Thursday, April 29, 2010

ကျား,မ တန်းတူညီမျှဆိုတဲ့ စကား


ဗုဒ္ဓမိန့်ခဲ့တဲ့ “ ငါဘုရားဟာ လမ်းညွန်သူ” ဖြစ်တယ်ဆိုတဲ့ စကားလေးက နားလည်သလိုလိုနဲ့ တကယ်တော့ နားလည်ဖို့အတွက် နောက်ထပ် များစွာ လေ့လာရဦးမှာပါလားလို့ နားလည်မိလိုက်ခြင်းပါ။

မြတ်ဗုဒ္ဓဟာ လမ်းညွန်သူသာ ဖြစ်ပါတယ်။ အခြားသော ဘုရားများလို ဖန်တီးရှင်မဟုတ်ပါ။ အခြားတစ်ဖက်မှာ တွေးခေါ်ပြောဆိုနေခြင်းမျိုးမဟုတ်ဘဲ လူသားတွေရဲ့ဘ၀ကို ရှု့မြင်ရာမှာလည်း လက်တွေ့ဆန်ပါတယ်။ အထီး အမ အမျိုးသားအမျိုးသမီးဆိုပြီး ဒွန်တွဲနေတဲ့ ဒီလူလောကမှာ ကျား,မ ဒါမှမဟုတ် အမျိုးသားအမျိုးသမီး ခွဲ ခြားပြီး ရှု့မြင်ခဲ့သလား ဒါမှမဟုတ် တန်းဖိုးချင်း တန်းတူထားခဲ့သလားဆိုတာပါ။ အဲဒီအထဲကမှ စာရေးသူဟာ အမျိုးသမီးများအပေါ် မြတ်ဗုဒ္ဓဟာ ဘယ်လို ရှု့မြင်ထားသလဲ ဒါမှမဟုတ် ဘယ်လိုလမ်းညွန်ထားပါသလဲ ဆိုတာ ကို စိတ်ဝင်စားမိခြင်းပါ။

စာရေးသူ ဖတ်ခဲ့ဘူးတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တစ်အုပ် ရှိပါတယ်။ အဲဒါကတော့ စာရေးဆရာမ ဂျူးရေးတဲ့ “ မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်”ဆိုတဲ့ စာအုပ်ပါ။ ဒီစာအုပ် ကြော်ငြာကတည်းက စိတ်ဝင် စားတာပါ။ ဘာတွေများ ဖွင့်ဟ၀န်ခံမလဲ ဆိုတာကိုပါ။ အမျိုးသမီးတစ်ယောက်က အမျိုးသမီးရဲ့ဘ၀ကို တင်ပြ ခြင်းဟာ လက်တွေ့ဆန်လှပေမယ့် လောကကြီးကို လက်တွေ့ကျကျ သိမြင်ထားတဲ့ မြတ်ဗုဒ္ဓကကော အမျိုးသမီး တွေအပေါ်မှာ ဘယ်လို လက်ခံထားသလဲ ဆိုတာပါ။ ဒါလေးတွေနဲ့ စပ်ဆက်ပြီး လေ့လာမိသလောက် ပြော ကြည့်ချင်ပါတယ်။

ဒါကို မပြောခင် စာရေးသူ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)မှာ နေတုန်းက ဆရာကြီးတစ် ယောက်ပြောခဲ့ဘူးတာ သတိရမိတယ်။ ဆရာကြီးက တကယ်တော့ နာမည်ကြီး စာရေးဆရာပါ။ တစ်နေ့ သူ့ဆောင်းပါးမှာ အမျိုးသမီးများရဲ့ အတွင်းရေးတစ်ခုကို ရေးမိခဲ့တယ်။ အဲဒီဆောင်းပါးထွက်ပြီးလို့ မကြာခင်မှာပဲ ဆရာကြီးထံကို အမျိုးသမီးများရဲ့ ရန်တွေ့တဲ့စာတွေ ရောက်လာပါသတဲ့။

