Tuesday, September 28, 2010

ဗုဒ္ဓ၀ါဒရှု့ထောင့်မှ လူ့ သဘာဝနှင့်ပဋိပက္ခ (၄)




(၆) လူသားနှင့်လူ့အဖွဲ့အစည်းကို ငရဲတွင်ကျခံစေသော ပဋိပက္ခ၏အပြစ်

ဗုဒ္ဓ၀ါဒီများအမြင်မှ ပဋိပက္ခက လူသားနှင့်လူ့အဖွဲ့အစည်းကို ငရဲတွင်ကျခံစေခြင်း အကြောင်းများစွာ ရှိပါတယ်။

(က) စိတ်ပိုင်းဆိုင်ရာ ချိန်ခွင်လျာ ဆုံးရှုံးခြင်း။ ။ မြတ်ဗုဒ္ဓက မကြာခဏ မိန့်ကြားသည်မှာ - ခံပြင်းစိတ်ဟာ ခိုက်ရန်ဖြစ်ခြင်းမှ လာတယ် - ဆိုတာ ဖြစ်ပါတယ်။ ဒီစကားများကို ခွဲခြားဝေဖန်တဲ့အခါ - အငြင်းပွါးမှုက အကောင်းဆုံး ဖြေရှင်းမှုကို တွေ့ရှိခြင်းမှ လူသားသတ္တ၀ါများကို တားဆီးတယ် - ဆိုတာ အကြံပြုထားတာကို တွေ့မြင်နိုင်ပါတယ်။ အကျိုးဆက်အဖြစ် သူတို့ရဲ့စိတ်ဟာ ဟန်ချက်ညီညီ ဆုံးရှုံးပါလိမ့်မယ်။ အကြောင်းကတော့ ခံပြင်းစိတ်ဟာ သူတို့ကို မွှန်းထူသွားစေပြီး ပူးဝင်သွားလို့ပါ။ သူတို့ကိုယ်ကိုယ်သူတို့ ထိန်းချုပ်မထားနိုင်တဲ့ အခါမှာတော့ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါတယ်။ ဤဖြစ်စဉ်မှာ သဘိယထေရ်ရဲ့ ဒီစကားဖြင့် ကောက်ချက်ချကြည့်သင့်ပါတယ်။

“ လူအများက ဤကမ္ဘာတွင် သူတို့ဟာ ပြိုလဲပျက်စီးခြင်းအဆုံးသို့ လာနေတယ်ဆိုတာကို သဘောမပေါက်ပါ။ ဒါပေမယ့် ဤအချက်တွင် ဗဟုသုတရှိပြီးသော သူတို့က ထိုနည်းဖြင့် ပဋိပက္ခကို ရပ်စဲပြီးပြီ။ သို့သော်လည်း မသိမိုက်မဲသူများက ထာဝရ တည်နေကြတော့မည်ကဲ့သို့ ပြုမူကြတဲ့အခါ ဓမ္မကို ကောင်းစွာနားလည်သူများကတော့ နာကျင်နေသူများအကြား နာကျင်မှုများမှ ကင်းဝေးနေကြတယ်။”

ဒီဖော်ပြချက်အရ ပဋိပက္ခကို ကိုင်တွယ်ရန် စွမ်းရည်မရှိတဲ့အခါ ဤအရာများက စိတ်ပိုင်းဆိုင်ရာချိန်ခွင်လျာနှင့်ပတ်သက်၍ ဆုံးရှုံးမှုဆီသို့ ဦးတည်သည်သာမက လူ့အဖွဲ့အစည်း၏ညီညွတ်ခြင်းကိုလည်း ဖျက်ဆီးရန် ဦးတည်နိုင်ပါတယ်။ ဒီဖြစ်စဉ်မှ မြတ်ဗုဒ္ဓက “လူအများဟာ ခိုက်ရန်ဖြစ်ခြင်းမှ ထိန်းသိမ်းသင့်၊ ရှောင်ရှားသင့်ပြီး ခိုက်ရန်ဖြစ်ခြင်းထဲသို့ မပါဝင်သင့်။ အဲဒီနောက် ခံပြင်းစိတ်မှ သူတို့ရဲ့စိတ်ကို လွတ်မြောက်စေသင့်တယ်” ဆိုတာကို ကောက်ချက်ချပါတယ်။





(ခ) ဥစ္စာပစ္စည်း ဆုံးရှုံးခြင်း။ ။ ခုဒ္ဒကနိကာယအရ- ကန်ထဲတွင် ငါးတစ်ကောင်ကို ဖမ်းမိတဲ့ ဖျံနှစ်ကောင်ဟာ အဲဒီငါးကို ခွဲမဝေနိုင်ကြပါဘူး။ သူတို့ဟာ အချိန်များစွာ တစ်ကောင်နဲ့တစ်ကောင် ငြင်းခုံကြပါတယ်။ အဲဒီနောက် မြေခွေးတစ်ကောင်ဟာ သူတို့ထံသို့ ချဉ်းကပ်လာပါတယ်။ သူတို့ဟာ တရားမျှတစွာ ငါးကို ခွဲဝေပေးရန် မြေခွေးကို တောင်းပန်ခဲ့ပါတယ်။ ဒီအခါ မြေခွေးက ခေါင်းကို သူတို့အထဲက တစ်ကောင်ကို ပေးပြီး အမြီးကို ကျန်တဲ့အခြားတစ်ကောင်ကို ပေးပါတယ်။ ငါးရဲ့အဓိကအစိတ်အပိုင်းကိုတော့ မြေခွေးက သူ့ဇနီးအတွက် သူ့နေရာသို့ သယ်ဆောင်သွားပါတော့တယ်။

အကျိုးဆက်အဖြစ် ဖျံနှစ်ကောင်ဟာ “ ငါတို့ ပဋိပက္ခမဖြစ်ခဲ့ကြယင် ငါးရဲ့အဓိကအစိတ်အပိုင်းကို အချိန်ကြာမြင့်စွာ ငါတို့ စားကြရလိမ့်မယ်။ ဒါပေမယ့် ငါတို့ ရန်ဖြစ်နေတဲ့အတွက် မြေခွေးဟာ ငါးရဲ့အဓိကအသားကို ယူဆောင်သွားတယ်” ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်လာခဲ့ပါတယ်။ မြတ်ဗုဒ္ဓက “ ဤကမ္ဘာတွင် လူသားများအနက် ငြင်းခုံခိုက်ရန်ဖြစ်နေတဲ့သူများဟာ ဖြေရှင်းမှုကို တွေ့မြင်ရန်အလို့ငှါ ရှေးဦးစွာ အကဲဖြတ် တရားသူကြီးထံ သွားပါလိမ့်မယ်။ အဲဒီနောက် သူတို့ဟာ သူတို့ရဲ့ပိုင်ဆိုင်မှုများ ဆုံးရှုံးပါလိမ့်မယ်” ဆိုတာကို ကောက်ချက်ချပါတယ်။





(ဂ) လူ့အဖွဲ့အစည်းအတွင်း စေ့စပ်ညှိနိုင်းမှု ဆုံးရှုံးခြင်း။ ။ တစ်ဦးချင်းအလိုက်နှင့်လူမှုရေး ဆင်းရဲဒုက္ခများကို ဖယ်ရှားရန်အတွက် အထူးသဖြင့် ပဋိပက္ခကို ကိုင်တွယ်ခြင်းကိစ္စတွင် စံနမူနာတစ်ခုအဖြစ် ဖြည့်ဆည်းပေးရန် မြတ်ဗုဒ္ဓက သံဃာ့အဖွဲ့အစည်းကို ပုံစံထုတ်လုပ်ပါတယ်။

အမှန်စင်စစ် မြတ်ဗုဒ္ဓက ရှင်းလင်းပြတ်သားစွာ သံဃာကို အလေးအနက်ပြုထားပါတယ်။ ဒေ၀ဒတ်လို ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က သံဃာ့အဖွဲ့အစည်းအတွင်း ဖျက်ဆီးရန် ကြိုးစား၍ရခဲ့သည့်တိုင် သူ၏အပြုအမူဟာ ဓမ္မ(အနန္တရာယိကမ္မနှင့် ၀ိနယ) နှင့်အညီ မှားယွင်းမှုတစ်ခု ဖြစ်ပါတယ်။ ဤအရာဟာ “သုခါ သံဃဿ သာမဂ္ဂီ” အုပ်စုနှစ်စုကြားထဲတွင် ညီညွတ်မှုသည် ပျော်ရွှင်မှု၏ရင်းမြစ်ဖြစ်ပါတယ်-ဆိုတဲ့ မြတ်ဗုဒ္ဓ၏ပြောဆိုချက်များအတွက် အထူးသဖြင့် အားကောင်းသောအကြောင်းပြချက်တစ်ခု ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓက စေ့စပ်ညှိနှိုင်းမှုဆိုင်ရာအဖွဲ့အစည်းနှင့် ကောင်းသောအပြုအမူတွင် ကူညီထောက်ပံ့သူအဖြစ် သံဃာကို တည်ထောင်ရန် ကြိုးစားခဲ့ပါတယ်။ မြတ်ဗုဒ္ဓက မှားယွင်းသောအမြင်အဖြစ် ခိုက်ရန်ဖြစ်ခြင်း၏အန္တရာယ်ကို ထုတ်ဖော်ပြောဆိုပါတယ်။ ဥစ္စာ၊ ရာထူး၊ ဂုဏ်သတင်း၊ ပျော်ရွှင်မှုအသီးသီးဖြစ်တဲ့ ကမ္ဘာလောကရဲ့ အရာဝတ္ထုများကို ရရှိရန် အောင်မြင်ရန် အလိုဆန္ဒရှိခဲ့ပါတယ်။ လူအများဟာ ဒါကို သိမြင်နားလည်တဲ့အချိန် ခိုက်ရန်ဖြစ်ခြင်းမှ ဝေးကွာသင့်၊ ရှောင်ရှားသင့်ပါတယ်။

အကျုဉ်းချုပ်ရလျင် ငြင်းခုံခြင်းနှင့် ခိုက်ရန်ဖြစ်ခြင်း၏ အပြစ်များက အနုတ်လက္ခဏာဆောင်သော ကဏ္ဍ ၅-ခု ကို ဖြစ်စေပါတယ်။ ၄င်းအရာများကတော့ ဥစ္စာဆုံးရှုံးခြင်း၊ အချိန်ကုန်ခြင်း၊ ခံစားမှုကုန်ဆုံးခြင်း၊ အခွင့်အရေးဆုံးရှုံးခြင်းနှင့် သူငယ်ချင်းများဆုံးရှုံးခြင်းတို့ ဖြစ်ပါတယ်။

Saturday, September 25, 2010

ဗုဒ္ဓ၀ါဒရှု့ထောင့်မှ လူ့ သဘာဝနှင့်ပဋိပက္ခ (၃)



(၄) ပဋိပက္ခဟာ လူသားနှင့်လူ့အဖွဲ့အစည်းအတွက် သဘာဝနှင့် မရှိမဖြစ် လိုအပ်ချက်လား?


