြီးမိန့်တော်မူတာက “ အဆုံးဆိုသည်မှာ တလံမျှလောက်သော ဒီခန္ဓာကိုယ်အတွင်းမှာပဲ ရှိတယ်” လို့ဆိုတာပါပဲ။

နောက်တစ်ခုက သက္ကပဥှသုတ် အဋ္ဌကထာမှာရေးသားထားတဲ့ အဋ္ဌကထာဆရာရဲ့စကားပါ။ အဲဒီမှာကတော့ ဒီလို ပြောထားပါတယ်။
ရှေးအခါက အရှင်မြတ်သုံးပါးဟာ “ ကာမ၀ိတက်အစရှိတဲ့ အကုသိုလ်အကြံအစည်တွေကို မကြံစည်ကြစတမ်း” လို့ ကတိက၀တ်ထားပြီး တောကျောင်းတစ်ကျောင်းမှာ ၀ါဆိုကြပါတယ်။ သီတင်းကျွတ်တဲ့အခါ အကြီးအရှင် မြတ်က အငယ်ဆုံးအရှင်မြတ်ကို မေးပါတယ်။ “ ငါ့ရှင်- ဒီဝါတွင်း သုံးလကာလအတွင်းမှာ အဘယ်မျှသော အရပ်၌ စိတ်အား ပြေးသွားဖြစ်ပွါးခွင့်ကို ပေးအပ်ပါသလဲ” လို့မေးတဲ့အခါ “ အရှင်ဘုရား - တပည့်တော်ဟာ ဒီဝါတွင်းသုံးလကာလအတွင်းမှာ ကျောင်းပရိဝုဏ်အပိုင်းအခြားရဲ့ အပြင်အပကို စိတ်အားပြေးလွှားဖြစ်ပွါးခွင့်ကို မပေးခဲ့ပါ” လို့ ပြန်လျှောက်ပါတယ်။
တစ်ခါ အကြီးအရှင်မြတ်က အထက်ကအငယ်ရဟန်းကို မေးခဲ့တဲ့အတိုင်း အလတ်အရှင်မြတ်ကို မေးတဲ့အခါ-
“ အရှင်ဘုရား တပည့်တော်ဟာ ၀ါတွင်းသုံးလကာလအတွင်းမှာ မိမိနေတဲ့ ကျောင်းခန်းအတွင်းမှ အပြင်အပသို့ စိတ်အားပြေးလွှားထွက်သွားခွင့်ကို မပေးခဲ့ပါ” လို့ အလတ်အရှင်မြတ်က ပြန်လည် လျှောက်ကြားပါတယ်။

အဲဒီလို မထေရ်အရှင်မြတ်ကြီးက မေးလို့ ဖြေကြားပြီးတဲ့အခါ အရှင်မြတ်အငယ်နှစ်ပါးက အရှင်မြတ်ကြီးအား တဖန် ပြန်၍မေးလျှောက်ပါတယ်။ “ အရှင်ဘုရား - အရှင်ဘုရားတို့သည် ဒီဝါတွင်သုံးလကာလ အတွင်းမှာ အဘယ်မျှသော အရပ်၌ မိမိစိတ်အား ပြေးလွှားဖြစ်ပွါးခွင့်ကို ပေးအပ်ခဲ့ပါသလဲ” လို့မေးတဲ့အခါ “ ငါ့ရှင်တို့ ငါဟာ ဒီဝါတွင်းသုံးလကာလအတွင်းမှာ မိမိ၏ခန္ဓာကိုယ်အတွင်းမှ အပြင်အပသို့ စိတ်အားပြေးလွှားထွက်သွားခွင့်ကို မပေးခဲ့ပါ” လို့ ပြန်လည်ဖြေကြားပါတယ်။ ဒီအခါမှာ အငယ်နဲ့အလတ် အရှင်မြတ်နှစ်ပါးဟာ “ အရှင်ဘုရား - အရှင်ဘုရားတို့သည် ပြုနိုင်ခဲသော အမှုကို ပြုတော်မူအပ်ပါပေ၏။ ” ဟု လျှောက်ကြားပါတယ်။

ပြောချင်တာကတော့ ပထမအပိုဒ်က မိမိကိုယ်မှာရှိတဲ့ ခန္ဓာငါးပါးရဲ့ ဖြစ်ပျက်နေတဲ့ အရာတွေကို ပြန်လည်၍ ၀ိပဿနာ ရှု့ မှတ် ခိုင်းခြင်းပါ။ ဒုတိယအပိုဒ်ဆိုလိုတာက ခန္ဓာငါးပါးရဲ့ ဖြစ်ပျက်နေတာတွေကို ၀ိပဿနာရှုကြည့်မှသာ ဘ၀ရဲ့အဆုံးဖြစ်ရာ နိဗ္ဗာန်ကို ရမယ်ဆိုတဲ့သဘောပါ။ အပြင်မှာအဆုံးမရှိဘဲ ဒီခန္ဓာငါးပါးအတွင်းမှာသာ အဆုံးရှိတာကို ပြောလိုယင်းပါ။ အဲဒီနည်းတူ တတိယအပိုဒ်မှာ ပြောလိုတာက ရှေးရှေးသောသူတော်ကောင်းတွေ ချီးမွမ်းတာက ကိုယ့်ကိုယ်တွင်းမှာ ခန္ဓာငါးပါးရဲ့ ဖြစ်ပျက်နေတာတွေကို ရှု့ကြည့်နေတဲ့သူကို ချီးမွမ်းကြတာပါ။ အပြင်သို့စိတ်ကို ပြေးလွှားခွင့်မပေးပဲ မိမိစိတ်ကို တစ်နေရာတည်းမှာ ထိန်းသိမ်းစောင့်ရှောက်ထားနိုင်သူကို ပို၍ ချီးမွမ်းကြတာပါ။

စာရေးသူကတော့ ဒီလေးထောင့်ရှိတဲ့ ကွန်ပျူတာဖန်သာပြင်လေးပေါ်မှနေပြီး လိုချင်တာတွေ၊ ကြည့်ချင်တာတွေကို တနေ့တနေ့ ရှာဖွေနေတာ ကြည့်ရှု့ နေတာပါ။ ဒီအင်တာနက်ကမ္ဘာထဲမှာ ရှာဖွေယင်းနဲ့ လိုချင်တာတွေ မဆုံးနိုင်တော့ဘူလားလို့ တခါတခါ တွေးမိပါတယ်။ မျက်စိက ဒီမျက်နှာပြင်လေးမှာ ကြည့်ရှု့နေပေမဲ့ စိတ်ကတော့ လေးထောင့်ရှိတဲ့ ဒီမျက်နှာပြင်လေးကိုအကြောင်းပြုပြီး တစ်ခန်းလုံးသာမက တစ်ကျောင်းလုံးအပြင် တကမ္ဘာလုံးကို ပတ်ကြည့်နေတာပါ။ အထက်ကဘုရားမိန့်ခဲ့တဲ့စကားတော်တွေ၊ အဋ္ဌကထာဆရာ ကပြောဆိုခဲ့တာတွေကို သိရှိလာရပြန်တော့လဲ ဘုရားရှင်များရှိယင် စာရေးသူအား ဘယ်လိုသြ၀ါဒတွေများ မိန့်ကြားမလဲဆိုတာကို တွေးမိခြင်းပါ။ ဒီလိုတွေ တွေးမိပြန်တော့လဲ ဒီအမြင်ရဲ့ အခြားတဖက်မှာ ကိုယ့်ကိုယ်ကို ဒီလို ဖြေသိမ့်မိပြန်တယ်။ အော် ကိုယ်ဟာ ရှောင်ရှားလို့မရတဲ့ နောက်ထပ်ဒီလိုပြောမလားပဲ မရှောင်နိုင်တဲ့ ခေတ်သစ်ကမ္ဘာကြီးနှင့်အတူ လျှောက်လှမ်းမိရက်သာ ဖြစ်နေတာပါလား ဆိုတာပါပဲ-----------။

Wednesday, February 3, 2010

လွတ်လပ်သော အတွေးအခေါ်ပိုင်ရှင်


လူတို့သည် ကိုယ်ကိုယ်တိုင် ပိုင်ဆိုင်ထားသည့်အရာများရှိမှသာလျင် လွတ်လပ်စွာ ဘ၀၌ တွေးခေါ်နိုင်ခွင့်၊ မောင်းနှင်နိုင်ခွင့် ရှိပေလိမ့်မည်ဟု နားလည်သဘောပေါက်ထားကြ၏။ ဤ၌ ပိုင်ဆိုင်ထားသည့်အရာဟူသည် အဘယ်နည်း။ တစ်ဖန် ထိုပိုင်ဆိုင်ထားသည့်အရာများဖြင့် ဘ၀၌ တွေးခေါ်နိုင်၊ မောင်းနှင်နိုင်သူကို လွတ်လပ်စွာ တွေးခေါ်နိုင်သူဟု လူတို့က ဆိုထားကြ၏။ လွတ်လပ်စွာတွေးခေါ်မှုဟူသည် အဘယ်ကို ဆိုလိုသနည်း။ သို့ဖြစ်၍ လွတ်လပ်စွာ တွေးခေါ်မှုဟူသောစကားကို အောက်ပါအကြောင်းအရာ အချက်အလက်များဖြင့် ယှဉ်ကပ်ကြည့်သည့်အခါ----

