Tuesday, May 4, 2010

ပြုံးတုံ့ ပြုံးလှယ်


“ ရိုသေးကျိုးနွံသော ဗုဒ္ဓ၏တပည့်တစ်ယောက်အနေဖြင့်မူ-‘ကျွန်ုပ်သည် ဗုဒ္ဓအကြောင်းကို ပိုသိလေလေ၊ ဗုဒ္ဓကို ပို၍ ချစ်ခင်ကြည်ညိုလေ ဖြစ်မိပါသည်။ ဗုဒ္ဓကို ပို၍ ချစ်ခင်ကြည်ညိုလာသည်နှင့်အမျှလည်း ဗုဒ္ဓ အကြောင်းကို ပို၍ သိလာခဲ့ရပါသည်’ ဟူ၍ ပြောဆိုရလိမ့်မည် ဖြစ်ပါသည်”။ ဒါလေးကတော့ နာရဒမဟာ ထေရ်ရေးသားတဲ့ Buddhism in a nutshell စာအုပ်မှာပါ။ အင်္ဂလိပ်လို ဖတ်ချင်သူများအတွက်တော့ ဒီလိုပါ။ A humble follower of his would say “ the more I know Him, the more I love Him; the more I love Him, the more I know Him.”

ဒီစာစုရဲ့ “ပြုံးတုံ့ပြုံးလှယ်”ဆိုတဲ့ ခေါင်းစဉ်လေးကို သီချင်းနာမည်က - ပြုံးတုံ့လှယ်၊ တေးရေး - မြို့မငြိမ်း၊ မိမိဝင်းဖေ သီဆိုထားတဲ့ သီချင်းလေးက စာသားလေး ယူထားတာပါ။

အပြုံးနဲ့စပ်ဆက်လို့ ဖွင့်ဆိုထားတဲ့ အဓိပ္ပါယ်ကတော့ အများသား။ ရှက်ပြုံး၊ မဲ့ပြုံး၊ ပီတိအပြုံး၊ မချိပြုံး၊ လှောင်ပြုံး၊ နွမ်းလျလျအပြုံး၊ ကျက်သရေရှိတဲအပြုံး၊ မိုနာလီဇာအပြုံး၊ မာယာအပြုံး စသဖြင့်ပါ။ အငိုမျက်လုံး အပြုံးမျက်နှာ-ဆိုတဲ့ စကားကလည်း ရှိသေးတာပါ။ ဘယ်လောက်ပဲများပါစေ အပြုံးကို လူတိုင်း ခင်မင်တွယ်တာကြသလို အပြုံး ပိုင်ရှင်တွေဟာလည်း လူချစ်လူခင် ပေါများလှတာကတော့ အားလုံးလက်ခံကြလိမ့်မယ်လို့ ယုံကြည်မိပြန်တယ်။ ခပ်တည်တည်ကြီးနဲ့ဆိုတော့လဲ “ဘယ်လို လူကြီးလဲ” ဖြစ်မှာပါ။ ဒါ့ကြောင့်လဲ မပြုံးတတ်သောသူ ဈေးမရောင်းရ (A man without a smilling face must not open a shop) ဆိုတဲ့ တရုတ်စကားပုံက အသုံးဝင်နေတာ ဖြစ်မှာပါ။

ရောက်ခဲ့ဘူးတဲ့နိုင်ငံတွေမှာတော့ သီဟိုလ်သူများ ပိုလို့များ ပြုံးကြသလား မသိပါ။ မြန်မာ့ အပြုံးများကတော့ မိုနာလီဇာအပြုံးလား နွမ်းလျလျဆန်နေသလားဆိုတာတော့ ဝေခွဲဖို့ ခက်ပါသေးတယ်။ တစ်နေတာမှာ အမျိုးသားများထက် အမျိုးသမီးများက ပိုလို့ ရယ်ကြတယ်လို့ သုတေသနတစ်ခုက ဆိုထားပြန်တော့ ဘာ့ကြောင့် ပိုလို့ ရယ်ပါသလဲဆိုတာတော့ မေ့ခဲ့ပြီးဖြစ်တဲ့ အဖြေတစ်ခုပါ။ အိန္ဒိယနိုင်ငံမှာတော့ လူအများစုပေါင်းပြီး ရယ်ပွဲကျြီးများကို သီးသန့်ကျင်းပကြတယ်လို့ သိရှိရပြန်တယ်။ ဒါကတော့ စိတ်လွတ်ကိုယ်လွတ် ရယ်ချင်သလို ရယ်ချလိုက်တော့ စိတ်ထဲမှာလေးလံနေတာတွေ ပေါ့ပါးသွားအောင်ပါ။ ဒီလိုဆိုတော့ ပြုံးဖို့ ရယ်မောဖို့ဟာ ပျော်ရွှင်မှု အတွက်၊ ကျန်းမာရေးအတွက် လိုအပ်နေတယ်လို့ ပြောရမှာပါ။