အနိစ္စ၊ ဒုက္ခ၊ အနတ္တ - ဤလက္ခဏာရေးသုံးခုဟာ ပဋိပက္ခအခြေအနေကို အပြည့်အ၀ ရှင်းပြနိုင်တဲ့ စည်းမျဉ်းများ ဖြစ်ပါတယ်။ ကမ္ဘာတွင် အရာရာတိုင်းကို အထူးအားဖြင့် ပဋိပက္ခနှင့်ပတ်သက်၍ ဤအရာသုံးခုက ထူးခြားသည့် သွင်ပြင်လက္ခဏာကို ဖော်ပြပါတယ်။

အချို့နိုင်ငံရေးပဋိပက္ခ အယူအဆသမားများဟာ “ ပဋိပက္ခဟာ အနိစ္စဆီသို့ ဦးတည်တယ်” ဆိုတာကို အခိုင်အမာ ပြောကြပါတယ်။ လက္ခဏာရေးသဘောတရားအရ နိစ္စသည်လည်း ပဋိပက္ခသို့ ဦးတည်ပါတယ်။ လူသားနှင့်လူ့အဖွဲ့အစည်းများရဲ့ အတွေးအခေါ်များ၊ အပြုအမူများဟာ စဉ်ဆက်မပြတ်ပြောင်းလဲနေပြီး ကြံ့ကြံ့ခံဖို့ အားတင်းထားဖို့ မတတ်နိုင်ကြပါဘူး။ သက်ရောက်မှုအဖြစ် ၄င်းတို့ကို တားဆီးထားလိုသည့် ဆန္ဒရှိလျင်တောင်မှ ထိုအရာများက တားဆီးမည်မဟုတ်ပါ။ ဒ့ါကြောင့် အကျိုးတရား၊ အခြေအနေနှင့်ပတ်သက်၍ မျော်လင့်ချက်များကို တွေ့ဆုံခွင့်မရသည်နှင့်တပြိုက်နက် ပဋိပက္ခဟာ ဖြစ်ပေါ်လာပါတယ်။

အမှန်စင်စစ် တစ်စုံတစ်ယောက်ဟာ လက္ခဏာရေးသဘောတရားနှင့်ပတ်သက်၍ ဥပဒေသများကို နားလည်လာတဲ့အခါ “ပဋိပက္ခဟာ လူသားနှင့်လူ့အဖွဲ့အစည်းများအတွက် မရှိမဖြစ် လိုအပ်တယ်၊ သဘာဝကျတယ်” ဆိုတာ ဟုတ် မဟုတ် ရှင်းပြရန် အလွန်လွယ်ကူပါတယ်။ သည်မေးခွန်းကို ဖြေကြားခြင်းမတိုင်မီ ဤအခြေအနေတွင် လူသားသတ္တ၀ါများနှင့်ပတ်သက်၍ ပထမဆုံး ရှင်းပြသင့်ပါတယ်။ သူတို့ဟာ ပုထုဇဉ် ဒါမှမဟုတ် ရဟန္တာလား ဆိုတာ ဖြစ်ပါတယ်။

သို့စေကာမူ လက္ခဏာရေးအယူအဆကို အသုံးပြုလျက် လူသားသတ္တ၀ါကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ လောဘ ဒေါသ မောဟပါဝင်တဲ့ ပြင်းပြသည့်အရာများက သူတို့ကို ၀ါးမျိုလောင်မြိုက်နေတဲ့ မည်သည့်အချိန် ဖြစ်ဖြစ် တွေးခေါ်ခြင်း၊ ပြောဆိုခြင်းများအပါအ၀င် သူတို့ရဲ့အပြုအမူအရာအားလုံးဟာ ကောင်းမှု မကောင်းမှု အပေါ်မှာ မှီတည်နေပါလိမ့်မယ်။ သည်အခြေအနေတွင် ပဋိပက္ခဟာ ပုထုဇဉ်လူသားများအကြား ဖြစ်ပေါ်လိမ့်မည်ဖြစ်သော ပုံမှန်အရာဝတ္ထုတစ်ခု ဖြစ်ပါတယ်။ တိပိဋကအလိုအရ ပဋိပက္ခများဟာ ကောသမ္ဗီတွင် ၀ိနယဓရနှင့်ဓမ္မဓရရဟန်းတော်များအကြား ဖြစ်ပေါ်သော ပဋိပက္ခ၊ ရောဟိနီမြစ်ရေနှင့်ပတ်သက်၍ မြတ်ဗုဒ္ဓ၏ ဆွေမျိုးဖြစ်သော သကျနှင့်သာကီမျိုးများအကြား ဖြစ်ပေါ်သော ပဋိပက္ခတို့ ဖြစ်ပါတယ်။

သည်ဥပမာအားလုံးက ပဋိပက္ခကို ရှောင်ရှားရန် ခက်ခဲတယ်ဆိုတာကို ညွှန်ပြနေပါတယ်။ အကြောင်းကတော့ ကျယ်ကျယ်ပြန့်ပြန့် လူအများဟာ အခြားသူများနှင့် ဆက်စပ်ရပါတယ်။ အလုပ်အကိုင်၊ နိုင်ငံရေး၊ စီးပွါးရေး၊ မိသားစုအရေးတို့နှင့် စပ်ဆက်လျက်ရှိပါတယ်။ ဒါ့ကြောင့် “ လူသားနှင့်လူ့အဖွဲ့အစည်းများဟာ ကမ္ဘာတွင် အတူတကွ နေထိုင်ကြဖို့၊ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ကျေနပ်ကြဖို့၊ အတူတကွ အလုပ်လုပ်ကြဖို့ လိုအပ်တယ်” ဆိုတာကို ပဋိပက္ခက ဖြစ်ပေါ်စေပါတယ်။

သို့ဖြစ်၍ မြတ်ဗုဒ္ဓ၏ဒေသနာတော်အလိုအရ ပဋိပက္ခဟာ သဘာဝဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး လူသားဘ၀၏မရှိမဖြစ် အခန်းကဏ္ဍဟု ဆိုစေဦး ထိုအရာများဟာ လုံးလုံးလျားလျား ကောင်းသည်လည်းမဟုတ်၊ အလုံးစုံ ဆိုးသည်လည်းမဟုတ်ပါ။ တချိန်တည်းမှာဘဲ အကောင်းဆုံးဖြစ်နိုင်ချေနည်းလမ်းများတွင် ပဋိပက္ခနှင့် ဘယ်လို နေထိုင်ကြမလဲဆိုတာကို ကိုယ့်ကိုယ်ကို မေးမြန်းကြရပါမယ်။ ဒါ့အပြင် လူသားနှင့်လူ့အဖွဲ့အစည်းများက ပဋိပက္ခတွင် ကိုယ်ကိုယ်တိုင် တွေ့ကြုံရသည့်အကြောင်းကို ဆင်ခြင်သုံးသပ်ရန် အချိန်ယူသင့်ပါတယ်။





(၅) ရဟန္တာများ သဘောထားကွဲလွဲသလား?

ဗုဒ္ဓဘာသာအလိုအရ အသိညဏ်ထူးကို သိပြီးသော ရပြီးသော ပုဂ္ဂိုလ်ကို ရဟန္တာလို့ ခေါ်ပါတယ်။ ဒီအဓိပ္ပါယ်ဖြင့် သူတို့စိတ်၏အတွင်းဒိဋ္ဌဖြစ်ရပ်ကို ရည်ညွန်းပါတယ်။ အမှန်စင်စစ် ရဟန္တာမှာ ပဋိပက္ခရှိတယ် ဆိုတာကို ပြောဆိုဖို့ မထိုက်တန်ပါဘူး။ အကြောင်းကတော့ သူတို့ဟာ ပြည့်ပြည့်၀၀ အသိညဏ်ထူးကို ရရှိပြီးလို့ ဖြစ်ပါတယ်။
“အို အဂ္ဂိဝေဿန! အသိညဏ်ထူးကို ရရှိပြီးသော ရဟန်းဟာ ကမ္ဘာလောက၏အမြင်များတွင် အခြားသောသူများနှင့် ငြင်းခုံခြင်း၊ ခိုက်ရန်ဖြစ်ခြင်း မရှိတော့ပါ။ ပညာနှင့်ပြည့်စုံသော မုနိဟာ……၊ ညဏ်အလင်းရပြီးသော သူဟာ …….ခိုက်ရန်ဖြစ်ခြင်း မရှိတော့ပါ”ဆိုတာကို မြတ်ဗုဒ္ဓက မိန့်ပါတယ်။

အခြားတစ်ဖက်တွင် ရဟန္တာများဟာ ပဋိပက္ခရှိခဲ့သော် သံဃာများအတွင်း လုပ်ကိုင်ပြီး၊ စီမံပြီးဖြစ်တယ်ဆိုတာ ဖြစ်နိုင်ချေရှိပါတယ်။ အဲဒီနောက် အမှန်တရားကို အကြွင်းမဲ့သိမြင်ပြီးတဲ့ ရဟန္တာများဟာ သမရိုးကျဖြစ်တဲ့ အမှန်တရားအားလုံးကို နားလည်နိုင်တာလည်း ဖြစ်နိုင်ချေရှိပါတယ်။ တကယ်တော့ တရားထူးကို ရောက်ခြင်းမတိုင်မီ သူတို့ဟာ ကွဲပြားခြားနားတဲ့ဗဟုသုတ ဒါမှမဟုတ် အတွေးအခေါ်များ မရှိခဲ့ပါဘူး။

မိလိန္ဒာပဥှာအလိုအရ အရှင်နာဂသေနက ပြောဆိုထားတာ ရှိပါတယ်။ “ ယေဘုယျအားဖြင့် ရဟန္တာများအားလုံး၏သဘာဝအရ အားလုံးသောအရာများကို သိရှိတယ်ဆိုတာ မဟုတ်ပါ။ အချို့က လူများ၏ အမည်နာမများ၊ ဇာတိမျိုးရိုးများကဲ့သို့သော အချို့အရာများကို မသိပါ။ အချို့က ၀ိမုတ္တိကိုသာလျင် သိပါတယ်။ အချို့က အဘိညာဉ်ကိုသာလျင် သိပါတယ်။ သဗ္ဗညုတညဏ်ရှင်သည်သာ အရာအားလုံးကို သိပါတယ်”။ သည်အခြေအနေတွင် ရဟန္တာများဟာ အချို့အရာများနှင့်ပတ်သက်၍ ဗဟုသုတဆိုင်ရာ နယ်နိမိတ်အကန့်အသတ်မရှိပါ။ သို့ဖြစ်၍ သူတို့ဟာ ခြားနားတဲ့အမြင်များရှိနိုင်ပြီး အခြားအရာများနှင့်ပတ်သက်၍ နားလည်ခြင်းများ ရှိနိုင်တယ်ဆိုတာ ဖြစ်နိုင်ချေရှိသော အဓိပ္ပါယ်ကောက်ယူချက် ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံလွန်တော်မူအပြီးသုံးလအကြာ ပိဋကများကို စိစစ်တည်းဖြတ်ခြင်း၏ရည်ရွယ်ချက်အတွက် ဗုဒ္ဓ၀ါဒီများကကျင်းပတဲ့ ပထမသင်္ဂါယနာမှာ မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ သေးငယ်သောသိက္ခာပုဒ် ၀ိနည်းဥပဒေများကို ဆွေးနွေးရန် ရဟန္တာငါးရာဟာ တွေ့ဆုံခဲ့ပါတယ်။ ဒီမေးခွန်းကို ဖြေရှင်းဖို့ အချိန်များစွာ အသုံးပြုပြီးသော်လည်း နောက်ဆုံး သူတို့ဟာ အဖြေကို မရှာဖွေနိုင်ခဲ့ပါဘူး။ သူတို့မှာ အဖြေများစွာ ရှိခဲ့ပါတယ်။ ဒါပေမယ့် အုပ်စုအသီးသီးအကြား အဖြေအသီးသီးဟာ ခြားနားနေပါတယ်။ သို့ဖြစ်၍ ဤအရာများက ရဟန္တာများဟာ ပဋိပက္ခများ ရှိနိုင်တယ်ဆိုတာကို သက်သေပြနိုင်တဲ့ အကောင်းဆုံး ဥပမာတစ်ခု ဖြစ်ပါတယ်။

Wednesday, September 22, 2010

ဗုဒ္ဓ၀ါဒရှု့ထောင့်မှ လူ့ သဘာဝနှင့်ပဋိပက္ခ (၂)