လူသားတိုင်း ကလေးဘ၀ကို ဖြတ်သန်းလာခဲ့ကြရာ ထိုဖြတ်သန်းလာသော ဘ၀ခရီးနှင့်အတူ မှတ်သားကြားနာခဲ့ရသောစကားတို့သည်လည်း သူနှင့်တပါးတည်းပါလာခဲ့ကြ၏။ ထိုကြားနာခဲ့ရသော စကား များသည် သူကိုယ်ပိုင်နီးပါးမျှဖြစ်နေရာ အရာဝတ္ထုတစ်ခုကို (သို့မဟုတ်) အကြောင်းအရာတစ်ခုကို တွေ့ မြင် တိုင်း တွေးခေါ်တိုင်း ငယ်စဉ်ဘ၀မှ မှတ်သားကြားနာခဲ့ရသော စကားများဖြင့် (သို့မဟုတ်) မှတ်သား သိမြင်ခဲ့ရသော အတွေ့ အကြုံများဖြင့် အမှားအမှန်ကို ဆုံးဖြတ်ချက် ချ၍နေ၏။ အကောင်း (သို့မဟုတ်) အဆိုးတစ်ခုခုကို ရွေးချယ်မိရက်သားဖြစ်၍နေပေ၏။ သို့ဆိုလျင် ထိုကလေးဘ၀မှ မှတ်သားကြားနာခဲ့ရသော စကားများဖြင့် ယတိပြတ်ဆုံးဖြတ်ခြင်းသည် အမှီအခိုကင်းစွာ ဆုံးဖြတ်သည်ဟု ဆိုနိုင် မဆိုနိုင် အကျွ်နုပ်တို့ စဉ်းစားသင့်၏။

မိဘဘိုးဘွားတို့ မှ သက်ဆင်းလာသူ လူသားတို့သည် ထိုမိဘဘိုးဘွားတို့ သယ်ဆောင်လာခဲ့သော အစဉ်အလာများ၊ သူတို့ကိုယ်တိုင် တီထွင်ဖန်တီးထားသော ဥပဒေသများ၏ ရိုက်သွင်းခံရမှု (သို့မဟုတ်) လွှမ်းမိုး ခံရမှုကို တစ်နည်းမဟုတ် တစ်နည်းနည်းဖြင့် ခံယူခဲ့ကြရ၏။ ဤအစဉ်အလာများ ဥပဒေသများသည် လူသား တို့၏အတွင်းစိတ်၌ အမြစ်တွယ်လျက်ရှိရာ လူသားတို့၏ရွေးချယ်မှုများ ဆုံးဖြတ်မှုများသည် ထိုမိဘဘိုး ဘွားတို့၏ အစဉ်အလာဥပဒေသများက တိုက်ရိုက်ဖြစ်စေ (သို့မဟုတ်) သွယ်ဝိုက်၍ဖြစ်စေ သြဇာခံအနေဖြင့် သက်ရောက်မှုရှိနေပြန်၏။ လောကီလူသားများသာဖြစ်သော မိဘဘိုးဘွားတို့မှ သယ်ဆောင်လာခဲ့သော (သို့မဟုတ်) ချမှတ်ခဲ့သော ယင်းအစဉ်အလာဥပဒေသတို့ဖြင့် မှားသည် (သို့မဟုတ်) မှန်သည်ဟု ယတိပြတ်ဆုံး ဖြတ်ခြင်းသည် မှီခိုမှုကင်းမဲ့သော ဆုံးဖြတ်ချက် ဟုတ် မဟုတ် အကျွ်န်ုပ်တို့ စဉ်းစားသင့်၏။

“ ရွှေလမှာ ယုန်ဝပ်လို့ ဆန်ဖွပ်သည့် အဖိုးအို ဟော ကြည့်ပါစို့ ” ဟု မိဘများသည် သားသမီးတို့အား ချော့သိပ်ခဲ့ကြပေ၏။ “ ကြက်ခေါင်းစား မင်းဖြစ်တယ်” ဟူသော ပုံပြင်များဖြင့် သားသမီးတို့အား မှတ်သား စေမှုကို ပြုခဲ့ကြ၏။ ထို့ကြောင့် အလွန်ထင်ရှားသော တစ်ထောင့်တစ်ညပုံပြင်များသည် လူသားတို့အလယ်၌ ဂုဏ်ယူဝင့်ကြွားစွာ နေရာယူလျက် ရှိ၍နေပေ၏။ ထို့အတူ အခြားသော သမိုင်းဆိုင်ရာ ရာဇ၀င်လာရာ အကြောင်းအရာများစွာ ရှိ၍နေပြန်၏။ ဤသို့ဖြင့် ပုံပြင်-သမိုင်း-ရာဇ၀င်မျာသည် ကြီးသူငယ်သူမဟူ လူသားတို့ သန္တာန်မှာ ပျော်ရွှင်ဖွယ်ဖြစ်စေ၊ ဘ၀သင်ခန်းစာဖြစ်စေ နည်းတစ်မျိုးမျိုးဖြင့် သက်ရောက်မှုရှိနေ၏။ နေရာဝင်ယူ လျက် ရှိနေပေ၏။ ဤအရာများကို လက်ဆုပ်လက်ကိုင်ပြုကာ အယုတ် အမြတ်ကို မှတ်ကျောက်တင်၍ တန်ဖိုးဖြတ်နေ၏။ ယင်းသို့ ပုံပြင်များ၊ သမိုင်းများ၊ ရာဇ၀င်များဖြင့် မှတ်ကျောက်တင်ကာ အယုတ် အမြတ်ကို စစ်ဆေးခြင်းသည် အမှန်ပင် စစ်မှန်သောရလဒ်ကို ပေးနိုင် မပေးနိုင် သို့မဟုတ် မည်သည့်သြဇာသက်ရောက်မှုမှ မရှိသော ဆုံးဖြတ်နိုင်မှုဟု ဆိုနိုင် မဆိုနိုင် အကျွ်နုပ်တို့ စဉ်းစားသင့်၏။

ကကြီး၊ ခခွေး၊ ဂငယ်-ဟု ဖြစ်စေ၊ အေ၊ ဘီ၊ စီ(a-b-c) ဟု ဖြစ်စေ ကလေးဘ၀၌ လူသားတို့သည် မိမိလူမျိုးတို့နှင့် နှီးနွှယ်စပ်ဆက်နေသောဘာသာစာပေများဖြင့် ထိတွေ့ ခဲ့ကြရ၏။ ထိုမှတဆင့် မူကြို၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကောလိပ်၊ တက္ကသိုလ်-ဟု အဆင့်အသီးသီး၌ သူ့ အဆင့်နှင့်လျော်ညီစွာ စာပေ ကျမ်းဂန်များကို ဖတ်ကြားသင်ယူခဲ့ရ၏။ ယင်းစာပေကျမ်းဂန်များသည် ဘုရားတစ်ဆူဆူက ဟောကြားခဲ့သည့် ဒေသနာတော်များကို မှတ်တမ်းတင်ထားသည့် ကျမ်းစာများဖြစ်နိုင်သကဲ့သို့ လူပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ (သို့မဟုတ်) လူ့ အဖွဲ့ အစည်းတစ်ခုခုကဖြစ်စေ ရေးသားထားသည့် ကျမ်းဂန်စာပေများဟု အသွင် သန္တာန်စုံစွာဖြင့် ရှိနေကြ၏။ ထိုကျမ်းဂန်စာပေများကို သင်ယူမှတ်သားရင်းဖြင့် လူသားတို့သည် ဘ၀တစ်စိတ် တစ်ပိုင်းကို ပေးဆပ်ထားကြရ၏။ ဤသို့ ဖြင့် ဘ၀နှင့်စာပေ၊ စာပေနှင့်ဘ၀သည် မကွဲမကွာ ရှိလာခဲ့ကြ၏။ ယေဘုယျအားဖြင့် စာပေနှင့်ကင်းက ဘ၀သည် နုံချာနိုင်ပြီး ဘ၀ပြည့်စုံသူသည် စာပေနှင့်မကင်းသော ကြောင့်ဟု အပြန်အလှန်အားဖြင့် ယူနိုင်ပေ၏။ သို့ဖြစ်၍ တီတီတာပြောဆိုတတ်သည့် ကလေးဘ၀မှစ၍ မိမိသင်ယူခဲ့ရသော စာပေများ၏သြဇာသက်ရောက်မှုမှ မလွတ်ကင်းနိုင်ဘဲ စာပေကျမ်းဂန်တို့၏အဆုံး အဖြတ် ဖြင့်သာ လူသားတို့သည် ရှင်သန်ကြီးထွားလာခဲ့ကြရ၏။ ဤသို့လျင် သူ၏ကိုယ်ပိုင်ဘ၀သည် စာပေများဖြစ် ၍နေပေ၏။ သင်ယူထားသည့် ဤသို့သော ပိုင်ဆိုင်မှုများဖြင့် အမှားအမှန်ဆုံးဖြတ်ခြင်းသည် အနှောင်အဖွဲ့များမှ လွတ်ကင်းသော ယတိပြတ်အဆိုဟု ဆိုနိုင် မဆိုနိုင်ကို အကျွ်န်ုပ်တို့ စဉ်းစားသင့်၏။

