Thursday, February 4, 2010

ကွန်ပျူတာရှေ့ တွင် ပြောမိသောစကားများ


သတိရမိသော ကာတွန်းလေးတစ်ခုကနေ စပြီး ဒီဆောင်းပါးလေးကို ပြောကြည့်ချင်ပါတယ်။ စာရေးသူ တွေခဲ့ဘူးတဲ့ အဲဒီကာတွန်းရုပ်ကလေးမှာ ကိုရင်လေးတစ်ပါးက ခါးမှာ တံတောင်ဖြင့် ညှပ်ထားတဲ့ အင်္ဂလိပ်အဘိဓာန် (dictionary) စာအုပ်ကြီးနဲ့ ဆရာဖြစ်သူထံ စာတက်သွားနေတဲ့ပုံပါ။ ဆိုလိုတာကတော့ ကိုရင်လေးတွေဟာ ခေတ်နဲ့အညီ အင်္ဂလိပ်စာကို သင်ကြားနေပြီဆိုတာကို ကာတွန်းဆရာက ပြလိုရင်း ဖြစ်ပါတယ်။

နောက်တစ်ခု သီရိလင်္ကာနေစဉ်ကပါ။ တက္ကသိုလ်ကျောင်းသားရဟန်းတော်တွေလောကမှာ တက္ကသိုလ်ကျောင်းသားမှန်ယင် လပ်ပတော့(laptop)ကွန်ပျူတာ ရှိမှသာ ပီသမယ်ပေါ့။ ခေတ်စားတယ်လို့ပဲ ပြောရမလား ဒါမှမဟုတ် လိုအပ်လို့ပဲဟု ဆိုရမလား ကွန်ပျူတာ လပ်ပတော့လေးများမှာ စာသင်သားတိုင်းနီးပါး ရှိတတ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက စာရေးသူ ငေးမေားနေယုံမျှသာပါ။

နောက်ပြောချင်တာက ရှေးခေတ်ဆရာတော်တွေ ကျမ်းပြုကြတဲ့အခါ စားပွဲပေါ်မှာ ကျမ်းစာအုပ်တွေ များစွာနဲ့ လက်မှာလည်း ဖေါင်တိန်လေး ကိုင်လို့ပါ။ ယနေ့ခေတ်ရဟန်းတော်တွေ ကျမ်းပြုကြတဲ့အခါမှာတော့ ကွန်ပျူတာရှေ့မှာပါ။ဘေးမှာတော့ စာအုပ်တွေအစား အက်စထရာဟက်ဒစ်(external hard disk)တွေ၊ စီဒီပြား(cd)တွေ၊ ပင်ဒရိုက်(pendrive)တွေ၊ ပရင်တာ(printer)တွေနဲ့ပေါ့။ တစ်ခါ သူငယ်ချင်းရဟန်းတစ်ပါးပြောဘူးတာက ရှေးခေတ်ကရဟန်းတော်တွေကတော့ ခရီးသွားတဲ့အခါ ပရိက္ခရာအဖြစ် သင်္ကန်း၊သပိတ်၊ ဒါး စတာတွေကို ယူသွားကြပါတယ်။ ယခုခေတ်ရဟန်းတော်တွေကတော့ လက်ပတော့၊ ကင်မရာတွေနဲ့ ခရီးသွားကြတယ်လို့ သူကပြောပါတယ်။ ခေတ်သစ်ကမ္ဘာကြီးနှင့်အတူ ရဟန်းတော်တွေဟာလည် ရင်ဘောင်တန်းလိုက်နေတယ်လို့ သူကဆိုလိုတာပါ။

အထက်က ခေတ်သစ်သံဃာတော်တွေလောကကို ပြောခဲ့တဲ့အတိုင်း စာရေးသူလည်း ခေတ်သစ်ကမ္ဘာထဲ တိုးဝင်နေတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ရာ ခေတ်ကိုအမီလိုက်နေရတယ်လို့ပဲဆိုချင်ဆို ဒါမှမဟုတ် လိုအပ်ချက်အရပဲဟု ပြောချင်ပြော အနည်းဆုံး တစ်နေ့တစ်ခါတော့ ကွန်ပျူတာရှေ့ရောက်နေတာပါ။