(၃) လူသားနှင့်အဖွဲ့အစည်းများ ဘာကြောင့် သဘောထားကွဲလွဲသလဲ


လူသားနှင့်အဖွဲ့အစည်းများအကြား ရှုပ်ထွေးမှုများမှာ အကြောင်းများစွာ ရှိနိုင်ပါတယ်။ ပထမဆုံးအနေ့ဖြင့် ဗုဒ္ဓဘာသာမှာ နားလည်ထားတဲ့အတိုင်း ဒီစကားရပ်ကို စဉ်းစားကြည့်ပါ့မယ်။ ယေဘုယျအားဖြင့် လူအများဟာ ခြားနားသော ယဉ်ကျေးမှုများမှ လာကြပါတယ်။ မတူသော ဘာသာစကားများကို ပြောဆိုကြပါတယ်။ ကွဲပြားသော ဘာသာတရားနောက်သို့ လိုက်ပါနေကြပါတယ်။ တစ်ချိန်တည်းမှာပင် တိုးတက်လာနေသော ဂလိုဘယ်လိုက်ဇေးရှင်းကို ရင်ဆိုင်ကြရပြန်ပါတယ်။

သို့စေကားမူ ပဋိပက္ခဟာ လူနှစ်ဦး သို့မဟုတ် အုပ်စုနှစ်စုဟာ တစ်ချိန်တည်းမှာ အရာဝတ္ထုတစ်ခုကို လိုချင်တဲ့အခါ ဖြစ်ပေါ်လာတာပါ။ အပြန်အလှန်အားဖြင့် ကိစ္စတော်တော်များများမှာ လူတစ်ယောက် အုပ်စုတစ်ခုထက် များစွာက အရာဝတ္ထုတစ်ခုကို ခြားနားတဲ့အချိန်မှာ လိုချင်တပ်မက်လျင် ပဋိပက္ခဟာ ဖြစ်နိုင်ချေ အလားအလာမရှိပါ။ သို့ဖြစ်၍ ညှိယူ၍မရသော စိတ်ဝင်စားမှုအဖြစ် ပဋိပက္ခကို အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။

မြတ်ဗုဒ္ဓ၏ရှု့ထောင့်မှ ပြဿနာအကြောင်းများစွာမှာ အစိတ်အပိုင်းများစွာ ပါဝင်တယ်ဆိုတာကို ကောက်ချက်ချနိုင်ပါတယ်။ အဲဒါတွေကတော့ အလိုဆန္ဒများ၊ မာနများ၊ မောဟများ ပါဝင်ပါတယ်။


(က) အလိုဆန္ဒဟာ ရလိုမှုနှင့် ပြင်းပြသောဆန္ဒ ဖြစ်ပါတယ်။ ရလိုမှုမှာ ရုပ်ပိုင်းဆိုင်ရာအရာဝတ္ထုများနှင့်လူများ စသည့်ပိုင်ဆိုင်မှု လိုအပ်ချက်များ ပါဝင်ပြီး စင်စစ် ပြင်းပြသောဆန္ဒမှာ အဆင့်အတန်းဂုဏ်၊ အာဏာ၊ ရာထူးများအတွက် လိုအင်ဆန္ဒများနှင့် သက်ဆိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့သဘာဝရင်းမြစ်များဟာ ကမ္ဘာ့လူသားများ အားလုံးအတွက် လုံလောက်ပါလိမ့်မယ်။ ဒါပေမယ့် အလိုလောဘကြီးတဲ့သူများအတွက်တော့ အမြဲတမ်း လိုအပ်နေမှာပါ။ အကြောင်းကတော့ အရင်းရှင်ဖြစ်တဲ့ ရုပ်ဝါဒလူ့အဖွဲ့အစည်းဟာ ကုန်ကြမ်းများကို ကန့်သတ်ထားချက်မရှိပါ။ ဒါ့ကြောင့် အခြားသောအုပ်စုများဟာ ဆင်းရဲနွမ်းပါးချို့တဲ့နေလင့်ကစား အချို့သော လူ့အဖွဲ့အစည်းများက ရနိုင်သမျှ ရင်းမြစ်များအားလုံးကို ရရှိဖို့အတွက် မဖြစ်မနေ ကြိုးပမ်းလုပ်ဆောင်ပါလိမ့်မယ်။ ဆွေးနွေးညှိနှိုင်းမှု ပျက်ကွက်ခြင်းဟာ အကျိုးဆက်အဖြစ် ပဋိပက္ခသို့ သက်ရောက်စေပါတယ်။

ဗုဒ္ဓ၀ါဒီကျမ်းဂန်များမှ အောက်ပါအကြောင်းအရာကို ရည်ညွှန်း၍ ပုံစံပြနိုင်ပါတယ်။ ဗြဟ္မဏတစ်ဦးက မဟာကစ္စာယနထေရ်ကို မေးလျှောက်ခဲ့ပါတယ်။ “ဘုရင်နှင့်ဘုရင်အကြား၊ ဗြဟ္မဏနှင့်ဗြဟ္မဏအကြား၊ သူဌေးများနှင့် သူဌေးများအကြား ပဋိပက္ခဖြစ်စေသောအကြောင်းကား အဘယ်ပါနည်း”ဆိုတာပါ။ ဒီအခါ အရှင်မဟာကဿပထေရ် ဖြေကြားခဲ့တာကတော့ “လူသားသတ္တ၀ါဟာ မြဲမြံစွာ အမိအရ ဖမ်းဆုပ်ထားတဲ့ ဘယ်အခိုက်အတံ့ဖြစ်ဖြစ်၊ ငြိကပ်နေတဲ့ မည်သည့်အချိန်ဖြစ်ဖြစ်၊ ကာမဂုဏ်အာရုံများ ၀န်းရံနေတဲ့ ဘယ်အချိန်မဆို၊ အလိုဆန္ဒက လူသားသတ္တ၀ါကို ပွေ့ပိုက်ထားတဲ့ မည်သည့်အချိန်မဆို၊ သူတို့ဟာ ပဋိပက္ခထဲသို့ ၀င်ရောက်လာပါတယ်”။ မိဘများ၊ သားသမီးများ၊ ညီရင်းအကိုများ၊ မောင်နှမများ၊ အခြားသောဆွေမျိုးများဟာလည်းပဲ အလိုဆန္ဒကြောင့် အချင်းချင်း ပဋိပက္ခထဲသို့ ၀င်ရောက်လာပါတယ်။ ခိုက်ရန်ဖြစ်ခြင်းထဲသို့ ဆွဲခေါ်လာပါတယ်။ တိုက်ခိုက်ခြင်းထဲသို့ တိုးဝင်လာပါတယ်။”

ပိဋကအလိုအရ မြတ်ဗုဒ္ဓရဲ့ဆွေမျိုးများဖြစ်တဲ့ ကောလိယနှင့်သကျများဟာ ကောက်စပါးပင်များစိုက်ပျိုးရန် ရေကို အလိုရှိတဲ့အတွက် တိုက်ခိုက်ကြပါတယ်။ ဘုရင်ပသေနဒီကောသလမင်းနှင့် အဇာတသတ်မင်းတို့ဟာ တိုင်းပြည်နှစ်ခုအကြား နယ်စပ်ရှိ နယ်မြေအချို့ကို ထိန်းချုပ်လိုတဲ့အတွက် တိုက်ခိုက်ကြပါတယ်။ သည်ဥပမာနှစ်ခုကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ အလိုဆန္ဒက သူတို့ကို ကြီးစိုးထားတဲ့အတွက် ဒီလူများအကြား ပဋိပက္ခဟာ ဖြစ်ပေါ်လာတယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် သည်အကြောင်းရပ်မှာ အလိုဆန္ဒက တန်ခိုးအာဏာအတွက် လိုအပ်မှုကို ဖုံးကွယ်ထားပါတယ်။ တန်ခိုးအာဏာကိုယ်တိုင်က အကောင်း သို့မဟုတ် အဆိုးလည်းမဟုတ်ပါ။ သို့သော် ဤအခြေအနေတွင် တန်ခိုးသြဇာဟာ နိုင်ငံရေး၊ ငွေကြေးနှင့် လှုမှုရေးအခွင့်အာဏာကို ရည်ညွှန်းပါတယ်။ တန်ခိုးသြဇာဖြစ်တဲ့ ဒီအမျိုးအစားများဟာ စိတ်ကို ဖောက်ပြန်စေလေ့ရှိပါတယ်။ ခုံမင်နှစ်သက်ခြင်းရဲ့စွမ်းအားများက တန်ခိုးသြဇာနှင့် အခွင့်အာဏာများအတွက် အလိုဆန္ဒကို တွဲခေါ်သွားပါတယ်။ လူတိုင်း သြဇာအာဏာကို လိုချင်တောင်းတလာတဲ့အခါမှာ ပဋိပက္ခဟာ ဖြစ်ပေါ်လာပါတယ်။ အကြောင်းကတော့ မည်သူတစ်ဦးတစ်ယောက်ကမှ အာဏာတန်ခိုးအောက်မှာ လက်အောက်ခံအဖြစ် သွတ်သွင်းမခံချင်ကြပါဘူး။ အခြားတစ်စုံတစ်ယောက်ရဲ့ အမိန့်သြဇာကိုလည်း မလိုချင်ကြပါဘူး။


(ခ) မာနဟာ ပုဂ္ဂိုလ်ရေးအရ၊ ပစ္စည်းဥစ္စာအရ၊ ပညာရေးအရ၊ အလုပ်အကိုင်အရ၊ အသိပညာအရ၊ ဂုဏ်အဆင့်အတန်း သတ်မှတ်ချက်အရ အခြားသောသူများထက် သူတို့ကိုယ်ကို တော်တယ်ဆိုတာကို ပြဖို့ နှစ်သက်မြတ်နိုးတဲ့ လူသားသတ္တ၀ါကို ရည်ညွှန်းပါတယ်။

အကျိုးဆက်အဖြစ် ရိုင်းပျစော်ကားပြီးတဲ့ အချို့သူများဟာ ရံခါများမှာ ငြင်းခုံပါတယ်။ ခိုက်ရန်ဖြစ်ပါတယ်။ နောက်ဆုံး သတ်သည့်အထိပင် ဖြစ်တတ်ပါတယ်။ ဒီအကြောင်းပြချက်မှာ ဗုဒ္ဓက မိန့်ကြားထားတာ ရှိပါတယ်။ “ အခြားသူများထက် တော်တယ်ဆိုတာကို တကယ်ပြောစေချင် ထင်စေချင်ပုံပေါ်တဲ့သူဟာ သူရဲ့ လူမှုအဖွဲ့အစည်းအတွင်း ပဋိပက္ခဖြစ်ဖို့ အလားအလာရှိပါတယ်။”

ဒီအခြေအနေအတွက် အကောင်းဆုံးပြယုဂ်ဟာ ဇမ္ဗူဒီပကျွန်းတွင် အခြားဘုရင်များထက် လူမျိုးရေးအရ ပိုမိုမြင့် မြတ်တယ်ဆိုတာကို ယုံကြည်ထားတဲ့ သကျဘုရင်များရဲ့ကိစ္စမှာ ထင်ရှားသိသာပါတယ်။ သူတို့ဟာ အခြားအုပ်စုများနှင့် လက်ထပ်ရန် ပေါင်းဖော်ရန် ငြင်းဆန်ပါတယ်။ ပသေနဒီကောသလမင်းဟာ သကျမျိုးများကို လက်ထပ်ချင်ခဲ့ပါတယ်။ ဒါပေမယ့် သကျတွေဟာ အစေခံကျွန်မဖြစ်သူကိုသာ ဘုရင်ထံသို့ ဆောင်ပို့ခဲ့ကြပါတယ်။ မကြာမီမှာပဲ ၀ိဋဋုဘဆိုတဲ့ သားတစ်ယောက် ရရှိခဲ့ပါတယ်။ လုလင်ငယ်ဖြစ်တဲ့ ၀ိဋဋုဘဟာ ကပိလ၀တ္ထုမြို့သို့ ခရီးသွားတဲ့အခါ သကျအမျိုးများက သူ့ကို ခရီးဦးကြို မပြုခဲ့ကြပါဘူး။ ၀ိဋဋူုဘက သူဟာ သကျတို့ရဲ့သား မဟုတ်ဘဲ အစေခံကျွန်မရဲ့သားဖြစ်တယ်ဆိုတာကို သိရှိသွားခဲ့ပါတယ်။ အဲဒီစိတ်ခံစားမှုက သကျများကို သတ်ဖို့အထိ သူ့စိတ်ကို ဆွဲခေါ်သွားပါတယ်။