လူသည် ကြံစည်တတ်သော သတ္တ၀ါဖြစ်၏။ အာရုံငါးပါးအပေါ်အခြေခံပြီး အကြံအစည်အမျိုးမျိုးကို ထုတ်သူဖြစ်၏။ သူ၏ကြံစည်မှုနယ်ပယ်အ၀န်းသည် သူလေ့လာမှတ်သား သိရှိခဲ့ရသော နယ်ပယ်အတွင်း၌သာ ဖြန့် ကျက်နိုင်၏။ သို့သော် သူသည် သူ့ သန္တာန်မှ ကိုယ်တိုင်ပေါက်ဖွားလာသော အတွေးများဟု ထင်၏။ သူ့အကြံအစည်သည် သူ၏ကိုယ်ပိုင်ဘ၀ ဖြစ်၏ဟု ခံယူ၏။ ထိုအတွေးများဖြင့် ဘ၀၏ပုံရိပ်ကိုဖော်၏။ သူဖြန့် ကျက်နိုင်သည့်အကြံအစည်များဖြင့် ဘ၀ကိုတည်ဆောက်ခြင်းသည် မည်သည့်အရိပ်မျှမပါသော အဖြူထည် သက်သက်ဖြင့် တည်ဆောက်ခြင်းဖြစ်သည်ဟု ဟုတ် မဟုတ် အကျွ်နုပ်တို့ စဉ်းစားသင့်၏။

“ နှိုင်းနှိုင်းချိန်ချိန် သုခမိန် ” ဟု ဆိုထားကြ၏။ လူသည် စဉ်းစားချင့်ချိန်ခြင်းဖြင့် အရာရာကို တန်ဖိုးဖြတ်မြဲဖြစ်၏။ လူသားတို့ နှိုင်းချိန်စဉ်းစားခဲ့ကြသည်ဆိုရာ၌ ပင်ကိုယ်ဗီဇမှဖြစ်ပေါ်လာသော အသိထက် လေ့လာဆည်းပူးပြီးသော နယ်ပယ်များမှ အယူအဆပိုင်းဆိုင်ရာ အတွေးအခေါ်တို့၏ နှောင်ဖွဲ့ ခြင်းမှ ရုန်းမ ထွက်နိုင်ပဲ နှိုင်းချိန်စဉ်းစားခဲ့ကြခြင်းဖြစ်၏။ လေ့လာမှုနယ်ပယ်ကျယ်ပြန့်သည်နှင့်အမျှ နှိုင်းချင့်မှုပမာဏသည် လည်း အားသာချက်တို့ ရှိနေမည်ဖြစ်ပြီး လေ့လာမှုနယ်ပယ် အားနည်းပါက တွေးခေါ်မြော်မြင်မှုပိုင်း ဆိုင်ရာတို့သည်လည်း ဘောင်ကျဉ်းနေပေလိမ့်မည်။ နှိုင်းချိန်စဉ်းစားမှုသည် ယုတ္တိဗေဒကျရန် လိုအပ်သည်ဟု ဆိုကြပေ၏။ သို့ဖြစ်၍ ယုတ္တိဗေဒကျကျ နှိုင်းချိန်စဉ်းစားမှုသည် အမှန်နှင့်နီးစပ်သည်ဟု ယူဆသောကြောင့် ယနေ့ခေတ်၌ ယုတ္တိဗေဒဆိုင်ရာပညာရပ်များသည် နေရာယူလာခြင်း ဖြစ်၏။ ယုတ္တိဗေဒကျသောနည်းဖြင့် မှန်မှားကောင်းဆိုး တွေးခေါ်ဆုံးဖြတ်ခြင်းသည် ယှဉ်ဖော်ယှဉ်ဖက်ဖြစ်သော အကြောင်းအရာများ မပါရှိဘဲ သူချည်းသက်သက်သာ ဖြစ်သည်ဟု ဆိုနိုင်ဖွယ် ရှိ-မရှိ အကျွ်န်ုပ်တို့ စဉ်းစားသင့်၏။

လူသားတို့၏အသိညဏ်သည် တိုက်ရိုက်အားဖြင့် သိနိုင်သောအစွမ်းသတ္တိ ရှိသော်လည်း ရံခါ သိသင့် သည့် အကြောင်းအရာများမှ လမ်းလွဲသွားတတ်၏။ ဥဒါဟရုဏ်၊ ပုံစံ၊ ဥပမာ၊ သာဓက၊ သရုပ်သကန်၊ အကိုးအကား၊ အထောက်အထားများဖြင့် ယှဉ်တွဲဖော်ပြမှသာလျင် မိမိလိုချင်သောအကြောင်းအရာမှန်သို့ ရောက်ရှိသွားတတ်၏။ အချို့က ဇာတိဿရညဏ်ခေါ် အတိတ်ဘ၀များကို သိသဖြင့် ထိုဘ၀၌ တွေ့ ကြုံခဲ့ဘူး သော အကြောင်းအရာများကို ကိုးကားခြင်း၊ မှော်အတတ်၊ တန်ခိုးပြဋိဟာကဲ့သို့သော စိတ်စွမ်းရည်မြင့် မားသောသူများက ယင်းတို့တွေ့ မြင် သိရှိခံစားရ သောအရာများဖြင့် အထောက်အထားပြုခြင်း စသဖြင့် ရှေးဘ၀နောက်ဘ၀ဆိုင်ရာ များပြားစွာ တွေ့ မြင်နိုင်၏။ ထို့မှာတစ်ပါး အခြားသောအကြောင်းအရာများမှာလည်း ထိုနည်းတူ ဥဒါဟရုဏ်ပုံစံများဖြင့် ပြဆိုကြ၏။ ထိုသရုပ်သကန်စသည်တို့သည် မှေးမှိန်နေသော အရာ ၀တ္ထုတို့ကို ရုပ်လုံးပေါ်စေသည်မှာ ငြင်းကွယ်မရသောအချက် ဖြစ်ပြန်၏။ ရုပ်လုံးပေါ်စေရန် အားကိုးခံထားရသော ထိုသရုပ်သကန်စသည်တို့သည် အမှန်ပင် လုံလောက်ပြည့်စုံမှု ရှိ မရှိ။ လွှမ်းမိုးချယ် လှယ်နေသော အကြောင်းအရာများ၏ ဘောင်အ တွင်းမှ ကင်း မကင်း အကျွ်န်ုပ်တို့ စဉ်းစားသင့်၏။

“ ဆွေးနွေးပွဲ စားပွဲဝိုင်း ” ၌ ယနေ့မျက်မှောက်လူသားတို့သည် အမှားအမှန်ကို အဖြေရှာကြရမည်ဟု ဆို၏။ ဤသို့ဆိုခြင်းသည် စားပွဲဝိုင်းမှအဖြေသည် တစ်ဦးတစ်ယောက်၏အဖြေထက် ပို၍မှန်ကန်သည်ဟု ယူဆခဲ့ကြ၍ ဖြစ်၏။ ကွဲပြားသောအမြင်များကို တစ်နေရာတည်းမှာ စုပုံ၍ ထိုအစုအပုံထဲမှ အကောင်းဆုံး ဟုဆိုသောအရာများကို ဆွဲထုတ်ကြည့်၏။ တစ်ဦးကလည်း သူကျင်လည်ခဲ့သော နယ်ပယ်မှ ဗဟုသုတကို ချပြ၏။ အခြားတစ်ဦးကလည်း ဖြတ်သန်းခဲ့ရသော သူ့ဘ၀အတွေ့ အကြုံများမှ သင်ခန်းစာများကို တင်ပြ၏။ သူတို့၏ပေါင်းစပ်မှုသည် တစ်စိပ်ချင်းပေါင်းစပ်ထားသော ပေါင်းစပ်မှုဖြစ်၏။ ရေကဲ့သို့ နှစ်စက်ကို ပေါင်းစပ်ခြင်း မျိုးမဟုတ်။ ထို့ကြောင့် တသားတည်းဖြစ်၍မနေ။ သူ့ သတ္တိနှင့်သူ ကွဲပြားသော တူညီကိုက်ညီမှုများသာဖြစ်၏။ ဤသို့သော အယူအဆတို့၏တူညီခြင်းများသည် အမှန်ပင် မှန်ကန်မှုကို အဖြေရှာပေးပါ၏လော့။ ရရှိလာသော ထိုရလဒ်များသည် အကြောင်းအရာအ၀န်းအ၀ိုင်းများ၏စည်းအတွင်းမှ လွတ်လွတ်ကင်းကင်း ဖြစ် မဖြစ် အကျွ်န်ုပ်တို့ စဉ်းစားသင့်၏။

