Friday, October 29, 2010

အကြမ်းမဖက်ခြင်း ပါဝါ

အကြမ်းမဖက်ခြင်းရဲ့စွမ်းပကားဟာ အကြမ်းဖက်ခြင်းပါဝါထက် ပိုလို့ သြဇာကြီးမားပါတယ်။ အကြမ်းမဖက်ခြင်းရဲ့ သက်ရောက်မှုများကသာ အပြုသဘောဆောင်တဲ့ ရည်မှန်းချက်များကို ရရှိနိုင်ပါတယ်။ အကြမ်းဖက်ခြင်းရဲ့ နည်းလမ်းများကတော့ ပျက်စီးရာပျက်စီးကြောင်းနဲ့ အတိဒုက္ခရောက်မှုများဆီသို့သာ ဦးတည်နိုင်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့လွတ်လပ်ရေးတိုက်ပွဲကို စတင်ခဲ့တာကတော့ ၁၈၅၇-ခုနှစ်မှာပါ။ အဲဒီခေတ်ခေါင်းဆောင်တွေဟာ အကြမ်းဖက်နည်းလမ်းများနဲ့ လွတ်လပ်ရေးရယူချင်ခဲ့ကြပါတယ်။ အဲဒီလမ်စဉ်နဲ့ ဆက်လက်လို့ တိုက်ပွဲဝင်ခဲ့ကြတာဟာ ၁၉၁၉-ခုနှစ်အထိလို့ ဆိုရမှာပါ။ ဒါပေမယ့် အဲဒီလမ်းစဉ်ဟာ အောင်မြင်မှုမရရှိခဲ့ပါဘူး။ အဲဒီ ၁၉၁၉-ခုနှစ်ထဲမှာပဲ မဟတ္တမဂန္ဓီဟာ လွတ်လပ်ရေးတိုက်ပွဲထဲကို ပါဝင်ခဲ့ပါတယ်။ အခြေအနေ သဘောသဘာဝများကို နားလည်လာပြီးတဲ့နောက်မှာတော့ မဟတ္တမဂန္ဓီဟာ သူလုပ်ဆောင်မယ့်အစီအစဉ်များကို ရှေးကခေါင်းဆောင်များနဲ့မတူဘဲ ဆန့်ကျင်ဘက်အသွင်ဖြင့် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

မဟတ္တမဂန္ဓီက သူတို့ဟာ လွတ်လပ်ရေးအတွက် ဆက်လက်ပြီး ချီတက်တိုက်ပွဲဝင်မယ်ဆိုတာကို အသိပေးကြေငြာခဲ့ပါတယ်။ ဒါပေမယ့် နည်းလမ်းကတော့ လုံးဝအကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ပဲ ဖြစ်ပါတယ်။ ရှေ့ပိုင်းခေါင်းဆောင်တွေဟာ ဗြိတိသျှဥပဒေကို ဆန့်ကျင်ကန့်ကွက်ဖို့အတွက် အကြမ်းဖက်ခြင်းဆိုတဲ့ ဗုံး-ကို အသုံးပြုခဲ့ကြပေမယ့် သူတို့ကတော့ တူညီတဲ့ ပန်းတိုင်ကို ရရှိဖို့အတွက် အကြမ်းမဖက်ခြင်းဆိုတဲ့ဗုံး-ကို ယခုအခါ အသုံးပြုမယ်လို့ ကြေငြာခဲ့ပါတယ်။

မဟတ္တမဂန္ဓီရဲ့ ဒီကြေငြာချက်ဟာ အနာဂါတ်အလားအလာတစ်ခုလုံးအတွက် အပြောင်းအလဲပဲ ဖြစ်ပါတယ်။ ဒီအပြောင်းအလဲဟာ ဗြိတိသျှအင်ပါယာရဲ့ လည်ပတ်နေတဲ့စက်ယန္တယားတစ်ခုလုံးကို ရပ်တံ့သွားစေခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီထုတ်ဖော်ကြေငြာချက်ဟာ ပဟေဠိဖြစ်သွားစေတဲ့ပုစ္ဆာတစ်ပုဒ်ဆိုယင်လဲ မမှားပါဘူး။ ဗြိတိသျှတစ်ယောက်က သူ့ရဲ့အတွင်းဝန်ရုံးကို ကြေးနန်းပို့လာတဲ့ စာထဲမှာတော့ ဒီလိုရေးထားပါတယ်။ အဲဒါကတော့ “ အကြမ်းဖက်ခြင်းမရှိတဲ့ကျားကို ဘယ်လို သတ်ရမလဲဆိုတဲ့ညွန်ကြားချက်ကို ကြေးနန်းရိုက်ပါ ” ဆိုတာပဲ ဖြစ်ပါတယ်။