ဒီအကြောင်းအတွက် မြတ်ဗုဒ္ဓက အောက်ပါအတိုင်း မိန့်ပါတယ်။ “ စောင့်ထိန်းထားတဲ့သီလ ပြုခဲ့ဘူးတဲ့ ကုသိုလ်ကောင်းမှု များစွာရှိတဲ့အတွက် ငါတို့ဟာ အကောင်းဆုံးလူများ ဖြစ်တယ်ဆိုတာကို ရဟန်းတော်များဟာ မပြောဆိုသင့်ဘူး”။ လူအများဟာ စိတ်ကြီးဝင်လာတဲ့ မည်သည့်အချိန်မဆို သူတို့ဟာ အချင်းချင်း နားထောင်ရန် နားလည်ပေးရန် လိုလားမှုမရှိပါ။ ယေဘုယျအားဖြင့် စိတ်ဝင်တစားရှိတဲ့ နားထောင်ခြင်းဟာ အလွန်အရေး ကြီးပါတယ်။ အကြောင်းကတော့ အဲဒါဟာ အခြားလူ၏ ခံစားချက် လိုအပ်ချက်ကို နားလည်ရန် မိမိရဲ့စိတ်ကို ဖွင့်ဟထားခြင်းနှင့် သက်ဆိုင်နေပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် အတ္တဟာ ထိုးထွင်းသိမြင်တတ်တဲ့အတွေးများကို တားဆီးပါတယ်။ အမြင်အမျိုးမျိုးကို လက်မခံနိုင်ကြောင်းကို ဖြစ်စေလျှက် တားမြစ်ပါတယ်။


(ဂ) မောဟက တကယ်ဖြစ်တဲ့အတိုင်း အရာဝတ္ထုများကို မြင်ခြင်းမှ တားဆီးတဲ့စိတ်အပေါ် အရိပ်ထိုးမှုနှင့် နှိုင်းယှဉ်ထားတဲ့ မသိမှု၏ပုံစံ ဖြစ်ပါတယ်။ သို့ဖြစ်၍ အကောင်း အဆိုးများဟာ ရှုပ်ထွေးလာနိုင်ပါတယ်။ အကျိုးရှိသည်ကို အကျိုးမရှိအဖြစ် ပြောင်းပြန် သဘောပေါက်လာနိုင်ပါတယ်။

မြတ်ဗုဒ္ဓက ပြောသည်မှာ - ခိုက်ရန်ဖြစ်ခြင်းအမြင်ကို လွယ်လွယ်ကူကူ ဆုပ်ကိုင်ထားတဲ့ မည်သူဖြစ်ဖြစ် အဲဒီနောက် ငြင်းခုံခြင်းကို ရှောင်ရှားရန် ခက်ခဲပါလိမ့်မယ်။ အခါတစ်ပါး မဟာကစ္စာယနထေရ်ဟာ ရဟန်းများအကြား ပြဿနာကို ဖြစ်စေတဲ့အကြောင်းဟာ ဘာလဲဆိုတာကို မြတ်ဗုဒ္ဓကို မေးမြန်းခဲ့ပါတယ်။ မြတ်ဗုဒ္ဓက အခုလို မိန့်ကြားခဲ့ပါတယ်။ “ ရဟန်းများဟာ သူတို့၏ကိုယ်ပိုင်အမြင်များမှ ခြားနားတဲ့ အမြင်များကို လက်ခံရန် ငြင်းပယ်ခဲ့သည့် မည်သည့်အချိန်ဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာအရာဝတ္ထုများကို ငြိကပ်သည့်ဘယ်အချိန်ဖြစ်ဖြစ်၊ ကာမဂုဏ်အာရုံများက ၀န်းရံနေသည့်ဘယ်အချိန်ဖြစ်ဖြစ်၊ အလိုဆန္ဒက ကြီးမှုးထားသည့်ဘယ်အချိန်ဖြစ်ဖြစ် ပဋိပက္ခဟာ လွယ်လွယ်ကူကူ ဖြစ်ပေါ်လာပါတယ်”။

ပိဋကအလိုအရ ပဋိပက္ခဟာ ကောသမ္ဗီပြည်ရှိ ၀ိနဓရရဟန်းတော်များနှင့် ဓမ္မဓရရဟန်းတော်များအကြား ဖြစ်ပေါ်လာခြင်းပါ။ သည့်မတိုင်မီက သူတို့ဟာ သူငယ်ချင်းမိတ်ဆွေကောင်းများ ဖြစ်ကြပါတယ်။ အကြောင်းကတော့ ၀ိနည်းနှင့်ပတ်သက်၍ အဓိပ္ပါယ်ကောက်ယူခြင်းအပေါ် ခြားနားသောအမြင်များရှိလို့ပါ။

အကျဉ်းချုပ်ရလျင် ပဋိပက္ခများစွာဟာ မြတ်ဘုရားက ဆန့်ကျင်ဟန့်တားရန် လမ်းညွှန်းထားတဲ့ လောဘ၊ မာန၊ မောဟများမှ ဖြစ်ပေါ်လာပါတယ်။ အကြောင်းကတော့ အဲဒါတွေဟာ ရှင်းလင်းသောအတွေးများကို တားမြစ်ထားပြီး ထိရောက်တဲ့လူမှုရေးနှင့် အသက်မွေးမှုဆိုင်ရာ ဆက်နွှယ်မှုများကို ဟန့်တားထားတဲ့အတွက် ဖြစ်ပါတယ်။ ဤအရာများကို နားလည်သဘောပေါက်ရန် လူသားသတ္တ၀ါများသို့ ယူဆောင်လာနိုင်သည့် ဘယ်အချိန်ဖြစ်ဖြစ် အတွင်းငြိမ်းချမ်းမှုဟာ ဖြစ်ပေါ်လာပါလိမ့်မယ်။ ဤအရာများဟာ လူ့အဖွဲ့အစည်းအတွင်း မှန်ကန်သော ပျော်ရွှင်မှုများအတွက် အခြေခံများ ဖြစ်ပါတယ်။

Sunday, September 19, 2010

ဗုဒ္ဓ၀ါဒရှု့ထောင့်မှ လူ့သဘာဝနှင့်ပဋိပက္ခ (၁)



(၁) နိဒါန်း

မျက်မှောက်ကမ္ဘာတွင် ယဉ်ကျေးမှုများ၊ ဘာသာစကားများနှင့် ဘာသာရေးများ ကွဲပြားခြားနားမှုများက လူတစ်ဦးနှင့်တစ်ဦး အုပ်စုတစ်စုနှင့်တစ်စုအကြားတွင် ပဋိပက္ခကို ဖြစ်ပေါ်လာစေရန် အလွန်လွယ်ကူစေပါတယ်။ လူသားသတ္တ၀ါများနှင့် လူ့အဖွဲ့အစည်းများ၌ ပဋိပက္ခဖြစ်ခြင်း၏အကြောင်းမှာ များပြားစွာရှိပါတယ်။ အမှန်အားဖြင့် စပ်ဆက်စဉ်းစားကြည့်ပါက ပဋိပက္ခဟာ လူသားဘ၀တွင် သဘာဝဖြစ်စဉ်နှင့် မရှိမဖြစ်လိုအပ်သော အရာဝတ္ထုများ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အချို့ပညာရှင်များအလိုအရ စောစောပိုင်းအချိန်များကတည်းကပင် လူသားများနှင့်လူ့အဖွဲ့အစည်းများဟာ အမြဲတမ်း ပဋိပက္ခရှိခဲ့ပြီး ဖြစ်ပါတယ်။ အမှန်အားဖြင့် ခြားနားသော လူအဖွဲ့အစည်း ပတ်ဝန်းကျင်တွင် သူတို့ကို မွေးဖွါးလာကတည်းက ထိုပဋိပက္ခကို ရှောင်လွှဲ၍ မရနိုင်ခဲ့ပါဘူး။ အဲဒီအတွက် ပဋိပက္ခဟာ ကောင်းသလား ဆိုးသလားဆိုတဲ့ မေးခွန်းများကို ဖြစ်ပေါ်စေပါတယ်။

ပဋိပက္ခ-သဘောတရားအရ ပြောဆိုပြီးခဲ့တဲ့အတိုင်း လူသားဟာ သူ၏လူ့အဖွဲ့အစည်းအတွင်း တစ်စုံတစ်ခုသော စံနှုန်းကို ပုံဖော်သော လူမှုရေးသတ္တ၀ါ ဖြစ်ပါတယ်။ လူများဟာ သူတို့ရဲ့အလိုဆန္ဒများကို ကျေနပ်မှုရရှိရန်အတွက် ရုပ်ပိုင်း ဆိုင်ရာရင်းမြစ်များကို ရှာဖွေဖိုး ကြိုးစားပါတယ်။ တချိန်တည်းမှာပဲ သူတို့ရဲ့အလိုဆန္ဒသဘာဝကို ပြည့်ပြည့်၀၀ နားမလည်းသမျှကာလပတ်လုံး သူတို့ဟာ အကန့်အသတ်မရှိတဲ့ လိုအပ်ချက်များ ရှိလာပါတယ်။ အကျိုးဆက်အဖြစ် သူတို့ဟာ ပဋိပက္ခမှဖြစ်ပေါ်သော ဒုက္ခ၏ ထောင်ချောက်ထဲသို့ ကျရောက်သွားပါတော့တယ်။

နိုင်ငံရေးပညာရှင်အချို့ကမူ ပဋိပက္ခ၏ရင်းမြစ်များဟာ စိတ်ကူးယဉ်ဝါဒနှင့် စီးပွါးရေးပြဿနာများမှ အကြောင်းပြု၍ ဖြစ်ပေါ်လာတာမဟုတ် ယဉ်ကျေးမှုအခြေခံအုတ်မြစ်မှ ဖြစ်ပေါ်လာသည်ဟု သူတို့၏အမြင်ကို ပေးကြပါတယ်။ သူတို့ ကောက်ချက်ချတာကတော့ ထိုအရာဟာ လူမှုတိုးတက်မှု၏သဘောထားကွဲလွဲခြင်း ဖြစ်တယ်ဟု ဆိုပါတယ်။ အချို့နိုင်ငံရေးပညာရှင်များကလည်း အမျိုးသားရေးဝါဒ၊ မိမိယဉ်ကျေးမှုကို ဗဟိုပြုစံထားသောဝါဒနှင့် ဘာသာရေးများဟာ ပဋိပက္ခနှင့်အကြမ်းဖက်မှု၏ရင်းမြစ်ဖြစ်တယ် ဆိုတာကို အခိုင်အမာ ပြောဆိုကြပါတယ်။

ဒီနေရာမှာ ငြိမ်းချမ်းသောဘာသာတရားဆိုတဲ့ ဗုဒ္ဓဘာသာက ပဋိပက္ခဟာ လူသားများနှင့်လူ့အဖွဲ့အစည်းများရဲ့ သဘာဝဖြစ်စဉ်ဖြစ်တယ်ဆိုတာကို သဘောတူ မတူ ဆိုတဲ့အပိုင်းပါ။

