Wednesday, April 7, 2010

ကာလာမမင်းသားတို့၏နယ်မြေနှင့် မျိုးရိုး အဆင့်အတန်း



စာရေးသူသည် မဟာဗောဓိစေတီနှင်ဗောဓိပင်ရှိရာ ဗုဒ္ဓဂယာမြို့(Buddha Gaya)မှ ထွက်ခွါလာပြီးနောက် (၂၇-၁၂-၂၀၀၉)နေ့တွင် ပတ္တနားမြို့သို့ ရောက်ရှိခဲ့ပါသည်။ ၂၈-၁၂-၂၀၀၉-ရက်နေ့၌ ထိုပတ္တနားမြို့၊ မြန်မာကျောင်းမှ နံနက်စောစောတွင် ထွက်ခွါလာကြသောစာရေးသူတို့သည် အသောကကျောင်းတိုက်သို့ ၀င်ရောက်ပြီးနောက် ဆက်လက်ထွက်ခွါလာကြရာ ဝေသာလီရှိ လိစ္ဆ၀ီမင်းများဝေစုရသော မြတ်စွာဘုရားရှင် သရီရဓာတ်တော်များ ကို ဌာပနာထားသည့် စေတီတော်နေရာသို့ ရောက်ရှိပါသည်။

ထိုမှတဆင့် ကေဆရီယစေတီသို့ သွားရောက်ကြသည်။ ဤလမ်းခရီးတွင် လမ်းတို့မှာ ပြုပြင်နေဆဲဖြစ်သဖြစ် ကားကို ခက်ခက်ခဲခဲ မောင်းယူရသည်။ နေ့ဆွမ်းအမီ ကေဆရီယစေတီသိုံ့ ရောက်ရှိပါသည်။ စေတီသိုံ့ ရောက်ရှိ ပြီးနောက် စာရေးသူတို့မှာ စေတီတော်ကြီးအား မဖူးမြော်နိုင်သေးဘဲ ဆွမ်းစားရန် အပြေးအလွှား စီစဉ်ကြရလေ သည်။ ယခုအခါ ရှေးဟောင်းဌာနက တူးဖော်နေသဖြင့် စေတီတော်ကြီး ရုပ်လုံးမှာ တော်တော်ပင် ပေါ်လွင် လာပြီး ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာသည် ပဉ္စ၀ဂ္ဂီငါးဦးနှင့်တကွ အရှင်ယသအမှုးရှိသော ရဟန္တာခြောက်ကျိပ် (၆၀)အရှင်မြတ်တို့အား အောက်ပါအတိုင်း မိန့်ကြားခဲ့ပါသည်။

“ ရဟန်းတို့- သင်တို့သည် မြောက်မြားလှစွာသော လူနတ်ဗြဟ္မာ သတ္တ၀ါတို့၏ လောကီ လောကုတ္တရာ ချမ်းသာစီးပွါးကောင်းကျိုးတရား ဖြစ်ပွါးရန် အရပ်ရှစ်မျက်နှာသို့ ဒေသစာရီ (တစ်နေ့လျင် တစ်ယူဇနာ အလွန် ဆုံးထား၍)လှည့်လည်သွားကြကုန်လော့။ (လမ်းတစ်ကြောင်း၌ ရဟန်းနှစ်ပါးပေါင်း၍ သွားခဲ့သော် တစ်ပါးက တရားဟောလျင် ကျန်တစ်ပါးက အလုပ်မရှိ ဆိတ်ဆိတ်သာ ထိုင်နေရမည်ဖြစ်သောကြောင့်) လမ်းတစ်ကြောင်း ၌ ရဟန်းနှစ်ပါးပေါင်း၍ မသွားကြကုန်လင့် -------

