Thursday, May 20, 2010

သံသယတွေ ပြေပျောက်စေချင်


ကိုယ်ဘက်က သူများကို တွေဝေနေရတာမျိုး၊ သူတစ်ပါးက ကိုယ့်ကို တွေးတောနေရတာမျိုး၊ ကိုယ်နှင့်အတူ သူကပါ သို့လော သို့လော မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေရတာမျိုး၊ ကိုယ်ရောသူပါ ယုံးမှားသင်္ကာ မရှိတော့တာမျိုး။ ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် ဖြစ်တတ်တဲ့ သံသယလေးတွေကနေ ပေါက်ဖွါးလာတဲ့ စကားလုံးလေးတွေပါ။

ဆန့်ကျင်ဘက်အရာတွေ ပြည့်နှက်နေတဲ့ ကမ္ဘာလောကကြီးမှာ လူအများဟာ ရပ်တည်နေကြရတာပါ။ လူအများစုကြားထဲမှာ နေထိုင်နေကြပေမယ့် အထီးကျန်နေတဲ့သူတွေ ခွဲခြားခံနေရသူတွေ အများသားဆိုတာပါ။ လူအများဟာ မိသားစုတစ်ခုအတွင်းမှာ နီးနီးကပ်ကပ်နေကြပေမယ့် တကယ်တော့ တစ်ဦးနဲ့တစ်ဦး ဝေးကွာနေကြသူတွေလဲ မနည်းပါ။ အဲဒီမိသားစုရဲ့ အခြားတစ်ဖက်ကို ရောက်နေခြင်းခံနေရတာပါ။ နားလည်ခြင်းနဲ့ ရိုးသားမှုတွေ ကင်းကွာနေကြတဲ့အခါ တစ်ယောက်က အခြားသူတစ်ယောက်ကို မယုံကြည်နိုင်သလို အခြားတစ်ယောက်ကလည်း အဲဒီသူကို ပြည်လည်လို့ စိတ်မချပြန်ပါဘူး။

သံသယဆိုတာ အမျိုးမျိုးသောအကြောင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ လင်မယားအချင်းချင်း၊ သားသမီးနဲ့ မိဘ၊ ညီအကို မောင်နှမအချင်းချင်း၊ သူငယ်ချင်းအချင်းချင်း စသဖြင့် တစ်ဦးနဲ့တစ်ဦး စပ်ဆက်နေသမျှ အကြောင်းတစ်မျိုးမျိုးနဲ့ သံသယတွေ ဖြစ်နေရဦးမှာပါ။ အဲဒီကမှတစ်ဆင့် ခိုက်ရန်ဖြစ်ကြ၊ နောက်ဆုံးတစ်ဦးနဲ့တစ်ဦး မခေါ်မပြောနိုင်တဲ့အဆင့်ထိ ရောက်ရှိခဲ့ကြတာတွေလည်း အများသားပါ။ အဲဒီလို သံသယတွေထဲမှာ အချို့သောသံသယများကြတော့ စိတ်ထဲမှာ တစ်နုံ့ နုံ့ ခံစားနေရတတ်ပါတယ်။ အချို့ သံသယကတော့ သံသယမှ ဒေါသ ရန်ငြိုး အမုန်းတရားဆီသို့ ကူးပြောင်းရောက်ရှိသွားတာတွေကလည်း အများကြီးနေမှာပါ။ မိသားစု အသိုင်းအ၀ိုင်းထက် ကျော်လွန်ပြီး လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ နိုင်ငံတစ်ခုနဲ့တစ်ခု၊ ဘာသာအယူဝါဒ တစ်ခုနဲ့တစ်ခု စသဖြင့် သံသယမှ နောက်ဆုံး စစ်ဖြစ်ပွါးတဲ့အထိပါ။