မြတ်ဗုဒ္ဓက “ငါဟာ ဒုက္ခနှင့်ဒုက္ခ၏ကုန်ဆုံးခြင်းကိုသာလျင် ဟောကြား၏”ဟု မိန့်ဆိုထားပါတယ်။ သည်အဓိပ္ပါယ်အရ ပဋိပက္ခဟာ ဒုက္ခ၏ပုံစံတစ်ခုဖြစ်ပြီး လူသားတို့ဟာ ထိုအရာကို သင်ယူသင့်သည်၊ နားလည်သင့်သည်၊ ကိုင်တွယ်ဖြေရှင်းသင့်သည်ဆိုတာကို နားလည်နိုင်ရမည် ဖြစ်ပါတယ်။

(၂) ပဋိပက္ခဆိုတာ ဘာလဲ

ဆွေးနွေးမှုရဲ့သော့ချက်ဖြစ်တဲ့ ပဋိပက္ခဆိုတဲ့ စကားလုံးကို ဖွင့်ဆိုခြင်းဖြင့် စတင်ကြည့်မယ်ဆိုလျင် တိုက်ခိုက်ခြင်း၊ စစ်ပွဲ၊ သဟဇာတမဖြစ်ခြင်း၊ အတိုက်အခံပြုခြင်းတို့ ဖြစ်ပါတယ်။ အကျိုးဆက်အားဖြင့် တိုက်ခိုက်ရန်၊ ငြင်းခုံရန်၊ နောက်ဆုံး အချင်းချင်း သတ်ဖြတ်ဖို့အတွက်တောင် တကယ်ခြားနားထားတဲ့ ယုံကြည်ချက်၊ အခြေအနေ၊ လိုအပ်ချက်၊ အကျိုးစီးပွါးများရှိနေတဲ့ အုပ်စု၊ လူ နှစ်ဦးတို့အတွက် ပဋိပက္ခကို အသုံးပြုပါတယ်။

အချို့နေရာမှာတော့ ပဋိပက္ခကို မနာခံမှု၊ အကြမ်းဖက်မှုနှင့် ဇွတ်အတင်းလုပ်မှု-ဟု ဆိုနိုင်သည့် ခုခံတော်လှန်ခြင်းကို ဆိုလိုပြီး ငြင်းခုံခြင်း၊ ဆန့်ကျင်ခြင်းဖြစ်တဲ့ ကန့်ကွက်ချက်များကိုလည်း ဆိုလိုပါတယ်။ အချို့ကလည်း ပဋိပက္ခ-ကို လူသားရဲ့အပြုအမူနှင့်ဆက်စပ်သည်ဟု ပြောဆိုပါတယ်။ ပဋိပက္ခဟာ သူတို့ရဲ့ အကျိုးစီးပွါးကို ဆန့်ကျင်၍ အလုပ်လုပ်နေတဲ့ အခြားသောအုပ်စုများရှိတယ်ဆိုတာကို သူတို့ဟာ သက်ဆိုင်နေ နားလည်နေသောကြောင့် ဖြစ်ပါတယ်။ သို့ဖြစ်၍ ပဋိပက္ခဟာ အခြေအနေ၊ အပြုအမူနှင့်အတူတကွ သွားပါတယ်။ ဒါ့ကြောင့် သူတို့ဟာ အကြောင်းအကျိုးဆက်သွယ်မှုမှာ တည်ရှိတယ်ဆိုတာကို အကြံပြုကြပါတယ်။

ဗုဒ္ဓဒေသနာတော်များတွင် ပဋိပက္ခအတွက် အသုံးပြုတဲ့ဝေါဟာရများမှာ ၀ိဝါဒ၊ ကလဟ၊ ၀ိရောဓ၊ ၀ိရုဒ္ဓ၊ ပဋိက္ခိပ၊ ၀ိပရီတ စသည်တို့ဖြစ်ပါတယ်။ လူများ၊ အုပ်စုများဟာ တန်ဖို့း၊ အချက်အလက်၊ စိတ်ဝင်စားမှု၊ ဖွဲ့စည်းတည်ဆောက်ပုံအမြင်များနှင့် ပတ်သက်၍ သဘောထားကွဲနိုင်ပါတယ်။ ဒီပြဿနာများကို မဖြေရှင်းနိုင်တဲ့အခါ၊ အကောင်းဆုံးဖြေရှင်းချက်ကို မရှာဖွေနိုင်တဲ့အခါ ပဋိပက္ခဟာ ဖြစ်ပေါ်လာပါတယ်။ တနည်းအားဖြင့် ပဋိပက္ခဟာ အခြားသောသူများ၏ အမြင်များ၊ ရုပ်ပိုင်းဆိုင်ရာရင်းမြစ်များနှင့် ဆန့်ကျင်၍ တစ်ဦးတစ်ယောက်၏ ကိုယ်ပိုင် စိတ်ဝင်စားမှုကို ကာကွယ်ရန်ကြိုးစားခြင်းမှ ပထမဆုံးအနေဖြင့် ပုံမှန်ဖြစ်ပေါ်လာပါတယ်။ အဲဒီကာကွယ်မှုကို အမှန်တကယ် အောင်မြင်အောင် မပြုလုပ်နိုင်တဲ့နေရာများမှာ အချို့လူများ၊ အုပ်စုများဟာ တစ်ဦးကိုတစ်ဦး သဟဇာတမဖြစ်ခြင်း၊ တိုက်ခိုက်ခြင်း၊ ထိခိုက်ခြင်းများ ဖြစ်ပေါ်စေမှာပါ။

အကျဉ်းချုပ်ရလျင် အောက်ပါအတိုင်း ပဋိပက္ခကို ရှင်းလင်းပြနိုင်ပါတယ်။
(၁) အပြုသဘောဆောင်သည့် အတွေးအခေါ်တွင် ပဋိပက္ခဟာ တွေးခေါ်ခြင်းကို ဖန်တီးရန် ဦးတည်သောအရာဖြစ်ပြီး ယေဘုယျအားဖြင့် အသင်းဝင်းများ၊ လူ့အဖွဲ့အစည်းများရဲ့တိုးတက်မှုကို ဦးတည်ပါတယ်။
(၂) သူ့ရဲ့ဆန့်ကျင်ဘက်အဓိပ္ပါယ်တွင် ပဋိပက္ခဟာ အသင်းအဖွဲ့အစည်းများက စီမံအုပ်ချုပ်နိုင်မှု မရှိသောအရာဖြစ်ပြီး အဲဒီနောက် အကြမ်းဖက်ခြင်း၊ ခိုက်ရန်ဖြစ်ခြင်းများဟာ အကျိုးဆက်အနေနဲ့ အတူတကွ ပါလာပါလိမ့်မယ်။

Friday, September 17, 2010

ဘာဂျေ လိုဏ်ဂူ (BHAJE LENA)














၅-၉-၂၀၁၀-နေ့ည ၉-နာရီခန့်တွင် စောမယကောလိပ်မှထွက်ခွါလာသော express ကားနှစ်စီးသည် ညပိုင်း ၁၂-နာရီခန့်တွင် တည်းခိုမည့် ဟိုတယ်သို့ရောက်ရှိကြပါသည်။ ဟိုတယ်တွင် ထိုတစ်ညတာကို ကောင်းစွာ အိပ်စက်အနားယူကြပြီး နောက် ၆-၉-၂၀၁၀-နေ့ မနက်ပိုင်းတွင် ဂျပန်ဆရာတော်ထံ တရားများနာယူကြအပြီး လက်တွေ့တရားထိုင်ကြရပါသည်။ နေ့လည်ပိုင်း ၁-နာရီတွင် ကာလေလိုဏ်ဂူသို့ သွားရောက်ကြပြီးနောက် ည ၆-နာရီခန့်တွင် မူလတည်းခိုသော ဟိုတယ်သို့ ပြန်ရောက် အိပ်စက်အနား ယူကြပါသည်။

နောက်တစ်နေ့ ၇-၉-၂၀၁၀-ရက် နံနက်ပိုင်းတွင် ဂျပန်ဆရာတော်ထံမှပင် တရားများကို နာကြားအပြီး လက်တွေ့ တရားထိုင်ကြရပြန်ပါသည်။ နေ့လည်ပိုင်း တစ်နာရီတွင် ဘာဂျေလိုဏ်ဂူများသို့ သွားရောက်ကြမည်ဖြစ်ရာ ဤအကြိမ်တွင် လိုဏ်ဂူများသို့သွားရောက်ပြီးနောက် မွမ်ဘိုင်းမြို့သို့ တခါတည်းပြန်ကြမည်ဖြစ်၍ ပစ္စည်းများသိမ်းဆည်းကာ သော့များ အပ်နှံခဲ့ကြရပါသည်။ ထို့နောက် ဘာဂျေလိုဏ်ဂူရှိရာသို့ စတင်ခရီးထွက်ခွါကြပါသည်။

ဘာဂျေလိုဏ်ဂူသည် မွမ်ဘိုင်း-ပုနေးလမ်း၊ လောန၀လ(LONAVALA)မြို့မှ ကီလိုမီတာ ၁၀-အကွာတွင် တည်ရှိပါသည်။ ဘာဂျေတွင် ၂၉-ခု တူးဖော်ထားသည်ဟု ဆိုသည်။ အားလုံးသည် အနောက်ဖက်သို့ မျက်နှာမူထားပြီး မြေအပြင်အထက် ပေပေါင်း- ၂၀၀-ခန့်တွင် ရှိပါသည်။ ဘာဂတ်( Bor ghat) မှ ဒီဇင်း(Deccan)သို့ ဖြတ်သန်းထားသော ရှေးဟောင်းလမ်း မကြီး၏လမ်းကြောင်း၌ ဖြစ်ပါသည်။ ၀ိသပူရ်(Visapur)တောင်စွယ်နှင့်(Lohgad) လောဂတ်ခံတပ်များရှိရာ ဒေသ၌ ဘာဂျေ လိုဏ်ဂူများကို တွေ့ရှိရသည်။ ဘာဂျေသည် ဒီဇင်(Deccan)၌ ရှေးဟောင်းတူးဖော်ရရှိမှုထဲမှ တစ်ခု ဖြစ်သည်ဟု ဆိုသည်။


တူးဖော်မှုလုပ်ငန်းခွင်တစ်ခုလုံးသည် ထေရ၀ါဒဂိုဏ်းများ၏လက်ရာများသာ ဖြစ်ပုံပေါ်ပြီး နောက်ပိုင်း မဟာယာနများက ပြင်ဆင်ပြောင်းလဲထားသည်များကိုတော့ မတွေ့မြင်ရဟု ဆိုသည်။ ဘာဂျေကျောင်းတော်သည် စေတီတည်ထားရာလိုဏ်ဂူ ၂-ခုနှင့် အခြားလိုဏ်ဂူပေါင်း ၁၃-ခု ပါဝင်သည်။ နှစ်ခန်းတွဲထားသော ကျောင်းဆောင်များ၊ ရေကန်ကြီးများ၊ စေတီ ပန်းပုလက်ရာများ၊ ကျောက်ဆစ်ရုပ်ထွင်းထုထားသော ကျောင်းဆောင်များ၊ ကျောက်စာများမှာ ဘာဂျေလိုဏ်ဂူ၏ ထူးခြားသောအသွင်အပြင်အချို့ ဖြစ်ပါသည်။