ရဟန်းတို့- ငါဘုရားသည်လည်း (ဤမိဂဒါဝုန်တောမှာပင် ကျောင်းကန်ပရိဝုဏ်ကောင်းများကို ဆောက်လုပ် စေကာ အလုပ်အကျွေး ဒါယကာတို့ ပစ္စည်းလေးပါးဖြင့် အပြုအစု အယုအယကို ခံယူကာ နေလိမ့်မည်မဟုတ်။ စင်စစ်သော်ကား----) ရသေ့ညီနောင် ရှင်တစ်ထောင်တို့ကို ချေချွတ်ရန် တရားဟောရန် ဥရုဝေလတောအုပ်ရှိ ရာ သေနာနိဂုံးသို့ သွားပေအံ့။”
သို့ဖြစ်၍ ဤစကားတော်ဖြင့် မြတ်ဗုဒ္ဓသည် သာသနာပြုခရီးထွက်ကြရန် တပည့်များအား တိုက်တွန်းခဲ့ပါသည်။ မိမိ (မြတ်ဗုဒ္ဓ)ကိုယ်တိုင်လည်း သာသနာပြုခရီးကို ကြွချီတော်မူခဲ့ပါသည်။

ဗုဒ္ဓဘုရားရှင် ဒေသစာရီကြွချီတော်မူသော အရပ်ဒေသများစွာတွင် ကာလာမမင်းသားတို့နယ်မြေ ကေသမုတ္တိ နိဂုံးသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။

အဘိဓာနပ္ပဒီပိကာ-လာ တိုင်းကြီး ၂၁-တိုင်း ရှိသည့်အနက် ကောသလတိုင်းသည်လည်း တစ်ခုအပါအ၀င် ဖြစ်သည်။ ထိုကောသလတိုင်းသည် ဒီဃီတိကောသလ-ဇာတ်ကို ထောက်ဆ၍ ရှေးနိပါတ်တော်ခေတ်များ၌ပင် ထင်းရှားသောတိုင်းဖြစ်သည်ဟု ဆိုသည်။ ထိုကောသလတိုင်း၌ သာဝတ္တိမြို့တော်အပြင် အခြားသောမြို့ကြီး များမှာ အယုဇ္ဈယနှင့်သာကေတဟူသော မြို့ကြီးများ၊ သေတဗျ - ဥက္ကဌနှင့် သာလာဝတီဟူသော မြို့စားများ အုပ်ချုပ်သည့်မြို့များ၊ ဒဏ္ဍကပ္ပနိဂမ-ကေသမုတ္တနိဂမ-သင်္က၀ါသနိဂမ-နဠကပါနိဂမ-ဥဂ္ဂနိဂမ-ဥရုညနိဂမဟူ သော နိဂုံးများဖြစ်ကြသည်။

ကေသပုတ္တနိဂမသည် မောရိယနိုင်ငံထက်စော၍ မြို့ဖြစ်လာဖွယ်ရှိသည်ဟုဆိုသည်။ ကာလာမတို့ နယ်မြေသည် ဂင်္ဂါမြစ်အနောက်ခြမ်း ကျယ်ပြန့်သောနယ်မြေဖြစ်သည်။ ကောသလတိုင်း အရှေ့ပိုင်းနယ်မြေနှင့်လည်းကောင်း၊ ကာသိတိုင်း(ဗာရာဏသီ)အရှေ့မြောက်ပိုင်းနယ်မြေနှင့်လည်းကောင်း၊ မလ္လတိုင်း တောင်ဖက်ပိုင်းနယ်မြေနှင့် လည်းကောင်း တစ်သီးတစ်ခြားဖြစ်သွားပြီးနောက် ကိုယ်ပိုင်နယ်မြေအဖြစ် လွတ်လပ်စွာ တည်ရှိနေသည်။ ထို နယ်မြေသည် ကောသလတိုင်း၊ ကာသိတိုင်း၊ မလ္လတိုင်းတို့၏နယ်စပ်ထိပ်၌ သို့မဟုတ် ဤသုံးနိုင်ငံ၏ ဦးခေါင်း ထိပ်၌ လွတ်လပ်သည့်နယ်မြေအဖြစ် ပေါက်ဖွားလာသောကြောင့် ကေသပုတ္တအမည် ဖြစ်လာသည်ဟု ဆို သည်။