ကိုယ်ကိုယ်တိုင်လဲ တစ်ခါတစ်ရံ သူများတွေကို သံသယတွေ ဖြစ်ဖူးပါတယ်။ ကိုယ်ကိုယ်တိုင်က စကားလုံး အားဖြင့်ဖြစ်စေ၊ အပြုအမူအားဖြင့်ဖြစ်စေ တစ်နည်းအားဖြင့်တော့ ကာယကံနဲဖြစ်ဖြစ် ၀စီကံနဲ့ဖြစ်ဖြစ် မမှားယွင်းသင့်ဘဲ မှားယွင်းတဲ့အခါ၊ ကိုယ်ပြောလိုချင်တဲ့အကြောင်းအရာကို တစ်ဖက်သား နားလည်အောင် ရှင်းမပြနိုင်တဲ့ အခါမျိုးများမှာ သူတစ်ပါးက ကိုယ့်ကို သံသယတွေဖြစ်တာလည်း ခံရဖူးပါတယ်။ ကိုယ်မပိုင်တဲ့နယ်ပယ်တစ်ခုကို ၀င်တိုးမိတဲ့အခါမျိုးများမှာ ကိုယ့်ရဲ့မကျွမ်းကျင်မှုကြောင့် သံသယတွေအဖြစ်ခံရတဲ့အကြိမ်တွေလဲ ရှိနေတာပါ။ တစ်ခါတစ်လေမှာ ကိုယ်က အဲဒီသံသယတွေကို ပြေပျောက်ဖို့ ကြိုးစားလေလေ အခြားတစ်ဖက်သူက ကိုယ့်ကို ပိုလို့များ သံသယတွေက များလာလေလေ တိုးပွါးလာလေလေဆိုတာမျိုးကိုလည်း ကြုံရတတ်ပါတယ်။

အဲဒီသံသယတွေဟာ သံသယဖြစ်တဲ့အတိုင်း တကယ်ဖြစ်တတ်တာလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် တကယ် လက်တွေ့ မှာတော့ သံသယဖြစ်တဲ့အတိုင်း ပေါ်ပေါက်လာတာထက် သံသယစိတ်တွေ လွန်ကဲနေတာက ပိုလို့ များပါတယ်။ ဒါကြောင့်လဲ “သံသယဆိုတဲ့ သံချပ်ကာအင်္ကျီဝတ်ထားတဲ့သူဟာ မိမိကိုယ်ကိုယ် အကာအကွယ် ပေးနိုင်သည်ထက် ၀တ်ဆင်ထားရခြင်းက ပိုလို့ လေးလံပါတယ်” ဆိုတဲ့ စကားလေးက ပေါ်ပေါက်လာတာနေမှာပါ။ ဆိုလိုတာကတော့ “ဖြစ်လာမှာလား? မဖြစ်လာဘူးလာ? မှားသလား? မှန်သလား?”ဆိုတာ ကျိန်းသေတာ မဟုတ်ပေမဲ့ သံသယကို ထွေးပိုက်ထားရခြင်းက စိတ်ကို ပိုလို့ လေးလံစေတယ်၊ ပင်ပန်းစေတယ်ဆိုတာပါ။