အကြမ်းဖက်ခြင်းနည်းလမ်းများက လက်တုန့်ပြန်အကြမ်းဖက်ဖို့အတွက် သင့်ရဲ့ပြိုင်ဘက်အတွက် ကြောင်းကျိုး သင့်လျော်တဲ့တရားမျှတမှုကို ပေးပါတယ်။ ဒါပေမယ့် သင်ဟာ အကြမ်းမဖက်တဲ့ နည်းလမ်းများကို ရွေးချယ် ရပ်တည်ထားမယ်ဆိုယင် အခြားအဖွဲ့အစည်းအသင်းအပင်းများက သင့်ကို ဆန့်ကျင်တော်လှန်ပြီး တိုက်ခိုက်ဖို့အတွက် အသုံးပြုစရာမြေ ရှိတော့မယ်မဟုတ်ပါ။ ဒါဟာ မဟတ္တမဂန္ဓီရဲ့ အကြမ်းမဖက်တဲ့နည်းလမ်းများရဲ့ ယုတ္တိဗေဒပဲ ဖြစ်ပါတယ်။ အဲဒီနောက် များမကြာမီမှာပဲ အိန္ဒိယနိုင်ငံဟာ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ ဒီ အကြမ်းမဖက်ခြင်းပုံသေနည်းစနစ်ဟာ ပုဂ္ဂလိကဆိုင်ရာအဆင့်မှာဖြစ်စေ အမျိုးသားဆိုင်ရာအဆင့်မှာဖြစ်စေ နှစ်ခုလုံးမှာ အကြုံးဝင်သက်ဆိုင်နေပါတယ်။

အကြမ်းဖက်ခြင်းနည်းလမ်းများဟာ အလွန်ဘေးအန္တရာယ်များပြီး စွန့်စားရတဲ့အလုပ် ဖြစ်ပါတယ်။ အဲဒီအရာအတွက် ပြန်လည်ပေးဆပ်ရမယ့်ဆုံးရှုံးမှုကလဲ ကျိန်းသေဖြစ်ပေါ်စေလိမ့်မှာပါ။ ရရှိလာမယ့်အကျိုးတရားများကလည်း အမှန်ပဲ သံသယ ဖြစ်စရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါပေမယ့် အရဲစွန့်ရခြင်းမရှိဘဲ ဘေးအန္တရာယ်ကင်းတဲ့ အကြမ်းမဖက်ခြင်း နည်းလမ်းကတော့ အောင်မြင်မှုအတွက် အသေအချာအာမခံထားပါတယ်။

ဘာ့ကြောင့် အကြမ်းမဖက်ခြင်းနည်းလမ်းများက အဲဒီလို အကျိုးတရားတွေကို အများကြီး သက်ရောက်စေတာလဲ။ အကြောင်းကတော့ အကြမ်းမဖက်တဲ့နည်းလမ်းများဟာ လူသားရဲ့ အသိစိတ်ဓာတ်ကို လာရောက် ရိုက်ခတ်လာတဲ့ အကြောင်းကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီလို အသိစိတ်ဓာတ်ကို လာရောက်ရိုက်ခတ်လာတဲ့အခါ ပတ်သက်ဆက်နွယ်နေတဲ့ လူသားဟာ စဉ်းစားရွေးချယ်ပိုင်ခွင့် မရှိတော့ပါ။ ဒါဟာ သင့်ကို အရှုံးပေးအညံ့ခံလာဖို့ပဲ ဖြစ်ပါတော့တယ်။

အကြမ်းဖက်ခြင်းနည်းလမ်းများဟာ အခြားပါဝင်ပတ်သက်သူများရဲ့ အတ္တမာနကို ခလုတ်ဖွင့်ထိပါးလာပါတယ်။ အဲဒီလို အတ္တမာနများ ပါဝင်လာတဲ့အခါ ပျက်ပြားယိုယွင်းမှုဆိုတဲ့အကျိုးဆက်ကလည်း တစ်ပါတည်း ပါလာပါတော့တယ်။ အကြမ်းဖက်ခြင်းဟာ အကြမ်းဖက်ခြင်းကိုပဲ အမှန်တကယ် ပေါ်ပေါက်စေသလို အဲဒီအကြမ်းဖက်ခြင်းဟာ ပြဿနာများကို ပိုမိုလို့သာ ဆိုးရွားစေပါတယ်။ ပုဂ္ဂလိကဆိုင်ရာအတွက်ဖြစ်စေ၊ အဖွဲ့အစည်းအတွက်ဖြစ်စေ၊ နိုင်ငံအတွက်ဖြစ်စေ အဲဒီထက် တစ်ဆင့်မြင့်လို့ ကမ္ဘာကြီးအတွက်ဖြစ်စေ အဲဒီအကြမ်းဖက်ခြင်းနည်းလမ်းက ဘယ်လိုပြဿနာမျိုးကိုမှ ဖြေရှင်းပေးနိုင်တာမျိုး မရှိပါ။