ရှေးခေတ် ကေသပုတ္တနယ်မြေသည် (က)မလ္လတိုင်းတောင်းဖက်၊(ခ) ဂင်္ဂါမြစ်မြောက်အရပ်၊ ဂါဂရားမြစ်အောက် ပိုင်း(မြစ်နှစ်ခု အနောက်ဖက်) (ဂ) ဗာရာဏသီမြို့(ကာသိတိုင်း)အရှေ့မြောက်ဖက် (ဃ)ကောသလတိုင်း အရှေ့ ပိုင်းနယ်မြေတို့ ဖြစ်လေသည်။ ခေတ်သစ် ဗီဟာရ်(bihar)ပြည်နယ်၊ ဘာဆာရတ်(basarh)အရပ်မှ အနောက် မြောက်ဖက် မိုင်း (၃၀)ခန့် ဝေးသည့် ကေဆရိယ (kesariya)အရပ်အထိ(ပေ ၁၄၀၀-ကျယ်ပြန့်သော ကုန်မြင့် ပေါ်တွင် စေတီနှင့်ကျောင်းဆောင်များအပါအ၀င် အဆောက်အဦး အပျက်အစီးများ ရှိနေသဖြင့်) ကေသပုတ္တ နိဂုံး ဖြစ်နိုင်သည်ဟု ယူဆကြသည်။

ထို့အပြင် နိဂမအရ (၁) နိဂုံး(ရွာကြီး) (၂)ဗေဒင်ကျမ်း (၃)ဈေး (၄)ကုန်ရောင်းဝယ်ခြင်း (၅) အဆုံးနိဂုံးချုပ် (ပါဠိ-ဓာန်၊ ၂၈၄) ဟု ငါးမျိုး ဖွင့်ဆိုထားလေသည်။ အဌကထာတွင် “ကေသမုတ္တသည် တောအုပ်အနီး၌ တည်ရှိ၍ ထိုတောအုပ်အတွင်းသို့ သွားရောက်နေထိုင်လိုကြသူတို့သည် ကေသမုတ္တ၌ တည်းခိုနေထိုင်၍ လည်ကောင်း၊ အယူဝါဒများကို ဟောပြော၍လည်းကောင်း ထိုသို့ ပြုလုပ်ပြီးမှသာ တောအုပ်အတွင်းသို့ ၀င်ကြ သည်” ဟု ဖွင့်ပြထားသောကြောင့် ကေသမုတ္တသည် တောအုပ်စပ်သော နယ်ပယ်ဖြစ်ကြောင်း မှတ်သား နိုင်ပါသည်။

အဌကထာ၌ “ ကာလာမာနံ နိဂမောတိ ကာလာမာနာမ ခတ္တိယာ၊ တေသံ နိဂမော” ဟု ဖွင့်ဆိုထားချက်အရ- ကာလာမဟူသည် မင်းမျိုး(ခတ္တိယ)ဖြစ်ကြောင်းနှင့် နိဂမဟူသည် ထိုကာလာမမင်းသားတို့၏နိဂုံးဖြစ်ကြောင်းကို သိရှိရသည်။ ထို့တွင် ခတ္တိယ-ဟူသော ပုဒ်နှင့်ဆက်စပ်၍ (၁)မင်းမျိုးမင်းနွယ် (၂) မင်း-မင်းသား (၃)ခတ္တိ ယမည်သူ (၄) မင်းမျိုးမင်းနွယ်ဖြစ်သော- မင်းဇာတ်ရှိသောသူ (တိပိ-ဓာန်၊ တွဲ-၆၊ ၄၃၆)ဟု လေးမျိုး ဖွင့်ဆို ထားရာ အမှတ်(၃)ခတ္တိယမည်သူမှတစ်ပါး အခြားသောဖွင့်ဆိုချက်များသည် မင်းနှင့်သက်ဆိုင်သော အချက်များသာဖြစ်ကြောင်းကို တွေ့ရှိရလေသည်။ ထို့ကြောင့် ထိုထိုကျမ်းဂန်တို့၌ အများအားဖြင့် “ ကာလာမမင်းသား” ဟူသော အမည်ကိုသာ သုံးနှုန်းထားကြသည်ကို လေ့လာတွေ့ရှိရခြင်းဖြစ်လေသည်။

