Wednesday, February 3, 2010
လွတ်လပ်သော အတွေးအခေါ်ပိုင်ရှင်
လူတို့သည် ကိုယ်ကိုယ်တိုင် ပိုင်ဆိုင်ထားသည့်အရာများရှိမှသာလျင် လွတ်လပ်စွာ ဘ၀၌ တွေးခေါ်နိုင်ခွင့်၊ မောင်းနှင်နိုင်ခွင့် ရှိပေလိမ့်မည်ဟု နားလည်သဘောပေါက်ထားကြ၏။ ဤ၌ ပိုင်ဆိုင်ထားသည့်အရာဟူသည် အဘယ်နည်း။ တစ်ဖန် ထိုပိုင်ဆိုင်ထားသည့်အရာများဖြင့် ဘ၀၌ တွေးခေါ်နိုင်၊ မောင်းနှင်နိုင်သူကို လွတ်လပ်စွာ တွေးခေါ်နိုင်သူဟု လူတို့က ဆိုထားကြ၏။ လွတ်လပ်စွာတွေးခေါ်မှုဟူသည် အဘယ်ကို ဆိုလိုသနည်း။ သို့ဖြစ်၍ လွတ်လပ်စွာ တွေးခေါ်မှုဟူသောစကားကို အောက်ပါအကြောင်းအရာ အချက်အလက်များဖြင့် ယှဉ်ကပ်ကြည့်သည့်အခါ----
လူသားတိုင်း ကလေးဘ၀ကို ဖြတ်သန်းလာခဲ့ကြရာ ထိုဖြတ်သန်းလာသော ဘ၀ခရီးနှင့်အတူ မှတ်သားကြားနာခဲ့ရသောစကားတို့သည်လည်း သူနှင့်တပါးတည်းပါလာခဲ့ကြ၏။ ထိုကြားနာခဲ့ရသော စကား များသည် သူကိုယ်ပိုင်နီးပါးမျှဖြစ်နေရာ အရာဝတ္ထုတစ်ခုကို (သို့မဟုတ်) အကြောင်းအရာတစ်ခုကို တွေ့ မြင် တိုင်း တွေးခေါ်တိုင်း ငယ်စဉ်ဘ၀မှ မှတ်သားကြားနာခဲ့ရသော စကားများဖြင့် (သို့မဟုတ်) မှတ်သား သိမြင်ခဲ့ရသော အတွေ့ အကြုံများဖြင့် အမှားအမှန်ကို ဆုံးဖြတ်ချက် ချ၍နေ၏။ အကောင်း (သို့မဟုတ်) အဆိုးတစ်ခုခုကို ရွေးချယ်မိရက်သားဖြစ်၍နေပေ၏။ သို့ဆိုလျင် ထိုကလေးဘ၀မှ မှတ်သားကြားနာခဲ့ရသော စကားများဖြင့် ယတိပြတ်ဆုံးဖြတ်ခြင်းသည် အမှီအခိုကင်းစွာ ဆုံးဖြတ်သည်ဟု ဆိုနိုင် မဆိုနိုင် အကျွ်နုပ်တို့ စဉ်းစားသင့်၏။
မိဘဘိုးဘွားတို့ မှ သက်ဆင်းလာသူ လူသားတို့သည် ထိုမိဘဘိုးဘွားတို့ သယ်ဆောင်လာခဲ့သော အစဉ်အလာများ၊ သူတို့ကိုယ်တိုင် တီထွင်ဖန်တီးထားသော ဥပဒေသများ၏ ရိုက်သွင်းခံရမှု (သို့မဟုတ်) လွှမ်းမိုး ခံရမှုကို တစ်နည်းမဟုတ် တစ်နည်းနည်းဖြင့် ခံယူခဲ့ကြရ၏။ ဤအစဉ်အလာများ ဥပဒေသများသည် လူသား တို့၏အတွင်းစိတ်၌ အမြစ်တွယ်လျက်ရှိရာ လူသားတို့၏ရွေးချယ်မှုများ ဆုံးဖြတ်မှုများသည် ထိုမိဘဘိုး ဘွားတို့၏ အစဉ်အလာဥပဒေသများက တိုက်ရိုက်ဖြစ်စေ (သို့မဟုတ်) သွယ်ဝိုက်၍ဖြစ်စေ သြဇာခံအနေဖြင့် သက်ရောက်မှုရှိနေပြန်၏။ လောကီလူသားများသာဖြစ်သော မိဘဘိုးဘွားတို့မှ သယ်ဆောင်လာခဲ့သော (သို့မဟုတ်) ချမှတ်ခဲ့သော ယင်းအစဉ်အလာဥပဒေသတို့ဖြင့် မှားသည် (သို့မဟုတ်) မှန်သည်ဟု ယတိပြတ်ဆုံး ဖြတ်ခြင်းသည် မှီခိုမှုကင်းမဲ့သော ဆုံးဖြတ်ချက် ဟုတ် မဟုတ် အကျွ်န်ုပ်တို့ စဉ်းစားသင့်၏။