“ကာလာမမင်းသားတို့ - သင်တို့အား ယုံမှားခြင်းငှါ သင့်ပေ၏။ တွေးတောခြင်းငှါ သင့်ပေ၏။ သင်တို့အား ယုံမှားခြင်းငှါ သင့်သောအရာ၌ ယုံမှားခြင်း ဖြစ်၏”။ ဒါကတော့ မြတ်ဗုဒ္ဓက ကာလာမမင်းသားတွေကို မိန့်ကြားတဲ့စကားပါ။ ကေသမုတ္တိဆိုတဲ့ မြို့ငယ်လေးကို ဘာသာရေးခေါင်းဆောင်အမျိုးမျိုးက “သူ့ဘာသာက ကောင်းတယ်၊ သူများဘာသာကတော့ မကောင်းဘူး”ဆိုပြီး ၀င်ရောက်ဟောပြောနေကြတာပါ။ ဒီတော့လဲ ကေသမုတ္တိမြို့သား ကာလာမမင်းသားတွေဟာ ဘာသာတရားအပေါ်မှာ ရှုပ်ထွေးမှုတွေ ဖြစ်နေတယ်ဆိုတာ ထူးဆန်းမယ်တော့မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓ ကြွရောက်လာတဲ့အခါ ကာလာမမင်းသားတွေက ဘာသာရေးခေါင်းဆောင်များဟောပြောမှုရဲ့ ဘာသာဝါဒအမျိုးမျိုးကြောင့် “ဘယ်ဟာအမှား၊ ဘယ်ဟာကတော့အမှန်” ဆိုတာကို သူတို့ ကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်းမရှိဘူးလို့ ဘုရားရှင်ကို လျှောက်ထားကြခြင်းပါ။ အဲဒီလိုလျောက်ထားလို့ မြတ်ဗုဒ္ဓက ဒီစကားလေးကို မိန့်ကြားတာပါ။

ဒီနေရာမှာ မြတ်ဘုရားက ယုံမှားသံသယအပေါ်မှာ ပြစ်တင်မိန့်တော်မူခြင်း မရှိဘူးဆိုတာကိုပါ။ ဖြစ်တတ်တဲ့ သံသယကို မြတ်ဘုရားက ကောင်းစွာလက်ခံတယ် ဆိုတာပါပဲ။ ကိုယ်ကိုယ်တိုင်ရော သူတစ်ပါးကိုပါ ဖြစ်သင့်ဖြစ်ထိုက်တဲ့ သံသယမျိုးဖြစ်လာပါက နားလည်လက်ခံ ခွင့်လွှတ်တတ်ဖို့ လိုတယ်ဆိုတာကို ဒီစာသားလေးက ပြနေသလားလို့ပါ။

ယုံမှားသံသယဆိုတာ အဘိဓမ္မာအလိုအရတော့ ၀ိစိကိစ္ဆာစေတသိက်ပါ။ ၀ိတက်ဆိုတဲ့ ကြံစည်တဲ့သဘောနဲ့ ၀ိစိကိစ္ဆာဆိုတဲ့ ယုံမှားသံသယတို့ဟာ ကွဲပြားခြားနားပါတယ်။ စာရဲ့အဓိပ္ပါယ်၊ ဒါမှမဟုတ် တစ်စုံတစ်ခု အမှုကိစ္စ၊ အဲသလိုမှမဟုတ် ခရီးသွားရာမှာ လမ်းကိုဖြစ်စေ “ဟုတ်မှ ဟုတ်ပါ့မလား၊ ပြုလို့ တော်ပါ့မလား”စသဖြင့် ယုံမှားသံသယ ဖြစ်တတ်ကြပါတယ်။ တကယ်တော့ ရဟန္တာများမှာတောင် ၀ိနည်းတော်ဆိုင်ရာများမှာ “ဒီအမှုဟာ အပ်မှ အပ်ပါ့မလား”လို့ ယုံးမှားတော်မူကြပါသေးတာပါ။ ဒီလိုယုံမှားကြခြင်းကိုတော့ အချို့အရာများဟာ စဉ်းစားကြံစည်တတ်တဲ့ညဏ်၊ အချို့အရာများက အကြံသက်သက် ၀ိတက်သဘောသာ ဖြစ်ပါတယ်။ ၀ိစိကိစ္ဆာအတုလို့လဲ ပြောနိုင်ပါတယ်။ ၀ိစိကိစ္ဆာအစစ်ဆိုတာကတော့ အမှန်တကယ် ယုံသင့်ပါလျက် ယုံထိုက်ပါလျက်နဲ့
မယုံသင်္ကာ ဖြစ်နေခြင်းများကိုသာ ဆိုလိုပါတယ်။