ကာသိတိုင်း၊ မလ္လတိုင်းနှင့်ကောသလတိုင်းသို့ ရောက်ရှိနေကြသော သာကီဝင်မင်းသားများသည် ပသေနဒီ ကောသမင်းပိုင်သော ကောသလတိုင်း၏အစွန်းအဖျားနယ်မြေတစ်ခုကို သိမ်းပိုက်ပြီး ကိုယ်ပိုင်နယ်မြေအဖြစ် သတ်မှတ်ကာ စုပေါင်းအုပ်ချုပ်နေထိုင်ကြခြင်းဖြစ်သည်။ ကေသမုတ္တမြို့၌ ကာလာမမင်းတို့သည် ကောသ လတိုင်း ဘုရင့်အာဏာကို တော်လှန်၍ အများပြည်သူ့ဆန္ဒ နှင့်အညီ အုပ်ချုပ်ခြင်းကို လိုလာကြသူများ ဖြစ်ကြ သည်။ ကာလာမ-ဟူသောစကားသည် ဘုရင့်အာဏာကို တော်လှန်သောအချိန်၌ ခေါင်းဆောင်မင်းသား များအား ပေးအပ်သည့် အမည်ဖြစ်ဖွယ် ရှိသည်ဟု ဆိုသည်။

ဝဇ္ဇီတိုင်း၌ ၀ဇ္ဇီအမည်ရသည့် သာကီဝင်မင်း သားများက ခေါင်းဆောင်၍ စုပေါင်းအုပ်ချုပ်သောနိုင်ငံ တည်ထောင်ထား ကြသည်။ အလ္လကပ္ပနိုင်ငံတွင်မူ ဗူလီ အမည်ရသည့် သာကီဝင်မင်းသားများက ခေါင်းဆောင်၍ စုပေါင်းအုပ်ချုပ် သောနိုင်ငံ တည်ထောင်ကြသည့်။ ထိုနည်းအတူ ကေသပုတ္တနိုင်ငံ၌ ကာလာမအမည်ရသော သာကီဝင်မင်းသားများက ခေါင်းဆောင်၍ စုပေါင်း အုပ်ချုပ်သည့် နိုင်ငံတည်ထောင်ခြင်းဖြစ်ပေမည်။ မြတ်စွာဘုရားရှင်လက်ထက် ဤကဲ့သို့ ပြည့်သူ့ဆန္ဒနှင့်အညီ ကျင့်သုံးသောနိုင်ငံများမှာ ၀ဇ္ဇီတိုင်း၊ အလ္လကပ္ပနှင့် ကေသပုတ္တ တို့ဖြစ်သည်ဟု ဆိုသည်။ သို့သော် ပဒေသ ရာဇ်စနစ် အားကောင်းသော ခေတ်အတွင်း ဤနိုင်ငံများ၏ စနစ်သည် ရေရှည်အောင်မြင်မှုမရရှိဘဲ ပြိုကွဲခဲ့ရသည်။

တဖန် ကေသမုတ္တနှင့်စပ်လျဉ်း၍ ကေသပုတ္တ-ဟူသော အသုံးအနှုန်းကို လန်ဒန်ပါဠိအသင်းမှ ဘာသာပြန်သော gradual saying-စာအုပ်၊ what the Buddha tanght စာအုပ်၊ အင်္ဂုတ္တရနိကာယ်၊ပထမတွဲ၊ စာမျက်နှာ-၁၈၉-၌ (သီ၊ သျာ၊ ကံ၊ ဣ)သီဟိုလ်မူဟု ဖော်ပြထားသည်။ သို့သော် ဆဋ္ဌမူကျမ်းများ၌ကား-ကေသမုတ္တနှင့်ကေသပုတ္တ-ဟု ပါဌ်နှစ်ခုရှိရာတွင် ကေသ ပုတ္တ-ဟု သုံးနှုန်းထားသော အခြားသောမူများကို စွန့်၍ ကေသမုတ္တ-ဟူ၍သာ သုံး နှုန်းထားပါသည်။