“ ရွှေလမှာ ယုန်ဝပ်လို့ ဆန်ဖွပ်သည့် အဖိုးအို ဟော ကြည့်ပါစို့ ” ဟု မိဘများသည် သားသမီးတို့အား ချော့သိပ်ခဲ့ကြပေ၏။ “ ကြက်ခေါင်းစား မင်းဖြစ်တယ်” ဟူသော ပုံပြင်များဖြင့် သားသမီးတို့အား မှတ်သား စေမှုကို ပြုခဲ့ကြ၏။ ထို့ကြောင့် အလွန်ထင်ရှားသော တစ်ထောင့်တစ်ညပုံပြင်များသည် လူသားတို့အလယ်၌ ဂုဏ်ယူဝင့်ကြွားစွာ နေရာယူလျက် ရှိ၍နေပေ၏။ ထို့အတူ အခြားသော သမိုင်းဆိုင်ရာ ရာဇ၀င်လာရာ အကြောင်းအရာများစွာ ရှိ၍နေပြန်၏။ ဤသို့ဖြင့် ပုံပြင်-သမိုင်း-ရာဇ၀င်မျာသည် ကြီးသူငယ်သူမဟူ လူသားတို့ သန္တာန်မှာ ပျော်ရွှင်ဖွယ်ဖြစ်စေ၊ ဘ၀သင်ခန်းစာဖြစ်စေ နည်းတစ်မျိုးမျိုးဖြင့် သက်ရောက်မှုရှိနေ၏။ နေရာဝင်ယူ လျက် ရှိနေပေ၏။ ဤအရာများကို လက်ဆုပ်လက်ကိုင်ပြုကာ အယုတ် အမြတ်ကို မှတ်ကျောက်တင်၍ တန်ဖိုးဖြတ်နေ၏။ ယင်းသို့ ပုံပြင်များ၊ သမိုင်းများ၊ ရာဇ၀င်များဖြင့် မှတ်ကျောက်တင်ကာ အယုတ် အမြတ်ကို စစ်ဆေးခြင်းသည် အမှန်ပင် စစ်မှန်သောရလဒ်ကို ပေးနိုင် မပေးနိုင် သို့မဟုတ် မည်သည့်သြဇာသက်ရောက်မှုမှ မရှိသော ဆုံးဖြတ်နိုင်မှုဟု ဆိုနိုင် မဆိုနိုင် အကျွ်နုပ်တို့ စဉ်းစားသင့်၏။
ကကြီး၊ ခခွေး၊ ဂငယ်-ဟု ဖြစ်စေ၊ အေ၊ ဘီ၊ စီ(a-b-c) ဟု ဖြစ်စေ ကလေးဘ၀၌ လူသားတို့သည် မိမိလူမျိုးတို့နှင့် နှီးနွှယ်စပ်ဆက်နေသောဘာသာစာပေများဖြင့် ထိတွေ့ ခဲ့ကြရ၏။ ထိုမှတဆင့် မူကြို၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကောလိပ်၊ တက္ကသိုလ်-ဟု အဆင့်အသီးသီး၌ သူ့ အဆင့်နှင့်လျော်ညီစွာ စာပေ ကျမ်းဂန်များကို ဖတ်ကြားသင်ယူခဲ့ရ၏။ ယင်းစာပေကျမ်းဂန်များသည် ဘုရားတစ်ဆူဆူက ဟောကြားခဲ့သည့် ဒေသနာတော်များကို မှတ်တမ်းတင်ထားသည့် ကျမ်းစာများဖြစ်နိုင်သကဲ့သို့ လူပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ (သို့မဟုတ်) လူ့ အဖွဲ့ အစည်းတစ်ခုခုကဖြစ်စေ ရေးသားထားသည့် ကျမ်းဂန်စာပေများဟု အသွင် သန္တာန်စုံစွာဖြင့် ရှိနေကြ၏။ ထိုကျမ်းဂန်စာပေများကို သင်ယူမှတ်သားရင်းဖြင့် လူသားတို့သည် ဘ၀တစ်စိတ် တစ်ပိုင်းကို ပေးဆပ်ထားကြရ၏။ ဤသို့ ဖြင့် ဘ၀နှင့်စာပေ၊ စာပေနှင့်ဘ၀သည် မကွဲမကွာ ရှိလာခဲ့ကြ၏။ ယေဘုယျအားဖြင့် စာပေနှင့်ကင်းက ဘ၀သည် နုံချာနိုင်ပြီး ဘ၀ပြည့်စုံသူသည် စာပေနှင့်မကင်းသော ကြောင့်ဟု အပြန်အလှန်အားဖြင့် ယူနိုင်ပေ၏။ သို့ဖြစ်၍ တီတီတာပြောဆိုတတ်သည့် ကလေးဘ၀မှစ၍ မိမိသင်ယူခဲ့ရသော စာပေများ၏သြဇာသက်ရောက်မှုမှ မလွတ်ကင်းနိုင်ဘဲ စာပေကျမ်းဂန်တို့၏အဆုံး အဖြတ် ဖြင့်သာ လူသားတို့သည် ရှင်သန်ကြီးထွားလာခဲ့ကြရ၏။ ဤသို့လျင် သူ၏ကိုယ်ပိုင်ဘ၀သည် စာပေများဖြစ် ၍နေပေ၏။ သင်ယူထားသည့် ဤသို့သော ပိုင်ဆိုင်မှုများဖြင့် အမှားအမှန်ဆုံးဖြတ်ခြင်းသည် အနှောင်အဖွဲ့များမှ လွတ်ကင်းသော ယတိပြတ်အဆိုဟု ဆိုနိုင် မဆိုနိုင်ကို အကျွ်န်ုပ်တို့ စဉ်းစားသင့်၏။
လူသည် ကြံစည်တတ်သော သတ္တ၀ါဖြစ်၏။ အာရုံငါးပါးအပေါ်အခြေခံပြီး အကြံအစည်အမျိုးမျိုးကို ထုတ်သူဖြစ်၏။ သူ၏ကြံစည်မှုနယ်ပယ်အ၀န်းသည် သူလေ့လာမှတ်သား သိရှိခဲ့ရသော နယ်ပယ်အတွင်း၌သာ ဖြန့် ကျက်နိုင်၏။ သို့သော် သူသည် သူ့ သန္တာန်မှ ကိုယ်တိုင်ပေါက်ဖွားလာသော အတွေးများဟု ထင်၏။ သူ့အကြံအစည်သည် သူ၏ကိုယ်ပိုင်ဘ၀ ဖြစ်၏ဟု ခံယူ၏။ ထိုအတွေးများဖြင့် ဘ၀၏ပုံရိပ်ကိုဖော်၏။ သူဖြန့် ကျက်နိုင်သည့်အကြံအစည်များဖြင့် ဘ၀ကိုတည်ဆောက်ခြင်းသည် မည်သည့်အရိပ်မျှမပါသော အဖြူထည် သက်သက်ဖြင့် တည်ဆောက်ခြင်းဖြစ်သည်ဟု ဟုတ် မဟုတ် အကျွ်နုပ်တို့ စဉ်းစားသင့်၏။
“ နှိုင်းနှိုင်းချိန်ချိန် သုခမိန် ” ဟု ဆိုထားကြ၏။ လူသည် စဉ်းစားချင့်ချိန်ခြင်းဖြင့် အရာရာကို တန်ဖိုးဖြတ်မြဲဖြစ်၏။ လူသားတို့ နှိုင်းချိန်စဉ်းစားခဲ့ကြသည်ဆိုရာ၌ ပင်ကိုယ်ဗီဇမှဖြစ်ပေါ်လာသော အသိထက် လေ့လာဆည်းပူးပြီးသော နယ်ပယ်များမှ အယူအဆပိုင်းဆိုင်ရာ အတွေးအခေါ်တို့၏ နှောင်ဖွဲ့ ခြင်းမှ ရုန်းမ ထွက်နိုင်ပဲ နှိုင်းချိန်စဉ်းစားခဲ့ကြခြင်းဖြစ်၏။ လေ့လာမှုနယ်ပယ်ကျယ်ပြန့်သည်နှင့်အမျှ နှိုင်းချင့်မှုပမာဏသည် လည်း အားသာချက်တို့ ရှိနေမည်ဖြစ်ပြီး လေ့လာမှုနယ်ပယ် အားနည်းပါက တွေးခေါ်မြော်မြင်မှုပိုင်း ဆိုင်ရာတို့သည်လည်း ဘောင်ကျဉ်းနေပေလိမ့်မည်။ နှိုင်းချိန်စဉ်းစားမှုသည် ယုတ္တိဗေဒကျရန် လိုအပ်သည်ဟု ဆိုကြပေ၏။ သို့ဖြစ်၍ ယုတ္တိဗေဒကျကျ နှိုင်းချိန်စဉ်းစားမှုသည် အမှန်နှင့်နီးစပ်သည်ဟု ယူဆသောကြောင့် ယနေ့ခေတ်၌ ယုတ္တိဗေဒဆိုင်ရာပညာရပ်များသည် နေရာယူလာခြင်း ဖြစ်၏။ ယုတ္တိဗေဒကျသောနည်းဖြင့် မှန်မှားကောင်းဆိုး တွေးခေါ်ဆုံးဖြတ်ခြင်းသည် ယှဉ်ဖော်ယှဉ်ဖက်ဖြစ်သော အကြောင်းအရာများ မပါရှိဘဲ သူချည်းသက်သက်သာ ဖြစ်သည်ဟု ဆိုနိုင်ဖွယ် ရှိ-မရှိ အကျွ်န်ုပ်တို့ စဉ်းစားသင့်၏။
လူသားတို့၏အသိညဏ်သည် တိုက်ရိုက်အားဖြင့် သိနိုင်သောအစွမ်းသတ္တိ ရှိသော်လည်း ရံခါ သိသင့် သည့် အကြောင်းအရာများမှ လမ်းလွဲသွားတတ်၏။ ဥဒါဟရုဏ်၊ ပုံစံ၊ ဥပမာ၊ သာဓက၊ သရုပ်သကန်၊ အကိုးအကား၊ အထောက်အထားများဖြင့် ယှဉ်တွဲဖော်ပြမှသာလျင် မိမိလိုချင်သောအကြောင်းအရာမှန်သို့ ရောက်ရှိသွားတတ်၏။ အချို့က ဇာတိဿရညဏ်ခေါ် အတိတ်ဘ၀များကို သိသဖြင့် ထိုဘ၀၌ တွေ့ ကြုံခဲ့ဘူး သော အကြောင်းအရာများကို ကိုးကားခြင်း၊ မှော်အတတ်၊ တန်ခိုးပြဋိဟာကဲ့သို့သော စိတ်စွမ်းရည်မြင့် မားသောသူများက ယင်းတို့တွေ့ မြင် သိရှိခံစားရ သောအရာများဖြင့် အထောက်အထားပြုခြင်း စသဖြင့် ရှေးဘ၀နောက်ဘ၀ဆိုင်ရာ များပြားစွာ တွေ့ မြင်နိုင်၏။ ထို့မှာတစ်ပါး အခြားသောအကြောင်းအရာများမှာလည်း ထိုနည်းတူ ဥဒါဟရုဏ်ပုံစံများဖြင့် ပြဆိုကြ၏။ ထိုသရုပ်သကန်စသည်တို့သည် မှေးမှိန်နေသော အရာ ၀တ္ထုတို့ကို ရုပ်လုံးပေါ်စေသည်မှာ ငြင်းကွယ်မရသောအချက် ဖြစ်ပြန်၏။ ရုပ်လုံးပေါ်စေရန် အားကိုးခံထားရသော ထိုသရုပ်သကန်စသည်တို့သည် အမှန်ပင် လုံလောက်ပြည့်စုံမှု ရှိ မရှိ။ လွှမ်းမိုးချယ် လှယ်နေသော အကြောင်းအရာများ၏ ဘောင်အ တွင်းမှ ကင်း မကင်း အကျွ်န်ုပ်တို့ စဉ်းစားသင့်၏။
