Wednesday, October 20, 2010

ကာလာမသုတ်တော် လေ့လာချက်





နိဒါန်း

ဘာသာတရားနှင့်လူ

ကြောက်တတ်သောသဘောသည် ပုထုဇဉ်လူသားတို့၏ မွေးရာပါဗီဇစိတ်ဖြစ်သည်။ ယင်းကြောက်ခြင်းကို အစပြုကာ လူသားတို့သည် ကိုးကွယ်မှုကို စတင်ခဲ့သည်ဟု ဒေသနာတော်က ဆိုသည်။ သို့ဖြစ်၍ လူသားနှင့်ကိုးကွယ်မှုသည် မကွဲမကွာ ရှိလာခဲ့သည်။ ထို့ကြောင့် လောက၌ ကိုးကွယ်မှုဆိုင်ရာဘာသာကြီးများ အသီးသီးပေါ်ထွက်လာခြင်း ဖြစ်သည်။ အကြောက်တရားများသည် ကိုးကွယ်မှုဆိုင်ရာများကို ဖန်တီးပေးသကဲ့သို့ ထိုကိုးကွယ်မှုဆိုင်ရာများကလည်း လူသားတို့အား တစ်ဖန်ပြန်လည်၍ အကြောက်တရားများကို ဖြစ်စေပြန်သည်။ ဒေသနာတော်များ၌ ဤသည်ကိုပင် “ဇာတံ သရဏတော ဘယံ” စသည်ဖြင့် ကိုးကွယ်ခြင်းကြောင့် ဘေးဖြစ်တတ်သည်ဟု ဆိုထားခြင်း ဖြစ်ပေသည်။ သို့ဖြစ်၍ အကြောက်တရားနှင့် ကိုးကွယ်မှု၊ ကိုးကွယ်မှုနှင့်အကြောက်တရားတို့သည် ဆန့်ကျင်ဘက်အသွင်ဖြင့် ထာဝရတည်ရှိနေကြသည်။ ထို့ကြောင့် အချို့က ကိုးကွယ်မှုဆိုင်ရာဘာသာတရားကို “မှိုင်း” ဟု ဆိုထားခြင်း ဖြစ်ပေသည်။ သို့သော် ဘာသာတရားသည် မှိုင်း-မဟုတ်သကဲ့သို့ လူသားမှန်လျင် ဘာသာတရားနှင့်မကင်းကွာစကောင်းပေ။ အချို့ပညာရှင်များက “ဘာသာမဲ့ ဟူသည်ပင် ဘာသာတရားတစ်ခု၏အမည် ဖြစ်သည်” ဟု ဆိုထားရာ ဘာသာတရား၏အပြင်ဘက်၌ လူသားသည် ရပ်တည်ရန် စွမ်းနိုင်မည်မဟုတ်ပေ။

“သဝေ ဟိတေ (ပါသံဋာ) သံယမံစ ဘ၀သုဓိံစ ဣဆံတိ။ ဟိ-မှန်ပါ၏။ သဝေ- အလုံးစုံကုန်သော၊ တေ ပါသံဋာ - ထိုကိုးကွယ် ယုံကြည်မှုဆိုင်ရာ ဘာသာအယူဝါဒတို့သည်၊ သံယမံစ - မကောင်းမှုကို မပြုမိရန် စောင့်စည်းခြင်းကိုလည်းကောင်း၊ ဘ၀သုဓိံစ- ဘ၀၏စင်ကြယ်ခြင်းကိုလည်းကောင်း၊ ဣဆံတိ- အလိုရှိကုန်၏။” ဟု အသောကကျောက်စာ၌ မိန့်ဆိုထားရာ--

လူသားတို့အား မိမိတို့၏ကိုယ်ကျင့်သိက္ခာကို မြင့်မားလာအောင် ထိန်းသိမ်းစောင့်ရှောက်စေလိုခြင်း၊ မိမိတို့ဘ၀ စင်ကြယ်မြင့်မြတ်မှုကို တန်ဖိုးထားစေလိုခြင်းဖြင့် လူ့လောက၌ အသက်ရှင်နေထိုင်ကြစဉ်ကာလအတွင်း ထာဝစဉ်ပျော်ရွှင်ချမ်းမြေ့သော ငြိမ်းချမ်းတည်ငြိမ်သည့် ဘ၀မျိုးကို တည်ထောင်နိုင်ရန် လိုလားခြင်းသည်ပင် ဘာသာတရားများ၏မူလရည်ရွယ်ချက်ဖြစ်သည်ဟု ဆိုသည်။ သို့ဖြစ်၍ ဘာသာတရားတိုင်းသည် တစ်ခုနှင့်တစ်ခု အနှစ်သာရအားဖြင့် မတူကြစေကာမူ အခြေခံမူလရည်ရွယ်ချက်ဖြစ်သည့် အထက်ပါသဘောတရားများကား အတူတူပင် ဖြစ်ပေသည်။ ထို့ကြောင့် လူသားတို့သည် ဘာသာတရားကပေးသော သွန်သင်ချက်အပေါ် အားကိုးအားထားပြု၍ အမှားအမှန်ဟူသမျှကို ဆုံးဖြတ်ကြခြင်း ဖြစ်ပေသည်။