နောက်တစ်ခုကတော့ ဒီလိုပါ။ ဆရာကြီးတစ်ယောက်က “အမေများနေ့”မှာ အမေနဲ့ပတ်သက်တဲ့ ဂုဏ်တွေ၊ အကြောင်းအရာတွေ၊ ဘာသာရေး ကျမ်းဂန်ကလာတာတွေ၊ အဆိုအမိန့်တွေ စသဖြင့် ကောင်းနိုးရာရာ ဆွဲထုတ်ပြီး ဟောပြောပွဲမှာ ဟောပြောခဲ့ပါတယ်။ ဟောပြောပြီးလို့ မကြာခင်မှာ ပရိသတ်ထဲမှ မိခင်အရွယ် အမျိုးသမီးတစ်ယောက်က “နားထောင်လို့တော့ တော်တော်ကောင်းပါတယ် ဆရာ။ ဒါပေမယ့် အမေ တစ် ယောက်ရဲ့ စိတ်နေသဘောသဘာဝ ခံစားချက်ကို ဆရာတို့ယောကျာင်္းတွေ နားလည်ထားတာတွေနဲ့ ကွဲပြား နေသလားဆိုတာ စဉ်းစားနေပါတယ်”တဲ့။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်ကတော့ “ မြန်မာ့အမျိုးသမီးများ၏အခွင့်အရေးကို ဒေါ်မြစိန် လို အမျိုးသမီးတစ်ဦးကရေးလျှင် အသို့လျင် မကောင်းဘဲ ရှိပါအံနည်း”လို့ “ဆောင်းပါး”ဆိုတဲ့ ခေါင်းစဉ်တစ်ခုနဲ့ ဆောင်းပါးတစ်ပုဒ်မှာ ရေးသားထားပါတယ်။

ဒီတော့လဲ အမျိုးသမီးတွေအကြောင်း ရေးရမှာ စာရေးသူအနေနဲ့ မ၀ံမရဲဖြစ်ရပါတယ်။ ဒီနေရာမှာတော့ ဗုဒ္ဓ ဘာသာရှု့ထောင့်က ပြောကြည့်ချင်တာဆိုတော့ သက်သာရာ ရနိုင်ကောင်းတန်ပါရဲ့လို့ ထင်မိလို့ပါ။

တကယ်တော့ ဗုဒ္ဓဘာသာမှာ အမျိုးသမီးများရဲ့အခြေအနေဟာ တစ်မူထူးခြားတယ်လို့ ဆိုရမှာပါ။ ဘာ့ကြောင့် လဲဆိုယင် မြတ်ဗုဒ္ဓက ဘာသာတရားနဲ့ပတ်သက်တဲ့ဘ၀မှာ အမျိုးသမီးများကို လွတ်လပ်စွာ ပါဝင်ခွင့် အပြည့် အ၀ပေးထားပါတယ်။ မြတ်ဗုဒ္ဓဟာ အမျိုးသမီးများအတွက် ဘာသာရေးလွတ်လပ်ခွင့်ကိုပေးတဲ့ ပထမဆုံးသော ဘာသာရေးခေါင်းဆောင်ဖြစ်ပါတယ်။ ဗုဒ္ဓမတိုင်းမီ အမျိုးသမီးများရဲ့တာဝန်ဟာ မီးဖိုချောင်ထဲမှာသာ ကန့်သတ် ခံထားရတာပါ။ ဘုရားကျောင်းများကို ၀င်ခွင့်ရဖို့နဲ့ ဘာသာရေးကျမ်းဂန်များကို ရွတ်ဆိုဖို့ကိုတောင် အမျိုးသမီး များကို ခွင့်ပြုခဲ့တာ မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓခေတ်အတွင်း လူမှုအဖွဲ့အစည်းအတွင်းမှာ အမျိုးသမီးများရဲ့ အနေ အထားဟာ အလွန်နိမ့်ကျတယ်လို့ ဆိုရမှာပါ။

ဒီကနေ့ အိန္ဒိယ လူ့အဖွဲ့အစည်းအတွင်းမှာ အဲဒီစနစ်ရဲ့အကြွင်းအကျန်စနစ်လို့ ဆိုမလား မသိ။ ဒီဘုံဘေမှာဆို ယင် ပညာတတ်အမျိုးသမီး တော်တော်များများဟာ တက္ကသိုလ်၊ ကောလိပ်၊ ကုမ္မဏီ စသဖြင့် တော်တော် များများမှာ နေရာယူထားတာ တွေ့ရပါတယ်။ ဘွဲ့တွေ ယူထားတာကလည်း သုံးလေးဘွဲ့များတောင် ရှိပါတယ်။ ဒါပေမယ့် ယောင်္ကျားတစ်ယောက်ကို လက်ထပ်ယူတာကြတော့ တစ်မူထူးခြားနေပါတယ်။ အိန္ဒိယသတင်းစာ မှာတော့ နေ့တိုင်း သတင်းတစ်ခုအဖြစ် ပါနေတာကတော့ အမျိုးသမီးက သူ့ရဲ့အသက်၊ ပညာ၊ မျိုးရိုး၊ ဘာသာ စသဖြင့် ကြေငြာထားပြီး သူလက်ထပ်ယူမယ့်အမျိုးသားဖြစ်သူရဲ့ အရည်အချင်းကိုလည်း အသက်၊ ပညာ၊ မျိုးရိုး၊ ဘာသာ စသဖြင့် ကြေငြာထားပါတယ်။ ရံခါလဲ ဓာတ်ပုံနဲ့ပါ။