ပင်မစေတီထားရှိလိုဏ်ဂူတွင် မူရင်းသစ်သားများရှိဆဲဖြစ်သော အမိုးခုံးများမိုးထားသည့် စက်ဝိုင်းခြမ်းပုံသဏ္ဍန်ကို တွေ့မြင် ရမည်ဖြစ်ပါသည်။ အလယ်ပိုင်းနေရာနှင့်လမ်းကို ဖြောင့်တန်းသောလိုင်း ၂-ခုတွင် တိုင် ၂၇-လုံးဖြင့် ခွဲခြားထားပါသည်။ စေတီသည် ရိုးရိုးရှင်းရှင်းပင် ဖြစ်ပြီး လမ်းအမိုးကိုလည်း ၀ိုက်၍ခုံးထားပါသည်။ စေတီတည်ရှိရာဂူအတွင်းတွင် အလှုရှင်ကို ဖော်ပြသော ကမ္ဗည်းကျောက်စာများ ရှိပါသည်။ တစ်ခုမှာ သစ်သားအပေါ်တွင် ရှိသည်ဟု ဆိုပါသည်။

ပညာရှင်များသည် ဤစေတီထားရှိရာဂူကို ဘီစီ ၂-ရာစု စောစောပိုင်းအဖြစ် သတ်မှတ်ထားသည်။ ထိုအချိန်မတိုင်မီ အနည်းငယ်ကပင် ဖြစ်နိုင်သည်ဟုလည်း ဆိုထားသည်။ စေတီပြခန်းအဆောက်အဦးတွင် အထိမ်းအမှတ် စေတီ ၁၄-ခု ရှိပါသည်။ ဤစေတီများ၏ခြားနားသောရှု့ထောင့်များနှင့် မတူကွဲပြားသောအနေအထားများမှ သတ်မှတ်ချက်သက်တမ်းကို နောက်ထပ်ကောက်ချက်ချနိုင်သည်ဟု ဆိုထားပြန်သည်။

ပင်မစေတီထားရှိရာလိုဏ်ဂူတွင်းရှိ စေတီတော်၌ ထေရ၀ါဒဂိုဏ်းဝင်များက ထေရ၀ါဒနည်ဖြင့်လည်းကောင်း၊ မဟာယာနဂိုဏ်းဝင်များက မဟာယာနပုံစံဖြင့်လည်းကောင်း စုပေါင်း၍ ဘုရှားရှိးခိုးခဲ့ကြပါသည်။










Wednesday, September 15, 2010

ကာလေ လိုဏ်ဂူ (KARLE LENA)







အိန္ဒိယနိုင်ငံ၊ မဟာရဌပြည်နယ်တစ်ခုလုံးတွင် တချိန်ကထွန်းကားခဲ့သော မြတ်ဗုဒ္ဓသာသနာ၏သမိုင်းမှတ်တိုင်များ ဖြစ်သည့် လိုဏ်ဂူများတည်ရှိရာ နေရာဒေသများမှာ များပြားလှပါသည်။ ရောက်ခဲ့ဖူးပြီးသော လိုဏ်ဂူများမှာ အာဂျန်တာ (AJANTA) လိုဏ်ဂူများ၊ အယ်လီဖင်တာ(ELEPHANTA)လိုဏ်ဂူများ၊ ကနေရီ (KANHERI)လိုဏ်ဂူများ ဖြစ်သည်။ အယ်လိုရာ(ELLORA)လိုဏ်ဂူများသို့ကား သွားရန် ရည်ရွယ်ထားသော်လည်း မရောက်ဖြစ်သေးပါ။

ယခုတစ်ခါ မွမ်ဘိုင်း-ဗုဒ္ဓဘာသာညီလာခံအပြီး ဗုဒ္ဓဘာသာဌာနမှ စီစဉ်ပေးသောအစီအစဉ်ဖြင့် နိုင်ငံခြားမှ ဧည့်သည်တော်များနှင့်အတူတကွ မရောက်ဖူးသေးသော လိုဏ်ဂူများတည်ရှိရာ အရပ်သို့ နှစ်ညအိပ်ခရီး သွားခွင့်ကြုံခဲ့သည်။ ပထမတွင် လိုဏ်ဂူများ တည်ရှိရာနေရာ လေးဌာနသို့ သွားရန် ရည်ရွယ်ထားခဲ့သော်လည်း မိုးများမှာ အဆက်မပြတ် ရွာသွန်းနေသဖြင့် လိုဏ်ဂူများရှိရာ နှစ်နေရာသို့သာ သွားရောက်နိုင်ခဲ့ပါတော့သည်။ ကျန်သော ဘက်ဆေ(BEDSE LENA)လိုဏ်ဂူ များနှင့် ကွန်ဒါနေ(KONDANE LENA)လိုဏ်ဂူများနေရာအစား ဟိုတယ်ခန်းမမှာပင် ဂျပန်မှဆရာတော်တစ်ပါးပို့ချသော ဂျပန် ကမ္မဌာန်းများအကြောင်း နားယူခွင့် ရရှိခဲ့ပါသည်။ သွားရောက်ဖြစ်ခဲ့သော လိုဏ်ဂူများမှာ ကာလေလိုဏ်ဂူ (KARLE LENA) များတည်ရှိရာနှင့် ဘာဂျေလိုဏ်ဂူများ(BHAJE LENA)တည်ရှိရာနေရာတို့ ဖြစ်ပါသည်။ ဤနေရာတွင် ထိုလိုဏ်ဂူများ အကြောင်း အနည်းငယ်မိတ်ဆက်ပေးလိုပါသည်။

ကာလေလိုဏ်ဂူများမှာ လောန၀လမြို့ (LONAVALA)၊ အရှေ့မြောက်အရပ် ၁၂-ကီလိုမီတာအကွာ၊ မွမ်ဘိုင်း-ပုနေး အဝေးပြေးလမ်းမကြီး တည်ရှိသော ၀ိဟာဂွန်(VIHIRGAON)ရွာအနီးတွင် တည်ရှိပါသည်။ အနီးဆုံးဘူတာရုံမှာ တူးဖော် တွေ့ရှိထားသောထိုနေရာများ၏တောင်ဖက် ၅-ကီလိုမီတာအကွာ၊ မာလာဝလိ(MALAVALI)ဘူတာရုံ ဖြစ်သည်။ လိုဏ်ဂူ များတည်ရှိရာညီညာပြန့်ပြူးသောမြေသို့ရောက်ရှိရန် ၀ိဟာဂွန်ရွာမှ ကျောက်လှေကားထစ်ပေါင်း ၈၀၀-ခန့် တက်ရမည် ဖြစ်ပါသည်။ စေတီတည်ထားရာဂူ၏အပြင်ဘက်တွင် အိက၀ိရ(EKVIRA)အမည်ရှိ ဟိန္ဒူနတ်သမီးရုပ်ထားရှိသည့် ကျောင်းဆောင်တစ်ခု ရှိပါသည်။

စေတီထားရှိရာဂူသည် ဇမ္ဗုဒီပတစ်ခုလုံးတွင် အကြီးဆုံး ဖြစ်သည်ဟု ဆိုထားပါသည်။ ဤနေရာတွင် ဇမ္ဗုဒီပကျွန်းအဆိုနှင့် ပတ်သက်၍ အမျိုးမျိုးကွဲပြားရာ အချို့က ဘုရားပွင့်တော်မူရာနေရာဒေသတစ်ဝိုက်၊ အချို့က အိန္ဒိယတစ်နိုင်ငံလုံးဟု ဆိုကြသည်။ ကာလေလိုဏ်ဂူများမှာ အသွင်အပြင်အားဖြင့် ရောနှောထားသော လိုဏ်ဂူများ ဖြစ်သည်။ အကြောင်းမှာ စေတီတည်ရှိရာလိုဏ်ဂူမှာ ထေရ၀ါဒယဉ်ကျေးမှုပုံစံများဖြစ်ပြီး ကျောင်းဆောင်ဝိဟာရများ၊ တရားအားထုတ်ခန်းများမှာမူကား နောက်ပိုင်းမဟာယာနများ သီတင်းသုံးနေထိုင်သွားခဲ့သော သဲလွန်စလက္ခဏာများ တွေ့မြင်ရသောကြောင့် ဖြစ်ပါသည်။ စေတီတည်ရှိရာဂူမှာပင် ထိုသဲလွန်စများကို တွေ့မြင်နိုင်သည်ဟု ဆိုပါသည်။

စေတီထားရှိရာဂူမှတစ်ပါး အခြားသော တရားအားထုတ်ခန်းများ၊ ကျောင်းဆောင်ဝိဟာရများ ရှိပါသော်လည်း အချို့နေရာ များတွင် ရေသိုလှောင်ကန်များက ဆိုးရွားစွာ ပျက်စီးနေသည့်အတွက် အထဲသို့ ၀င်ခွင့်မရရှိကြပါ။ နှစ်ထပ် သုံးထပ်တည် ဆောက်ထားသော မဟာယာန၀ိဟာရများမှာလည်း ယခုအခါ လှေကားများက ကျိုးပဲ့နေသောကြောင့် အထဲသို့ ၀င်ဖို့ရန် လွယ်ကူလိမ့်မည်မဟုတ်ပါ။

စေတီတည်ရှိရာဂူများစွာတွင် ဤဂူသည် ဇမ္ဗူဒီပတွင် အကြီးဆုံးဖြစ်သည်ဟု ပြဆိုထားသည့် ကမ္ဗည်းကျောက်စာကို တွေ့နိုင်ပါသည်။ လိုဏ်ဂူ၏ပမာဏမှာ အလျား ၁၂၄-ပေ၊ အမြင့် ၄၅-ပေ ရှိသည်ဟု ဆိုသည်။ တိုင်လုံးအတန်းများက အလယ်ပိုင်းနေရာနှင့်နံရံဘက်ခြမ်းရှိလမ်းများကို ခွဲခြားပေးထားသည့်အပြင် စက်ဝိုင်းခြမ်းပုံအဟိုက်ပုံစံကိုလည်း ခွဲခြားပေး ထားပါသည်။ ပြေပြစ်သပ်ယပ်သော ခေါင်မိုးတွင် အေဒီ တစ်ရာစုနှစ်ဟု မှတ်တမ်းတင်ထားသော ရက်စွဲကို တွေ့ရပါသည်။ အလယ်ပိုင်းနေရာရှိ အမိုးခုံးခေါင်မိုးများတွင် နံရိုး သို့မဟုတ် ထီးကိုင်းကဲ့သို့ အမြှောင်းအမြှောင်းပုံဖော်ထားသော သစ်သားအုပ်စုများ ယခုတိုင်ရှိဆဲ ဖြစ်ပါသည်။

စေတီအတွင်းတွင်မူ မည်သည့်အရာမျှမရှိဘဲ ရိုးရိုးပင်ဖြစ်သော်လည်း အချိုးအစားမှာမူကား သေသပ်ကျနလှပါသည်။ သစ်သားထီးမှာ ယခုတိုင် မပျက်မစီး ပကအတိုင်း ရှိနေဆဲဖြစ်သည်။ ထိပ်ပေါ်တွင် ပန်းပုလက်ရာများဖြင့် တိုင်များကို တန်ဆာဆင်ထားပါသည်။ အလှုရှင်၏နာမည်ကို သရုပ်ဖော်ထားသော ကမ္ဗည်းကျောက်စာကိုလည်း တိုင်များ၌ တွေ့ရပါသည်။ အချို့စက်ဝိုင်းခြမ်းအဟိုက်ပုံစံများ၌ ဆေးသုတ်ထားသောလက္ခဏာသဲလွန်စများကို တွေ့မြင်ရသည်ဟု ဆိုပါသည်။ စေတီတည်ရှိရာဂူပေါက်ဝရှိ အခုံးသဏ္ဍန်တံခါးပေါက်မှ စေတီပေါ်သို့ အလင်းရောင်ကို ကောင်းစွာပေးထားပါသည်။ လိုဏ်ဂူများတည်ရှိရာနေရာမှ တောင်အောက်ဖက်သို့ ကြည့်ရှုပါက သာယာကြည်နူးဖွယ်ကောင်းသော စိမ်းစိုနေသည့် မြင်ကွင်းများ တွေ့မြင်ရမည် ဖြစ်ပါသည်။ ဤကား ဇမ္ဗူဒီပတွင် အကြီးဆုံးဟု သတ်မှတ်ထားသော ကာလေလိုဏ်ဂူများ၏ ပုံရိပ်တစ်စိတ်တစ်ဒေသပင် ဖြစ်ပါသည်။