ချက်ချင်းလက်ခံ အတည်မပြုသင့်သော အချက်(၁၀)ချက် အနှစ်ချုပ်

သမိုင်းခေတ်များသည် တစ်ခေတ်ပြီးတစ်ခေတ် ရွေ့လျားနေသည်။ အတွေးအခေါ်များလည်း တစ်ချိန်နှင့်တစ်ချိန် မတူကြတော့ပေ။ အတွေးအခေါ်အဟောင်းများ၏နေရာတွင် အတွေးအခေါ်အသစ်များက အစားထိုးဝင်ရောက်လာကြသည်။ သို့သော်လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀-ကျော်ကာလက ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သော ကေသမုတ္တိသုတ်(ကာလာမသုတ်)တော်လာ အဓိပ္ပါယ် အယူအဆများသည်ကား အိုသွားခြင်း၊ ဟောင်းနွမ်းသွားခြင်း မရှိဘဲ ပေါ်ပေါက်လာသောခေတ်နှင့်အညီ တပြေးညီ လိုက်လျက်ရှိသည်။

ကမ္ဘာ၌ ကာလာမသုတ်ဟု ကျော်ကြားနေခြင်း၏အကြောင်းမှာလည်း ပေါ်ပေါက်လာသောခေတ်နှင့်အညီ တန်းတူလိုက်နိုင်သောကြောင့် ဖြစ်သည်။ ဤကား တစ်ဆင့်ချ၍ ရှု့မြင်ခြင်းသာ ဖြစ်၏။ အမှန်အားဖြင့် ဤသုတ်တော်သည် ပေါ်ပေါက်လာသောခေတ်ထက်ပင် ရှေ့ပြေးဖြစ်နေပေသေးသည်။ သို့သော် ဤသုတ်တော်လာ အဓိပ္ပါယ် အယူအဆများကိုကား အပေါ်ယံမျက်နှာပြင်၌သာ မလေ့လာဘဲ အတွင်းသို့နှိုက်၍ လေ့လာရန် လိုအပ်ပေသည်။ သို့မှသာလျင် ဤသုတ်တော်၏နက်နဲမှုအတိုင်းအတာကို သိရှိနိုင်ပေလိမ့်မည်။ ယင်းနက်နဲမှုအတိုင်းအတာကို သိရှိလာသည်နှင့်အမျှ မြတ်စွာဘုရားရှင်၏သဗ္ဗညုတညဏ်တော်၏နက်နဲပုံကို သိရှိပြီး ဤသုတ်တော်၏တန်ဖိုးကိုလည်း နားလည်မည်မှာ အမှန်ပင် ဖြစ်ပေသည်။

အမြွက်မျှဖော်ပြရသော် ဤသုတ်တော်လာ ချက်ချင်းလက်ခံအတည်မပြုသင့်သော အချက် (၁၀)ချက်ကို ခြုံ၍ကြည့်ပါက (သို့မဟုတ်) ရှု့ထောင့်ပေါင်းစုံမှနေ၍ လေ့လာပါက အချက်တစ်ခုနှင်တစ်ခုသည် လစ်ဟာနေခြင်းမရှိဘဲ စပ်ယှက်လျက် ၀ါ-စပ်နွယ်လျက် ရှိနေသည်ကို တွေးခေါ်သူ၏ကိုယ်ပိုင်ညဏ် မြင့်မားလျင်မြင့်မားသလောက် တွေ့မြင်နိုင်ပေသည်။ ဤလောက၌ တွေးခေါ်နေကြသော အတွေးအခေါ် အယူအဆမှန်သမျှတို့သည် ဤအချက်(၁၀)ချက်၏ အပြင်ဘက်၌ မရှိနိုင်ပေ။ အချက်(၁၀)ချက်၏အတွင်း၌သာ အမည်နာမဝေါဟာရအမျိုးမျိုးဖြင့် တည်ရှိနိုင်ပေသည်။ သို့ဖြစ်၍ ဤ၌ အချက် ၁၀-ချက်ဟု တစ်ခုချင်းအားဖြင့် အမည်နာမကွဲပြားလျက်ရှိနိုင်သော်လည်း ယင်းအချက် ၁၀-ချက်လုံးကို အနှစ်ချုပ်၍ ပြရပါမူကား “မည်သည့်အရာကိုမျှ ချက်ချင်းအတည်ပြုလက်ခံခြင်း မပြုရ”ဟုပင် ဆိုဘွယ်ရှိပေတော့သည်။


သက်သာရာ ရပ်နားရာ

အထက်၌ ချက်ချင်းလက်ခံ အတည်မပြုသင့်သောအချက် (၁၀)ချက်လုံး၏ အနှစ်ချုပ်သည် “မည်သည့်အရာကိုမျှ ချက်ချင်းအတည်ပြု လက်ခံခြင်းမပြုရ” ဟု ဆိုထားသည်။ သို့ဖြစ်ပါက ရေပြင်၌ ထောက်တည်ရာမဲ့သောပုဂ္ဂိုလ်သည် ထိုရေပြင်၌ မျောချင်ရာသို့မျောနေနိုင်သကဲ့သို့ လေဟာပြင်၌ ထောက်တည်ရာမဲ့သောပုဂ္ဂိုလ်သည်လည်း လေဟာပြင်အတွင်း လွင့်မျောချင်းတိုင်း လွင့်မျောနေမည်သာ ဖြစ်ပေသည်။ ထို့အတူ ကိုယ်ပိုင်ညဏ်ဖြင့် အမှားအမှန်,အကောင်းအဆိုးကို မဆုံးဖြတ်နိုင်၍ အယူဝါဒရေးရာ၌ ထောက်တည်ရာမဲ့နေသော ပုထုဇဉ်ပုဂ္ဂိုလ်အတွက် အယူဝါဒရေးရာတောကြီးအတွင်းဝယ် မျက်စိလည် လမ်းမှားကာ တ၀ဲလည်လည်ဖြင့် ဆောက်တည်ရာမဲ့နေပေတော့မည်။