ဒီနေရာမှာ သူငယ်ချင်းများရဲ့ အတွေ့အကြုံကို ပြောချင်ပါသေးတယ်။ အိန္ဒိယဆိုတာက ဘာသာမျိုးစုံရှိတဲ့ နိုင်ငံ ပါ။ ဗုဒ္ဓဘာသာရဟန်းတော်များနဲ့ပတ်သက်လို့ အခြားထေရ၀ါဒနိုင်ငံက ရဟန်းတော်တွေထက် ဒလိုင်းလားမား က အိန္ဒိယမှာ ပိုလို့ကျော်ကြားတာဆိုတော့ မြန်မာ့ရဟန်းတော်များကိုလည်း လားမားတွေလို့ပဲ နားလည်းထား တာများပါတယ်။ ဟိန္ဒူဝေါဟာရကတော့ ဆာဒူးတွေပါ။ အဲဒီ ဆာဒူးများဖြစ်တဲ့ မြန်မာရဟန်းတော်သူငယ်ချင်း များကို ဂျိန်းဘာသာဝင်တစ်ဦးက ဆွမ်းစားဆိုပြီး သူ့အိမ်ကို ပင့်ပါတယ်။ ဒီလိုနဲ့ ကြွသွားကြတဲ့အခါ အဖေ ဖြစ်သူက ပြောရာမှာ - သူ့သမီးကို လာဆက်ကြပေမယ့် အဆင်မပြေဖြစ်နေပါတယ်။ အဲဒါ အဆင်ပြေအောင် ဂါထာမန္တာန် ရွတ်ပေးဖို့- ဆိုတာပါ။ အဲဒီအမျိုးသမီးက ရုပ်ရည်အသင့်အတင့်ရှိပါတယ်။ ပညာရေးကလည်း ဘွဲ့ တစ်ဘွဲ့ ရထားပါတယ်။ ဒါပေမယ့် ဘွဲ့တစ်ဘွဲ့နဲ့ မလုံလောက်တဲ့အကြောင်းနဲ့ သုံးလေးဦးကို ဆက်သွယ်ခဲ့ပေမယ့် အဆင်မပြေတဲ့အကြောင်းကို အဖေဖြစ်သူက ပြောပါတယ်။ ရွတ်ပေးလိုက်တဲ့ ဂါထာမန္တာန်တွေကြောင့် အဆင် ပြေ မပြေတော့ မသိပါ။ သူငယ်ချင်းများကလည်း တာဝန်ကျေပွန်အောင်တော့ လုပ်ပေးလိုက် ပါတယ်။

အိန္ဒိယမှာ လူပျိုအပျိုသမီးရည်းစား လက်ထပ်ယူကြတာတွေ မရှိတာတော့ မဟုတ်ပါ။ ဒါပေမယ့် ဒီလို အမျိုး သမီးက အမျိုးသားယောင်္ကျားကို ၀ယ်ယူတာဟာ အစဉ်အလာဖြစ်နေပါသေးတယ်။ တက္ကသိုလ်က ဆရာမကြီး တွေ တော်တော်များများလည်း အဲသလိုပါပဲ။ ဒီနိုင်ငံမှာတော့ အမျိုးသမီးတွေဟာ ပိုလို့များ ပညာကို သင်နေ ရသလား ဆိုတာပါ။ ဒါကတော့ လက်ရှိအိန္ဒိယ၊ ဘုံဘေရဲ့ အခြေအနေလေးတွေပါ။