Friday, September 10, 2010

မွမ်ဘိုင်းမြို့၊ ဗုဒ္ဓဘာသာညီလာခံအကြောင်းတစ်စေ့တစ်စောင်း







မွမ်ဘိုင်းမြို့သည် အိန္ဒိယနိုင်ငံ၏အကြီးဆုံးနှင့် လူဦးရေအများဆုံး စီးပွါးရေးမြို့တော် ဖြစ်သည်။ မဟာရဌပြည်နယ်တွင် တည်ရှိပါသည်။ ပုနေးမြို့၊ နာဂပူမြို့ စသည်မြို့များမှာ ဤပြည်နယ်တွင် ပါဝင်လေသည်။ အခြားတစ်ဖက်မှာမူ ဗုဒ္ဓဘာသာဝင် အများဆုံးနယ်မြေဟု ဆိုလိုပါကလည်း ဆိုနိုင်ပါသည်။ အကြောင်းမှာ ဒေါက်တာ အမ်ဘေဒကာ သာသနာပြုသွားသော နာဂပူမြို့မှာ ဤနယ်မြေတွင် ရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ဤနယ်မြေ၌ ဇာတ်နိမ့် ဗုဒ္ဓဘာသာဝင်များ များပြားစွာ တွေ့ရှိရပါသည်။ ကမ္မဌာန်းနည်းပြဆရာကြီး ဂိုအင်ကာ လက်ထက်တွင်မူ ရုပ်ရှင်မင်းသား မင်းသမီးများ၊ ဆရာဝန်များ၊ တက္ကသိုလ်ဆရာဆရာမများ စသဖြင့် ဇာတ်မြင့်များဟု ဆိုနိုင်သော ပညာတတ်များမှာ ဗုဒ္ဓဘာသာဝင်သို့ ၀င်ရောက်လာကြပါသည်။ ထို့အပြင် ဗုဒ္ဓဘာသာဝင်ဟု အမည်မတပ်သော်လည်း ဗုဒ္ဓဘာသာကို မြတ်နိုးသောသူများမှာ အများအပြားတွေ့ရှိရသည်။ သို့သော် ဗုဒ္ဓဘာသာဝင်ဟု ခံယူပြောဆိုဖို့ကိုကား ခက်ခဲနေဆဲ ဖြစ်ပါသည်။

ဤနယ်မြေ၌ ဗုဒ္ဓဘာသာဝင်များ ပြန်လည် ထွန်းကားလာခြင်းသည် အံသြစရာမဟုတ်ဟု ဆိုနိုင်ပါသည်။ မဟာရဌပြည်နယ် တစ်ခုလုံးသည် တောတောင်များ ထူထပ်လျှက်ရှိပြီး ရေမြေသဘာဝရာသီဥတုမှာလည်း မပူလွန်း မအေးလွန်ဟု ဆိုနိုင်သည်။ ထိုတောတောင်များတွင် တစ်ချိန်က ဗုဒ္ဓဘာသာထွန်းကားခဲ့သော သင်္ကေတဖြစ်သည့် အာဂျန်တာ လိုဏ်ဂူကဲ့သို့သော လိုဏ်ဂူများမှာ များပြားစွာ ရှိသည်။ ထိုလိုဏ်ဂူများကပင် တချိန်က ဤနေရာတွင် ထေရ၀ါဒဗုဒ္ဓဘာသာ အမှန်ထွန်းကားခဲ့ကြောင်း သက်သေပြလျှက် ရှိနေပါသည်။ ကံကောင်းသည်မှာ ထိုလိုဏ်ဂူများသည် မပျက်မစီး ယနေ့တိုင် ကျန်ရှိနေခြင်းပင်ဖြစ်သည်။ ထို့ကြောင့်ပင် ဗုဒ္ဓဘာသာဝင် အကြွင်းအကျန်များသည် ဤနယ်မြေတွင် ကျန်ရှိနေနိုင်ခြင်း ဖြစ်နိုင်ပါသည်။ ထိုကဲ့သို့သော အခြေအနေအရပ်ရပ်နှင့် ဒေါက်တာအမ်ဘေဒကာ သာသနာပြုခဲ့သော ဇာတ်နိမ့်များ၊ ဆရာကြီးဂိုအင်ကာ၏ကမ္မဌာန်းရိပ်သာထွက်များ စသဖြင့် ပေါင်းစပ်လိုက်သောအခါ ဤနယ်မြေသည် ဗုဒ္ဓဘာသာ အားအကောင်းဆုံးနယ်မြေ ဖြစ်လာပါသည်။

ထိုအားအကောင်းဆုံးသော နယ်မြေတွင် ဗုဒ္ဓဘာသာညီလာခံကို ကျင်းပခြင်းသည် သင့်လျှော်မှန်ကန်သည်ဟု ဆိုချင်ပါ သည်။ ဤနယ်မြေတ၀ိုက်တွင် ဆရာကြီးဂိုအင်ကာ၏ကမ္မဌာန်းရိပ်သာထွက် လူဦးရေးက များပြားလျက်ရှိသလို့ ဆရာကြီး၏ထင်ပေါ်ကျော်ကြားမှုကလည်း ဤနယ်မြေတွင် အခြားသောနယ်မြေတို့ထက် သာလွန်နေပြန်ရာ ကမ္မဌာန်းနှင့် စပ်ဆက်သောဗုဒ္ဓဘာသာညီလာခံကို ဤနေရာ၌ ကျင်းပခြင်းသည် ကမ္မဌာန်းနည်းများ၏အရေးပါမှုကို ပိုမို ထင်ဟပ်ပေါ် လွင်စေပါသည်။ အိန္ဒိယနိုင်ငံတွင် meditation ဆိုသော ဝေါဟာရမှာ လူတော်တော်များများ၏ ပါးစပ်ဖျား၌ ရေပန်း စားလျက်ရှိပါသည်။ ကမ္မဌာန်းနည်းများကိုလည်း သူတို့အိန္ဒိယက မူလပိုင်ရှင်ဖြစ်သည်ဟု ခံယူထားကြပြန်သည်။ ထို့ကြောင့် ဤညီလာခံသည် သူတို့ပိုင်ပစ္စည်းဟု ခံယူထားသော ကမ္မဌာန်းနည်းများကို ပြန်တောင်းသောညီလာခံလည်း ဖြစ်နိုင်ပါသည်။


အိန္ဒိယသားတို့ ကမ္မဌာန်းတရားကို အားထုတ်ကြရာမှာ မြန်မာအများ နားလည်ခံယူထားသော “အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ နိဗ္ဗာန်၊ ငရဲ၊ နတ်ပြည်” စသော ဝေါဟာရများထက် လက်ရှိဘ၀တွင် စိတ်ကို ထိန်းသိမ်းနိုင်ရန်၊ ဖိအားများ၊ တင်းကျပ် မှုများကို လျော့ချရန်နှင့် ကျန်းမာရေးအတွက် ပဓာနထားသည်ဟု ဆိုနိုင်ပါသည်။ ယောဂအကျင့်မှာလည်း အိန္ဒိယနိုင်ငံ၏ မူပိုင်ပစ္စည်းဖြစ်ပြီး ထူးခြားသည်ကား အိန္ဒိယသားတို့ ယောဂကျင့်သုံးကြခြင်းသည်လည်း ကျန်းမာရေးအတွက် အများဆုံး လိုက်စားကြခြင်းဖြစ်နိုင်ပါသည်။ မည်သို့ပင်ဆိုစေ ထိုကမ္မဌာန်းအကျိုးတရားများမှ တဆင့် ဗုဒ္ဓဘာသာသို့ ၀င်ရောက်လာသူများ များပြားလာသလို ဗုဒ္ဓဘာသာအပေါ် ညွတ်ကိုင်းသူများမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုများလာသည်ဟု ဆိုနိုင်ပါသည်။ နောင်တစ်ချိန်တွင် ဤနေရာသည် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားမည့်နေရာဒေသတစ်ခုဖြစ်မည်မှာ ယုံမှားဘွယ်မရှိချေ။ အဘယ်ကြောင့်ဆိုသော် ဆရာကြီးဂိုအင်ကာ၏ရိပ်သာအပြင် အခြားသော ကောလိပ်များ၊ တက္ကသိုလ်များတွင် ဗုဒ္ဓ၀ါဒကို ဖြန့်ဝေရာဖြစ်သည့် ဗုဒ္ဓဘာသာဌာနများသည် တဖြည်းဖြည်း နေရာယူလာသောကြောင့်ဖြစ်ပါသည်။ ဤတွင် စောမယကောလိပ် လည်းတစ်ခုအပါအ၀င်ဟု ဆိုချင်ပါသည်။

စောမယကောလိပ်တွင် ဘာသာရေးဌာနများ ထည့်သွင်းထားသဖြင့် ကောလိပ်တည်ထောင်သူ၏ အမြော်အမြင်ကြီးမှုကို ခန့်မှန်းနိုင်ပါသည်။ ပုပ်ရဟန်းမင်းမှအစ ဒလိုင်းလားမား၊ မြန်မာမှ ထင်ရှားသောဆရာတော်များ စသဖြင့် ကမ္ဘာတွင် ကျော်ကြားသော ဘာသာရေးခေါင်းဆောင်တော်တော်များများမှာ စောမယကောလိပ်သို့ ရောက်ဖူးကြသူများသာ ဖြစ်သည်။ ထိုဘာသာရေးခေါင်းဆောင်များ၏ကျော်ကြားမှု၏နောက်ကွယ်တွင် စောမယကောလိပ်မှာလည်း ထင်ရှား လာပါသည်။ ထို့အပြင် ဗုဒ္ဓဘာသာဌာနတွင် အခြားနိုင်ငံမှ Ph.D ကျောင်းသားများသာရှိရာ ထိုကျောင်းသားများက နေရာ ဌာနအသီးသီးသို့ ရောက်ရှိသောအခါတွင်လည်း စောမယကောလိပ်ထွက်ဆိုသည့်နာမည်က တပါတည်းပါဝင်သွား ပြီးဖြစ်သဖြင့် ထိုကျောင်းသားများ အောင်မြင်မှု ရှိလျင်ရှိသလောက် ထိုအောင်မြင်မှုများနှင့်အတူ စောမယကောလိပ်၏ ကျော်ကြားမှုကလည်း ကပ်ပါသွားမည်ဖြစ်သည်။ ထို့အပြင် ဗုဒ္ဓဘာသာညီလာခံကဲ့သို့သော ညီလာခံများကို လက်ခံ ကျင်းပပြန်ရာ စောမယကောလိပ်၏ကျော်ကြားမှုသည် ပို၍ ပေါ်လွင်လာဖွယ်ရှိသည်ဟု ဆိုချင်ပါသည်။

