Monday, April 5, 2010

သီတဂူဆရာတော်ဘုရားနှင့် စောမယကောလိပ်ကျောင်းသားများ


မြန်မာပြည်မှာ ဒီတစ်နာရီဟာ များစွာသောလူအပေါင်းက ဓမ္မရဲ့အရသာကို နှစ်သက်စွာ နာယူခံစားနေကြလိမ့် မယ်ဆိုတာ ယုံကြည့်မိပြီးသားပါ။

ဒါပေမယ့် ဒီတစ်နာလေး စာရေးသူတို့ကို အခွင့်အရေးပေးခဲ့တဲ့အတွက် ဘ၀တစ်သက်တာမှာ ကျေးဇူးတင်မဆုံးပါ။ ဒီကျေးဇူးတင်စကားလေးနဲ့ ရှေးဦးစွာ ဆရာတော်ဘုရားရဲ့ ကျေးဇူးဂုဏ်ကို ဖော်ပြလိုက်ပါတယ်။

စာရေးသူတို့ စောမယကျောင်းသားတစ်အုပ်စု မြန်မာပြည်က အကျော်ဒေယျသာသနာပြု ဆရာတော်ကြီး ကြွလာမယ်ဆိုတဲ့သတင်း ကြားကတည်းက သွားရောက် ဖူးမျော်ဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။ အားလုံးဟာ သွားရောက်ကြတာ ခြောက်ပါးလို့ဆိုလို့ရပေမယ့် ဆရာတော်ဘုရားကြီးရောက်ချိန် အနားမှာ အနီးကပ်ပြုစု နေသူကလည်း စာရေးသူတို့ စောမယကောလိပ်ကျောင်းသားပါ။ အမှန်တော့ ဒီခရီးကို သွားဖြစ်တာဟာ သူ့ရဲ့ဦး ဆောင်မှုအောက်မှာဆိုယင်လည်း မမှားပါဘူး။ ခုချိန်မှာ စာရေးသူတို့ဟာ အိမ်ရှင်လို့ပြောခွင့်မရှိယင်တောင် ဆရာတော်ဘုရားကြီးကတော့ ဧည့်သည်ပါ။ စာရေးသူတို့မှာ တာဝန်အရလို့ပဲဆိုဆို သွားချင်လိုတဲ့ဆန္ဒရှိ လို့ပဲပြောပြောပါ ဖူးမြော်တွေ့ ရှိခွင့်ရလိုက်တဲ့အတွက်ကတော့ ရခဲတဲ့အခိုက်အတံ့လေးတစ်ခုပါ။

တကယ်တော့ ဆရာတော်ဘုရားဟာ ဒီခရီးကို အလည်သက်သက်လာတာမဟုတ်ပါဘူး။ တစ်ဖက်က ကမ္ဘာကျော်ဆရာကြီး ဖြစ်တဲ့ ဆရာကြီးဂိုအင်ကာနဲ့တွေ့ဖို့ဖြစ်သလို့ အခြားတစ်ဖက်မှာလည်း ကိုယ်ကိုယ်တိုင် မွေးမြူထားတဲ့ ကိုယ့်တက္ကသိုလ်ထွက် နောက်ထပ်မျိုးဆက်သစ်ကလေးတွေကို လက်ပွန်းတတီး ပညာသင်ပေး နေခြင်းဆိုယင် လည်း ဒီအဆိုဟာ မှားနိုင်မယ်မဟုတ်ပါဘူး။ တက္ကသိုလ်က ဘွဲ့ရပြီးစတပည့်တပန်းများနဲ့အတူ ဒီခရီးကို ကြွလာတာပါ။ ဒါဟာ ဘွဲ့ရပြီးစတပည့်များနဲ့ နှစ်စဉ်ကြွနေတာဖြစ်ပြီး အိန္ဒိယတစ်နိုင်ငံလုံး သွားသင့်သွားထိုက်တဲ့ နေရာတွေကို သွားမှာဖြစ်တယ်လို့ သိရှိရပြန်ပါတယ်။