ယင်းသို့ အယူဝါဒရေးရာ၌ ထောက်တည်ရာမဲ့နေပါက မျက်မှောက်ဘ၀၌ ကိုယ်စိတ်ချမ်းသာမှုတို့နှင့်ကင်းဝေးလျက် ဆင်းရဲဒုက္ခ၀ဲသြဃမှာ နစ်မွန်းချင်တိုင်း နစ်မွန်းနေပေတော့မည်။ အဆုံးစွန်အားဖြင့် ဘ၀သံသရာတစ်လျောက်လုံး ထောက်တည်ရာမဲ့လျက် ဒုက္ခဆင်းရဲ ၀ဲဂယက်တွင်းမှာ တ၀ဲလည်လည် ဖြစ်ချင်တိုင်းဖြစ်နေပေတော့မည်။ ထိုသို့ ဆင်းရဲဒုက္ခ၀ဲသြဃထဲမှာ မျောပါချင်တိုင်းမျောပါ၊ နစ်မွန်းချင်တိုင်းနစ်မွန်း၊ တ၀ဲလည်လည် ဖြစ်ချင်တိုင်းဖြစ်နေသော ပုထုဇဉ်လူသားအား ထိုဒုက္ခဆင်းရဲ ၀ဲသြဃအတွင်းမှာ မျောပါချင်တိုင်းမျောပါခွင့်၊ နစ်မွန်းချင်တိုင်း နစ်မွန်းခွင့်၊ တ၀ဲလည်လည် ဖြစ်ချင်တိုင်းဖြစ်ခွင့်ကို မပေးဘဲ သက်သာရာ ရပ်နားရာ ထောက်တည်ရာကို ဤသုတ်တော်က ပေးထားလေသည်။


စံ (သို့မဟုတ်) မှတ်ကျောက်

မှန်၏။ မြတ်စွာဘုရားရှင်သည် ဤသုတ်တော်၌ အချက် ၁၀-ချက်တို့ဖြင့် အရာရာကို ချက်ချင်းအတည်ပြုလက်ခံခြင်းမပြုရန် မိန့်တော်မူခဲ့၏။ ထို့သို့ မိန့်တော်မူခဲ့သည်မှန်သော်လည်း မိမိ၏ကိုယ်ပိုင်ညဏ်ဖြင့် စူးစမ်းဆင်ခြင်ခွင့်ကိုကား တိုက်တွန်းအားပေးထားသည်။ မိမိ၏ကိုယ်ပိုင်ညဏ်ဖြင့် စူးစမ်းဆင်ခြင်ရမည်ဟု တိုက်တွန်းအားပေးချက်နှင့်အညီ တိုင်းတာနိုင်ရန် ၀ါ-တင်ကြည့်နိုင်ရန် စံ (သို့မဟုတ်)မှတ်ကျောက်များကိုလည်း မြတ်စွာဘုရားရှင်ကိုယ်တိုင် ဤသုတ်တော်၌ အရိပ်အမြွက်ဟောကြားထားလေသည်။

မှန်၏။ ဤသုတ်တော်ပါ အချက် ၁၀-ချက်တို့ဖြင့် “မည်သည့်အရာကိုမျှ ချက်ချင်းအတည်ပြု လက်ခံခြင်း မပြုရ”ဟု ဆိုသော်လည်း ပုထုဇဉ်လူသားတို့အတွက် မည်သည့်နည်းနှင့်မျှ အမှားအမှန်, အကောင်းအဆိုးကို ခွဲခြားနိုင်အံ့မထင်။ သို့ဖြစ်၍ မြတ်ဗုဒ္ဓသည် ချက်ချင်းလက်ခံ အတည်မပြုသင့်သော အချက် (၁၀)ချက်နှင့် တစ်ဆက်တည်းအားဖြင့် အမှားနှင့်အမှန်, အကောင်းနှင့်အဆိုးကို မည်ကဲ့သို့သော စံဖြင့် တိုင်းတာရမည်ကို ၀ါ- မည်ကဲ့သို့သော မှတ်ကျောက်ဖြင့် တင်ကြည့်ရမည်ကို တိုင်းတာရန် ၀ါ- တင်ကြည့်ရန် စံ (သို့မဟုတ်)မှတ်ကျောက်များကိုလည်း ဟောကြားတော်မူခဲ့ပါသည်။

ယင် စံ (သို့မဟုတ်)မှတ်ကျောက်များမှာ--
“အကုသိုလ်ဖြစ်သော - အပြစ်ရှိသော - ပညာရှိတို့ ကဲရဲ့အပ်သော - စီးပွါးမဲ့ရန်ဖြစ်သော- ဆင်းရဲရန်ဖြစ်သော- လောဘ, ဒေါသ, မောဟ, တရားများနှင့် ကုသိုလ်ဖြစ်သော - အပြစ်ကင်းသော- ပညာရှိတို့ ချီးမွမ်းအပ်သော- အစီးအပွါးရှိခြင်းငှါဖြစ်သော- ချမ်းသာခြင်းငှါဖြစ်သော -အလောဘ, အဒေါသ, အမောဟ-တရားများ, ပင် ဖြစ်ပေသည်။