ကွန်ပျူတာမျက်နှာပြင်ဆိုတာ သိတဲ့အတိုင်း မြန်မာ့အလင်းသတင်းစားရွက်တစ်ရွက် ဖြန့်ထားတာလောက် ကြီးလှတာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီမကြီးလှတဲ့မျက်နှာပြင်လေးပေါ်မှာ တကမ္ဘာလုံးဖြစ်ပျက်နေတာတွေကို ကြည့်လို့ရနေတာကတော့ အင်တာနက်သုံးဖူးသူတိုင်း သိမှာပါ။ ၀က်ဘ်ဆိုက်ကလေးတွေ ဖွင့်လိုက် ဘလော့လေးတွေဖွင့်လိုက်နဲ့ တစ်နေ့တစ်နေ့ အချိန်လေးတွေကို ကွန်ပျူတာရှေးမှာ တော်တော်လေးကုန်တယ် ဆိုရမလားပဲ။ ရံခါများဖြင့် ကိုယ်ရေးရမယ့်ကျမ်းတောင် မရေးဖြစ်တော့တာပါ။ ခု ဘလော့လေးတစ်ခုလုပ်ထား ပြန်တော့ ပိုဆိုးပြန်တယ်။ ဘလော့အကြောင်းနားမလည်တာက တမျိုးခက်သလို ဟိုရေး ဒီရေးနဲ့ စာရေးတဲ့ ၀ါသနာလေးကလည်း မစွန့်နိုင်ပြန်တော့ ဒုက္ခတမျိုးပေါ့။

ဒီလိုနဲ့ ဘုရားရှင်မိန့်ခဲတာတွေ၊ ရှေးရှေးမထေရ်တွေ ရေးသားခဲ့တာတွေကို ဖတ်မိပြန်တော့လည်း ကိုယ့်ကိုယ်ကို ဘယ်လိုနားလည်ရမလဲလို့ စဉ်းစားမိပြန်တယ်။ ဘုရားရှင်မိန့်ခဲ့တာက ဒီလိုပါ။

အခါတစ်ပါးမှာ ယသသူဌေးသားနဲ့တကွ သူငယ်ချင်းတွေဟာ ပြည့်တန်ဆာတစ်ယောက်ကို ငှါးပြီး တောထဲမှာ ပျော်ပါးကြပါတယ်။ ပျော်ပါးပြီးလို့ မင်းသားတွေအိပ်ပျော်နေချိန်မှာ ပြည့်တန်ဆာမက လက်ဝတ်တန်ဆာနဲ့အတူအ၀တ်တန်ဆာတွေကို ခိုးယူပြီး ထွက်ပြေးသွားပါတယ်။ အိပ်ပျော်ရာကနေ နိုးလာတဲ့သူဌေးသားနဲ့အဖော်အပေါင်းတွေဟာ ပြည့်တန်ဆာမကို လိုက်ရှာကြပါတယ်။ ဒီအခိုက်မှာ ဘုရားရှင်က ကြွရောက်လာပြီး သူဌေးသားနဲ့အပေါင်းအပါတွေကို “ အသင်တို့ ဘာရှာနေကြသလဲ ”ဟု မေးတဲ့အခါ ၀တ်ဆာတန်ဆာတွေခိုးးသွားတဲ့ ပြည့်တန်ဆာမကို လိုက်ရှာနေတဲ့အကြောင်း လျှောက်ထားကြပါတယ်။ အဲဒီအခါမှာ ဘုရားရှင်က “ အပြင်မှာ မရှာပဲ ကိုယ့်ကိုယ်ကိုမှာသာ ရှာကြ”-လို့ မိန့်ထားတာလေးပါ။