မွမ်ဘိုင်းမြို့ဆိုတာ မြို့ကြီးဖြစ်တဲ့အတိုင်း များစွာသော ဟိုတယ်တွေ ရှိတဲ့အထဲက ဆရာတော်ဘုရားကြီးဟာ ပင်လယ်ကမ်းခြေမှာရှိတဲ့ church Gate-နားက ဖိုက်စတားအဆင့် inter continental hotel-ဟိုတယ်မှာ တည်ခိုနေတာပါ။ တစ်နေ့တာခရီးကို မြို့ထဲမှာ ကြည့်သင့်ကြည့်ထိုက်တာတွေကို တပည့်များနှင့်အတူ ကြည့်ရှု့ပြီးနောက် ဟိုတယ်မှာ အနားယူနေခိုက်ဖြစ်ပါတယ်။ အဲဒီအခိုက်အတံ့မှာ စာရေးသူတို့ ဖူးမြော်ခွင့် ရရှိခြင်း ဖြစ်ပါတယ်။ စာရေးသူတို့နေတဲ့ကောလိပ်အဆောင်နဲ့ ဆရာတော်ဘုရား သီတင်းသုံးတဲ့ အဲဒီဟိုတယ်ဟာ ရထားစီးလျင် တစ်နာရီခရီးမျှ စီးရမှာပါ။ ညခြောက်နာရီလောက် ထွက်လာတဲ့ စာရေးသူတို့ ဟာ အဲဒီဟိုတယ်ကို ရှစ်နာရီခွဲလောက်မှ ရောက်ရှိလို့လာပါတယ်။ စာရေးသူတို့ရဲ့ ဟိုတယ်နေရာကို မသိမှုနဲ့ ကားဆရာများရဲ့ မကျွမ်းကျင်မှုဟာ ယခုလို ခရီးကို ဖင့်နှေးစေတယ်လို့ ဆိုရမှာပါ။

ဆရာတော်ဘုရားဆီရောက်တယ်ဆိုယင်ပဲ ၀မ်းပန်းတသာနဲ့ စကားပြောခွင့်ရကြပါတယ်။ တကယ်တော့ စာရေး သူတို့ဟာ စာသင်သားကျောင်းသားတွေမျှသာပါ။ စာရေးသူဟာ ရုပ်ပိုင်းဆိုင်ရာအရ ဆရာတော်ဘုရားရဲ့ ခပ်လှမ်းလှမ်းမှာ ရှိနေခဲ့ပေမယ်လို့ စိတ်ပိုင်းဆိုင်ရာအရ နီးကပ်နေတယ်လို့ ဆိုရမှာပါ။ ဘာ့ကြောင့်လည်းဆိုယင် စာရေးသူအတွက် အားကျစရာ အတုယူစရာတွေနဲ့ စံပြပုဂ္ဂိုလ်တစ်ပါးဖြစ်နေလို့ဆိုယင် လွန်လွန်းရာကျမယ် မဟုတ်ပါဘူး။ ယခုလို့ လိုလိုလားလားနဲ့ ဆရာတော်ဘုရားကြီးရဲ့ကြိုဆိုမှုက စာရေးသူတို့ကို အားတက်စေတာ အမှန်ပါ။ ဒါဟာ ဆရာတော်ဘုရားနဲ့ နှစ်ကြိမ်မြောက် နိုင်ငံခြားမှာ ဆုံဆည်းခွင့်ရရှိခြင်းဆိုယင်လည်း မှားမယ် မဟုတ်ပါဘူး။ တစ်ကြိမ်က စလုံးကို နာဂစ်အတွက် အလှုခံကြွလာတုန်းကနဲ့ ယခု တစ်ကြိမ်ပါ။