ဝိဇ္ဇာပညာရပ်၊ သိပ္ပံပညာရပ်တို့၌ ထူးခြားသောဖြစ်စဉ်များကို ဖော်ထုတ်တင်ပြစွမ်းဆောင်နိုင်သော လူသားများသည် ယနေ့ကမ္ဘာတွင် သာမန်လူသားတို့ထက် သာလွန်သောပုဂ္ဂိုလ်များအဖြစ် နေရာယူထားကြ၏။ ကျော်ကြားသူတို့၏အပြုအမူတိုင်း အပြောအဆိုတိုင်းသည် အများအားဖြင့် သာမညလူသားတို့ကို လွှမ်းမိုးနိုင် ၏။ လွှမ်းမိုးထား၏။ သာမန်လူသားတို့ကလည်း ထိုကျော်ကြားထူးခြားသူများ၏ အပြုအမူ အပြောအဆိုတို့ကို လိုက်နာ၍ အတုယူပြုမူကျင့်ကြံကြ၏။ သို့ဆိုလျင် ထင်ရှားကျော်ကြားသူတို့၏ အပြုအမူအပြောအဆိုအောက်မှ အမှားအမှန်ကို ဆုံးဖြတ်နေရသောလူသားအား ကိုယ်ပိုင်ပြုမူ ပြောဆိုမှုဟု တထစ်ချ ယူဆနိုင် မယူဆနိုင်။ ကျော်ကြားထင်ရှားအသိအမှတ်ပြုထိုက်သူ၏ ထီးရိပ်အောက်မှ ပြုမူပြောဆိုတွေးခေါ်နေသူအား လွတ်လပ်သော တွေးခေါ်ပြုမူပြောဆိုမှု ဟုတ် မဟုတ် အကျွ်နုပ်တို့ စဉ်းစားသင့်၏။

မြင်ဆရာ၊ သင်ဆရာ၊ ကြားဆရာ- စသည်ဖြင့် ဆရာမျိုးစုံ ကွဲပြားလျက်ရှိသော ဤလောက၌ ထိုသို့ကွဲ ပြားသည့်အလိုက်ပင် အယူအဆမျိုးစုံ ရရှိလာ၏။ ဆရာနှင့်မကင်းကောင်းသော ပုထုဇဉ်လူသည် ထိုဆရာတို့၏ အမိန့်သြဇာ သင်ကြားပို့ချမှုအောက်မှ လွတ်လွတ်ကျွတ်ကျွတ်ခွဲမထွက်နိုင်ဘဲ ဆုံးဖြတ်ချက်များစွာကို ဆုံးဖြတ် နေကြရ၏။ ဆုံးဖြတ်ချက်မှန်သမျှသည် ဆရာတို့၏အငွေ့ အသက်များကပ်ပါလျက် ရှိ၍နေ၏။ ထိုပြုမူပြောဆိုမှု များသည်လည်း အမှန်အကန်ပင် အမှားအယွင်းမရှိဟု ဆိုနိုင် မဆိုနိုင်။ ပတ်ဝန်းကျင်မှ ရိုက်ခတ်ခံရသည့် ပြုမူပြောဆိုကြံဆမှုများအောက်၌သာ တွေးခေါ်ကြံဆပြုမူနေသော လူသားအား ကိုယ်ပိုင်တွေးခေါ်ပြုမူသူဟု ယူဆသင့် မယူဆသင့်။ အငွေ့ အသက်များကင်းသော ပကတိကြည်လင်မှုမှ ထွက်ပေါ်လာသည်ဟု ဆိုနိုင် မဆိုနိုင် အကျွ်န်ုပ်တို့ စဉ်းစားသင့်၏။

အထက်ဖော်ပြပါ (၁၀)ချက်အရ အကျွ်န်ုပ်တို့သည် မိမိတို့ ပိုင်ဆိုင်သည်ဟု ထင်ထားသောအရာများမှ သို့မဟုတ် ပိုင်ဆိုင်သည်ဟု ခံယူထားသော အကြောင်းအရာများမှ ဆက်လက်၍ နောက်တစ်ဆင့်ကို ပေါက်ဖွားပေးကြခြင်းဖြစ်၏။ အကျွ်နုပ်တို့ ပိုင်ဆိုင်သောအရာဟူသမျှသည် သြဇာသက်ရောက်သော အငွေ့ အသက်များ ရှိသကဲ့သို့ အရိပ်များလည်း ထိုးလျက်ရှိ၏။ လွတ်လွတ်ကင်းကင်းရှိသောအရာဟူသည် အမှန်တ ကယ်အားဖြင့် ဤ၌ မတွေ့ မြင်ရသေးပေ။ သို့အတွက် လွတ်လပ်စွာ တွေးခေါ်သည်ဆိုရာဝယ် အဘယ် နည်း။ အထက်ပါ (၁၀)မျိုးလုံး၏ သက်ရောက်မှုဖြင့် လူသည် အမှားအမှန်တို့ကို ရွေးချယ်ခဲ့ကြ၏။ ထိုသြဇာတို့၏ သက်ေ၇ာက်မှုအောက်မှ အမှန်-အမှားကို ဆုံးဖြတ်နေရသောလူသားအား လွတ်လပ်သောအတွေး အခေါ်ပိုင်ရှင်-ဟု မည်သို့ ကင်ပွန်းတပ်မည်နည်း။ ထို (၁၀)မျိုး၏ နှောင်ဖွဲ့ ခြင်းမှ ကွင်းလုံးကျွတ် လွတ် မြောက်နိုင်ပါမည်လော။ မွေးကင်းစအရွယ်၊ အတိတ်မေ့နေသူ၊ အသိညဏ်ကင်းမဲ့သူ၊ သူတော်စင်တို့သည် ထို(၁၀)မျိုး၏သြဇာသက်ရောက်မှု ကင်း မကင်းနှင့် လွတ်လပ်သောတွေးခေါ်မှုကို ပြုနိုင် မပြုနိုင်ကိုလည်း ဤ၌ စဉ်းစားဖွယ်ဖြစ်၏။ သို့ဖြင့် အကျွ်န်ုပ်တို့ ပြောဆိုသတ်မှတ်နေသော လွတ်လပ်သော အတွေးအခေါ် ပိုင်ရှင်ဟူသည်-----------

ကာလာမသုတ်တော်လား ( မာ အနုဿဝေန၊ မာ ပရမ္ပရာယ၊ မာ ဣတိကိရ၊ မာ ပိဋကသမ္ပဒါနေန၊ မာ တက္ကဟေတု၊ မာ နယဟေတု၊ မာ အာကာရ ပရိဝိတက္က၊ မာ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ၊ မာ ဘဗ္ဗရူပတာယ၊ မာ သမဏော ဂရု ) ဟူသော အချက် (၁၀)ချက်ကို ရည်ညွန်းကိုးကားလျက်။ ။
-