“ ဆွေးနွေးပွဲ စားပွဲဝိုင်း ” ၌ ယနေ့မျက်မှောက်လူသားတို့သည် အမှားအမှန်ကို အဖြေရှာကြရမည်ဟု ဆို၏။ ဤသို့ဆိုခြင်းသည် စားပွဲဝိုင်းမှအဖြေသည် တစ်ဦးတစ်ယောက်၏အဖြေထက် ပို၍မှန်ကန်သည်ဟု ယူဆခဲ့ကြ၍ ဖြစ်၏။ ကွဲပြားသောအမြင်များကို တစ်နေရာတည်းမှာ စုပုံ၍ ထိုအစုအပုံထဲမှ အကောင်းဆုံး ဟုဆိုသောအရာများကို ဆွဲထုတ်ကြည့်၏။ တစ်ဦးကလည်း သူကျင်လည်ခဲ့သော နယ်ပယ်မှ ဗဟုသုတကို ချပြ၏။ အခြားတစ်ဦးကလည်း ဖြတ်သန်းခဲ့ရသော သူ့ဘ၀အတွေ့ အကြုံများမှ သင်ခန်းစာများကို တင်ပြ၏။ သူတို့၏ပေါင်းစပ်မှုသည် တစ်စိပ်ချင်းပေါင်းစပ်ထားသော ပေါင်းစပ်မှုဖြစ်၏။ ရေကဲ့သို့ နှစ်စက်ကို ပေါင်းစပ်ခြင်း မျိုးမဟုတ်။ ထို့ကြောင့် တသားတည်းဖြစ်၍မနေ။ သူ့ သတ္တိနှင့်သူ ကွဲပြားသော တူညီကိုက်ညီမှုများသာဖြစ်၏။ ဤသို့သော အယူအဆတို့၏တူညီခြင်းများသည် အမှန်ပင် မှန်ကန်မှုကို အဖြေရှာပေးပါ၏လော့။ ရရှိလာသော ထိုရလဒ်များသည် အကြောင်းအရာအ၀န်းအ၀ိုင်းများ၏စည်းအတွင်းမှ လွတ်လွတ်ကင်းကင်း ဖြစ် မဖြစ် အကျွ်န်ုပ်တို့ စဉ်းစားသင့်၏။
ဝိဇ္ဇာပညာရပ်၊ သိပ္ပံပညာရပ်တို့၌ ထူးခြားသောဖြစ်စဉ်များကို ဖော်ထုတ်တင်ပြစွမ်းဆောင်နိုင်သော လူသားများသည် ယနေ့ကမ္ဘာတွင် သာမန်လူသားတို့ထက် သာလွန်သောပုဂ္ဂိုလ်များအဖြစ် နေရာယူထားကြ၏။ ကျော်ကြားသူတို့၏အပြုအမူတိုင်း အပြောအဆိုတိုင်းသည် အများအားဖြင့် သာမညလူသားတို့ကို လွှမ်းမိုးနိုင် ၏။ လွှမ်းမိုးထား၏။ သာမန်လူသားတို့ကလည်း ထိုကျော်ကြားထူးခြားသူများ၏ အပြုအမူ အပြောအဆိုတို့ကို လိုက်နာ၍ အတုယူပြုမူကျင့်ကြံကြ၏။ သို့ဆိုလျင် ထင်ရှားကျော်ကြားသူတို့၏ အပြုအမူအပြောအဆိုအောက်မှ အမှားအမှန်ကို ဆုံးဖြတ်နေရသောလူသားအား ကိုယ်ပိုင်ပြုမူ ပြောဆိုမှုဟု တထစ်ချ ယူဆနိုင် မယူဆနိုင်။ ကျော်ကြားထင်ရှားအသိအမှတ်ပြုထိုက်သူ၏ ထီးရိပ်အောက်မှ ပြုမူပြောဆိုတွေးခေါ်နေသူအား လွတ်လပ်သော တွေးခေါ်ပြုမူပြောဆိုမှု ဟုတ် မဟုတ် အကျွ်နုပ်တို့ စဉ်းစားသင့်၏။
မြင်ဆရာ၊ သင်ဆရာ၊ ကြားဆရာ- စသည်ဖြင့် ဆရာမျိုးစုံ ကွဲပြားလျက်ရှိသော ဤလောက၌ ထိုသို့ကွဲ ပြားသည့်အလိုက်ပင် အယူအဆမျိုးစုံ ရရှိလာ၏။ ဆရာနှင့်မကင်းကောင်းသော ပုထုဇဉ်လူသည် ထိုဆရာတို့၏ အမိန့်သြဇာ သင်ကြားပို့ချမှုအောက်မှ လွတ်လွတ်ကျွတ်ကျွတ်ခွဲမထွက်နိုင်ဘဲ ဆုံးဖြတ်ချက်များစွာကို ဆုံးဖြတ် နေကြရ၏။ ဆုံးဖြတ်ချက်မှန်သမျှသည် ဆရာတို့၏အငွေ့ အသက်များကပ်ပါလျက် ရှိ၍နေ၏။ ထိုပြုမူပြောဆိုမှု များသည်လည်း အမှန်အကန်ပင် အမှားအယွင်းမရှိဟု ဆိုနိုင် မဆိုနိုင်။ ပတ်ဝန်းကျင်မှ ရိုက်ခတ်ခံရသည့် ပြုမူပြောဆိုကြံဆမှုများအောက်၌သာ တွေးခေါ်ကြံဆပြုမူနေသော လူသားအား ကိုယ်ပိုင်တွေးခေါ်ပြုမူသူဟု ယူဆသင့် မယူဆသင့်။ အငွေ့ အသက်များကင်းသော ပကတိကြည်လင်မှုမှ ထွက်ပေါ်လာသည်ဟု ဆိုနိုင် မဆိုနိုင် အကျွ်န်ုပ်တို့ စဉ်းစားသင့်၏။
အထက်ဖော်ပြပါ (၁၀)ချက်အရ အကျွ်န်ုပ်တို့သည် မိမိတို့ ပိုင်ဆိုင်သည်ဟု ထင်ထားသောအရာများမှ သို့မဟုတ် ပိုင်ဆိုင်သည်ဟု ခံယူထားသော အကြောင်းအရာများမှ ဆက်လက်၍ နောက်တစ်ဆင့်ကို ပေါက်ဖွားပေးကြခြင်းဖြစ်၏။ အကျွ်နုပ်တို့ ပိုင်ဆိုင်သောအရာဟူသမျှသည် သြဇာသက်ရောက်သော အငွေ့ အသက်များ ရှိသကဲ့သို့ အရိပ်များလည်း ထိုးလျက်ရှိ၏။ လွတ်လွတ်ကင်းကင်းရှိသောအရာဟူသည် အမှန်တ ကယ်အားဖြင့် ဤ၌ မတွေ့ မြင်ရသေးပေ။ သို့အတွက် လွတ်လပ်စွာ တွေးခေါ်သည်ဆိုရာဝယ် အဘယ် နည်း။ အထက်ပါ (၁၀)မျိုးလုံး၏ သက်ရောက်မှုဖြင့် လူသည် အမှားအမှန်တို့ကို ရွေးချယ်ခဲ့ကြ၏။ ထိုသြဇာတို့၏ သက်ေ၇ာက်မှုအောက်မှ အမှန်-အမှားကို ဆုံးဖြတ်နေရသောလူသားအား လွတ်လပ်သောအတွေး အခေါ်ပိုင်ရှင်-ဟု မည်သို့ ကင်ပွန်းတပ်မည်နည်း။ ထို (၁၀)မျိုး၏ နှောင်ဖွဲ့ ခြင်းမှ ကွင်းလုံးကျွတ် လွတ် မြောက်နိုင်ပါမည်လော။ မွေးကင်းစအရွယ်၊ အတိတ်မေ့နေသူ၊ အသိညဏ်ကင်းမဲ့သူ၊ သူတော်စင်တို့သည် ထို(၁၀)မျိုး၏သြဇာသက်ရောက်မှု ကင်း မကင်းနှင့် လွတ်လပ်သောတွေးခေါ်မှုကို ပြုနိုင် မပြုနိုင်ကိုလည်း ဤ၌ စဉ်းစားဖွယ်ဖြစ်၏။ သို့ဖြင့် အကျွ်န်ုပ်တို့ ပြောဆိုသတ်မှတ်နေသော လွတ်လပ်သော အတွေးအခေါ် ပိုင်ရှင်ဟူသည်-----------
ကာလာမသုတ်တော်လား ( မာ အနုဿဝေန၊ မာ ပရမ္ပရာယ၊ မာ ဣတိကိရ၊ မာ ပိဋကသမ္ပဒါနေန၊ မာ တက္ကဟေတု၊ မာ နယဟေတု၊ မာ အာကာရ ပရိဝိတက္က၊ မာ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ၊ မာ ဘဗ္ဗရူပတာယ၊ မာ သမဏော ဂရု ) ဟူသော အချက် (၁၀)ချက်ကို ရည်ညွန်းကိုးကားလျက်။ ။
-
စာဖတ်သူအားလုံး လွတ်လပ်သော အတွေးအခေါ်ပိုင်ရှင်များ ဖြစ်ကြပါစေ----
Labels:
ကာလာမသုတ်တော်ဆိုင်ရာများ