အမျိုးသမီးများကို ဒီလွတ်လပ်မှုကို ပေးတဲ့အခါ အဲဒီအချိန်မှာ ခေတ်စားနေ ရေပန်းစားနေတဲ့ သြဇာရှိတဲ့ ရှေးရိုးဝါဒီများက မြတ်ဗုဒ္ဓကို ဝေဖန်ကြပါတယ်။ မြင့်မြတ်တဲ့အဖွဲ့အစည်းထဲကို ၀င်ဖို့ အမျိုးသမီးများကို ခွင့်ပြု ခဲ့တဲ့ မြတ်ဗုဒ္ဓရဲ့အပြောင်းအလဲဟာ အချိန်များစွာအတွက် အလွန်အမင်းဆန်းသစ်ခဲ့ပါတယ်။

ဒါပေမယ့် ဘ၀နဲ့ပတ်သက်တဲ့ ဘာသာရေးနည်းလမ်းတွေမှာ အရဟတ္တဖိုလ်ရရှိခြင်းဖြင့် အမြင့်မားဆုံးအခြေ အနေကို ရရှိဖို့နဲ့ ယောင်္ကျားတွေလို စွမ်းရည်ရှိတယ်ဆိုတာကို သူတို့ကိုယ်တိုင်သက်သေပြနိုင်ဖို့အတွက် အမျိုး သမီးများကို ခွင့်ပြုခဲ့ပါတယ်။ ကမ္ဘာ့သမိုင်းမှာ ပထမဆုံးအကြိမ် ဒီလို လွတ်လပ်မှုကို ပေးတဲ့အတွက်၊ အသက် ရှင်နေထိုင်တဲ့ဘ၀တစ်ခုအတွင်း စစ်မှန်တဲ့ ဘာသာရေးနည်းလမ်းတွေကို ပြသတဲ့အတွက် မြတ်ဗုဒ္ဓကို ကျေးဇူး တင်ရမှာပါ။

မြတ်ဗုဒ္ဓခေတ်အတွင်း အမျိုးသမီးများရဲ့ အခြေအနေအတွက် မာရ်နတ်ရဲ့စကားလုံးများဟာ ဥပမာတစ်ခုအဖြစ် ပြဆိုနိုင်ပါတယ်။ “ ပညာရှိသူတော်ကောင်းတို့သာ ရနိုင်တဲ့ မြင့်မြတ်မှုကို လက်နှစ်သစ်မျှသာရှိတဲ့ ပညာနဲ့  မြင့်မြတ်မှုကို ရရှိဖို့ရန် အမျိုးသမီးအတွက် မျော်လင့်နိုင်မည်မဟုတ်” ဆိုတာပါ။
ဒီစကားကို အပြောခံရတဲ့ ဘိက္ခုနီမဟာ မာရ်နတ်ကို အခုလို ပြန်လည်၍ ပြောဆိုခဲ့တာပါ။“ ပညာဖြင့် ကောင်းစွာ တည်ဆောက်ထားပြီး တရားကိုကောင်းစွာမြင်တဲ့ တစ်စုံတစ်ယောက်အတွက် မိန်းမဖြစ်ခြင်း၏ အချက်က ခြားနားမှုကို ပြုလုပ်နိုင်ပါသလား?”ဆိုတာပါ။ ဒါကိုတော့ မာရသံယုတ်၊ သောမာသုတ်မှာ တွေ့နိုင်ပါတယ်။

နောက်တစ်ခုက ဒီလိုပါ။ ဘုရင်ကောသလဟာ သူရဲ့မိဖုရားမလ္လိကာက မိန်းကလေးတစ်ယောက်ကို မွေးဖွါး တယ်ဆိုတာကို ကြားရတဲ့အခါ အလွန်စိတ်မချမ်းမသာဖြစ်ခဲ့ပါတယ်။ ဒါကို သိတဲ့ မြတ်ဗုဒ္ဓက ဘုရင်ကို အောက် ပါအတိုင်း မိန့်ဆိုခဲ့ပါတယ်။
“ အို ဘုရင်မင်းမြတ်! သမီးငယ်ကို ပြုစုလုပ်ကျွေးပါ။ ပညာရှိ၍ အကျင့်သီလပြည့်စုံတဲ့၊ ယောက္ခမကို နတ်ကဲ့သို ရိုသေပြီး လင်ကိုသစ္စာရှိစွာလုပ်ကျွေးပြုစုတဲ့ အချို့အမျိုးသမီးများဟာ မြင့်မြတ်သူများ ဖြစ်ပါတယ်။
မင်းကြီး! အဲဒီအမျိုးသမီးမျိုးက သားယောင်္ကျားလေးကို မွေးဖွားမယ်ဆိုယင် ဒီအမျိုးသမီးကောင်းရဲ့ သားဟာ ရဲရင့်မယ်၊ တိုင်းပြည်ကိုလည်း အုပ်ချုပ်လမ်းညွန်နိုင်လိမ့်မယ်”။
ဒါက သံယုတ္တနိကာယ်၊ ကောသလသံယုတ်၊ မလ္လိကာသုတ်မှာပါ။ ဒီမိန့်ဆိုချက်အရ ယောင်္ကျားများသာ လောကမှာတန်ဖိုးရှိတာမဟုတ်ပါ။ အမျိုးသမီးများ လည်းပဲ လောကရဲ့ အဖိုးတန်များအဖြစ် မြတ်ဗုဒ္ဓက အတည်ပြုခဲ့တာပါ။