ကျမ်းဂန်များမှာတော့ ဖြစ်တတ်တဲ့ ယုံမှားသံသယများကို ဒီလို ဖော်ထုတ်ပြထားပါတယ်။
(၁-၂-၃-၄-၅) ငါသည် အတိတ်ကာလတုန်းက ဖြစ်ခဲ့ဘူးသလား၊ မဖြစ်ခဲ့ဘူးဘူးလား၊ အဘယ်သူ ဖြစ်ခဲ့ဘူးသနည်း၊ အဘယ်သို့ ဖြစ်ခဲ့ဘူးသနည်း၊ အဘယ်သူဖြစ်ပြီး၍ အဘယ်သူ ဖြစ်ခဲ့ဘူးသနည်း၊
(၆-၇-၈-၉-၁၀) ငါသည် အနာဂါတ်ကာလမှာ ဖြစ်လတံ့လား၊ မဖြစ်တော့ဘူးလား၊ အဘယ်သူ ဖြစ်မှာလဲ၊ အဘယ်သို့ ဖြစ်မှာလဲ၊ အဘယ်သူဖြစ်ပြီး၍ အဘယ်သို့ဖြစ်လတံ့နည်း၊
(၁၁-၁၂-၁၃-၁၄-၁၅-၁၆) ငါသည် ယခုပစ္စုပ္ပန်ဘ၀မှာ ငါဖြစ်သလား၊ ငါမဟုတ်ဘူးလား၊ ငါ အဘယ်သူ ဖြစ်သနည်း၊ ငါ အဘယ်သို့ ဖြစ်သနည်း၊ ငါ အဘယ်မှ လာသနည်း၊ ငါ အဘယ်သို့ သွားလတံ့နည်း- ဆိုပြီး ၁၆-မျိုး ပြဆိုထားပါတယ်။

နောက်တစ်နေရာမှာတော့ (၁-၂-၃-၄) မြတ်ဘုရားရှင်၊ တရားတော်၊ သံဃာတော်၊ အကျင့်သိက္ခာ၌ ယုံမှားတွေးတောခြင်း၊ (၅-၆-၇) ဖြစ်ပြီးသောခန္ဓာ၊ ဖြစ်လတံ့သောခန္ဓာ၊ ဖြစ်ပြီး- ဖြစ်လတံ့သောခန္ဓာစသည်တို့၌ ယုံမှားတွေးတောခြင်း၊ (၈) အကြောင်းအကျိုးတရားတို့၌ ယုံမှားတွေးတောခြင်းရယ်လို့ ၈-မျိုး ဖွင့်ဆိုထားပါသေးတယ်။

ဒါတွေကတော့ ဘာသာရေးအပေါ်မှာ အခြေခံထားတဲ့ သံသယတွေပဲလို့ ဆိုလိုပါက ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဖြစ်ပျက်နေတဲ့အရာဝတ္ထုမှန်သမျှဟာ အကြောင်းအကျိုးဆိုတဲ့ အ၀န်းအ၀ိုင်းတစ်ခုတည်းမှာပဲ ဖြစ်နေတော့ သံသယဆိုတာကလည်း တကယ်တော့ အကြောင်းအကျိုးဖြစ်စဉ်တွေပါပဲ။

မြတ်ဗုဒ္ဓက ဆိုခဲ့ပြီးတဲ့အတိုင်း လူသားတွေရဲ့သဘာဝအရ သံသယဖြစ်တတ်တာကို လက်ခံထားပေမယ့် မြတ်ဗုဒ္ဓဟာ မိမိ(မြတ်ဘုရားရှင်)ရဲ့ အယူဝါဒအပေါ်မှာ ယုံမှားသံသယရှိနေတာမျိုးကိုတော့ ပယ်ဖျောက်ပေးဖို့ အမြဲအာသီသ ရှိနေတယ်ဆိုတာပါ။ ဒါ့ကြောင့် မြတ်ဘုရားရှင်ဟာ ပရိနိဗ္ဗာန်ပြုတော်မမူမီ “အချိန်အနည်းငယ် အလိုမှာပဲ” တပည့်များကို တိုက်တွန်းစကား မိန့်ကြားခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီမိန့်ကြားထားတာကတော့ -