ဝါဒမှန်ကို ရှာဖွေခြင်း အဓိပ္ပါယ်

ဖော်ပြပါ အချက် ၁၀-ချက်ကို စံ(သို့မဟုတ်)မှတ်ကျောက်များပေါ်တွင် တိုင်းတာ၍ ၀ါ-တင်ကြည့်၍ အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုးကို ခွဲခြားနားလည်နိုင်ပြီဆိုပါက ဤသုတ်တော်ကပေးသော မိမိကိုယ်တိုင် စူးစမ်းဆင်ခြင်ခြင်း၏အနှစ်သာရကို တွေ့ရှိရပြီဟု သတ်မှတ်ရပေမည်။ သို့သော် အမှားနှင့်အမှန်၊ အကောင်းနှင့်အအဆိုးတို့ကို ကိုယ်တိုင်စူးစမ်းဆင်ခြင်နိုင်ရုံမျှဖြင့် ကျေနပ်၍မနေဘဲ ယင်းတို့တွင် မှားသော ဆိုးသော တရားတို့ကို ပယ်စွန့်၍ မှန်သောကောင်းသောတရားတို့ကို ပြည့်စုံစေရမည် ဖြစ်ပေသည်။ မှန်၏။ ဤသို့ ပယ်စွန့်ရမည့်တရားများကို ပယ်စွန့်နိုင်ရန်၊ ပြည့်စုံရမည့်တရားများ ပြည့်စုံနိုင်ရန်အတွက် စစ်မှန်သောအယူဝါဒကို ရှာဖွေခြင်း ဖြစ်လေသည်။ ပယ်စွန့်ရမည့်တရားများကို ပယ်စွန့်ခြင်း၊ ပြည့်စုံရမည့်တရားများကို ပြည့်စုံစေခြင်းဟူသော စွမ်းရည်သတ္တိထူးကို ရရှိပြီးဆိုပါက စစ်မှန်သော ဘာသာအယူဝါဒကို ရှာဖွေခြင်း၏အဓိပ္ပါယ်သည်လည်း ပြီးပြည့်စုံသွားပြီဟု ဆိုနိုင်ပေသည်။


ပစ္စုပ္ပန်ချမ်းသာ

သို့သော် မြတ်စွာဘုရားရှင်သည် လူသားတို့အား ဤမျှဖြင့် ကျေနပ်ရောင့်ရဲခြင်းကို လိုလားတော်မမူဘဲ တစ်ဆင့်တက်၍ ပွါးများရမည့်အရာများကို ဟောကြားတော်မူခဲ့ပါသည်။ ယင်းကား အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တ၀ါအားလုံးတို့ကို မိမိနှင့်အတူပြု၍ ပြန့်ပြောသော၊ မြင့်မြတ်သော၊ အတိုင်းအရှည်မရှိသော၊ ရန်မရှိသော၊ ကြောင့်ကြခြင်းမရှိသော စိတ်ဖြင့် ပွါးများနေထိုင်ရမည့် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ တည်းဟူသော ဗြဟ္မ၀ိဟာရတရားများပင် ဖြစ်ပေသည်။

မြတ်စွာဘုရားရှင် ဟောကြားတော်မူသော ပိဋကသုံးပုံ၊ နိကာယ်ငါးရပ်တို့တွင် ဤကေသမုတ္တိသုတ်(သို့မဟုတ်)ကာလာမသုတ်သည်ကား သုတ္တန်ပိဋက၊ အဂုင်္တ္တရနိကာယ်၊ တိကနိပါတ်၌ ပါရှိသောသုတ်တော် ဖြစ်ပေသည်။ မျက်မှောက်ခေတ်၌ မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့် ကျော်ကြားသောဒေသနာတော်အများအပြားရှိရာတွင် ဓမ္မစက္ကပ၀တ္တနသုတ်၊ အနတ္တလက္ခဏသုတ်၊ မဟာသတိပဌာနသုတ်၊ ဓမ္မပဒ၊ အဘိဓမ္မာနှင့် ကေသမုတ္တိသုတ်(ကာလာမသုတ်)တော်တို့သည် အထူးထင်ရှားလေသည်။

