Saturday, February 13, 2010
သမိုင်းရုပ်ကြွင်းများနှင့်စကားပြောမိသောအခါ
ပညာသင်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ အစည်းအဝေးကို ကျင်းပပြီးစီးသည့်အခါ ပုနေး၊ ဘုံဘေ၊ နာဂဇုန၊ ဂျမူး စသည် အဝေးရောက်စာသင်သားများနှင့်အတူ စာရေးသူသည် ဂယာသို့ ရောက်တုန်းရောက်ခိုက် ဘုရားရှင်နှင့်စပ်ဆက်ပတ်သတ်သောနေရာများကို လှည့်လည်ရန် အစီအစဉ်ဆွဲထားပါသည်။
သို့ဖြစ်ရာ ၂၇-၁၂-၂၀၀၉-နေ့ နံနက် အာရုံဆွမ်းဘုန်းပေးပြီးအချိန်မှ စတင်ကာ ကားနှစ်စီး သံဃာဆယ့်ငါးပါးဖြင့် ဂယာမြေပေါ် မှ ထွက်ခွါလာကြပါသည်။ လမ်းညွန်ဂိုက်မှာ နာလန္ဒာတက္ကသိုလ်မှ ဆရာတော်လေးတစ်ပါး ဖြစ်ပြီး လက်တွဲဖော် လမ်းညွန်ဂိုက်မှာမူ မဂဓတက္ကသိုလ်မှ ဆရာတော်လေးတစ်ပါး ဖြစ်လေသည်။ ရာဇဂြိုလ်မြို့၊ မြန်မာကျောင်းသို့ မ၀င်ရောက်မီ ရှေးအခါက လှည်သွားရာလမ်း၊ ဂိဇ္ဈဂုတ်တောင်၊ ဇီဝကသရက်ဥယျာဉ်၊ ဗိမ္ဗိသာရမင်း အကျဉ်းချ ရာနေရာ၊ အဇာတသတ်နန်းတော်ရာ၊ ဘဏ္ဏာတိုက်၊ ဓာတ်တော်ဌာပနာတိုက်၊ ဝေဠုဝန်ကျောင်းတော်၊ ဂျပန်ဘုရား၊ ဇာတ်နိမ့်ဇာတ်မြင့်များရေချိုးသော နေရာ၊ အရှင်အာနန္ဒာ သီတင်းသုံးရာလိုဏ်ဂူ၊ မြတ်စွာဘုရားရှင် သီတင်းသုံးရာနေရာ စသည်တို့ကို သွားရောက်ကြပါသည်။
ရှေးဦးပထမတွင် ရာဇဂြိုလ်သို့ ကားကြုံလိုက်ပါစီး နင်းလာသော ရာဇဂြိုလ်မြန်မာကျောင်းမှ ဆရာတော်က ရောက်ရာဌာန၌ ၄င်းတို့နှင့်စပ်ဆက်သောအကြောင်း အရာတို့ကို အသေးစိတ်ရှင်းလင်းပြောပြပါသည်။ ဘုရားရှင် သီတင်သုံးသောနေရာသို့ ရောက်သောအခါ မြန်မာ နှင့်အိမ်နီးချင်းနိုင်ငံတစ်ခုမှ ဘုရားဖူးလှည့်လည်သူများသည် သူတို့ချစ်သော ဘုရင်၏ဓာတ်ပုံကို ဘုရားရှင်သီ တင်းသုံးသော နေရာမှာတင်ထားလျှက် ပူဇော်ရာအဖြာဖြာတို့ဖြင့် ပူဇော်ပသပြီး ရွတ်ဆို ဆုတောင်းနေကြသည် ကို ထူးထူးခြားခြား မြင်တွေ့ခွင့်ရခဲ့ပါသည်။ စာရေးသူအထင်မှာ သူတို့ကိုကြင်နာယုယ၍ သူတို့ကလည်း မြတ် နိုးချစ်ခင်သော ဘုရင်ကို ကျန်းမာချမ်းသာစွာဖြင့် သက်တော်ရာကျော်ရှည်ပါစေကြောင်း ဆုတောင်းနေခြင်းပင် ဖြစ်နိုင်သည်ဟု ထင်ပါသည်။