နောက်တစ်ခုကတော့ ဒီလိုပါ။ ဘုရားရှင်လက်ထက်မှာ ရဟန်းတစ်ပါးဟာ အလွန်လျင်မြန်စွာ ကောင်းကင်ကို ပျံသန်းနိုင်တဲ့ ဈာန်အဘိညာဉ်ရထားပါတယ်။ ဘယ်လောက်မြန်သလဲဆိုယင် မျက်စိတမှိတ် လက်ဖျစ်တတွတ်အတွင်းမှာ အလွန်အားကောင်းတဲ့လေးကပစ်လိုက်တဲ့မြှားလိုပဲတဲ့ ထန်ပင်တစ်ရပ်လောက်ကို ခဏလေးဟု စာပေများမှာဆိုပါတယ်။ အဲဒီရဟန်းက “ ကောင်းကင်ကြီး အဆုံးရှိမလား” ဆိုပြီး ကောင်းကင်ကို ပျံတက်သွားတာပါ။ အဲသလောက်လျင်မြန်တဲ့ ရဟန်းဟာ နှစ်တွေတော်တော်ကြာလို့ ပြန်လာတဲ့အခါ ဘုရားရှင်ကို ကောင်းကင်ကြီးဟာ အဆုံးမရှိကြောင်း လျှောက်ထားပါတယ်။ ဒီအခါ ဘုရားရှင်က အဲဒီရဟန်းကို ကဲ့ရဲ့ပြစ်တင်တော်မူပါတယ်။ နှစ်များစွာ မလိုအပ်ဘဲ အချိန်တွေကို ဖြုန်းပစ်လို့ပါ။ နောက်ပြီးမိန့်တော်မူတာက “ အဆုံးဆိုသည်မှာ တလံမျှလောက်သော ဒီခန္ဓာကိုယ်အတွင်းမှာပဲ ရှိတယ်” လို့ဆိုတာပါပဲ။

နောက်တစ်ခုက သက္ကပဥှသုတ် အဋ္ဌကထာမှာရေးသားထားတဲ့ အဋ္ဌကထာဆရာရဲ့စကားပါ။ အဲဒီမှာကတော့ ဒီလို ပြောထားပါတယ်။
ရှေးအခါက အရှင်မြတ်သုံးပါးဟာ “ ကာမ၀ိတက်အစရှိတဲ့ အကုသိုလ်အကြံအစည်တွေကို မကြံစည်ကြစတမ်း” လို့ ကတိက၀တ်ထားပြီး တောကျောင်းတစ်ကျောင်းမှာ ၀ါဆိုကြပါတယ်။ သီတင်းကျွတ်တဲ့အခါ အကြီးအရှင် မြတ်က အငယ်ဆုံးအရှင်မြတ်ကို မေးပါတယ်။ “ ငါ့ရှင်- ဒီဝါတွင်း သုံးလကာလအတွင်းမှာ အဘယ်မျှသော အရပ်၌ စိတ်အား ပြေးသွားဖြစ်ပွါးခွင့်ကို ပေးအပ်ပါသလဲ” လို့မေးတဲ့အခါ “ အရှင်ဘုရား - တပည့်တော်ဟာ ဒီဝါတွင်းသုံးလကာလအတွင်းမှာ ကျောင်းပရိဝုဏ်အပိုင်းအခြားရဲ့ အပြင်အပကို စိတ်အားပြေးလွှားဖြစ်ပွါးခွင့်ကို မပေးခဲ့ပါ” လို့ ပြန်လျှောက်ပါတယ်။
တစ်ခါ အကြီးအရှင်မြတ်က အထက်ကအငယ်ရဟန်းကို မေးခဲ့တဲ့အတိုင်း အလတ်အရှင်မြတ်ကို မေးတဲ့အခါ-
“ အရှင်ဘုရား တပည့်တော်ဟာ ၀ါတွင်းသုံးလကာလအတွင်းမှာ မိမိနေတဲ့ ကျောင်းခန်းအတွင်းမှ အပြင်အပသို့ စိတ်အားပြေးလွှားထွက်သွားခွင့်ကို မပေးခဲ့ပါ” လို့ အလတ်အရှင်မြတ်က ပြန်လည် လျှောက်ကြားပါတယ်။

အဲဒီလို မထေရ်အရှင်မြတ်ကြီးက မေးလို့ ဖြေကြားပြီးတဲ့အခါ အရှင်မြတ်အငယ်နှစ်ပါးက အရှင်မြတ်ကြီးအား တဖန် ပြန်၍မေးလျှောက်ပါတယ်။ “ အရှင်ဘုရား - အရှင်ဘုရားတို့သည် ဒီဝါတွင်သုံးလကာလ အတွင်းမှာ အဘယ်မျှသော အရပ်၌ မိမိစိတ်အား ပြေးလွှားဖြစ်ပွါးခွင့်ကို ပေးအပ်ခဲ့ပါသလဲ” လို့မေးတဲ့အခါ “ ငါ့ရှင်တို့ ငါဟာ ဒီဝါတွင်းသုံးလကာလအတွင်းမှာ မိမိ၏ခန္ဓာကိုယ်အတွင်းမှ အပြင်အပသို့ စိတ်အားပြေးလွှားထွက်သွားခွင့်ကို မပေးခဲ့ပါ” လို့ ပြန်လည်ဖြေကြားပါတယ်။ ဒီအခါမှာ အငယ်နဲ့အလတ် အရှင်မြတ်နှစ်ပါးဟာ “ အရှင်ဘုရား - အရှင်ဘုရားတို့သည် ပြုနိုင်ခဲသော အမှုကို ပြုတော်မူအပ်ပါပေ၏။ ” ဟု လျှောက်ကြားပါတယ်။