ဒီနေရာမှာ ဆရာတော်ဘုရားကြီးနဲ့ ပြောဖြစ်ကြတာလေးတွေ မိန့်ကြားခဲ့တာလေးတွေကို ပြန်လည်လို့ ပြော ကြည့်ချင်ပြန်တယ်။ record ပါမလာတဲ့ စာရေးသူတို့ဟာ ဒီမိန့်ဆိုချက်ကလေးတွေကို ဦးဏှောက်နဲ့ မှတ်သား လာကြပြီးမှ အချင်းချင်းပြန်လည်ညှီယူပြီး ခုလိုရေးသားရခြင်းပါ။ ဒီနေရာမှာ ဆရာတော်ဘုရား မိန့်ကြားတာ လေး တွေကို တစ်ခုစီပြောကြည့်ပါမယ့်။

စကားပြောခြင်းအတတ်ပညာ

ဆရာတော်ဘုရား မိန့်တာက စကားပြောဆိုခြင်းအတတ်ပညာဟာ သုံးမျိုးရှိတယ်ဆိုတာပါ။ ဒါဟာ စင်မြင့်ပေါ် မှာ ပြောတဲ့အခါမျိုးကို ရည်ရွယ်တယ်လို့ ယူဆလို့ရနိုင်ပါတယ်။ တစ်ခုမှာ စာရွက်ပေါ် ရေးထားတဲ့စာအတိုင်း သူ များကို ဖတ်ပြတာ။ တစ်ခုက စာရွက်ပေါ် ရေးထားပေမယ့် ပြောတဲ့အခါ လက်တန်အလွတ်ပြောသွားတာမျိုးပါ။ တစ်ခုကတော့ အရေးပါတဲ့အချက်တွေကိုသာ နုတ်ထုတ်ထားပြီး အဲဒီနုတ်ကို အခြေခံလို့ ကျန်တဲ့အကြောင်း အရာများကို ဖြည့်စွက်ပြောကြားခြင်းတို့ ဖြစ်ပါတယ်။ ဒီအချက်တွေကို အနှစ်ချုပ်ကြည့်မယ်ဆိုယင်တော့ စာကြည့်ဖတ် တာရယ်၊ အလွတ်ဖတ်တာရယ်၊ နုတ်ထုတ်ပြီးပြောတာရယ် ဒီသုံးမျိုးပါပဲ။ ဆရာတော်ဘုရားဟာ နောက်ဆုံးအချက်ကို အနှစ်သက်ဆုံးလို့ မိန့်တော်မူပါတယ်။ စကားပြောဆိုခြင်းနဲ့ ပတ်သက်လို့ ဆရာတော် ဘုရား ချီးမွမ်းပြောဆိုခဲတာက အင်္ဂလန်က ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲနဲ့ တိဗက်ဘုန်းတော်ကြီး ဒလိုင်းလား မားတို့ရဲ့ အပြောအဆိုများကိုပါ။

တိုးတက်ခြင်းနှင့်အတူ ယဉ်ကျေးမှုကိုထိန်းသိမ်းလိုခြင်း

တစ်ခုက ဒီလိုပါ။ ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ conference (ကွန်ဖရင့်) တစ်ခုကို တက်ရောက်စဉ်က အတွေ့ အကြုံကို မိန့်ဆိုခြင်းပါ။ အဲဒါကတော့ sustainable developeing ဆိုတဲ့ စာတမ်းအကြောင်းပါ။ ဒီလိုများ အဓိပ္ပါယ်ပြန်နိုင်မလားတော့ မသိပါ။ ယဉ်ကျေးမှုမကင်းသော တိုးတက်ခြင်း-လို့ပါ။ အင်္ဂလိပ်-မြန်မာအဘိဓာန် စာအုပ်မှာတော့ sustainable/adj –ထိန်းထားနိုင်သော၊ ခံနိုင်သော။ sustainable economic growth, environmentally sustainable policies (ie that do not harm the environment) လို့ ဖွင့်ဆိုထားပါတယ်။ ဒီခေါင်းစဉ်နဲ့ အဲဒီ conference မှာ ဆွေးနွေးခဲ့တယ်လို့ပြောပါတယ်။ ဆရာတော်ဘုရားအလိုတော်က တိုင်းပြည် တိုးတက်ခြင်းကို အပြည့်အ၀ လိုလားတော်မူတယ်။ ဒါပေ့မယ့် အခြားတစ်ဖက်မှာ အမျိုးသား ယဉ်ကျေးမှုစရိုက်လက္ခဏာလို့ခေါ်မလား ဒါမှမဟုတ် ဘာသာတရားကပေးအပ်လာတဲ့ ထုံးတမ်းစဉ်လာ လို့ပြောနိုင်မလား။ ဆိုလိုတာကတော့ မြန်မာနိုင်ငံ မှာကျင့်သုံးနေဆဲဖြစ်တဲ့ ကောင်းသောယဉ်ကျေးမှု ထုံးတမ်းစဉ်လားလေးတွေကို ပျောက်ပျက်သွားစေလိုတဲ့ ဆန္ဒရှိတော်မမူတာပါ။ အခြားအခြားသော ဗုဒ္ဓဘာသာ နိုင်ငံများမှာ ပျောက်ကွယ်သွာပြီဖြစ်တဲ့ ယဉ်ကျေးမှုလေး တွေနဲ့ ချိန်ထိုးလို့ပြပါတယ်။ ဒါဟာ ဆရာတော်ဘုရားရဲ့ မြန်မာ့ယဉ်ကျေးမှုအပေါ်မှာ တန်ဖိုးထားခြင်းလို့ ဆိုရ မှာပါ။