ထို့တွင် ဓမ္မစကြာတရားတော်၌ သစ္စာလေးပါးကို အဓိကထား၍ ဟောကြားထားသည်။ အနတ္တလက္ခဏသုတ်သည် လောက၌ မြဲသော အတ္တဟူ၍မရှိ။ မမြဲသော အနတ္တတရားများသာ ရှိသည်ဟု အတ္တကိုပယ်သော ဒေသနာဖြစ်သည်။ မဟာသတိပဌာနသုတ်သည် သစ္စာလေးပါးကို ရရှိရန် ကျင့်စဉ်နည်းလမ်းများကို ညွန်ကြားထားသောသုတ်တော်ဖြစ်သည်။ သစ္စာလေးပါးကို သိရှိရန် ဤမဟာသတိပဌာနသုတ်လာ ကျင့်နည်းများမှတစ်ပါး အခြားမရှိချေ။ ထို့ကြောင့် သတိပဌာန်ကျင့်စဉ်ကို ဧကာယနမဂ္ဂေါ-တစ်ကြောင်းတည်းသောလမ်း-ဟု ဆိုခြင်း ဖြစ်သည်။ ဓမ္မပဒမှာမူ စိတ်၏သဘာဝ၊ ကုသိုလ်အကုသိုလ်တို့၏အကျိုးအပြစ်၊ ပညာရှိနှင့်သူမိုက်တို့၏ကွဲပြားမှု၊ သမဏ ဗြဟ္မဏတို့၏အဓိပ္ပါယ် စသည်တို့ကို ပြဆိုထားသည်။ အဘိဓမ္မာသည် စိတ်,စေတသိက်, ရုပ်, နိဗ္ဗာန် ဟူသော ပရမတ္ထတရားလေးပါးတို့၏ သဘောအဓိပ္ပါယ်များကို ဖွင့်ဆိုထားသည်။ သို့ဖြစ်၍ အထက်ပါ ဒေသနာတော်များသည် သစ္စာလေးပါးကို မျက်မှောက်ပြုရန် တစ်နည်းမဟုတ် တစ်နည်းအားဖြင့် အထောက်အပံ့ ပြုနေပါသည်။

သို့သော် ယင်တို့နှင့်မတူ တစ်မူထူးခြားသော ဒေသနာတော်သည်ကား ဤကေသမုတ္တိသုတ်ဒေသနာတော်ပင် ဖြစ်ပေသည်။ မှန်၏။ ဤသုတ်တော်သည် အထက်ပါဒေသနာများကဲ့သို့ သစ္စာလေးပါးအနားသို့ ချဉ်းကပ်ရန် မစွမ်းနိုင်သေးဘဲ အကုသိုလ်ဖြစ်သော- အပြစ်ရှိသော-ပညာရှိတို့ကဲ့ရဲ့အပ်သော- စီးပွါးမဲ့ရန်ဖြစ်သော-ဆင်းရဲရန်ဖြစ်သော လောဘ,ဒေါသ, မောဟ- တရားတို့နှင့် ကုသိုလ်ဖြစ်သော- အပြစ်ကင်းသော- ပညာရှိတို့ ချီးမွမ်းအပ်သော-အစီးအပွါးရှိခြင်းငှါဖြစ်သော-ချမ်းသာခြင်းငှါဖြစ်သော အလောဘ, အဒေါသ, အမောဟ-တရားတို့၏ ကွဲပြားသောရလဒ်ကို ထုတ်ဖော်ပြသည့် အောက်ခြေအဆင့်မျှသာ ရှိပေသေးသည်။ သို့သော် ဗြဟ္မစိုရ်တရားလေးပါးတို့ဖြင့် ယခုမျက်မှောက်ဘ၀၌ ကျင့်သုံးနေထိုင်ရန် ဟောကြားထားသဖြင့် လောကီချမ်းသာနှင့်စပ်၍ကား အထွတ်အထိပ်သို့ ပို့ဆောင်ပေးထားသည်ဟု ဆိုနိုင်ပေသည်။ သို့ဖြစ်၍ ဤသုတ်တော်၏ထူးခြားချက်သည် မဂ်ချမ်းသာ , ဖိုလ်ချမ်းသာ, နောင်တမလွန်ချမ်းသာတို့ထက် ယခုပစ္စပ္ပန် မျက်မှောက်ဘ၀၌ ထောက်တည်ရာ၊ ရပ်နားရာ၊ သက်သာရာ၊ ချမ်းသာရာကို ပေးသော အချက်ပင်ဖြစ်ပေသည်။

ဤသို့ဖြင့် ပယ်ရမည့်တရားများ၊ ပြည့်စုံရမည့်တရားများ၊ ထိန်းသိမ်းတည်ထားရမည့်တရားများဟု သုံးပိုင်းခွဲထားသည်။ ဖော်ပြပါ အချက်သုံးချက်သည်လည်း မြတ်စွာဘုရားရှင်တို့ မိန့်ကြားတော်မူသော အဆုံးအမဖြစ်သည့် “အလုံးစုံသော အကုသိုလ်တို့ကို မပြုလုပ်ရ၊ ကုသိုလ်မှန်သမျှကို ပြုလုပ်ရမည်။ မိမိစိတ်ကို ဖြူစင်အောင်ထားပါ” ဟူသော ဒေသနာတော်တွင် အကြုံးဝင်လျက် ရှိပေသည်။ သို့ဖြစ်၍ ဤသုတ်တော်လာ အနှစ်ချုပ်သည် အကုသိုလ်များကိုပယ်၍ ကုသိုလ်များကို ပြည့်စုံစေကာ ဗြဟ္မစိုရ်တရားတော်နှင့်အညီ ကျင့်သုံးနေထိုင်စေခြင်းပင် ဖြစ်ပေတော့သည်။

ယင်းသို့ ကျင့်သုံးနေထိုင်သွားပါက လူသားတို့ တွေးခေါ်နေသော တမလွန်ဘ၀ရှိခြင်း-မရှိခြင်း၊ ကုသိုလ်အကုသိုလ်တို့၏အကျိုးရင်းအကျိုးဆက်ရှိခြင်း-မရှိခြင်း၊ မကောင်းမှုပြုသော်လည်း ပြုသည် မည်ခြင်း-မမည်ခြင်းတို့သည် အရေးမကြီးတော့ပေ။ အဘယ်ကြောင့်ဆိုသော် မျက်မှောက်ဘ၀၌ စစ်မှန်သော ချမ်းသာကို တွေ့ရှိနေပြီး ဖြစ်သောကြောင့်ပေတည်း။