အခြားတစ်ဖက်မှာလည်း ပြုံးခြင်းကို ဒီလို ပြောကြပြန်တယ်။ သူပြုံးနေသည် ညာတော့မယ်-တဲ့။ မျက်နှာများ တယ်-တဲ့။ Body language စာအုပ်မှာတော့ နှုတ်ခမ်းက အောက်ကွေးပြုံးနေယင် ရက်စက်တတ်တယ်။ အစစ်အမှန်ပြုံးခြင်းမှာ မျက်လုံးကော မျက်နှာကော ပြုံးနေတယ်။ အတုအယောင်ပြုံးခြင်းမှာတော့ မျက်နှာပဲ ပြုံးပြီး မျက်လုံးကတော့ မပြုံးဘူးလို့ ဆိုပါတယ်။ ရဟန်းတော်များမှာတော့ ပြုံးရွှင်တတ်ဖို့ကို ဘိက္ခုပါတိမောက်၊ ပါစိတ္တိယပါဠိ၊ မုသာဝါဒ၀ဂ်၊ သြမသ၀ါဒသိက္ခာပုဒ်မှာ မိန့်ကြားထာပါတယ်။ အဲသလို အပြုံးရဲ့ အဆိုး အကောင်း များကို အမျိုးမျိုး ပြောဆိုကြတာဆိုတော့ ပြုံးတတ်ဖို့ လိုပါလိမ့်မယ်လို့ ထင်မြင်မိပြန်တယ်။

နိုင်ငံခြားတိုင်းပြည်တွေက အင်တာဗျူးလုပ်ကြတဲ့နေရာတွေမှာ လူကဲခတ်ကျွမ်းကျင်တဲ့ တစ်နည်းတော့ body language ကို ကျွမ်းကျင်တဲ့သူများက အင်တာဗျူးကြတယ်လို့ ဆိုပါတယ်။ ဒီတော့ စာရေးသူလဲ လူကဲခတ်မညံ့အောင် body language စာအုပ် လေးငါးအုပ်လောက်တော့ ဖတ်ထားဖူးပေမယ့်လဲ ညံ့ဆဲပါပဲ။

သုတေသနတစ်ခုကတော့ ဒီလို ဆိုပါတယ်။ အချို့ကျွမ်းကျင်သူပညာရှင်များက လူတိုင်းရဲ့မျက်နှာမှာ ခြားနားတဲ့ ဖော်ပြချက် ခုနှစ်ထောင်ထက်မကများစွာကို ထုတ်လုပ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ( In fact, some experts believe that your face can produce more than seven thousand different expressions!) အကြောင်းကတော့ မျက်နှာပေါ်မှ muscles-တွေကြောင့်ပါ။ ဒီmuscles-များဟာ မျက်နှာပြင် တစ်ဝိုက် အရေ ဖျားအောက် ပါးတဲ့အလွှာအထပ်မှာ တည်ရှိနေပါတယ်။ တစ်ချိန်တည်းမှာ muscles-တွေဟာ တစ်ခု ဒါမှမဟုတ် အများအပြား ရွေ့လျားနိုင်ပါတယ်။ ဒီ muscles-များ အသီးသီး ပေါင်းစပ်ခြင်းများက ခြားနားတဲ့ မျက်နှာ ဆိုင်ရာကို ဖော်ပြပါတယ်။ ကျွမ်းကျင်သူသုသေသနသမားများကတော့ ကမ္ဘာပေါ်မှာ လူတိုင်း သတိထားနိုင်တဲ့ မျက်နှာထားအမူအရာ အနည်းဆုံး ခြောက်ခုရှိတယ်လို့ ဆိုထားပါတယ်။ ဒါတွေကတော့ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု၊ စိတ်ဆိုးမှု၊ ကြောက်လန့်မှု၊ အံသြမှုနှင့် စပ်ဆုပ်ရွံရှာမှုတို့ ဖြစ်ပါတယ်။ But experts say there are at least six facial expressions that everyone on earth can recognize. These expressions are happiness, sadness, anger, fear, surprise and disgust. သုတေသနသမားများဟာ အာရုံခံ ကိရိယာများနဲ့ ကင်မရာများ အသုံးပြုပြီး ကလေးငယ်များကို စမ်းသပ်ကြည့်ကြခြင်း ဖြစ်ပါတယ်။ ဒီအလိုအရ ပြုံးတယ်ဆိုတာ muscles များရဲ့ ရွေ့  လျားခြင်း ပုံစံတစ်မျိုးပါ။