ဒီနေရာမှာ ဆရာတော်ဘုရားပြောတာက ယနေ့တိုင် မြန်မာပတ်စပို့အနီလေး ဘာ့ကြောင့် ကိုင်ထား သလဲဆိုတာပါ။ မြန်မာနိုင်ငံသားတစ်ယောက်အဖြစ် ဂုဏ်ယူနေဆဲဖြစ်တယ်လို့ ပြောလိုရင်းဖြစ်ပါလိမ့်မယ်။ ဆရာတော်ဘုရားဟာ ဒီပတ် စပို့အနီလေးနဲ့ပဲ နိုင်ငံများ စွာကို ဖြတ်သန်းခဲ့ဘူးပြီးဖြစ် တယ်လို့ မိန့်တော်မူပါတယ်။

ဒေါက်တာများနဲ့ အလုပ်လက်မဲ့ပြဿနာ

နိုင်ငံခြားမှာ ပညာသင်ကြားခြင်းနှင့်ပတ်သက်လို့ မိန့်တာက ခုလိုပါ။ ဒါဟာလဲပဲ နိုင်ငံခြားသားများနဲ့ နီးစပ်ရာ မြန်မာအသိုင်းအ၀ိုင်းက ခန ခနမေးနေတဲ့ မေးခွန်းတွေနဲ့ စပ်ဆက်နေပါတယ်။ ဒီလိုပါ။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံဖြစ်ပါလျှက် ဘာ့ကြောင့် နိုင်ငံခြားကို ပညာသွားသင်တယ်ဆိုတာကို နားမလည်ခြင်းပါတဲ့။ အဲဒီ မေးခွန်းလေးပါ။ ဒါ့ကြောင့် ဆရာတော်ဘုရားက ဗုဒ္ဓဇင်နဲ့ပတ်သက်လို့ နိုင်ငံခြား တက္ကသိုလ်တွေမှာ ဘွဲ့မယူစေလိုပါဘူး။ အခြားဌာနများဖြစ်တဲ့ ဖီလိုဆိုဖီ(philosophy)၊ သမိုင်း(history) စသဖြင့် ကိုယ်လက်လှမ်းမီတဲ့ ဌာနတွေမှာ ဘွဲ့ယူစေလိုပါတယ်။ တနည်းအားဖြင့်တော့ ဗုဒ္ဓဇင်နှင့်ပတ်သက်လို့ မြန်မာနိုင်ငံကိုသာ အထက်မှာ ထားလိုတဲ့ အလိုဆန္ဒ ရှိပါတယ်။