ယနေ့ခေတ်မှာ ဘာသာရေးခေါင်းဆောင်တွေက သူတို့ရဲ့ဘာသာဟာ အမျိုးသမီးများကို တူညီတဲ့အခွင့် အရေး ကိုပေးကြတယ်လို့ ဆိုပါတယ်။ တကယ်တော့ လူ့အဖွဲ့အစည်းများစွာမှာ အမျိုးသမီးတွေရဲ့အခြေအနေကို လေ့လာကြည့်လျင် သင့်လျော်တဲ့ အခွင့်အရေးတွေ အပြည့်အ၀မရရှိသေးပါဘူး။ အသီးသီးသောနယ်ပယ်မှာ ခွဲခြားဆက်ဆံခံနေရပါတယ်။ ယေဘုယျအားဖြင့် အမျိုးမျိုးသောနယ်ပယ်မှာ နုညံ့သိမ်မွေ့တဲ့ပုံစံဖြင့် အလွဲသုံး စားပြုခြင်း ခံနေရပါတယ်။ အနောက်ကမ္ဘာများမှာတောင် အမျိုးသမီးမဲပေးခွင့်ရရှိရေး လှုပ်ရှားသူများဟာ သူတို့ရဲ့ အခွင့်အရေးအတွက် ခက်ခက်ခဲခဲ တောင်းဆိုတိုက်ခိုက်ယူကြရတာပါ။

ဒါနဲ့ပတ်သက်လို့ ကိုယ့်နဲ့လက်လှမ်းမိတဲ့ ဘလော့တွေထဲက အမျိုးသမီးအခွင့်အရေး ဆိုင်ရာတွေကို ရှာဖွေ ကြည့်တဲ့အခါ တွေ့ရှိရတာက ဒီလိုပါ။ အမေရိကန်မှာ ၁၈၄၈-ခုနှစ်မှာ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုစတင်ပြီး ၁၉၂၀-ခုနှစ်မှာ မဲပေးပိုင်ခွင့် ရခဲ့ပါတယ်။ ဒိန်းမတ်နိုင်ငံမှာ ၁၇၈၉-ခုနှစ်မှာ အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှု စတင်ပြီး ၁၉၀၃-ခုနှစ်မှာ မဲပေးပိုင်ခွင့် ရပေမယ့် ၁၉၁၅-ခုနှစ်မှ အပြည့်အ၀ မဲပေးပိုင်ခွင့် ရခဲ့ပါတယ်။ တရုတ်မှာ ၂၀-ရာစုနှစ်အစောပိုင်းကာလက အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုစတင်ပြီး ၁၉၅၀-ခုနှစ်မှာ အမျိုးသားအမျိုး သမီး တန်းတူညီမျှအခွင့်အရေး ရရှိခဲ့ပါတယ်။ တောင်အာဖရိကမှာ ၁၉၁၂-ခုနှစ်လောက်မှာ အမျိုးသမီးအခွင့် အရေးလှုပ်ရှားမှုစတင်ပြီး ၁၉၉၅-ခုနှစ် ကျားမတန်းတူ ညီမျှတဲ့ အခွင့်အရေး ရရှိခဲ့ပါတယ်။ ၁၈၄၈-ခုနှစ် ပထမ အကြိမ်အမျိုးသမီညီလာခံကို နယူးယောက်မြို့မှာ ကျင်းပတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂက ၁၉၇၅-ခုနှစ်၊ မတ်လ ၈-ရက်နေ့မှာ နိုင်ငံတကာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ထားပါ တယ်။ အဲဒီနောက် အမျိုးသမီးညီလာခံကို ၁၉၇၅-ခုနှစ် (မက္ကဆီကို)၊ ၁၉၈၀-ခုနှစ်(ကိုပင်ဟေဂင်)၊ ၁၉၈၅-ခုနှစ်(ကင်ညာ)၊ ၁၉၉၅-ခုနှစ်(တရုတ်)မှာ ကျင်းပခဲ့ကြပါတယ်။ အပြည့်အစုံကြည့်လိုသူများအတွက် http://www.un.org/womenwatch/feature/iwd/history.htmlနဲ့ http://khinmamamyo.blogspot.com/ မှာ ကြည့်နိုင်ပါတယ်။