ထိုစောမယကောလိပ်တွင် ကျင်းပခဲ့သော ဗုဒ္ဓဘာသာညီလာခံသည် ဗုဒ္ဓဘာသာ၏တိုးတက်မှုအတွက် မည်မျှလောက် အထောက်အကူပြုခဲ့ပါသနည်း ဆိုသည်ကိုတော့ ဖြေကြားဖို့ရန်ခက်ပါလိမ့်မည်။ တက္ကသိုလ်၊ကောလိပ်များတွင် ပြုလုပ်သော ကွန်ဖရင့်များ၊ ဆီမီနာများမှာ မြန်မာနိုင်ငံမှာ ကျင်းပသော ဘာသာရေးပွဲတော်ကြီးများကဲ့သို့ မမြင်ယောင်မိရန် အရေးကြီးပါသည်။ အကြောင်းမှာ ဘာသာေ၇းပွဲတော်ကြီးများကား လူမျိုးစုံ၊ အဆင့်အတန်းမျိုးစုံပါဝင်လျှက် ကြက်ပျံမကျ စည်ကားမည်ဆိုက စည်းကားနိုင်ပါသည်။ သို့သော် တက္ကသိုလ်၊ ကောလိပ်များတွင် ပြုလုပ်သော ကွန်ဖရင့်များမှာကား ထိုကဲ့သို့မဟုတ်ပါ။ ပါဝင်သောသူအားလုံးမှာ ပညာရှင်များ၊ ပညာတတ်လူတန်းစားများသာ ဖြစ်သည်။ စာတမ်းကို တင်သွင်းသူနှင့် လာရောက်နားထောင်သူများမှာလည်း အကန့်အသတ်ဘောင်အတွင်းမှ သီးသန့်ဖိတ်ကြားထားသော သူများသာ ဖြစ်သည်။ ဤဗုဒ္ဓဘာသာဌာနတွင်ကျင်းပသော တက်ရောက်ကြသူအများစုမှာ နိုင်ငံပေါင်း ၂၀-ကျော်မှ ဘာသာရေးခေါင်းဆောင်များ၊ တက္ကသိုလ်အကြီးအကဲများ၊ ပရောဖက်ဆာများနှင့် အောက်ထစ်ဆုံး Ph.D ကျောင်းသား များသာ ဖြစ်ပါသည်။

နိုင်ငံပေါင်း ၂၀-ကျော်မှ တင်သွင်းသော စာတမ်းများမှာ ၄၀-ကျော်ရှိရာ ထိုစာတမ်းများမှာလည်း အသွင်မျိုးစုံ၊ အရသာမျိုးစုံထွက်လျှက်ရှိပါသည်။ အားလုံးသော စာတမ်းများမှာ ကမ္မဌာန်းနှင့်စပ်ဆက်သော စာတမ်းများသာ ဖြစ်ရာ ကမ္မဌာန်းသံ လွှမ်းနေသော ညီလာခံခန်းမဟု ဆိုပါကလည်း မှားအံ့မထင်။ ထေရ၀ါဒဘက်မှ တင်သွင်းသော စာတမ်းများ၊ မဟာယာနဘက်မှ အဆိုပြုလာသော စာတမ်းများ၊ တိဘက်အယူအဆဘက်မှ တင်ပြလာသော စာတမ်းများ စသဖြင့် စာတမ်းများမျိုးစုံသည်နှင့်အမျှ မေးခွန်းများမှာလည်း မျိုးစုံ ထွက်လာသည်ကို တွေ့ရှိရသည်။ သုံးရက်တာမျှကျင်းပသော ထိုညီလာခံအတွင်း မေးမြန်းထားသော မေးခွန်းမျိုးစုံကို ဖော်ပြရန် မလွယ်ကူသကဲ့သို့ အဖြေများမှာလည်း ရှု့ထောင့် စုံလင်လှသည်။ စိတ်ဝင်စားစရာကောင်းသည်မှာ ထေရ၀ါဒနိုင်ငံအချင်းချင်း မတူသော အချို့အယူအဆများကို တွေ့ရှိလာရသကဲ့သို့ မဟာယာန စသူတို့မှာလည်း အချင်းချင်း အယူအဆကွဲပြားမှုများရှိကြောင်းကို လေ့လာတွေ့ရှိရသည်။ ဤတွင် “ဖွံ့ဖြိုးတိုးတက်ပြီးသော နိုင်ငံများအတွက် ကမ္မဌာန်းနည်းများဟာ လိုအပ်ပါသလား” ဆိုသည့် မေးခွန်းများသည် ပရိသတ်များကို စိတ်ဝင်စား စေသကဲ့သို့ “ ကမ္မဌာန်းများ ထွန်းကားသည် နိုင်ငံများတွင် ငြိမ်းချမ်းမှုများ တကယ်ရ ပါသလား” ဆိုသည့် မေးခွန်းများကလည်း ပရိသတ်၏အာရုံကို ဆွဲဆောင်နေပါသည်။ ဆွေးနွေးငြင်းခုံမှုများသည် ရံခါ အချေအတင်ငြင်းခုံမှုလေးများ ရှိသော်လည်း ကမ္မဌာန်းလေ့လာနေသူများဖြစ်သည့်အလျောက် ပညာရှိဆန်စွာဖြင့်ပင် ငြိမ်းအေးစွာဖြင့် ငြင်းခုံမှုကို ရှောင်ရှားနိုင်ခဲ့ကြပါသည်။

စာတမ်းရှင်သည် ပညာရှင် လူတန်းစားများရှေ့တွင် စာတမ်းကို တင်ပြပြောဆိုရမည်ဖြစ်ရာ အဓိကအားဖြင့် တင်ပြသူကိုယ်တိုင်က ကိုယ်တင်ပြမည့် ဘာသာရပ်စာတမ်းကို ပိုင်နိုင်ဖို့ လိုအပ်ပေလိမ့်မည်။ သို့မှသာ မေးခွန်းရှင်များက မေးလာမည်ဖြစ်သည့်မေးခွန်းများကို ပိုင်ပိုင်နိုင်နိုင် ဖြေဆိုနိုင်ပေလိမ့်မည်။ ဘာသာရပ်များစွာတွင် ဘာသာရေးနှင့်ပတ်သက်သော အယူအဆများသည် အထိအခိုက်မခံသော အတိမ်းအစောင်း မခံသော ဘာသာရပ်ဖြစ်ရာ ကိုယ့်ဘာသာအယူဝါဒကို ပီပြင် ကျနစွာ သိရှိနေရန် လိုအပ်သကဲ့သို့ အခြားသော ဘာသာ အယူဝါဒကိုလည်း ချိုးနှိမ်လိုသောစိတ်ထားမျိုး မမွေးမြူမိရန် လိုအပ်ပါသည်။

ဤကမ္မဌာန်းညီလာခံသည် မြန်မာ့ကမ္မဌာန်းသာသနာ၏အောင်မြင်မှုမှတ်တိုင်ကို စိုက်ထူသောပွဲဟု ဆိုလိုပါကလည်း ဆိုနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထေရ၀ါဒနိုင်ငံများတွင် လက်ရှိကျင့်သုံးနေသော နည်းစနစ်များမှာ မြန်မာနိုင်ငံမှ မဟာစည် ကမ္မဌာန်းနည်းစနစ်မှာ အများဆုံးဖြစ်နေသကဲ့သို့ အခြားသော ကိုးရီးယား၊ ဂျပန်စသဖြင့် ကမ္မဌာန်းနည်းများမှာ လည်း မြန်မာနည်းများနှင့် ပေါင်းစပ်ထားသောနည်းများကို လေ့လာတွေ့ရှိရသောကြောင့် ဖြစ်ပါသည်။ ထို့ကမ္မဌာန်းနည်းပြ ဆရာများမှာ မြန်မာနိုင်ငံ၊ ကမ္မဌာန်ရိပ်သာတစ်ခုခုတွင် နှစ်အားဖြင့်ဖြစ်စေ၊ သို့မဟုတ် လအားဖြင့်ဖြစ်စေ တရားထိုင်ခဲ့ဘူး ကြသူများသာ ဖြစ်ကြပြီး မိမိတို့နိုင်ငံရောက်ရှိသောအခါ မူလပထမရှိနည်းများနှင့် မြန်မာနိုင်ငံမှ နည်းများကို ပေါင်းစပ် ထားကြခြင်း ဖြစ်ပါသည်။ ဤကား ကွန်ဖရင့်တွင် သိမြင်ခွင့်ရသော အများစုကို ဆိုလိုခြင်း ဖြစ်ပါသည်။ ထူးခြားသည်မှာ အခြားသော ကမ္မဌာန်းနည်းပြခေါင်းဆောင်များမှာ သဘောထားကြီးစွာဖြင့်ပင် ပရိသတ်များစွာရှေ့၌ မြန်မာနိုင်ငံမှ ရယူခဲ့ သောကမ္မဌာန်းနည်းများပါဟု ဖွင့်ဟ၀န်ခံကြခြင်းပင် ဖြစ်ပါသည်။

ကမ္ဘာတွင် ဗုဒ္ဓဘာသာဂိုဏ်းများမှာ အများအားဖြင့် မဟာယာနနှင့်ထေရ၀ါဒဟူ၍ ထင်ရှားပါသည်။ အခြားသောဂိုဏ်း များလည်း ရှိပါသေးသည်။ ဤညီလာခံတွင် တင်ပြသော ဗုဒ္ဓဘာသာကမ္မဌာန်းနည်းနှင့်ပတ်သက်သော နည်းစနစ်များမှာမူ စုံလင်စွာ ရှိလှသဖြင့် လေ့လာသူသုတေသီများမှာ တစ်နေရာတည်းဖြင့် ဗုဒ္ဓဘာသာ၏ကမ္မဌာန်းနည်းများစွာကို လေ့လာ အကဲခတ်ခွင့် ရနိုင်ခဲ့ကြပါသည်။ “ သင်ယူမှုက အရေးကြီးသည်၊ ကျင့်သုံးမှုက ပို၍ အရေးပါသည်” ဟု ငြင်းခုံမှုများ ရှိခဲ့ကြ သော်လည်း တက္ကသိုလ်၊ ကောလိပ်တို့၏သဘာဝအရ အမြဲတမ်း သုတေသနပြုနေကြရမည်ဟု အဆိုကိုမှု အားလုံးက လက်ခံခဲ့ကြပါသည်။ ဤညီလာခံသည် ဗုဒ္ဓဘာသာဝင်များ၏ ညီညွတ်မှုအင်အားကို ပြသောညီလာခံဟု ဆိုနိုင်သည့်အပြင် ကမ္ဘာတွင် ကမ္မဌာန်းနည်းများ တစ်နေ့တစ်ခြား လက်ခံလာသည်ကို ဖော်ထုတ်ပြသောညီလာခံ၊ တစ်နည်းအားဖြင့် ဗုဒ္ဓတရားများကို ကမ္ဘာက အဘယ့်ကြောင့်လက်ခံလာခြင်းဖြစ်သည်ကို ဆွေးနွေးတင်ပြသောညီလာခံဟုလည်း ဆိုနိုင်ပါသည်။ ထို့အပြင် ဗုဒ္ဓ၀ါဒဂိုဏ်းများ၌ မည်မျှ အယူအဆ ပိုင်းဆိုင်ရာ ကွဲပြားမှုများ ရှိနေစေကာမှု အနှစ်ချုပ်ဖြစ်သည့် မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ပါဒ်၊ သစ္စာလေးပါးဟူသော နိဗ္ဗာန်သို့သွားရာ ကျင့်သုံးမှု အပိုင်းတို့ကား အတူတူပင် ဖြစ်ကြောင်းကို ကောက်ချက်ချနိုင်ခဲ့ကြပါသည်။ “ သိပ္ပံပညာ တိုးတက်လေလေ၊ ဗုဒ္ဓဘာသာက ကြိုက်လေလေ” ဆိုသည့် ဆရာကြီးဇေယျာမောင်- ဦးကိုလေး၏ မှတ်ချက်စကားသည် ညီလာခံတွင် ထွက်ပေါ်လာသည့် ဤကဲ့သို့သော ကမ္မဌာန်းနှင့်စပ်သော လက်တွေ့ကျသော နည်းစနစ်များအပေါ် အခြေခံ၍ ပြောဆိုခဲ့လေသလောဆိုသည်ကိုမူ…………။

Thursday, September 9, 2010

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်