ဒါနဲစပ်ဆက်လို့ ဆရာတော်မိန့်တာက လက်ရှိ နိုင်ငံခြားမှာ ပညာသင်ကြားနေတဲ့ သံဃာအရေအတွက်ကို ခန့်မှန်းခိုင်းပါတယ်။ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်းနှင့် အနောက်တိုင်းမှာ ပညာသင်ကြားနေတဲ့ မြန်မာရဟန်းတော်များဟာ ရာဂဏန်များစွာချီပြီး ရှိနေပါပြီ။ လက်ရှိမြန်မာပြည်မှာရှိတဲ့ ဒေါက်တာတွေနဲ့ နောင်ပေါ်ပေါက်လာမယ့် ဒေါက်တာလောင်းတွေဟာ ဆယ်နှစ် အတွင်းမှာ ထောင်နှင့်ချီ၍ ရှိလာနိုင်တယ်ဆိုတာကို ခန့်မှန်းမိကြပါတယ်။ အဲဒီလောက်များပြားတဲ့ ဒေါက်တာတွေဟာ အလုပ်လက်မဲ့ ပြဿနာ ရှိနိုင် မရှိနိုင် ဒီနေရာမှာ စဉ်းစားခိုင်းပါတယ်။ ဆရာတော်ဘုရားက သာမန်လူတွေ ဘွဲ့ရအောင်ယူခြင်း အဓိပ္ပါယ်နှင့် ရဟန်းတော်များ ဘွဲ့ရအောင် ယူခြင်းဟာ ကွဲပြားတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်လို့ မိန့်ပါတယ်။ အဲဒါကတော့ သာမန်လူတွေဟာ လူ့ဘ၀ရဲ့ အသက်မွေးဝမ်း ကျောင်းပြုဖို့ ဖြစ်ပေမယ့် ရဟန်းတော်များ ဘ၀မှာတော့ အဲဒီရည်ရွယ်ချက်မျိုး မဖြစ်သင့်ပါဘူးတဲ့။

ဒီမှာပဲ ဆရာတော် ဆက်လက်မိန့်တာက benefit of the people လူသားတွေရဲ့ အကျိုးစီးပွါးအတွက် ပေးဆပ်ဖို့ ဖြစ်ပါတယ်။ social welfare ဆိုတဲ့ လူသားအကျိုး ပြုလုပ်ငန်းတွေ လုပ်ဖို့လို့ မိန့်ပါတယ်။

နောက်ထပ် မိန့်တာက missionary and ministry ဆိုတဲ့အချက်ဟာ အတူယှဉ်တွဲပြီးသွားမှသာလျင် လုပ်ငန်းတွေဟာ အောင်မြင်မှာ ဖြစ်တဲ့ အကြောင်းပါ။ အဲဒီမှာ missionary ဆိုတာကတော့ သာသနာပြုလုပ်ငန်းဆိုတာ ရှင်းပါတယ်။ ministry ဆိုတာကြတော့ အဖွဲ့အစည်းနဲ့ လုပ်ကိုင် တတ်ခြင်းကို ရည်ရွယ်ပါတယ်။ အဖွဲ့အစည်းမရှိဘဲ တစ်ဦးတစ်ယောက်ဖြင့် လုပ်ခြင်းဟာ အောင်မြင်သင့် သလောက် မအောင်မြင်နိုင်သလို မျက်မှောက်ခေတ်အနေအထားကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်းကို မိန့်ကြားပါတယ်။

ခေတ်တစ်ခေတ်ကို ပြောင်းသည်ဆိုရာဝယ်

ရှေးဦးပိုင်းကာလမှာ ဒေါက်တာလို့ အမည်တပ်ခေါ်နိုင်တဲ့ ဆရာတော်များဟာ အင်မတန်မှ ရှားပါးလှပါ ကြောင်းနှင့် ဆရာတော်ဒေါက်တာရေ၀တ(အင်္ဂလန်)၊ ဆရာတော်ဒေါက်တာဇာဂရ(သြစတေးလျ) တို့သာလျင် ရှိကြောင်း ဆရာတော်ဘုရားက မိန့်ပါတယ်။ ၂၀၀၄-ခုနှစ်က မြန်မာပြည်၊ ရန်ကုန်မြိုံ၊ ကမ္ဘာအေး၊ မဟာပါသာဏလှိုဏ်ဂူမှာ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံကို ဆရာတော်ဘုရားမှ (organizer, organiser) စည်းရုံးရေးမှုး စီစဉ်သူအဖြစ် တာဝန်ထမ်းဆောင်၍ ကျင်းပခဲ့ပါကြောင်းနှင့် အဲဒီရဲ့ရလဒ်က မြန်မာ့သံဃာ တော်များ နိုင်ငံတကာမျက်စိပွင့်လာခြင်းပဲ ဖြစ်ကြောင်းကို မိန့်ပါတယ်။