“ရဟန်းတို့ - ဘုရား၌ဖြစ်စေ၊ တရားတော်၌ဖြစ်စေ၊ သံဃာတော်၌ဖြစ်စေ၊ မဂ်၌ဖြစ်စေ၊ အကျင့်၌ဖြစ်စေ ယုံမှား တွေးတောခြင်းသည် တစ်စုံတစ်ယောက်သောရဟန်းအား ဖြစ်လျက်ရှိငြားအံ့။ ရဟန်းတို့ - ငါ့အား မေးကြကုန်လော့၊ “မြတ်စွာဘုရားသည် ငါတို့၏မျက်မှောက်၌ ထင်ရှားရှိခဲ့ပါလျက် ငါတို့သည် မြတ်စွာဘုရားကို ရှေ့တော်၌ ပြန်၍မေးခြင်းငှါ မစွမ်းနိုင်ကြပါတကား”ဟု သင်တို့သည် နောင်တတစ်ဖန် ပူပန်ခြင်း မဖြစ်ကြစေကုန်လင့်” လို့ ဖြစ်ပါတယ်။

ရဟန်းတော်တွေကို မြတ်ဘုရားက ဒီလိုမေးမြန်းခြင်းဟာ သုံးကြိမ်တိုင်တိုင်ပါ။ ရဟန်းတော်များက ပြန်လည် လျှောက်ကြားခြင်း ဖြေကြားခြင်းမရှိဘဲ ဆိတ်ဆိတ်နေတော်မူလို့ မြတ်ဘုရားက နောက်ထပ် ဒီလို မိန့် ပါတယ်။

“ ရဟန်းတို့ - သင်တို့သည် ဘုရား၌ ရိုသေသဖြင့် မမေးကြသည်ရှိသော်လည်း ဖြစ်ငြားအံ့။ ရဟန်းတို့ - အဖော် ရဟန်းအချင်းချင်းအားမူလည်း မိမိ၏ယုံမှားတွေးတောခြင်းကို ပြောကြားလော့” ဆိုတာကိုပါ။

ဒီမိန့်ကြားချက်ကလေးတွေကို ကြည့်မယ်ဆိုယင် မြတ်ဘုရားရှင်ဟာ ဘုရားအစရှိတဲ့ အပေါ်မှာ သံသယဖြစ်တာမျိုးကို လိုလားတော်မမူဘူးဆိုတာ ထင်ရှားပါတယ်။ အဲဒီလို မလိုလားသလို သံသယကို မွေးမြူထားတာကို လက်မခံဘူးဆိုတာပါ။ ဖြေရှင်းသင့်တဲ့အရာကို ချက်ချက်ဖြေကြားတော်မူမယ်ဆိုတာ ယုံကြည်နေမိပါတယ်။ ဒါကလည်း မြတ်ဗုဒ္ဓရဲ့ဓမ္မတွေဟာ မှန်ကန်နေတဲ့အတွက်ကြောင့်ပါ။ အဲဒီရဲ့အခြားတစ်ဖက်မှာကတော့ မိမိတို့ အားလုံးဟာလဲပဲ ကိုယ်ကိုယ်တိုင်မှန်ကန်တယ်ဆိုတာ သိနေပါလျက် မဖြေရှင်းသင့်ဘူးလားဆိုတာပါ။