“နတ်နှင့်တကွသောလောက၌ ငါ့အားဆရာမရှိ။ ငါ့နှင့်တူသောသူမရှိ။ ငါနှင့်ပြိုင်ဘက်မရှိ ”ဟု ဘုရားရှင်သည် ဟောကြားတော်မူခဲ့သော်လည်း သဗ္ဗညုတညဏ်မရမီ ဘုရာလောင်းဘ၀၌ကား လောကီဆရာ (၅)ဦး ရှိခဲ့သည်။ ထိုသူတို့မှာ--

(၁) ဘုရားလောင်းဖွားမြင်ကာစ၌ လက္ခဏာဖတ်သည့် ရာမပုဏ္ဏား၊ ဓဇပုဏ္ဏား၊ လက္ခဏပုဏ္ဏား၊ မန္တီပုဏ္ဏား၊ ယညပုဏ္ဏား၊ သုယာမပုဏ္ဏား၊ သုဘောဇပုဏ္ဏား၊ သုဒတ္တပုဏ္ဏား-ဟူသော ပဌမဆရာများ၊
(၂) မင်းသားဘ၀၌ အတတ်ပညာကို သင်ပေးသော ဥဒိစ္စပုဏ္ဏာမျိုးဖြစ်သော သဗ္ဗမိတ္တပုဏ္ဏားသည် ဒုတိယဆရာ၊
(၃) ဘုရား လောင်းအား တောထွက်တော်မူစေရန် ထိတ်လန့်တုန်လှုပ်မှုကိုဖြစ်စေသော နတ်သားသည် တတိယဆရာ၊
(၄) ဘုရားလောင်းအား အာကိဉ္စာညာယတနဈာန်၏ ပရိကမ်ကို ပြောကြားသော ကာလာမ၏သားဖြစ်သော အာဠာရရသေ့သည် စတုတ္ထဆရာ၊
(၅)ဘုရားလောင်းအား နေ၀သညာနာသညာယတနဈာန်၏ ပရိကမ်ကို ပြောကြားသောရာမ၏သား ဥဒကရသေ့သည် ပဉ္စမဆရာတို့ ဖြစ်သည်။

ထိုငါးဦးသောဆရာတို့တွင် အာဠာရအမည်ရှိသော ဂိုဏ်းဆရာကြီးသည် ကေသမုတ္တိနိဂုံးသား ကာလာမ အနွယ်ဖြစ်သည်ဟု အချို့ပညာရှင်များက ယူဆပြောဆိုကြသည်။ ထေရ၀ါဒပိဋကတ်စာပေများ၌ အာဠာရရသေ့ နေရာဌာနနှင့် တပည့်ပရိသတ်အရေအတွက်ကို အတိအကျဖော်ပြထားခြင်းမရှိချေ။ သို့သော် မဟာယာန ဗုဒ္ဓ စာပေဖြစ်သော လလိတ၀ိတ္ထာရကျမ်း၌ကား အာဠာရရသေ့သည် ဝေသာလီပြည်နယ်၌နေ၍ တပည့်ပရိသတ် ၃၀၀-ရှိကြောင်းကို မဟာစည်ဆရာတော်ဘုရား ရေးသားတော်မူသည် ဓမ္မာစကြာတရားတော်ကြီးစာအုပ်၌ တွေ့ရှိရသည်။ သို့ဖြစ်၍ မြတ်ဗုဒ္ဓနှင့်ကာလာမအနွယ်တို့သည် ဘုရားလောင်းဘ၀ကပင် ရင်းနှီးကျွမ်းဝင်မှုရှိ ကြောင်းကို လေ့လာတွေ့ရှိရပေသည်။

ဖော်ပြပါ အထောက်အထားများဖြင့် ကေသမုတ္တနိဂမ သို့မဟုတ် ကာလာမမင်းသားတို့၏နယ်မြေနှင့် ကာလာမ မင်းသားတို့၏ မျိုးရိုးအဆင့်အတန်းဆိုင်ရာတို့ကို စာရေးသူလက်လှမ်းမိသလောက် တင်ပြလိုက်ရပါသည်။



ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်