ရှေးယခင်ခေတ်များက အင်္ဂလိပ်စာ သင်ကြားခြင်းကို အားမပေးကြသလို လူသားအကျိုးပြုလုပ်ငန်း(မြန်မာများသုံးစွဲနေကြစကား ပရဟိတလုပ်ငန်း) လုပ်နေတဲ့သူများဆိုလျင် အလွန်မှ မျက်နှာငယ်ရပါကြောင်းကို မိန့်တော်မူပါတယ်။ ပရိယတ် ပဋိပတ်ဆိုတဲ့ စကားလုံးများကြားထဲမှာသာလျင် ပျော်မွေ့နေကြပြီး လူသားအကျိုးပြုလုပ်ငန်းကို ဘာသာသာသနာရဲ့ ခပ်ဝေးဝေးမှာထားခဲ့ကြတယ်လို့ မိန့်ပါတယ်။ ဒီကနေခေတ်ကို ရောက်လာဖို့အတွက် တည်ဆောက်ယူရတာဟာ အချိန်များစွာပေးဆပ်ရပါကြောင်း၊ ခေတ်တစ်ခေတ်နှင့်တစ်ခေတ် အကူးအပြောင်းကာလမှာ လွယ်လွယ်ဖြင့် ရက်တိုတိုနဲ့ ရယူဘို့ မဖြစ်နိုင်ကြောင်းကိုလည်း ဆက်တိုက်မိန့်ပါတယ်။

ဒီကနေ့ခေတ် ရဟန်းသံဃာတော် များဟာ BA, MA,MPhil, Ph.D စသဖြင့် ငါ ဘာဘွဲ့ရထားတယ်ဆိုတာကို ရင်ကော့ပြီး လူမှုအသိုင်းအ၀ိုင်းထဲမှာ ပြောဆိုနိုင်လာပြီ ဖြစ်ကြောင်းကို မိန့်တော်မူပါတယ်။ ဒီလိုဖြစ်လာဘို့ ဘယ်လိုတည်ဆောက်ခဲ့တယ် ဘယ်သူ တွေ ဖန်တီးခဲ့ကြတယ်ဆိုတာကို အားလုံးလေ့လာကြခြင်းအားဖြင့် ခေတ်တစ်ခေတ်ကို ပြောင်းဖို့ဟာ ဘယ် လောက်ခက်ခဲတယ်ဆိုတာ နားလည်သဘောပေါက်လာကြမှာ ဖြစ်ကြောင်း မိန့်ပါတယ်။

ဆရာတော်ဘုရား မိန့်ကြားတာတွေ များစွာထဲက ဒီအချက်အလက်ကလေးတွေဟာ အနှစ်ချုပ်ကလေးတွေ ဖြစ်မယ် ယူဆလို့ ခုလိုရေးသားရခြင်းပါ။ ဒီနေရာမှာ ဆရာတော်ဘုရားရဲ့ အာဘော်နှင့်လွဲမှားခဲ့မယ်ဆိုယင် စာရေးသူရဲ့ ရေးသားခြင်းအတတ်ပညာ အားနည်းမှုလို့ ဆိုရမှာပါ။

ဆရာတော်ဘုရား နောက်ဆုံးမိန့်တဲ့စကားလေးကတော့ “international stage -ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ စင်မြင့် ပေါ်မှာ မြန်မာရဟန်းတော်တွေကို မြင်ချင်တယ်” လို့ ဆိုတဲ့ စကားလေးပါ။








ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်