အကြမ်းမဖက်ခြင်းနည်းလမ်းဟာ သဘာဝတရားဆိုင်ရာနည်းလမ်း ဖြစ်သလို ဒါဟာ မပြောင်းလဲတဲ့ နည်းဥပဒေ တစ်ခုပါ။ အကြမ်းမဖက်တဲ့နည်းလမ်းကို လျှောက်လှမ်းနိုင်ဖို့အတွက် သဘာဝတရားကို အစဉ်ထာဝရ ကျေးဇူးတင်နေဖို့ပါ။ သဘာဝတရားဟာ နေရာတိုင်းမှာ ပြီးပြည့်စုံမှုရှိတယ်ဆိုတာကို အကျွန်ုပ်တို့ တွေ့မြင်ရမှာပါ။ သဘာဝမှာ သက်ဝင်လှုပ်ရှားနေတဲ့ နှိုင်းယှဉ်လို့မရတဲ့ အမျိုးအစားများ ပါဝင်နေနိုင်ပါတယ်။ ဒါပေမယ့် အဲဒါတွေက ပြဿနာကို ဖန်တီးတယ်ဆိုတာမျိုး မရှိပါ။ ဒါဟာ အမှန်တကယ်ပဲ ပြုမူလုပ်ဆောင်ချက်ရဲ့ လမ်းကြောင်းမှာ တည်ကြည်ခိုင်မာစွာ ငြိမ်းချမ်းနေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

အကြမ်းမဖက်နည်းလမ်းဟာ သင်ရဲ့ အချိန် အဲဒီနောက် စွမ်းအင် အဲဒါတွေကို ဖြုန်းတီးရမယ့်အချိန်များမှ သင့်ကို အကာအကွယ် ပေးပါတယ်။ အကြမ်းမဖက်ခြင်း ဆက်လက်တည်ရှိနေခြင်းဟာ အခြေအနေများကို ပုံမှန်ဖြစ်ပေါ်စေဖို့ ကူညီပြီး အဲဒီအကြမ်းမဖက်ခြင်းက အပြုသဘောကို ဆောင်ပါတယ်။ အဲဒါအပြင် အကြမ်းမဖက်ခြင်းက ချစ်ခြင်းမေတ္တာ၊ စာနာမှုကရုဏာတရားတွေကို အားပေးမြှင့်တင်နေစဉ်မှာ အကြမ်းဖက်ခြင်းကတော့ အမုန်းတရားနဲ့ သည်းမခံမှုများကိုသာ မွေးမြူအားပေးနေပါတယ်။ ငြိမ်းချမ်းရေးဆိုတဲ့ အကြမ်းမဖက်ခြင်းဟာ ကြီးမားတဲ့ လူမှုရေးဆိုင်ရာကောင်းကျိုးပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ အဲဒီအရာဟာ လူအများအကြား အပြုသဘောဆောင်တဲ့ အပေါင်းလက္ခဏာကို စိတ်ထဲစွဲမြဲအောင်သွန်သင်ထားလို့ပါ။ အကြမ်းဖက်ခြင်းကင်းတဲ့ ငြိမ်းချမ်းတဲ့ နေရာတိုင်းမှာ ဖွံ့ဖြိုးတိုးတက်တဲ့ သက်ဝင်လှုပ်ရှားမှုများ ရှိနိုင်ပါတယ်။ ဒါပေမယ့် အကြမ်းမဖက်ညင်သာတဲ့ လေထု မရှိဘဲနဲ့တော့ ဘယ်နေရာမှာမှ စည်ပင်ဖွံ့ဖြိုးမှု မရှိနိုင်ဘူးဆိုတာပါပဲ။

ကြယ်များ၊ နက္ခတ်တာရာများ၊ အားလုံးသော အခြား လက္ခဏာအသွင်အပြင်တွေဟာ နေ့ရောညပါ တစ်နေ့တာ ခရီးကို အစီအစဉ်တကျ ရှင်သန်လှုပ်ရှားနေကြပါတယ်။ ဒါပေမယ့် သူတို့ဟာ ဘယ်သောအခါမျှ အကြမ်းမဖက်ခြင်းဆိုတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းမှနေပြီး လမ်းလွှဲသွေဖည်သွားတယ်ဆိုတာမျိုး မရှိပါဘူး။ သဘာဝရဲ့ ယဉ်ကျေးမှုအနုပညာလက်ရာများဟာ အကြမ်းမဖက်ခြင်းပဲ ဖြစ်ပါတယ်။ အကြမ်းမဖက်ခြင်းဟာ စကြ၀ဠာ အစုအဝေးရဲ့ ပြဌာန်းထားတဲ့ဥပဒေသပဲ ဖြစ်ပါတယ်။ မြစ်တွေဟာ အကြမ်းမဖက်ခြင်းဆိုတဲ့ ငြိမ်းချမ်းရေး သတင်းစကားတွေကို တာဝန်ယူသယ်ဆောင်ပြီး စဉ်းဆက်မပြတ်စီးဆင်းနေပါတယ်။ နေရောညပါ တိုက်ခတ်နေတဲ့ လေတွေကတော့ အဲဒီ အကြမ်းမဖက်ခြင်းဆိုတဲ့ ငြိမ်းချမ်းရေးသတင်းစကားတွေကို ဆောင်ပို့လို့ ပေးနေတယ် ဆိုတာပါပဲ။



ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်