သုတ်တော်ဖွဲ့စည်းထားပုံ

“ကေသမုတ္တိသုတ်တော် လေ့လာချက်” ဟူသော ခေါင်းစဉ်၏အောက်ဝယ် အခန်းကြီး (၅)ခန်းခွဲ၍ အခန်းငယ်များဖြင့် တန်ဆာဆင်ကာ အောက်ပါအတိုင်း ဖွဲ့စည်းတည်ဆောက်ထားသည်။

အခန်း ၁- ၌ ကာလာမမင်းသားတို့နှင့်ဆက်စပ်နေသော အယူဝါဒများ၊ မြတ်ဗုဒ္ဓ၏၀ါဒနှင့်ပတ်သက်သော မှတ်ချက်များ၊ အယူဝါဒအပေါ် သံသယနှင့်စပ်သော မေးခွန်းများ၊ လူသားတို့အား ယုံကြည်မှုကို ပေးနိုင်သူတို့၏အရည်အသွေးများ စသည်တို့ကို ဖော်ပြထားသည်။

အခန်း ၂- ၌ -

ချက်ချင်းလက်ခံအတည်မပြုသင့်သော ပထမအချက်တွင် စကားနှင့်ဆပ်စပ်၍ သိမှတ်ဖွယ်ရာများ၊ တစ်ဆင့်ကြားစကားများ၏ မှန်ကန်မှုနှင့် လွဲမှားမှုများ စသည်တို့ကို ဖော်ပြထားသည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော ဒုတိယအချက်တွင် ပရမ္ပအမျိုးအစားများ၊ အစဉ်အလာနှင့်စပ်သော သိမှတ်ဖွယ်ရာများ စသည်တို့ကို ဖော်ပြထားသည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော တတိယအချက်တွင် ဣတိဟာသ၊ ဣတိကိရ၊ ကောလာဟလနှင့်စပ်၍ သိမှတ်ဖွယ်ရာများ၊ ယင်းတို့နှင့်စပ်သော ပိဋကတ်တော်မှ သိမှတ်ဖွယ်ရာများ စသည်တို့ကို ဖော်ပြထားသည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော စတုတ္ထအချက်တွင် ပိဋက-နှင့်စပ်၍ ဤ၌ ယူရမည့်အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ထေရ၀ါဒနှင့် မဟာယာနတို့၏ကွဲပြားမှုများ၊ မြတ်ဗုဒ္ဓ၏ဓမ္မ၀ိနယအပေါ် အမြင်များ စသည်တို့ကို အကျယ်တ၀င့် ဖော်ပြထားသည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော ပဉ္စမအချက်တွင် တက္က၏သဘောများ၊ ဘုရားရှင်တို့၏သဗ္ဗညုတညဏ်ကို ၀န်ခံခြင်းတို့သည် ယင်းတက္ကမှအပဖြစ်ကြောင်းများ စသည်တို့ကို ဖော်ပြထားသည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော ဆဋ္ဌမအချက်တွင် တက္ကနှင့်နယတို့၏ အယူအဆမတူပုံများ၊ နယဟေတုတွင် ပါဝင်နိုင်သည့် ပိဋကတ်တော်မှ သိမှတ်ဖွယ်ရာများ စသည်တို့ကို ဖော်ပြထားသည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော သတ္တမအချက်တွင် အထောက်အထား ကိုးကားတတ်သော လူ့သဘာဝများ၊ အထောက်အထား အကိုးအကားများ စသည်တို့ကို ဖော်ပြထားသည်။
အထူးအားဖြင့် ဒိဋ္ဌိ ၆၂-ပါးကို တက္ကဟေတု၊ နယဟေတု၊ အကာရပရိဝိတက္က ၃- မျိုးတို့တွင် သွင်း၍ ဤ၌ ဖော်ပြထားခြင်းပင် ဖြစ်သည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော အဋ္ဌမအချက်တွင် ၀ါဒတစ်ခုနှင့်တစ်ခု အယူအဆတိုက်ဆိုင်တတ်ပုံ၊ သို့သော် အသွင်သဏ္ဍန်အားဖြင့်သာ တူပြီး အနှစ်သာရအားဖြင့် ကွဲပြားပုံများ စသည်တို့ကို ဖော်ပြထားသည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော န၀မအချက်တွင် ကျော်ကြားခြင်းကို လူသားတို့ လိုလားနှစ်သက်တတ်ပုံ၊ ကျော်ကြားခြင်းကြောင့် ကိုးကွယ်ခံပုဂ္ဂိုလ်များ ဖြစ်လာနိုင်ပုံ၊ ကိုးကွယ်မှုမှားယွင်းပါက ရရှိလာမည့် အကျိုးဆက်များ၊ ကိုးကွယ်ထိုက်သော ပုဂ္ဂိုလ်တို့၌ ရှိရမည့်အရည်အသွေးများ စသည်တို့ကို ဖော်ပြထားသည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော ဒသမအချက်တွင် လူသားတို့အဖို့ ဆရာကို ရှာမှီးရန်လိုအပ်ပုံ၊ ဗုဒ္ဓမြတ်စွာတို့ပင် ဆရာနှင့်မကင်းကွာပုံ၊ ဆရာကိုးကွယ် မှားယွင်းပါက ဘ၀သံသရာတစ်လျှောက်လုံး ဆင်းရဲဒုက္ခရောက်တတ်ပုံများ စသည်တို့ကို ဖော်ပြထားသည်။