မျက်နှာဖတ်ခြင်းအတတ်မှာ တော်တဲ့သူများအတွက် ဆက်သွယ်မှုတည်ဆောက်ရာမှာ အကောင်းဆုံး အခွင့် အရေးများ၊ အလုပ်များနှင့် အခြားသော အကျိုးများစွာကို ရရှိစေနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါ့ကြောင့် မျက်နှာထားဟာ လှုမှုအဖွဲ့အစည်းတစ်ခုဖြစ်ဖို့ ကူညီသလို တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ပေါင်းကူးပေးတဲ့ အရာလည်း ဖြစ်ပါတယ်။

ပါဠိစာပေများမှာတော့ စိတ်ကို သိပုံအခြင်းအရာ လေးမျိုးကို ပြဆိုတားပါတယ်။ (၁) နိမိတ်ကောက်၍ သိခြင်း (၂) အသံကြား၍ သိခြင်း (၃) ယောင်ယမ်းမြည်တမ်းသံကို ကြား၍သိခြင်း (၄) စေတောပရိယအဘိညာဉ်ဖြင့် သိခြင်းတို့ပါ။ ဒါကိုတော့ ပါထိက၀၀္ဂ၊ သမ္ပသာဒနီယသုတ်မှာ တွေ့ရှိရပါတယ်။ (၄)နံပါတ်မှတစ်ပါး ကျန်တဲ့ (၃) ခုက body language မှာ အကြုံးဝင်နိုင်ပါတယ်။

အဘိဓမ္မာအလို ရယ်ရွှင်ချင်းကို ဖြစ်စေတဲ့စိတ်များက လောဘမူ - သောမနဿသဟဂုတ်စိတ် ၄-ပါး၊ မဟာကုသိုလ် - သောမနဿသဟဂုတ်စိတ် ၄-ပါး၊ မဟာကြိယာ - သောမနဿသဟဂုတ်စိတ် ၄-ပါး၊ အဟိတ်မဟာကြိယာ - ဟသိတုပ္ပါဒ်စိတ် ၁-ပါး ပေါင်း ၁၃-ပါး ဖြစ်ပါတယ်။ အဲဒီအထဲကမှ ပုထုဇဉ်ပုဂ္ဂိုလ်မှာ အစဉ်အတိုင်း ပထမ ၈-ပါး၊ သေက္ခပုဂ္ဂိုလ်ကျတော့ အဲဒီ ၈-ပါးထဲကမှ ဒိဋ္ဌိဂတသဟဂုတ်စိတ် ၂-ပါးကို ချန်ထား ကျန် ၆-ပါးနဲ့ ပြုံးရယ်ကြပါတယ်။ အသေက္ခပုဂ္ဂိုလ်ကျတော့ ပုထုဇဉ်ပုဂ္ဂိုလ်နဲ့သေက္ခပုဂ္ဂိုလ်မှအခြား နောက် ၅-ပါးနဲ့ ပြုံးရယ် ပါတယ်။ မြတ်ဗုဒ္ဓကတော့ အဲဒီ ၅-ပါးထဲကမှ အဟိတ်မဟာကြိယာ - ဟသိတုပ္ပါဒ်စိတ်ကို ချန်ထား ကျန် ၄-ပါးနဲ့ ပြုံးတော်မူပါတယ်။ ဗုဒ္ဓဘုရားရှင်ဟာ အတိတ်, အနာဂါတ်, ပစ္စုပ္ပန်နဲ့ ကာယကံ, ၀စီကံ, မနောကံ တို့မှာ ညဏ်နဲ့ အမြဲ ယှဉ်နေပါတယ်။ ဒါကတော့ သင်္ဂဟ၊ ရုပ်ပိုင်းနဲ့ ဋီကာကျော်များမှာ ကြည့်ရှု့နိုင်ပါတယ်။