ဗုဒ္ဓဘာသာအလိုအရ နိမ့်ကျသူအဖြစ် အမျိုးသမီးများကို သဘောထားခြင်းဟာ တရားမျှတခြင်း မရှိပါဘူး။ မြတ်ဗုဒ္ဓ ကိုယ်တိုင်ပင် ဘ၀သံသရာများစွာမှာ တစ်ခုသောအခိုက်အတံ့အတွင်း အမျိုးသမီးအဖြစ် မွေးဖွါးခဲ့ရ ဦးမှာပါ။ အဲဒီဘ၀တွေမှာ အမျိုးသမီးတစ်ယောက်အဖြစ်နဲ့တောင် မြင့်မြတ်သော အရည်အသွေးများကို တိုးတက်စေခဲ့တာ ဖြစ်မှာပါ။ အဲဒီလို ဘ၀တွေ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလာပြီးနောက်မှသာ ဘုရားအဖြစ် ဒါမှမဟုတ် သဗ္ဗညုတညဏ်ရှင်အဖြစ် ရရှိခဲ့တာပါ။

ဒီနေရာမှာ သတိရမိတာတစ်ခုကို ပြောကြည့်ချင်ပါတယ်။ ဂုဏ်သိက္ခာရှိနာမည်ကြီး အမျိုးသမီးတစ်ယောက်က “ လူတိုင်း ကြိုးစားယင် ဘုရားဖြစ်နိုင်ပါတယ်” ဆိုတဲ့ စကားကို ပြောခဲ့မိလို့ မဟာဖိုဝါဒ အားကောင်းသူများက “ အမျိုးသမီးတစ်ယောက်က ဘုရားဖြစ်ပိုင်ခွင့်မရှိဘူး” လို့ အတော်ကလေး အငြင်းအခုံ ဖြစ်လိုက်ပါသေးတယ်။ ဗုဒ္ဓကျမ်းဂန်များမှာတော့ ယောကျာင်္းကော မိန်းမကော ဘုရားဖြစ်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် အဲဒီဘုရား ဖြစ်ဖို့ အတွက် လမ်းခုလတ်မှာ လျှောက်လှမ်းရမဲ့လမ်းကတော့ အနှေးအမြန် ကွာခြားနိုင်သလို ပေးဆပ်ရတဲ့ တန်ဖိုး ချင်းလည် တူချင်မှတူမှာပါ။ ဥပမာဆိုကြပါစို့ အမျိုးသမီးဖြစ်သူက “အမျိုးသားတစ်ယောက်ဘ၀ အဖြစ်” ရရှိဖို့ ရှေးဦးစွာ ဆုတောင်းခြင်းမျိုး စသဖြင့်ပါ။ ထူးခြားတာက မြတ်ဗုဒ္ဓဟာ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် လူသားရဲ့ ရပိုင်ခွင့် အခွင့်အရေးကို ပိတ်ဆို့မထားဘူးဆိုတာပါပဲ။

ဗုဒ္ဓမိန့်ခဲ့တဲ့ “ ငါဘုရားဟာ လမ်းညွန်သူ” ဖြစ်တယ်ဆိုတဲ့ စကားအတိုင်းပါပဲ။ မြတ်ဗုဒ္ဓဟာ လမ်းညွန်သူသာ ဖြစ် ပါတယ်။ ဒါပေမယ့် မြတ်ဗုဒ္ဓဟာ ဒီနေရာမှာ ဘယ်လို လမ်းညွန်ထားပါသလဲဆိုတာကို ရှင်းလင်းစွာ သိမြင်ဖို့ကြ တော့ စာရေးသူတို့ရဲ့ တာဝန်ဝတ္တရားအဖြစ် နားလည်ခံယူထားမိခြင်းပါ။

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်