ငယ်ရွယ်စဉ်ကပင် ကြားခဲ့ဘူးသော ဆေးဆရာ ဇီဝက ၊ ဗိမ္ဗိသာရမင်းကြီး၊ အဇာ တသတ်မင်း တို့၏နေရာသိုံ့ ရောက်သောအခါ ဆရာဇီဝကအား-- အသင်၏သနားကြင်နာတတ်သောစိတ်ထား ကို အကျွုန်ုပ် အမြတ်တနိုး တန်ဖိုးထားပါကြောင်း၊ ဗိမ္ဗိသာရမင်းကြီးအား-- အသင့်၏ သည်းခံနိုင်မှုစွမ်းအားကို အကျွနုပ် ဦးထိပ်မှာ အမြဲတင်ထားပါကြောင်းနှင့် အဇာတသတ်မင်းအားလည်း --အသင်၏ ဘုရားရှင်အပေါ် ကြည်ညိုမြတ်နိုးသော စိတ်ထားကို အကျွ်နုပ် နှစ်သက်မြတ်နိုးပါကြောင်း စိတ်ထဲမှာ တိုင်တည် ပြောဆိုမိပါ သည်။
ဂိဇ္ဈဂုတ်တောင်ပေါ်သို့ ရောက်သောအခါတွင် ဘ၀ဆက်တိုင်းမှာ-- ကိုယ်တိုင်းကလည်း သူတစ်ပါးကို ရန်ငြိုးထားသူ မဖြစ်ရပါ လို၏။ သူတစ်ပါးကလည်း ကိုယ့်အပေါ်မှာ အငြိုးအတေးရန်ငြိုးတွေ မထားကြပါစေနဲ့-ဟု စိတ်သန္တာန်မှာ တောင်းဆိုနေမိပါသည်။
ဇာတ်နိမ့်ဇာတ်မြင့်ဟူ၍ ခွဲခြားကာ ရေချိုးသောနေရာသို့ ရောက် သောအခါတွင်မူ ဖြစ်လာသော ဘ၀၀ယ် အဆင့်အတန်းခွဲခြားသော ပတ်ဝန်းကျင်၊ လူကိုလူလို မမြင်နိုင်သော နေရာဒေသ၊ လူသား၏အခွင့် အရေးကို တန်ဖိုးမထားတတ်သော အသိုင်းအ၀ိုင်းတို့၌ ဘယ်သောအခါမျှ မမွေး ဖွါးရပါလို၏-ဟု ထပ်ခါထပ်ခါ ဆန္ဒဖြစ်ပေါ်နေမိပါသည်။ ဝေဠုဝန်ကျောင်းတော်နေရာသို့ ရောက်သောအခါမှာ ဘယ်ဘ၀မျိုးမှာပဲဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့် မာန်မာနတွေ ၀င်လာခဲ့ယင် အဲဒီမာန်မာနတွေကို ချိုးနှိမ် ပေးနိုင်မည့် သူတော်ကောင်းများနှင့် ဆုံဆည်တွေ့ဆုံခွင့် ရရပါလို၏-ဟု တောင်းဆုများ ခြွေခဲ့မိပါသည်။
ပထမ သင်္ဂါယနာတင်ရာနေရာ သို့ ဂိုက်ဆရာတော်မှ လက်ညိုးညွှန်ပြသောအခါမှာလည်း အရှင်အာနန္ဒာအား သမိုင်းဆရာတို့က မှတ်တမ်းတင် ထားသကဲ့သို့ - ဘုရားရှင်အား မေးသင့်မေးထိုက်သည်တို့ကို မမေးမိလိုက်သည့်အတွက် တာဝန်မကျေပွန်သူ - ဟု ပြောဆိုမှုကို အရှင်ကိုယ်တိုင်ကကော မည်ကဲ့သို့ သဘောထားပါသလဲ-ဟု မေးကြည့်လိုက်ချင်မိပါသည်။
ထို့နောက် ရာဇဂြိုလ် မြန်မာကျောင်းသို့ ရောက်ရှိပြီး နေ့ဆွမ်းဘုန်းပေးအပြီးတွင် နန်တော်ဟောင်းနေရာကို ကျောင်းဆောင်၏အပေါ်ဆုံးထက်မှ ကြည့်ရှုလေ့လာခွင့် ရရှိခဲ့ပါသည်။
ရာဇဂြိုဟ်မှ ဆက်လက်ထွက်ခွါ လာကြသော စာရေးသူတို့သည် မြန်မာကျောင်းသားအများစု တက်ရောက်သင်ကြားနေသော န၀နာလန္ဒာတက္ကသိုလ်သို့ နေ့လည်ပိုင်းတွင် ရောက်ရှိကြပါသည်။ ဂိုက်ဆရာတော်လေးမှာ န၀နာလန္ဒာတက္ကသိုလ်မှ ကျောင်းသားဖြစ်သည့်အလျောက် ရောက်တုန်းရောက်ခိုက်တွင် အခြားသောသူငယ်ချင်းများနှင့်တကွ အဖျော်ရည်စသည်တို့ဖြင့် ဧည့်ခံပြုစုကြပါသည်။ ထိုတက္ကသိုလ်သည် တစ်ချိန်တုန်းက