အဘိဓာနပ္ပဒီပိကာမှာတော့ ရယ်ခြင်း-ဟသနံ၊ ဟသိတ၊ ဟာသ။ ပြုံးခြင်း-မိဟိတ၊ သိတ။ ပြင်းစွာရယ်ခြင်း-အဋဟာသ၊ မဟာဟာသ-လို့ ဖွင့်ဆိုထားပါတယ်။ ရယ်တာနဲ့ပြုံးတာဟာ အဆင့်တစ်ဆင့်အနေနဲ့ ကွာခြားတယ် ထူးခြားတယ်လို့ ပြောနိုင်ပေမယ့် အတိအကျ တိုင်းတာဖို့တော့ ခက်ပါလိမ့်မယ်။

ရယ်ခြင်း ခြောက်မျိုးကိုတော့ ဒီအတိုင်း မှတ်နိုင်ပါတယ်။ (၁) သိတ- ပြုံးသည့်အသွင်မျှ ရယ်ခြင်း (၂) ဟသိတ-သွားပေါ်ရုံမျှ-နှုတ်ခမ်းလှုပ်ရုံမျှရယ်ခြင်း (၃) ၀ိဟသိတ-ညင်သာသော အသံထွက်အောင်ရယ်ခြင်း (၄) ဥပဟသိတ-ဦးခေါင်း-ပခုံး-လက်ရုံးများ လှုပ်အောင် ရယ်ခြင်း (၅) အပဟသိတ-မျက်ရည်ထွက်အောင် ရယ်ခြင်း (၆) အတိဟသိတ-ခြေရော-လက်ပါ တစ်ကိုယ်လုံး လှုပ်ခါ၍ ရယ်ခြင်းတို့ပါ။ ဒီရယ်ခြင်းအသွင်များကပဲ လူ့ယဉ်ကျေးမှုရဲ့ အဆင့် ဒါမှမဟုတ် လူသားတစ်ယောက်ရဲ့ စိတ်ခံစားမှုအဆင့်ကို ဖော်ပြနေတယ်ဆိုယင်လဲ ဆိုခွင့်ရှိမှာပါ။

ကလေးတို့ ငိုခြင်း ရယ်ခြင်းသဘောနဲ့ပတ်သက်လို့ - ဒုဂ္ဂတိဘ၀မှလာတဲ့ကလေးက မပြတ်ငိုတတ်ကြောင်း၊ လန့်၍ အော်တတ်ကြောင်းကို ပြဆိုထားပါတယ်။ သုဂတိဘ၀မှလာတဲ့ ကလေးကတော့ အမြဲလိုလို ပြုံးရွှင် နေတတ်ကြကြောင်း ဖွင့်ပြထားပါတယ်။ သီလက္ခန္ဓ၀ဂ္ဂအဋ္ဌကထာ၊ ခန္ဓ၀ဂ္ဂသံယုတ္တအဋ္ဌကထာ၊ မဇ္ဓျိမပဏ္ဏာသ အဋ္ဌကထာ-တို့မှာ လေ့လာနိုင်ပါတယ်။ ဒါကတော့ ယတိပြတ်အဆိုထက် ယေဘုယျသဘောကို ရည်ညွန်းကောင်း ရည်ညွန်တာလဲ ဖြစ်နိုင်ပါတယ်။

စာရေးသူ ငယ်ငယ်ကတည်းက ကြားဖူးထားတာက “ဘုရားရှင်သည် ပြုံးတော်မူ၏” ဆိုတာပါ။ ဘုရားရှင် ပြုံး တော်မူခြင်းဟာ ထူးခြားတဲ့ အကြောင်းတစ်ခု ရှိလို့ပါ။ မြတ်စွာဘုရားရှင်တို့၏ ဘ၀တစ်သက်တာမှာ အကြိမ် ဘယ်လောက်ပြုံးခဲ့တယ် ဆိုတာကိုတော့ လေ့လာနေဆဲပါ။ ဘုရားရှင်တို့ရဲ့ အပြုံးဟာ လူသာမန်တို့ရဲ့အပြုံးနဲ့ အဓိပ္ပါယ်မတူထူးခြားတဲ့အတွက် နှိုင်းယှဉ်မမိရန် လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။ ဘဂ၀ါဂုဏ်တော်မှာပါရှိတဲ့ သိရီဘုန်းတော်မှာ “ရွှေမျက်နှာတော်၊ လက်ခြေတော်မှ၊ စ၍မကြွင်း၊ ပင်လုံးဝန်းသည်၊ ပန်းမာန်အနေ၊ ကျက်သရေမင်္ဂလာ၊ စုဝေးကာဖြင့်၊ လွန်စွာတင့်တယ်၊ သပ္ပါယ်တော်မူသော၊ သိရီဘုန်းတော်” ဆိုထားတဲ့အတွက် မပြုံးခဲ့သည့်တိုင် အမြဲကျက်သရေရှိနေတာကတော့ ဘုရားရှင်တို့ရဲ့ အနှိုင်းမဲ့ဂုဏ်ပုဒ်ပါ။