အခန်း ၃- ၌ ပယ်စွန့်ရမည့် လောဘ, ဒေါသ, မောဟ - တရားများ၊ ပြည့်စုံရမည့် အလောဘ, အဒေါသ, အမောဟ- တရားများ စသည်ဖြင့် စံ (သို့မဟုတ်) မှတ်ကျောက်များကို ဖော်ပြထားသည်။

အခန်း ၄- ၌ တစ်ဆင့်တက်၍ ပွါးများရမည့် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ- တရားများ စသည်တို့ကို ဖော်ပြထားသည်။

အခန်း ၅- ၌ တမလွန်ဘ၀ ရှိ, မရှိ၊ ကုသိုလ်,အကုသိုလ်တို့၏ အကျိုးရင်းအကျိုးဆက် ရှိ, မရှိ၊ ကုသိုလ်ပြုသော်လည်း ပြုသည် မည်, မမည်နှင့်စပ်သော သိမှတ်ဖွယ်ရာများ စသည်တို့ကို အကျယ်တ၀င့် ဖော်ပြထားသည်။


အဖြေထုတ်ပြီးသောသုတ်

ရှေးသရောအခါ ခရီးသွားနှစ်ယောက်သည် လမ်းခရီးတစ်ခု၌ မြက်ပုံနှစ်ပုံကို တွေ့မြင်ကြ၏။ ထိုအခါ သူတို့နှစ်ယောက်လုံးသည် တစ်ယောက်တစ်ပုံစီဖြင့် မြက်ပုံကို ကောက်ယူသွားကြသည်။ ထို့နောက် ခရီးအတန်ငယ်သွားပြီးသောအခါ လမ်းတွင် ၀ါဂွမ်းနှစ်ပုံကို တွေ့ကြပြန်သည်။ ဤ၌ ခရီးသွားနှစ်ယောက်လုံး လုပ်သင့်လုပ်ထိုက်သော အလုပ်ကား မြက်ပုံများကို ထားခဲ့ပြီး ၀ါဂွမ်းပုံများကို ယူဆောင်သွားရန်သာ ဖြစ်သည်။ သို့သော် ခရီးသွားနှစ်ဦးအနက် တစ်ဦးက မြက်ပုံကိုပင် ဆက်လက်၍ သယ်ဆောင်လာခဲ့ပြီး ဒုတိယတစ်ဦးကမူ မြက်ပုံကို ချထားခဲ့ကာ ၀ါဂွမ်းပုံကို သယ်ဆောင်သွားခဲ့သည်။ ဤသို့ဖြင့် သူတို့သည် ရှေ့သို့ ခရီးဆက်ခဲ့ရာ တစ်ခုသောနေရာ၌ သိုးမွေးနှစ်ပုံကို တွေ့ကြပြန်သည်။ ထို့တွင် ပထမတစ်ဦးသည် အထက်ပါနည်းတူ မိမိသယ်ဆောင်လာခဲ့သောမြက်ပုံကိုပင် တစ်ဖန်ဆက်လက်၍ သယ်ဆောင်လာခဲ့ပြန်သည်။ သို့သော် ဒုတိယတစ်ဦးကမူကား အသစ်တွေ့ရှိသော သိုးမွေးပုံကို ပြောင်းလဲ၍ သယ်ဆောင်သွားခဲ့သည်။

ဤ၌ ပထမတစ်ဦးသည် အသစ်အသစ်တွေ့ရှိသော ၀ါဂွမ်းပုံ၊ သိုးမွေးပုံတို့ကို မြက်ပုံနှင့်မလဲဘဲ မိမိ၌ ရှိရင်းစွဲဖြစ်သည့် မြက်ပုံကိုပင် ဆက်လက်၍ သယ်ဆောင်သွားခဲ့သည်။ သို့သော် ဒုတိယတစ်ဦးကမူ ပစ္စည်းဝတ္ထုတစ်ခု၏တန်ဖိုးကို အကဲဖြတ်တတ်သည်။ တိုးတက်ဆန်းသစ်သော ခေတ်အမြင်ရှိသည်။ အဟောင်းကို ဖက်တွယ်ထားလိုက်စိတ်မရှိပေ။ ထို့ကြောင့် အသစ်အသစ်တွေ့ရှိသော တစ်ခုထက်တစ်ခု တန်ဖိုးမြင့်သည့် အရာဝတ္ထုများကိုသာ တစ်ခုပြီးတစ်ခု ပြောင်းလဲ၍ သယ်ဆောင်သွားခဲ့၏။
ဤကား ရှေးဟောင်းအယူအဆ ရှေးဟောင်းအတွေးအခေါ်များကို ဖက်တွယ်ထားသူနှင့် အသစ်အသစ်ပြောင်းလဲတိုးတက်လာသော အယူအဆအတွေးအခေါ်တို့ကို တစ်ခုပြီးတစ်ခု လက်ခံသောသူနှစ်ဦးတို့၏ ခြားနားချက် ဖြစ်သည်။