စာဖတ်သူအားလုံး လွတ်လပ်သော အတွေးအခေါ်ပိုင်ရှင်များ ဖြစ်ကြပါစေ----

အိန္ဒိယပညာသင်ရဟန်းတော်များ အစည်းအဝေး-----------


၂၅-၁၂-၂၀၀၉----၂၆-၁၂-၂၀၀၉-။ ။
ဗာရာဏသီမြို့မှ ဗုဒ္ဓဂယာသို့ ရောက်ရှိ၍ တစ်ညတာအိပ်စက်အနားယူပြီးနောက် နောက်တစ်နေ့(၂၅-၁၂-၂၀၀၉)တွင် နံနက် ၇-နာရီမှ စတင်ကာ အိန္ဒိယရောက် မြန်မာကျောင်းသားရဟန်းတော်များအစည်းအဝေးကို ကျင်းပကြပါသည်။ စာရေးသူသည် ချမ်းအေးလှသော ဤဆောင်းရာသီတွင် ကျောင်းသားများသာ ပါဝင်သော အစည်းအဝေးအား မည်သို့မည်ပုံ စီစဉ်လုပ်ကိုင်ကြမည်ကို စိတ်ဝင်တစား စောင့်ကြည့်နေမိပါသည်။ သုံးထပ်ရှိသော ကျောင်းဆောင်ကြီး၏ အောက်ဆုံးထပ်တွင် အစည်းအဝေးကို ကျင်းပရာ - ပညာသင် မြန်မာရဟန်းတော်များ ဗုဒ္ဓဘာသာပညာရေးဗိမာန်-ဟု နဖူးစည်း စာတမ်းက ကျောင်းသားအားလုံး၏စိတ်ကို ယူငင်ဆွဲ ဆောင်နေပါ သည်။ သဘာပတိဆရာတော်များနှင့်တကွသံဃာတော်အသီးသီးတို့က အစဉ်တကျ နေရာ ယူပြီးသောအခါ အခမ်းအနားမှုးဆရာတော်က အစည်းအဝေးကို စတင်ကြောင်း ပြောဆိုပါသည်။ ပထမဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုပြီးနောက် ဗုဒ္ဓဂယာမြန်မာကျောင်းဆရာတော်ဘုရားကြီးထံ သြကာသကန်တော့ ကျိုးဖြင့် ကန်တော့ပြီး သြ၀ါဒခံယူကြပါသည်။ ထို့နောက် နယ်အသီးသီးမှ ကြွရောက်လာကြသော သက်ဆိုင်ရာဆရာတော်များက မိမိတို့အခန်းကဏ္ဍအလိုက် တစ်နှစ်တာ တွေ့ကြုံခဲ့သော ဘဏ္ဍာရေးကဏ္ဍ၊ ပညာရေးကဏ္ဍစသည်တို့ကို တင်ပြဆွေးနွေးကြပါသည်။ အချို့သော ဆရာတော်များက အဖွဲ့ကြီးအား ဆက်လက် တိုးတက်ရေး၊ အချိုံ့သောဆရာတော်တို့က အဖွဲံ့ခွဲအဖြစ် မြန်မာပြည်တွင် ထားရှိရေး၊ အချို့သောဆရာတော်တို့ က အိန္ဒိယနိုင်ငံတွင် ရင်ဆိုင်တွေ့ကြုံနေရသော အခက်အခဲများကို ပူးပေါင်းဖြေရှင်းရေးတို့ကို ဆွေးနွေးကြပါသည်။ ဤအစည်းအဝေးပွဲအတွင်း ကျောင်းသားများ တစ်ဦးနှင့်တစ်ဦး အမြင်ချင်းဖလှယ်ကြ၊ အတွေ့အကြုံများ ဖောက်သည်ချခြင်းဖြင့် တစ်ဦးကိုတစ်ဦး နားလည်မှုရှိလာသကဲ့သို့  ရင်းနှီးခင်မင်အကျွမ်း ၀င်မှုများလည်း ရရှိလာပါသည်။ ဤ၌ အခမ်းအနားတွင် ဦးဆောင်ဦးရွက်ပြုနေသောဆရာတော်များသည် ခေါင်းဆောင်မှုဘ၀၌ အသားကျနေပြီး ဖြစ်ရာ လုပ်ငန်းဆိုင်ရာတို့၌ အမှားအယွင်းမရှိ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ကြပေသည်။ ထို့နေ့ မနက်ပိုင်း အစည်းဝေးကို ဆယ်နာရီကျော်တွင် ရပ်နားပြီးနောက် နေ့လည် တစ်နာရီတွင် ပြန်လည် စတင်ပါသည်။ ညနေလေးနာရီတွင် ထို့နေ့အတွက် အစည်းအဝေးကို ရပ်နားရာ ယင်းနေ့အစည်းအဝေးသည် အဓိကအားဖြင့် အချင်းချင်း အမြင်ချင်းဖလှယ်ခြင်းပင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ညနေပိုင်းတွင် မဟာဗောဓိစေတီသို့ သွားပြီး ပထမနေ့ကအတိုင်းပင် အနေကဇာတိသံသာရံဖြင့်လည်းကောင်း ဗုဒ္ဓဂုဏ်တော် များဖြင့်လည်းကောင်း ရွတ်ဖတ်ပူဇော် ပွါးများပြီးနောက် ပညာသင်မြန်မာ့ရဟန်းတော်များအဖွဲ့ပိုင် ကျောင်းဆောင်ကြီးအတွင်းဝယ် ဂယာမြေပေါ်မှာ ဒုတိယညအဖြစ် အိပ်စက်အနားယူရင်း။
ဤ(၂၆-၁၂-၂၀၀၉)နေ့တွင်ကား အစည်းအဝေးကြွလာသောကျောင်းသားများအတွက် ထူးခြားသောနေ့တစ် နေ့ဟု ဆိုနိုင်ပါသည်။ အကြောင်းကား ဤနေ့တွင် ဥက္ကဌ၊ အတွင်းရေးမှုး၊ ဘဏ္ဍာရေးမှုး၊ ပြန်ကြားရေးမှုး၊ စာရင်း စစ် စသည့် တာဝန်များကို ခွဲဝေသတ်မှတ်ရန် မဲစနစ်ဖြင့် ရွေးချယ်မည့်နေ့ ဖြစ်သောကြောင့် ဖြစ်ပါသည်။ ဤသည်မှာ နှစ်စဉ်နှစ်တိုင်း အစဉ်အလာအားဖြင့် ရွေးချယ်သောစနစ်ဖြစ်ပြီး အလှည့်ကျဆရာတော်များမှာ တစ်နှစ်တာကာလကို တာဝန်ယူ ထမ်းဆောင်ကြရမည် ဖြစ်ပါသည်။ သို့သော် နောက်နှစ်များတွင် ထပ်မံ၍ ရွေးချယ်ပါက နောက်ထပ် ထမ်းဆောင်ခွင့်ရှိပါသည်။ အများအကျိုးကို ရှေးရှုးပြီး ကိုယ့်ကျိုးအနစ်နာခံကာ ထမ်းဆောင်ရသော ဤတာဝန်များသည် ရဟန်းတော်တိုင်း ထမ်းဆောင်နိုင်သော အရည်အချင်း တော့မဟုတ်ပါ။ တစ်ဖန် ရဟန်းတော်များမှာ ပညာရေးအတွက်သာ လာရောက်ကြသည်ဖြစ်ရာ ပညာရေးတဖက် တာဝန်တဖက်ဖြင့် ထမ်းဆောင်ရန်လွယ်ကူသည်မဟုတ်ဆိုသည်ကို ထိုတာဝန်ထမ်းဆောင်နေသော ရဟန်းတော်များသာ အသိဆုံးဖြစ်နိုင်ပါသည်။
ဦးစွာပထမ အခမ်းအနားဖွင့်လှစ်ပြီးနောက် အခမ်းအနားမှုး ဆရာတော်က န၀မနှစ်တွင် တစ်နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ကြသော အလှည့်ကျဆရာတော်များအား တာဝန်မှ အနားယူကြောင်း တရားဝင် ကြေငြာပေးပါသည်။ ထို့နောက် ဒသမနှစ်တွင် အလှည့်ကျတာဝန်ယူနိုင်မည့် ဆရာတော်များအား မဲပေးစနစ်ဖြင့် ရွေးချယ်ကြပါသည်။ ဤ၌ ရွေးချယ်သောနည်းစနစ်ကို အကျဉ်းချုပ်ပြလိုသည်။ ကျောင်းသားအဖွဲ့အစည်းတွင် အဓိကဌာန ကြီးသုံးခုဖြစ်သော ဗာရာဏသီ၊ ဗုဒ္ဓဂယာ၊ နာလန္ဒာတို့မှ တာဝန်ယူနိုင်မည့်ဆရာတော်တို့အား ရွေးချယ်ကြခြင်းဖြစ်သည်။ ဤဌာနကြီးသုံးခုတွင် စာသင်သာရဟန်းတော်များမှာ ယေဘုယျအားဖြင့် အရေအတွက် တူညီမှုရှိခြင်း၊ လက်ရှိကျောင်းသားများအဖွဲ့ပိုင်ကျောင်းတော်ကြီးနှင့် အနီးကပ်ဖြစ်ခြင်း၊ ဗဟိုဌာနကိုလည်း ယင်းကျောင်းတော်ကြီးတွင် ထားရှိခြင်းတို့ကြောင့် ယင်းဌာနသုံးခုမှ ရွေးချယ်ခြင်းသည် သင့်လျော်မှန်ကန်လှပေသည်။ ပြန်ကြားရေးမှုး၊ ဘဏ္ဍာရေးမှု၊ စာရင်းစစ် များကို မဲစနစ်ဖြင့် ရွေးချယ်ပြီးနောက် အတွင်းရေးမှုးနှင့် ဥက္ကဌ တာဝန်များအတွက် ရွေးချယ်ကြပါသည်။ ဆက်လက်၍ အခြားသော မွမ်ဘိုင်း၊ နယူဒေလီ၊ ဂျမူး၊ နာဂဇုန၊ပုနေး စသည့်ဌာနတို့မှ တာဝန်ခံတစ်ပါးစီကို ရွေးချယ်ကြသည်။ ထို့နောက် ဌာနသုံးခုမှ အသစ်ရွေးချယ်ထားသော အတွင်းရေးမှုးဆရာတော်သုံးပါးနှင့် အခြားတစ်သီးပုဂ္ဂလဆရာတော်များအား အထွေထွေအတွင်းရေးမှုးအဖြစ် ရွေးချယ်ကြပါသည်။ မူလပထမရွေချယ်ထားသော အတွင်းရေးမှုးသုံးဦးအား ကျော်လွန်၍ တစ်သီးပုဂ္ဂလဆရာတော်က ထောက်ခံမဲများစွာဖြင့် အထွေထွေအတွင်းရေးမှုး ဖြစ်လာပါသည်။ နောက်ဆုံးအဆင့်အနေဖြင့် ဗဟိုဥက္ကဌရာထူးကို ရွေးချယ်မည်ဖြစ်ရာ ဤအဆင့်သည် ရဟန်းတော်တိုင်း စိတ်ဝင်စားသော အဆင့်ဖြစ်သည်။ ဌာနသုံးခုမှ ပထမရွေးချယ်ထားသော ဥက္ကဌ သုံးပါးတွင် ဌာနတစ်ခုမှ ရွေးချယ်ထားသော ဆရာတော်က မိမိအားခြွင်းချန်၍ အခြားဆရာတော်များကိုသာ ဗဟိုဥက္ကဌတာဝန်ကို ရွေးချယ်ပါရန် မေတ္တာရပ်ခံလာသဖြင့် ကျန်ဥက္ကဌဆရာတော်နှစ်ပါးနှင့် တသီးပုဂ္ဂလဆရာတော်များအား ဆက်လက်ရွေးချယ်ကြပါသည်။ ထူးထူးခြားခြား ဤအကြိမ်တွင်လည်း တစ်သီးပုဂ္ဂလဆရာတော်ကသာလျင် ဗဟိုဥက္ကဌအဖြစ် ရွေးချယ်ခြင်း ခံရလေသည်။
အစည်းအဝေး၌ ဆရာတော်များသည် မဲစနစ်ဖြင့်သာ ရွေးချယ်ကြသည်ဖြစ်ရာ အေးချမ်းစွာဖြင့်ပင် တာဝန်အသီးသီးကို ခွဲဝေသတ်မှတ်နိုင်ခဲ့သည်။ ဤမဲစနစ်ဖြင့် ရွေးချယ်သောနည်းလမ်းကို ကျင့်သုံးရာ၌ ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၏စနစ်အပေါ်အခြေခံပြီး ကျင်းသုံးလေသလော သို့မဟုတ် သံဃာအဖွဲ့အစည်းများမှာလည်း ဤကဲ့သို့ ကျင့်သုံးသင့်သည်ဟု နည်းပေးလမ်းညွန်လို၍ ချမှတ်ခဲ့လေသလော သို့မဟုတ် ယနေ့မျက်မှောက်ကမ္ဘာတွင် ကမ္ဘာအကြီးမားဆုံးအဖွဲ့အစည်း ကုလသမဂ္ဂမှသည် အသေးငယ်ဆုံးအဖွဲ့အစည်းများတိုင် ဤစနစ်ကို အများဆုံးကျင့်သုံးနေ၍ --ဒို့လည်း ဒီလို ကျင့်သုံးသင့်တယ်-ဟု ခံယူ၍ ကျင့်သုံးလေသလော စာရေးသူ မပြောတတ်ပါ။ ဤသည်ကတော့ ရှေးရှေးသောနောင်တော်နောင်တော်များ၏ အနာဂတ်ကိုအကျိုးကို မြော်မှန်းသော သူတို့၏ညဏ်အမြင်အပေါ်မှာ မူတည်ရာပါ၏။ မည်သို့ပင်ဆိုစေ မှန်ကန်သောခေါင်းဆောင်မှုကို ရွေးချယ်နိုင်ခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်ဟု စာရေးသူထင်ပါသည်။
နံနံက်ပိုင်းအစည်းအဝေးကို ဆယ်နာရီခန့်ကျော်ကျော်တွင် နားပြီးနောက် နေ့လည်ပိုင်းအစည်းအဝေးကို တစ်နာရီတွင် ဆက်လက်ကျင်းပရာ ရှေးဦးစွာ အသစ်ရွေးချယ်တင်ထားသော တာဝန်အသီးသီးရှိ ဆရာတော်များက မိမိတို့ထံ ကျရောက်လာသော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်မည့်အကြောင်း အသီးအသီး နှုတ်ခွန်းဆက် စကားပြောဆိုကြစဉ် ကတိဝန်ခံချက်များလည်း ပေးခဲ့ကြပါသည်။
ထို့နောက် ပထမအကြိမ်မှ ဒသမအကြိမ်အထိ အစည်းအဝေးသို့ မပျက်မကွက် တက်ရောက်သော နာလန္ဒာမှ ကျောင်းသားရဟန်းတော်တစ်ပါးအား ဆယ်နှစ်တာကာလ၏ အထူးခြားဆုံးပုဂ္ဂိုလ်အဖြစ် မှတ်တမ်းတင်ကြောင်း ကြေငြာပါသည်။ ထို့အပြင် ကျောင်းသားများအဖွဲ့ပိုင်ကျောင်းဆောင်ကြီး၏မတည်အလှုရှင် ဒါယိကာမကြီးအား --မဇ္ဈိမဒေသသံဃမာတာ-ဟူသော ဂုဏ်ထူးဆောင်အမည်နာမကို တရားဝင်ကြေငြာပြီး မှတ်တမ်းတင်ပါသည်။ ဆက်လက်၍ ပညာသင်မြန်မာရဟန်းတော်များအဖွဲ့မှ ပျံလွန်တော်မူသွားသော အမှုဆောင်နာယကဆရာတော် ကြီးများအား အနိစ္စ၀တသင်္ခါရာ သုံးဂါထားဖြင့် သံဝေဂညဏ်ပွါးများကြပါသည်။ လစ်လပ်သွားသော အမှုဆောင်နာယကဆရာတော်များနေရာတွင် အစားထိုးထပ်မံ၍ အသစ်တစ်ပါးရွေးချယ်ကြပါသည်။ ညနေပိုင်းသုံးနာရီခန့်တွင် အစည်းအဝေးပြီးဆုံးပြီးနောက် အစည်းအဝေးသို့ ကြွရောက်လာသော ဆရာတော်များက ကျောင်းတော်ကြီးအတွင်း၌လည်းကောင်း၊ ဘုရားရှင်ပွင့်တော်မူရာ မဟာဗောဓိစေတီ၌လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပါသည်။ ဤနေ့၌ အထူးအားဖြင့် နံနက်ပိုင်းတွင် တာဝန်အသီးသီးကို မဲစနစ်ဖြင့် ရွေးချယ်ခြင်းဖြစ်ပြီး နေ့လည်ပိုင်းတွင် ဒသမအကြိမ်အလှည့်ကျတာဝန်ယူမည့်ဆရာတော်များ၏နှုတ်ခွန်းဆက်ခြင်း၊ အဖွဲ့ကြီး၏တိုးတက်ရာ တိုးတက်ကြောင်းများကို ဆွေးနွေးကြခြင်းနှင့် ဂုဏ်ထူးဆောင်အပ်နှင်းသောအခမ်းအနားများပင် ဖြစ်ပါသည်။ အစည်းအဝေးများရက်အတွင် ဆွမ်းကွမ်းဝေယျာဝစ္စများကို ဌာနကြီးသုံးခုမှ ဆရာတော်များက အလှည့်ကျ တာဝန်ယူဆောင်ရွက်ကြရာ ဟာကွက်မရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြပါသည်။ ဤနေ့တွင်ပင် မြန်မာရဟန်းတော် အများစုတက်ရောက်သင်ကြားနေသောမဂဓတက္ကသိုလ်သို့ သွားရောက်လေ့လာပါသည်။ တက္ကသိုလ်သည် မြိုံနှင့်အလှမ်းဝေးကွာသော်လည်း မြန်မာကျောင်းသားများအဖွဲ့ပိုင် ကျောင်းတော်ကြီးနှင့် မနီးလွန်းမဝေးသော အရပ်တွင် ရှိရာ မြန်မာကျောင်းသားများအဖို့ အစဉ်ပြေလှသည်ဟု ဆိုချင်ပါသည်။ ညနေပိုင်းတွင် မဟာဗောဓိစေတီသို့သွားကာ အနေကဇာတိသံသာရံ ကို ရွတ်ဆို၍လည်းကောင်း၊ ဗုဒ္ဓဂုဏ်တော်များ ပွါးများခြင်းဖြင့်လည်းကောင်း ထိုတစ်နေ့တာကို ပြီးဆုံးစေလျက်---------------

Monday, February 1, 2010

ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ် တစ်လျောက်


ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ် တစ်လျောက်
မြတ်စွာဘုရားပွင့်ပေါ်တော်မူသော နေရာဌာနကို ဗုဒ္ဓဘာသာဝင်တို့က အထွဋ်အမြတ် ထားကြသည်။ သိုံ့ဖြစ်၍ ဘ၀တစ်သက်တာမှာ တစ်ခါတော့ သွားလိုက်ရမှ ဗုဒ္ဓဘာသာဝင် ဖြစ်ရကျိုးနပ်သည်ဟု ခံယူသူများလည်း ရှိ သည်။ သံဝေဇနိယလေးဌာနကို ရောက်ဖူးပြီးပါက အပါယ်တံခါးပိတ်သည်ဟု ယုံကြည်သူများလည်း ၇ှိသည်။ ထို့အပြင် အ၀ိဇဟိတလေးဌာနလုံးကိုပါ ရောက်ရှိပါက အကျိုးတရား ပိုမို များပြားသည်ဟု လက်ခံထားသူများ လည်း ရှိသည်။ ဤကား ဗုဒ္ဓဘာသာဝင်များ ရှုထောင့်မှ လေ့လာတင်ပြခြင်းဖြစ်၏။ သမိုင်းဆိုင်ရာကို လေ့လာလို ၍လည်းကောင်း ဘာသာတရားအတွက် အကျိုးတရားကို လိုလာ၍လည်းကောင်း မည်သို့ပင်ခံယူထားသည်ဖြစ် စေ ဤနေရာဤဌာနသည် သွားသင့်သွားထိုက်သော နေရာဖြစ်သည်မှာတော့ အမှန်ပင် ဖြစ်သည်။
မမေ့နိုင်သော နေ့တစ်နေ့------------
၂၁-၁၂-၂၀၀၉ -----၂၄-၁၂-၂၀၀၉။ ။
တကယ်တော့ ဤခရီးစဉ်သည် မျော်မှန်းနေသည်မှာ ကြာပြီဖြစ်သော ခရီးစဉ် ဖြစ်သည်။ သို့သော် အခြေအနေ နှင့် အနေအထား တစ်ခုအရ သွားဖို့ရန် မဖြစ်နိုင်သေး။ အခွင့်အရေးတစ်ခု ရှိလာသည်။ ထိုအခွင့်အရေးကား အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့၏ အစည်းအဝေးကို တက်ရောက်ဖို့ပင် ဖြစ်သည်။ ထိုအစည်း အဝေးကား နှစ်စဉ် ဒီဇင်ဘာလ၌ ကျင်းပလာခဲ့သည်မှာ ဤအကြိမ်သည် ဒသမအကြိမ်မြောက် ဖြစ်သည်။ နယူး ဒေလီ၊ မွမ်ဘိုင်း(ဘုံဘေ)၊ ပုနေး၊ ဟိုက်ဒရာဘက်၊ ဂျမူး၊ နာဂဇုန၊ နာလန်ဒါ၊ ဗာရာဏသီ စသည်ဖြင့် အိန္ဒိယနိုင်ငံ အ၀န်းရှိ နယ်အသီးသီးမှ ကျောင်းသားများသည် ဤအစည်းအဝေးသို့ အနည်းဆုံးတကြိမ်တော့ တက်ရောက် ဖြစ်အောင် တက်ရောက်ကြစမြဲ ဖြစ်သည်။ စာရေးသူ ဤအရှင်သည်လည်း ဘုံဘေ (မွမ်ဘိုင်း)အဖွဲ့မှ တက် ရောက်သော ရဟန်းတစ်ပါးဖြစ်ရာ မမြင်ဘူးသေးသော မတွေ့ကြုံဘူးသေးသော ဤအဖွဲ့၏ အစည်းအဝေးကို စိတ်ဝင်စားမိသည်မှာ အမှန်ပင်ဖြစ်သည်။ သူတို့ ဘာတွေ စည်းဝေးပြီး ဘာတွေ လုပ်ကြမှာပါလိမ့်- စသည် အ တွေးများစွာဖြင့် မွမ်ဘိုင်းမှ ဗာရာဏသီမြို့သို့ နာရီးသုံးဆယ်ကြာ နှစ်ညတာခရီးကို ရထားစီးယင် လိုက်ပါလာ ခဲ့သည်။ ရထားလမ်းဘေးဝဲယာမှ ဂျုံခင်းများ ငှက်ပျောခြံများဖြင့် စိမ်းစိုနေသော ပတ်ဝန်းကျင်များက စာရေးသူ တို့အား ထိုင်းမှိုင်းပျင်းရိမသွားရန် အမြင်ဆန်းအသွင်ဆန်းတို့ဖြင့် ခရီးဦးကြိုနေသကဲ့သို့ ဖြစ်ပြန်ရာ ပျော်ရွှင်ဖွယ် ရာအတိပြီးသော ခရီးဟုသာ ဆိုချင်ပါသည်။ မွမ်ဘိုင်းသည် ပင်လယ်ကမ်းခြေမြို့ဖြစ်သည့်အလျောက် ရာသီဥ တုမှာ မပူလွန်းမအေးလွန်းဖြစ်ပြီး ဆောင်ရာသီဟု အမည်တပ်ခေါ်ဆိုရမည့်ရက်လသည် အတော်ရှားပါး ပေလိမ့်မည်။ သို့သော်လည်း ဤခရီး၌ ခရီးတာတစ်ဝက်မကျော်ခင်မှာပင် ရာသီဥတုမှာ တဖြည်းဖြည်းအေးမြ လာပြီး ဆောင်ရာသီ၏ အငွေ့အသက်တို့ကို ခံစားလာရသည်။ ၂၁-ရက်နေ့ နံနက် တစ်နာရီမထိုးမီ စာရေးသူ တို့စီးလာခဲ့သော ရထားသည် ၂၂-ရက်နေ့ နံနံ ငါးနာရီတွင် ဗာရာဏသီမြို့ သိုံ ဆိုက်ရောက်လာခဲ့သည်။ ဗာရာ ဏသီမြိုံ ဆန်စခရစ်တက်ကသိုလ်မှ ကျောင်းသားရဟန်းတော်များက လာရောက် ဆီကြိုကြရာ အေးမြလှသော မနက်တာစောစော ကာလတွင် ထိုလာကြိုသူ ကျောင်းသားရဟန်း တော်များအား အားနာမိသလို ကျေးဇူးလည် တင်မိပါသည်။
ဗာရာဏသီဆိုသည်ကို ကျွန်ုပ် စိတ်ဝင်စားခဲ့သည်မှာ ကြာခဲ့ပြီဟုသာ ဆိုချင်သည်။ အဘယ့်ကြောင့်ဆိုသော် ဇာတ်တော်များမှာပါသည် အတီတေဗာရာဏသီယံထက် အကျွနုပ်၏ကျေးဇူးရှင်ဆရာတော်ဘုရားကြီးသည် ဗာရာဏသီ ဟိန္ဒူတက္ကသိုလ် (BHU)ဆင်းဖြစ်ရာ အကျွ်နုပ်စိတ်ဝင်စားသည်ဆိုခြင်းအတွက် စာဖတ်သူများ အံ သြကြမည်မထင်ပါ။ ဗာရာဏသီသည် ရှေးဟောင်းမြို့ဖြစ်ပြီး မြတ်စွာဘုရားလက်ထပ်မှ ယနေ့တိုင် တည်ရှိနေ သေးသော တစ်ခုတည်းသော ရှေးဟောင်းမြို့ဖြစ်သည်ဟု ဗာရာဏသီမှ ကျောင်းသားရဟန်းတော်များက ဂုဏ် ယူဝင့်ကြွာစွာ ပြောဆိုခဲ့သောစကားများကို ယနေ့တိုင် မမေ့နိုင်ပါ။ ရှေးရှေးမှ ယနေ့တိုင် ဗာရာဏသီပြန် ကျောင်းတော်သားဟောင်းများမှာ ထင်ရှားကျော်ကြားခဲ့သည်မှာ သံသယဖြစ်စရာမလိုပါ။
ဤသို့သော အစဉ်အလာအရ ထင်ခြားကျော်ကြားခဲ့သောကြောင့် ဟိန္ဒူတက္ကသိုလ်နှင့် ဆန်စခရစ် တက္ကသိုလ် ကြီး နှစ်ခုတို့တွင် မြန်မာရဟန်းတော်များ ယနေ့တိုင် ကြိုးစားသင်ယူနေဆဲ ဖြစ်ပါသည်။ ဟိန္ဒူတက္ကသိုလ်သည် အာရှတို်က်တွင် အကြီးဆုံးတက္ကသိုလ်ကြီးများစာရင်းတွင် ပါဝင်သော တက္ကသိုလ်ဖြစ် သည့်အ လျောက် ပုနေးတက္ကသိုလ်၊ မွမ်းဘိုင်တက္ကသိုလ်တို့ထက် စနစ်ကျနစွာ အဆောက်အဦးများကို တည်ဆောက် ထားပြီး ဆိုင်ရာဆိုင်ရာ စာသင်ခန်းများမှာလည်း သပ်ယပ်ကောင်းမွန်လှသည်။ ဧကပေါင်း ၁၃၀၀-ရှိသော အလွန်ကြီးမား၍ သပ်ယပ်ကောင်းမွန်သည့် ဤဟိန္ဒူတက္ကသိုလ်ကြီးတွင် ကျောင်းတော်သားတစ်ယောက် မဖြစ်ရ သည်ကတော့ စာရေးသူတို့၏ကံကြမ္မာဟုပင် ဆိုရမည် ဖြစ်ပေသည်။ လွန်ခဲ့သော နှစ်ပေါင်း ခုနှစ်ဆယ်လောက် က အကျွန်ုပ်၏ကျေးဇူးရှင်ဆရာတော်ဘုရားကြီး နေထိုင်သီတင်းသုံးသွားခဲ့သော ဘီရလာအဆောင်သည် ယခု အခါ အတော်အိုမင်နေပြီ ဖြစ်သော်လည်း သန့် ရှင်းသပ်ယပ်ကာ ကျောင်းသူကျောင်းသားများနေထိုင်သော အဆောင်တစ်ခုအဖြစ် တည်ရှိနေဆဲပင် ဖြစ်သည်။ သို့သော် ယခုမျက်မှောက် မြန်မာကျောင်းသား ရဟန်း တော်များမှာကား အင်တာနေရှင်နယ်အဆောင်တွင် သီတင်းသုံး နေထိုင်ကြပေသည်။ စနစ်ကျလှသော ဤ တက္ကသိုလ်ကျောင်းတော်ကြီးကို စာဖတ်သူများသည် ဗာရာဏသီသိုံ့ေ၇ာက်ရှိပါက မဖြစ်မနေ လေ့လာအပ် သော ကျောင်းတော်ကြီးဖြစ်ပါကြောင်း တစ်ဆင့် သတင်းစကား ပါးပါရစေ။ စာရေးသူသည် ၂၂-၁၂-၂၀၀၉-ရက်နေ့မနက် ဗာရာဏသီသို့ ရောက်လျင်ရောက်ချင်း ရထားဘူတာမှ ဆန်စခရစ်ယူနီဗာစီတီသို့ ခေတ္တခဏ တာသွားရောက်ပြီးနောက် ဟိန္ဒူတက္ကသိုလ်သိုံ့ သွားရောက်လေ့လာခြင်း ဖြစ်ပါသည်။ ဆန်စခရစ်ယူနီဗာစီတီမှာ လည်း မြန်မာကျောင်းသား ရဟန်းတော်များ တော်တော်များများရှိရာ အချို့မှာ အဆောင်မှာ နေထိုင်ကြပြီး အချို့ မှာလည်း တက္ကသိုလ်၏အပြင်တွင် သင့်တော်သလို သီတင်းသုံး နေထိုင်ကြရဟု သိရှိရသည်။ ထိုညတွင် မြန်မာ ကျောင်းဖြစ်သော ဆေးဝင်္ကဘာကျောင်းတွင် သီတင်းသုံးအိပ်စက်အနာယူကြရသည်။ နောက်တစ်နေ့(၂၃-၁၂-၂၀၀၉)တွင် မြတ် စွာဘုရားရှင် ဓမ္မစကြာတရားတော်နှင့် အနတ္တလက္ခဏသုတ်တော် ဟောကြားရာ မိဂဒါဝုန်သို့ ရောက်ရှိပါသည်။ ဤနေရာများကို သေချာကျနစွာ ထိန်းသိမ်းစောင့်ရှောက်ထားသဖြင့် မူလလက်ရာဟု ထင်ရ သော အဆောက်အဦးဟောင်းများ သေချာစွာလေ့လာကြည့်ရှု့နိုင်ခဲ့ပါသည်။ မြတ်ဗုဒ္ဓ၏တရားဦးဟောရာနေရာ အမှတ်သင်္ကေတအဖြစ် စိုက်ထူထားသော အသောကကျောက်စာတိုင်မှာ ကျိုးပဲ့နေသော်လည်း သေချာကျနစွာ ထိန်းသိမ်းထားသည်ကို တွေ့ရှိရပါသည်။ ဓမ္မစကြာသုတ်တော်ဟောကြားရာနေရာတွင် ဓမ္မစကြာသုတ်တော်ကို ရွတ်ဖတ်ပူဇော်ခဲ့သကဲ့သို့ အနတ္တလက္ခ ဏ သုတ်ဟောကြားရာ စေတီတော်ကြီးတွင်လည်း အနတ္တလက္ခဏသုတ်တော်ကို ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။ ထိုမှတဆင့် မြန်မာကျောင်း သားရဟန်းတော်များအဖွဲ့၏ ဥက္ကဌဟောင်းဆရာတော် သီးတင်းသုံးတော်မူသော အသစ်တည်ထောင်စ မဇ္ဈိမ သုခကျောင်းသို့ ရောက်ရှိရာ ဆရာတော်က ကျောင်းတိုက်ကို မည်သူမဆို လာရောက်တည်ခိုနိုင်ပါကြောင်းနှင့် ဧည့်သည်များအတွက် အမြဲထာဝရ တံခါးဖွင့်ထားပါကြောင်းကိုလည်း မိန့်ကြားလိုက်ပါသေးသည်။ မှန်ပါသည်။ ဤဆရာတော်၏ အများအတွက် ထားရှိသော စေတနာ မေတ္တာ တရားများသည် တည်ဆောက်ခဲ့ပြီးသော မြန်မာ ကျောင်းသားရဟန်းတော်များအဖွဲ့ပိုင်ကျောင်းကြီးနှင့် ဥက္ကဌ အဖြစ် ရွက်ဆောင်ခဲ့သည်ဟူသော သမိုင်းများက အသိသက်သေ အဖြစ် တည်ရှိခဲ့ပြီး ဖြစ်၏။ ထိုမှတဆင့် နောက်တစ်နေ့ (၂၄-၁၂-၂၀၀၉)တွင် ဆေးဝင်္ကဘာကျောင်းမှ မြတ်စွာဘုရားရှင်တို့ ပွင့်တော်မူရာ ဗုဒ္ဓဂယာသို့ သွားရောက်ပါသည်။ ခရီးစဉ်ကို ဆန်စခရစ်တက္ကသိုလ်မှ ဆရာတော် များက စီစဉ်ကြပြီး အစည်းအဝေးသို့ ကြွရောက်မည့် သံဃာတော်များမှာ ခရီးသည်တင်ဘက်စ်ကားကြီး တစ်စီး တွင် ထိုင်ခုံနေရာအပြည့်ပင် ဖြစ်သည်။ လမ်းခရီးတစ်လျောက် သိသင့်သိထိုက်သော နေရာများကိုလည်း ခရီးစဉ်တွင် ကျွမ်းဝင်ပြီးသော ဆရာတော်များက ပြောပြပါသည်။ နေ့လည် တစ်နာရီခန့်မှ ထွက်လာသော ကားသည် ညပိုင်း ၇-နာရီခန့်တွင် မြန်မာကျောင်းသားရ ဟန်းတော်များအဖွဲ့ပိုင် ကျောင်းတော်ကြီးသို့ ရောက်ရှိကြရာ သုံးထပ်ကျောင်းဆောင် တော်ကြီးအတွင်း နေရာမလပ် ပြည့်သွားပါတော့သည်။ ထိုညတွင်ပင် စာရေးသူသည် အချိန်များစွာက ဖူးမြော်ရန် မျော်မှန်းတမ်းတခဲ့ သော ဘုရားရှင်အဆူဆူတို့ ပွင့်တော်မူရာ မဟာဗောဓိစေတီသို့ သွားရောက်ဖူးမြော်ခဲ့ရာ စာရေးသူအတွက် တစ်သက်တာမမေ့နိုင်သော နေ့တစ်နေ့ဟု ဆိုပါက မှားအံ့မထင်။