အရိယာတို့ရဲ့နယ်ပယ်မှာတော့ လူကြီးလူကောင်းဆန်တဲ့ ပြုံးရယ်ခြင်းမျိုးပဲ ရှိပါတော့တယ်။ ဒါကိုပဲ ညင်သာ သိမ်မွေ့တဲ့ ပြုံးခြင်းမျိုးလို့ ဆိုနိုင်ပါတယ်။ ရုဏ္ဏသုတ်၊ တတိယပဏ္ဏာသ၊ တိကနိပါတ်။ အင်္ဂုတ္တရနိကာယ-မှာ မိန့်ဆိုထားတာက သက်သေတစ်ခုလို့ ယူဆနိုင်ပါတယ်။ အဲဒါကတော့“ ရဟန်းတို့-အပိုင်းအခြားကို လွန်၍ သွားပေါ်အောင် ပြင်းစွာရယ်ခြင်းသည် အရိယာ၏အဆုံးအမ၌ ကလေးသူငယ်တို့ ပြုအပ်သော အလုပ်မည်၏” လို့ မိန့်ထားလို့ပါပဲ။

ဒီနေရာမှာ ပြောကြည့်ချင်တာတစ်ခုက အချို့အရာတွေမှာ မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ အပြုအမူတွေ ဒါမှမဟုတ် ဘာသာရေး နယ်ပယ်မှာ ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေကို လူသာမန်တို့အတွက် နှိုင်းယှဉ်ပြီး သုံးသပ်သင့်, မသင့်နဲ့ အတုယူ လိုက်နာကျင့်ကြံဖို့ သင့်, မသင့်ကို စဉ်းစားမိခြင်းပါ။ ဘာသာရေးနယ်ပယ်မှာ ထားရမယ့်အရာနဲ့ လူမှုနယ်ပယ်မှာ ထားရမယ့်အရာတွေကို သီးခြားခွဲထုတ်ကြည့်ခြင်းကသာ ပိုလို့ အပြုသဘောဆောင်နိုင်ပြီး ဘ၀ကို ပိုလို့နေပျော်စေမယ် ထင်မိလို့ပါ။ ဘာသာရေးနယ်ပယ်မှာ ချမှတ်ထားတာတွေကို လူမှုအသိုင်းအ၀ိုင်း မှာ ကျင့်သုံးနေမယ်ဆိုယင် ဘ၀ကို ပျင်းရိခြောက်သွေ့စေပြီး ပျော်ရွှင်ဖွယ်တွေနဲ့ ဆိတ်သုဉ်းနေမှာလားလို့ပါ။ ဘာသာတရားနယ်ပယ်က စကားလုံးဝေါဟာရတွေနဲ့ လူမှုနယ်ပယ်မှာ ချမှတ်ကျင့်သုံးနေတဲ့စံတွေကို ခွဲခြား မထားခြင်းဟာ မြတ်ဗုဒ္ဓရဲ့ဝါဒကို အဆိုးမြင်ဝါဒ(pessimism)အဖြစ် တွန်းပို့နေသလား ဆိုတာပါ။ ( Some critics argue that Buddhism is morbid, cynical, hovering on the dark and shadowy side of life, an enemy of harmless pleasures, and an unfeeling trampler on the innocent joys of life. They see Buddhism as being pessimistic, as fostering an attitude of hopelessness towards life, as encouraging a vague, general feeling that pain and evil predominate in human affairs.) လောကဟိတာယ၊ ဗဟုဇနဟိတာယ၊ ဗဟုဇနသုခါယ-ဆိုတဲ့ သတ္တ၀ါအများ ချမ်းသာစေဖို့ဆိုတာမှာ နတ်ပြည်၊ ဗြဟ္မာပြည်၊ နိဗ္ဗာန်ရဲ့ ချမ်းသာများကိုသာ ရည်ညွန်းထားတာမဟုတ်ဘဲ လက်ရှိလူ့ဘ၀ ချမ်းသာကိုလည်း ပစ်ပယ်မထားဘူးဆိုတာကိုပါ။