ပြောချင်တာကတော့ ပထမအပိုဒ်က မိမိကိုယ်မှာရှိတဲ့ ခန္ဓာငါးပါးရဲ့ ဖြစ်ပျက်နေတဲ့ အရာတွေကို ပြန်လည်၍ ၀ိပဿနာ ရှု့ မှတ် ခိုင်းခြင်းပါ။ ဒုတိယအပိုဒ်ဆိုလိုတာက ခန္ဓာငါးပါးရဲ့ ဖြစ်ပျက်နေတာတွေကို ၀ိပဿနာရှုကြည့်မှသာ ဘ၀ရဲ့အဆုံးဖြစ်ရာ နိဗ္ဗာန်ကို ရမယ်ဆိုတဲ့သဘောပါ။ အပြင်မှာအဆုံးမရှိဘဲ ဒီခန္ဓာငါးပါးအတွင်းမှာသာ အဆုံးရှိတာကို ပြောလိုယင်းပါ။ အဲဒီနည်းတူ တတိယအပိုဒ်မှာ ပြောလိုတာက ရှေးရှေးသောသူတော်ကောင်းတွေ ချီးမွမ်းတာက ကိုယ့်ကိုယ်တွင်းမှာ ခန္ဓာငါးပါးရဲ့ ဖြစ်ပျက်နေတာတွေကို ရှု့ကြည့်နေတဲ့သူကို ချီးမွမ်းကြတာပါ။ အပြင်သို့စိတ်ကို ပြေးလွှားခွင့်မပေးပဲ မိမိစိတ်ကို တစ်နေရာတည်းမှာ ထိန်းသိမ်းစောင့်ရှောက်ထားနိုင်သူကို ပို၍ ချီးမွမ်းကြတာပါ။

စာရေးသူကတော့ ဒီလေးထောင့်ရှိတဲ့ ကွန်ပျူတာဖန်သာပြင်လေးပေါ်မှနေပြီး လိုချင်တာတွေ၊ ကြည့်ချင်တာတွေကို တနေ့တနေ့ ရှာဖွေနေတာ ကြည့်ရှု့ နေတာပါ။ ဒီအင်တာနက်ကမ္ဘာထဲမှာ ရှာဖွေယင်းနဲ့ လိုချင်တာတွေ မဆုံးနိုင်တော့ဘူလားလို့ တခါတခါ တွေးမိပါတယ်။ မျက်စိက ဒီမျက်နှာပြင်လေးမှာ ကြည့်ရှု့နေပေမဲ့ စိတ်ကတော့ လေးထောင့်ရှိတဲ့ ဒီမျက်နှာပြင်လေးကိုအကြောင်းပြုပြီး တစ်ခန်းလုံးသာမက တစ်ကျောင်းလုံးအပြင် တကမ္ဘာလုံးကို ပတ်ကြည့်နေတာပါ။ အထက်ကဘုရားမိန့်ခဲ့တဲ့စကားတော်တွေ၊ အဋ္ဌကထာဆရာ ကပြောဆိုခဲ့တာတွေကို သိရှိလာရပြန်တော့လဲ ဘုရားရှင်များရှိယင် စာရေးသူအား ဘယ်လိုသြ၀ါဒတွေများ မိန့်ကြားမလဲဆိုတာကို တွေးမိခြင်းပါ။ ဒီလိုတွေ တွေးမိပြန်တော့လဲ ဒီအမြင်ရဲ့ အခြားတဖက်မှာ ကိုယ့်ကိုယ်ကို ဒီလို ဖြေသိမ့်မိပြန်တယ်။ အော် ကိုယ်ဟာ ရှောင်ရှားလို့မရတဲ့ နောက်ထပ်ဒီလိုပြောမလားပဲ မရှောင်နိုင်တဲ့ ခေတ်သစ်ကမ္ဘာကြီးနှင့်အတူ လျှောက်လှမ်းမိရက်သာ ဖြစ်နေတာပါလား ဆိုတာပါပဲ-----------။

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်