ကျေးဇူးရှင်များအား ကျေးဇူးစကားဖြင့်

ဘလော့ကို ဖန်တီပေးသော ကျေးဇူးရှင်များအား ကျေးဇူးစကားဖြင့် အသင်တို့ ဖန်တီးပေးသော ဘလော့အား စတင်ဖွင့်လှစ်ပါရစေ-------------

မျက်ရည်

အတ္တ
မာန
ခဝါချရတဲ့ချိန်
သူလာတတ်ပါတယ်။

မုန်းတီး
ဝမ်းနဲ
လမ်းအခွဲမှာလည်း
သူလာတတ်ပါတယ်။

ဝင့်ထယ်
အောင်မြင်
ဝမ်းသာလွန်းရင်လည်း
သူလာတတ်ပါတယ်။

အတ္တ
မာန
မုန်းတီး
ဝမ်းနည်း
ဝင့်ထယ်
အောင်မြင်
ဘာမှမရှိရတဲ့
ငါ့ ဘဝမှာရော
ဘာလို့များ
မျက်ရည်တွေက
ကြွေနေရတာလဲ။

မျက်ရည်ကတော့
ငါ့ကိုပြောတယ်
မင်းလိုကောင်အတွက်
ငါပါ
မျက်ရည်
တွေ
ကျ
နေ

တယ်
တဲ့။

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်