ဒါနဲ့စပ်ဆက်လို့ ကမ္ဘာကျော်သာသနာပြုဆရာတော်ဘုရားကြီးကို မေးတဲ့မေးခွန်းလေးတစ်ခုကို သွားလို့ သတိရ မိတယ်။ အဲဒါကတော့ ဆရာတော်ဘုရားကြီးကို နိုင်ငံခြားမှာနေတဲ့ အမျိုးသားတစ်ယောက်က “ နိဗ္ဗာန်ချမ်းသာ-ဆိုတာ ဘယ်လိုဟာမျိုးလဲ”လို့ မေးပါတယ်။ ဒီအခါမှာ ဆရာတော်ဘုရားကြီးက- မင်း နိုင်ငံခြားမှာ စီးပွါးလာရှာတာ ချမ်းသာချင်လို့မဟုတ်လား။ အဲဒီ မင်း လိုချင်တဲ့အရာတွေရလို့ ချမ်းသာပြီးတဲ့ တစ်နေ့မှာတော့ နိဗ္ဗာန် ချမ်းသာအကြောင်း ဆက်ဆွေးနွေးကြတာပေါ့-တဲ့။ ဆရာတော်ဘုရားကြီးကတော့ ခပ်မြင့်မြင့်စကားတွေ မမိန့်ပါဘူး။ နိဗ္ဗာန်ချမ်းသာဆိုတာတွေထက် လက်ရှိတိုင်းပြည်နဲ့လူမျိုး ချမ်းသာနေယင် ကျေနပ်တော်မူနေတာပါ။

ဒီတော့ နေပျော်တဲ့ဘ၀ကို ပိုင်ဆိုင်ဖို့ လောကကြီးကို ကြည့်တတ်မြင်တတ်ဖို့ လိုအပ်နေမှာပါ။ ဘယ်လို ကြည့် မလဲ-ဆိုတာကတော့ အမျိုးမျိုးကွဲပြားနိုင်ပေမဲ့ စာရေးသူနှစ်သက်တဲ့ ဆရာတော် ဒေါက်တာ K.Sri dhammananda ရေးသားထားတဲ့ what Buddhists believe စာအုပ်လာ စာသားလေးကတော့ ဒီလိုပါ။
“ The world is like a mirror and if you look at the mirror with a smiling face, you can see your own, beautiful smiling face. On the other hand, if you look at it with a long face, you will invariably see ugliness. Similarly, if you treat the world kindly the world will also certainly treat you kindly. Learn to be peaceful with yourself and the world will also be peaceful with you.”

ဆိုခဲ့ပြီးတဲ့စကားများဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀-က ဗုဒ္ဓမိန့်ခဲ့တဲ့၊ တပည့်သာဝကတွေ ပြောခဲ့တဲ့ အပြုံးနဲ့ ပတ်သက်တာတွေကို ယနေ့ခေတ် ပြောနေတဲ့ “အပြုံး၊ ရယ်မောခြင်း” ဆိုတဲ့ ဝေါဟာရတွေပေါ်မှာ ခံစားနှိုင်းယှဉ်ပြောဆိုမိခဲ့ခြင်းပါ။ ဘုရားရှင်ရဲ့တရားဓမ္မလာစကားလေးတွေ သိရပြန်တော့ “မြတ်ဗုဒ္ဓတရားကို သိလေလေ မြတ်ဗုဒ္ဓကို ကြည်ညိုလေလေ” ဆိုသလိုပါပဲ ပိုလို့သာ ကြည်ညိုမိပြန်တာပါ။ အဲဒီစာပေများရဲ့ အခြား တစ်ဖက်မှာကြပြန်တော့ အပြုံးရဲ့ ရလဒ်ကလေးတွေကို စိုးစဉ်းမျှ နားလည်ထားမိခြင်းကပဲ “အပြုံးရဲ့တန်ဖိုးကို နားလည်လေလေ အားလုံးကို ပြုံးစေချင်လာလေလေ”လို့ ဆန္ဒဖြစ်မိတာကကော အပြစ်တစ်ခုလို့များ ဆိုနေကြမလား စဉ်းစားမိခြင်းပါ။

ပြုံးပျော်နိုင်ကြပါစေဟု ဆန္ဒပြုရင်း----------

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်