မြတ်ဗုဒ္ဓဟာ ဘာ့ကြောင့် ယုံမှားသံသယကို ဖြေရှင်းပေးဖို့ ပရိနိဗ္ဗာန်စံလွန်တော်မူခါအနီးထိ လိုလားအာသီသ ရှိတော်မူပါသလဲ ဆိုတာကတော့ ဒီမိန့်တော်မူချက်လေးကပဲ အဖြေပေးမလားလို့ပါ။ အဲဒါကတော့ -

“ဓောတက - လောက၌ ယုံမှားမှုရှိသူ တစ်ဦးတစ်ယောက်ကိုမျှ လွတ်မြောက်စေချင်ငှါ ငါဘုရား တတ်နိုင်မည်မဟုတ်။ သင်သည် မြတ်သောနိဗ္ဗာန်တရားကို သိလတ်သော် ဤနည်းဖြင့် ဤသံသရာအယဉ် ‘သြဃ’ကို လွန်မြောက်နိုင်ရာ၏” ဆိုတာပါ။

ယုံးမှားမှုတွေ သံသယတွေဟာ လောကီကောင်းကျိုးများကို ထိခိုက်စေနိုင်ယုံမျှမက လွတ်မြောက်မှုအတွက်ပါ အန္တရာယ်ပြုနေတယ်ဆိုတာကို ဒီမိန့်ဆိုတော်မူချက်ကလေးက အသိပေးလို့နေပါတယ်။

မြတ်ဗုဒ္ဓဟောကြားထားချက်အရ အမြင့်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်ဖို့အတွက် အဆင့်လေးဆင့်နဲ့ တက်ရောက်ကြရတာပါ။ အဆင့်တိုင်း အဆင့်တိုင်းမှာ အဲဒီအဆင့်နဲ့လျော်ညီစွာ အကျိုးသက်ရောက်မှုများ ရှိနေပါတယ်။ အဲဒီအထဲကမှ အောက်ထစ်ဆုံးဖြစ်တဲ့ သောတာပန်ပုဂ္ဂိုလ်အဖြစ် ရရှိခဲ့မယ်ဆိုလျင် ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာတို့ကို ပယ်သတ်နိုင်ပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ယုံမှားခြင်း ၀ိစိကိစ္ဆာကို ပယ်သတ်နိုင်မှသာလျင် သောတာပန်ဖြစ်တယ်လို့ အပြန်အားဖြင့် ယူနိုင်ပါတယ်။

ဒီနေရာမှာ သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့ စွမ်းရည်သတ္တိများကို ဆက်လက်လို့ ပြောချင်ပါတယ်။
“ထိုသောတာပန် ဖြစ်ပြီးသောပုဂ္ဂိုလ်သည် -ဒိဋ္ဌဓမ္မော -ကိုယ်တိုင် မြင်အပ်ပြီးသော တရားရှိ၏။ ပတ္တဓမ္မော - ကိုယ်တိုင်ဆိုက်ရောက်အပ်ပြီးသော တရားရှိ၏။ ၀ိဒိတဓမ္မော -ကိုယ်တိုင်သိအပ်ပြီးသော တရားရှိ၏။ ပရိယောဂါဠဓမ္မော -ကိုယ်ပိုင်ညဏ်ဖြင့် သက်ဝင်အပ်ပြီးသော တရားရှိ၏။ တိဏ္ဏ၀ိစိကိစ္ဆော -ယုံမှားခြင်း၏ တစ်ဘက်ကမ်းသို့ ရောက်အောင် ကူးမြောက်ပြီး၏။ ၀ိဂတကထံကထော -သို့လော သို့လော တွေးတောယုံမှားခြင်းမှ လွတ်ကင်း၏။ ဝေသာရဇ္ဖပတ္တော -ကြောက်ရွံ့ မှုကင်းလျက် ရဲရင့်ခြင်းသို့ ရောက်၏။ အပရပ္ပစ္စယော သတ္ထုသာသနေ - မြတ်စွာဘုရား၏သာသနာတော်အတွင်း၌ သိမြင်ပြီးသော ညဏ်အစွမ်းအားဖြင့် သူတစ်ပါးတို့အား ယုံကြည်အားထားခြင်းမရှိတော့ပေ”