သို့ဖြစ်၍ ယနေ့တိုင်အောင် “ဓမ္မ”ဟူ၍ ယူဆထင်မှတ်ခဲ့သော အရာဝတ္ထုများသည် ဤသုတ်မှ ပေးလာသော စူးစမ်းဆင်ခြင်တတ်သည့် အတွေးအခေါ်များကြောင့် ယနေ့မျက်မှောက်၌ “အဓမ္မ”ဖြစ်မည်ဆိုပါက ဖြစ်သွားနိုင်သည်။ ထို့အတူ “အမှန် (သို့မဟုတ်)အကောင်း”ဟူ၍ ထင်မှတ်ယူဆလာခဲ့သော အရာဝတ္ထုတို့သည် ဤသုတ်မှ ဖွင့်ပေးသည့် ညဏ်အလင်းကြောင့် ပစ္စပ္ပုန်အခြေအနေ၌ “အမှား (သို့မဟုတ်) အဆိုး” သို့ သက်ဆင်းလိုက သက်ဆင်းသွားနိုင်သည်။
သို့ဆိုလျင် မြက်ပုံကို ထမ်းပိုးသယ်ဆောင်သွားမည်လား? (သို့မဟုတ်) ၀ါဂွမ်းပုံ၊ ထိုမှ တစ်ဆင့်တက်လျင် သိုးမွေးပုံကို ထမ်းပိုးသယ်ဆောင်သွားမည်လား ? ဤသုတ်သည် ယင်းအမေးအတွက် အဖြေထုတ်ပြီးဖြစ်ကြောင်း အောက်ပါအကျိုးကျေးဇူးများက သက်သေခံပေလိမ့်မည်။


အကျိုးကျေးဇူး

ဤသုတ်ကို လေ့လာခြင်းအားဖြင့် လူသားတို့ လိုလားမှုမရှိသော အကြောက်တရားများကို တွန်းလှန်နိုင်မည်။ ယုံမှားခြင်း၏နောက်ကွယ်၌ ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ကြိုတင်လက်ဦးမှုရယူကာ လက်ခံ, လက်မခံအားဖြင့် ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်မည်။ ကိုးကွယ်ခြင်းကြောင့် ဖြစ်ပေါ်လာမည့်ဘေးမှ ကာကွယ်နိုင်မည်။ စစ်မှန်သော ကိုးကွယ်ရာကို သိရှိလာမည်။ ယင်းစစ်မှန်သော ဘာသာတရား၏အသွင်နှင့်အနှစ်သာရတို့ကို ခွဲခြားတတ်လာမည်။ ဘာသာတရားတိုင်းအပေါ် သဘောထားအမြင် ကြီးမားတတ်လာမည်။ အရာရာနှစ်စပ်၍ အစွန်းရောက်ဝါဒီအဖြစ်မှ ကင်းလွတ်မည်။ ဥပါဒါန်တရားတို့ဖြင့် နှောင်ဖွဲ့ခံရခြင်းမှ တစ်ခုသော အတိုင်းအတာထိ ကင်းလွတ်မည်။ အရာရာတိုင်းအပေါ် စူးစမ်းဆင်ခြင်တတ်လာပြီး ယင်းစူးစမ်းဆင်ခြင်ခြင်း၏နောက်၌ အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုးတို့ကို ခွဲခြားတတ်လာမည်။ အတွေးအခေါ်အယူအဆအဟောင်းများ၏နေရာတွင် အတွေးအခေါ်အသစ်များဖြင့် ရဲရဲဝံ့ဝံ့ အစားထိုးကာ ဘ၀သစ်ကို ဖြတ်သန်းနိုင်လာမည်။

အသက်ရှင်နေထိုင်သော လူ့ဘ၀၏ရည်ရွယ်ချက်ကို နားလည်လာမည်။ သိပ္ပံပညာ၏တိုးတက်မှုအပေါ် ဘာသာတရားနှင့်သဟဇာတဖြစ်အောင် ဆက်စပ်ပေးတတ်လာမည်။ တမလွန်ဘ၀ ရှိ, မရှိ၊ ကုသိုလ် အကုသိုလ်တို့၏ အကျိုးရင်း အကျိုးဆက် ရှိ, မရှိ ၊ မကောင်းမှုပြုသော်လည်း ပြည်သည် မည်, မမည်တို့ကို ကွဲပြားစွာ သိရှိလာမည်။ အတုအစစ်တို့ဖြင့် ရောပြွမ်းလျက်ရှိသော မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာတို့၏ သဘောသဘာဝကို နားလည်လာပြီး သတ္တ၀ါတိုင်းအပေါ် ငဲ့ညှာတတ်၊ ချစ်တတ်၊ ၀မ်းမြောက်တတ်၊ လျစ်လျူရှု့တတ်လာမည်။ စစ်မှန်သော ဘာသာတရားဟူသည် ပစ္စုပ္ပန်ကောင်းစားရေးကို ဦးတည်ခြင်းဖြင့် အနာဂတ်အတွက်လည်း အလိုလို ပြီးပြည့်စုံပြီးဖြစ်ကြောင်း သဘောပေါက်လက်ခံလာမည်။ အဆုံးစွန်အားဖြင့် မဂ်,ဖိုလ်,နိဗ္ဗာန်တိုင်အောင် ဤသုတ်တော်က ပို့ဆောင်နိုင်စွမ်းရှိလိမ့်မည်။


(မှတ်ချက်။ ။ ကေသမုတ္တိသုတ်တော် လေ့လာချက်ကျမ်းမှ နိဒါန်းကို ကူးယူဖော်ပြသည်။)

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်