အလွန်ကျော်ကြားခဲ့သော နာလန္ဒာတက္ကသိုလ်ကြီးအစား အသစ်တည်ထောင်သော တက္ကသိုလ်ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ကျောင်းသားစုစုပေါင်း ၉၀-ကျော်ခန့် ရှိသည်ဟု သိရှိရပါပြီး အသစ်တည်ထောင်ထားသည် ဖြစ်သည့်အလျောက် အဆောက်အဦးများအား ဖွဲ့စည်းထားပုံမှာလည်း အလွန်သန့်ရှင်းသပ်ယပ်လှပပါသည်။
ထိုမှတဆင့် နာလန္ဒာတက္ကသိုလ်ဟောင်းသို့ ဆက်လက်ထွက်ခွါလာကြရာ အဆောက်အဦးဟောင်းများအား မြင်တွေ့လျင်မြင်တွေ့ချင်း နာလန္ဒာတက္ကသိုလ်သည် တချိန်က အလွန်ကြီးကျယ် ထင်ရှားခဲ့သည်ဆိုသည်မှာ သံသယဖြစ်စရာ မလိုတော့ပါ။ ဤမျှကြီးကျယ်ခဲ့သော တက္ကသိုလ်ကြီးသည် အဘယ့်ကြောင့် အကြွင်းအကျန်အရာမျှသာ ကျန်ရှိတော့ခဲ့ပါသနည်။ ဗုဒ္ဓဘာသာမဟုတ်သောဘုရင်များက ဖျက်ဆီးလိုက်သည့်အတွက် ပျက်စီးရသည်ဟု သမိုင်းများက ဆိုထားပါသည်။ တည်ဆောက်သူများက တည်ဆောက်၍ ဖျက်ဆီးသူများကလည်း ဖျက်ဆီးကြသည်မှာ လောကသံသရာဟု ဆိုရမည်လား သို့မဟုတ် ပျက်စီးချိန်တန်က ပျက်စီးကြရတာပဲဟု လွယ်လွယ်ပဲ တွေးလိုက်ရမည်လား စာရေးသူ ကောင်းစွာ မပြောတတ်ပါ။ သို့်သော် အုတ်ပုံအကျိုးအပဲ့မျှသာ ရှိသော ဤအဆောက်အဦးဟောင်းကြီးများကတော့ အိန္ဒိယမြေမှာ အမှန်တကယ်ဗုဒ္ဓဘာသာသည် တိုးတက်ထွန်းကားခဲ့ကြောင်းကို အခိုင်အမာဆိုနေပါသည်။ အခြားတဖက်မှာမူလည်း ဘာသာတရားတစ်ခုက ဘာသာတရားတစ်ခုကို လွှမ်းမိုးလို၍ ဖျက်ဆီးသည်ဖြစ်စေ (သို့မဟုတ်) အမုန်းတရားများကြောင့် ဖျက်ဆီးခဲ့သည်ဖြစ်စေ (သို့မဟုတ်) မိမိရဲ့အာဏာ ကြီးကျယ်လိုမှုကြောင့် ဖျက်ဆီးခဲ့သည်ဖြစ်စေ သမိုင်းရုပ်ကြွင်းများကတော့ လူသားတို့၏သဘာဝကို ဖော်ကျူးနေသည်မှာ အမှန်ပင်ဖြစ်သည်။
တက္ကသိုလ်ကြီး၌ နေရာစုံစုံလင်လင်ကြည့်ရှုကြပြီးနောက် စာရေးသူတို့သည် ဆက်လက်ထွက်ခွါလာကြရာ
ပတ္တနားမြို့ ၊ မြန်မာကျောင်းသို့ ညပိုင်း ၆-နာရီခန့်တွင် ရောက်ရှိကြပါသည်။ ထို့ညတွင် ရှေးသရောအခါက ဝေဿကာရပုဏ္ဏားကြီး ဦးစီးတည်ဆောက်ခဲ့သော ပါဋလိပုတ်မြေမှာ တစ်ညတာ အိပ်စက်အနားယူရန် အိပ်ရာကုတင်ပေါ်မှာ လဲလျောင်းရင်း-ဝေဿကာရပုဏ္ဏားကြီးအား ဤမှာဘက်မှာ တည်ဆောက်သူ ထိုမှာဘက်မှာမူ ဖျက်ဆီးသူအဖြစ် ဘာ့ကြောင့်များ ထိုဘ၀ကို ရွေးချယ်ခဲ့ပါသလဲ -ဟု မေးခွန်း များထုတ်ရင်း-ဆက်လက်ကျန်ရှိနေသေးသော ရှေးခရီးများအတွက်--------။
Labels:
ခရီးသွားဆောင်းပါးများ