ဖော်ပြပါစကားတွေထဲက တိဏ္ဏ၀ိစိကိစ္ဆော၊ ၀ိဂတကထံကထော-ဆိုတဲ့ စကားတွေက သောတာပန်ပုဂ္ဂိုလ်ဟာ သံသယကင်းစင်ပြီး ဖြစ်ကြောင်းကို ဖော်ပြနေတယ်ဆိုတာပါ။ သူ့ရဲ့အပြန်အားဖြင့်တော့ သောတာပန်မဖြစ်သေးသမျှ ယုံမှားမှုသံသယများဟာ လူသားတွေနဲ့အတူ အမြဲဒွန်တွဲလျက် ရှိနေဦးမယ်ဆိုတာပါ။

ဒါကို နားလည်းနေမိပြန်တော့ သံသယဆိုတဲ့အရာက ကိုယ်ကိုယ်တိုင်ရော ကိုယ့်ပတ်ဝန်းကျင်ကသူတွေပါ အချိန်ပြည့်လွန်မြောက်ဖို့ ခက်သားဆိုတာပါ။ တစ်နေ့မဟုတ်တစ်နေ့နေ့ အနည်းအများ အကြီးအသေး ကွားခြားပြီး ပေါ်ပေါက်နေဦးမှာပါ။ အဲဒီလို ပေါ်ပေါက်လာတဲ့အခါ မြတ်ဗုဒ္ဓဟာ ဖြေရှင်းသင့်တဲ့ သံသယမျိုးဖြစ်ပါက သိုသိပ်ထားခြင်းမျိုးကို လိုလားတော်မမူဘဲ ဖြေရှင်းဖို့သာ အာသီသရှိတော်မူတယ်ဆိုတာကို အမှတ်ရနေသင့်ပါတယ်။ အဲသလိုပါပဲ မိမိသူတစ်ပါး နှစ်ဦးသားအတွက် ဖြေရှင်းသင့်တဲ့သံသယဖြစ်ပါက ဖြေရှင်းခြင်းကသာ ပိုလို့ကောင်းမယ်လို့ တွေးမိခြင်းပါ။ ဒီလိုဖြေရှင်းလိုက်တဲ့အတွက် သံသယကို ပြေပျောက်သွားစေမှာပါ။ ဒါပေးမယ် အချို့သံသယများကိုတော့ ဖြေဖျောက်နိုင်စွမ်း ရှိချင်မှ ရှိမှာပါ။ ဖြေရှင်းလို့ မရနိုင်သေးဘူးဆိုတာကို သိလာရတဲ့အခါ နားလည်ခွင့်လွှတ်ခြင်းဖြင့် မေ့ဖျောက်ထားတတ်ဖို့လဲ လိုအပ်မှာပါ။ ဒါဟာ အရှုံးပေးခြင်းမျိုး မဟုတ်ဘဲ တစ်နေ့သောအခါ အဖြစ်မှန်ကို သိလာပါလိမ့်မယ်ဆိုပြီး စိတ်မကောင်းစွာဖြင့် လျစ်လျူရှု့ထားရခြင်းမျိုးပါ။ ဆိုလိုတာကတော့ ဖြေရှင်းသင့်တဲ့သံသယကို မျိုသိပ်ထားတာ လက်ခံထားတာထက် ဖွင့်အန်ထုတ်ခြင်း ဖြေရှင်းခြင်းကသာ ရှုပ်ထွေးနေတဲ့အရာတွေ လေးလံနေတဲ့ဝန်တွေ ရှင်းလင်းသွားမှာ ပေါ့ပါးသွားမှာ ဖြစ်တယ်လို့ ယုံကြည်နေမိလို့ပါ။

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်