Wednesday, April 14, 2010

ပိတောက်ရနံ့နဲ့အတူ




အင်တာနက်ပေါ်မှာရှိတဲ့ ကိုယ်နဲ့နီးစပ်ရာ ဘလော့လေးတွေကို ဖွင့်ကြည့်လိုက်တိုင်း ပိတောက် ရနံ့လေးတွေ သင်းကြူနေပါတယ်။ စာရေးသူလည်း ပိတောက်ရနံ့လေးနဲ့အတူ နှစ်သစ်ကူးကို ကျော်ဖြတ်ဖို့ ကြိုးစားမိတယ်။ အလွမ်းဓာတ်ခံ ရှိသူများမှာတော့ ဘလော့လေးတွေ ဖွင့်ကြည့်မိတိုင်း ပိုလို့ လွမ်းမိလိမ့်မယ် ထင်ပါတယ်။

ကဗျာသမားကလည်း ပိတောက်နဲ့အတူ ကဗျာဖွဲ့၊ ဆောင်းပါးဆရာကလည်း ပိတောက်နဲ့အတူ စာတွေ ရေး၊ အချို့ကလည်း ခေတ်သစ်မော်ဒန်လို့ပြောတဲ့ ဝေါဟာရတွေ စကားလုံးအသွားအလာတွေနဲ့ ပိတောက်နဲ့ အတူ မော်ဒန်ဆန်ဆန်လေးတွေ ပြော။ ဒီလို ရေးကြ ပြောကြဆိုတော့လဲ အလွမ်းဓာတ်ခံ နည်းသူများမှာတောင် လွမ်းနေမိမလား မသိပါ။ အလွမ်းဓာတ်ခံများသူများအဖို့ ဒါမှမဟုတ် လွမ်းစရာ ရှိတဲ့သူတွေမှာတော့ မုချမလွဲ လွမ်းကြမှာပဲလို့ ထင်မိပြန်တယ်။ အော် ပိတောက်ရယ် တိုင်းတစ်ပါးရောက်နေသူကိုတောင် ဆွဲဆောင်းနိုင်စွမ်း အဲသလောက် ရှိလှပါလား-လို့ စဉ်းစားမိတဲ့အခါမှာတော့ စာရေးသူလည်း လွမ်းလို့လာတယ်။ ဘာရယ်လို့ တိတိကျကျ အဖြေရှာမရပေမယ့် ပိတောက်နဲ့အတူ လွမ်းမိနေတာကတော့ အမိမြန်မာပြည်ပါ။

ဒါပေမယ့် ပူပြင်းလှတဲ့ ဒီလိုနွေရာသီ ဒီဘုံဘေမှာတော့ ပိတောက်ရနံ့ကို မရှုရှိုက်နိုင်ပါဘူး။ ပူပြင်းတဲ့ ရာသီဥတုကို ဘယ်လိုကုစားရပါမလဲဆိုတာ မနက်မိုးလင်းက ညမိုးချုပ်သည်အထိ စဉ်းစားနေရတာပါ။ ပိတောက်ရနံ့ဆိုတဲ့အရာဟာ စာရေးသူတို့နဲ့ အလှမ်းဝေးကွာလွန်းလှပါတယ်။ ကျောင်းတွေပိတ်လို့ ခြောက်သွေ့ လှတဲ့ ဒီကောလိပ်ပတ်ဝန်းကျင်ဟာလည်း အထီးကျန်မှုကို ပိုလို့များ တွန်းအားဖြစ်စေပြန်သလားမသိပါ။ မြန်မာ ကျောင်းသားအချင်းချင်း နှစ်သစ်ကူးအကြောင်းလေးတွေ ပြောဖြစ်တဲ့အခါများမှာ ပိုလို့ ပိုလို့ စိတ်ကို ညှိုးမှိုင်စေ ပြန်တယ်။ ကြားဖူးထားတဲ့ ကဗျာအပိုင်းအစလေးဖြစ်တဲ့ “သူလည်းလေ လောကီသားပေမို့” ဆိုသလိုပါပဲ။ လောကီလူသားတစ်ယောက်ဖြစ်တဲ့ စာရေးသူမှာလည် ဒီအလွမ်းကို ဘယ်လိုလုပ် ရှောင်းရှားနိုင်ပါမလဲ။

ကဗျာတွေ ဖွဲ့ချင်သလို စာတွေလည်း ပိတောက်နဲ့စပ်လို့ အများကြီး ရေးချင်တာကတော့ ရင်ထဲက ဆန္ဒပါ။ ဒါပေမယ့် ပန်းပိတောက်ရဲ့ သဘောသဘာဝကို “ တစ်နှစ်မှာ တစ်ခါပွင့်တယ်၊ တစ်ခါမှာလည်း တစ်ကြိမ်သာ ပွင့်တယ်” လို့ ဆိုတာလောက်ပဲ နားလည်ထားမိတယ်။ ငယ်ငယ်ကကြားဖူးတဲ့ “ပိတောက်ဆို ပိတောက်၊ တစ်ယောက်ဆို တစ်ယောက်” ဆိုတာကလည်း ပိတောက်ရဲ့ ခုလို တစ်နှစ်မှာတစ်ခါ၊ တစ်ခါ မှာတစ်ကြိမ်ကို ရည်ညွန်းတာ ဖြစ်လိမ့်မယ်လို့ ယုံကြည်မိပြန်တယ်။ ဒါပေမယ့် စာဖွဲ့ဖို့ကျတော့ ရနံ့ရဲ့ သဘော သဘာဝ၊ ပင်စည်, အခက်အလက်တို့ရဲ့ မူလအရင်းအမြစ် စတာတွေကို နားမလည်ပြန်တော့ စာတွေ ဖွဲ့ဖို့ ခက်နေပြန်တယ်။ မြန်မာသင်္ကြန်မှာ ပိတောက်ဟာ ကိုယ်စားပြုအမှတ်သင်္ကေတတစ်ခုအဖြစ် ရှိနေတာကိုတော့ စာရေးသူ ဂုဏ်ယူလို့ မဆုံးပါ။

အဲဒီပိတောက်နဲ့အတူ နောက်က ကပ်ပါလာတာက နှစ်သစ်ကူးခြင်းပါ။ ကိုယ့်လူမျိုး ကိုယ့်ရိုးရာ ကိုယ့်ယဉ်ကျေးမှုတွေအရ ကိုယ့်သက္ကရာဇ်နဲ့ကိုယ် နှစ်သစ်ကို ကူးပြောင်းနေကြတာပါ။ တရုတ်ကလည်း တရုတ်နှစ်သစ်ကူး၊ အနောက်တိုင်းကလည်း အနောက်တိုင်းနှစ်သစ်ကူး။ အိန္ဒိယကလည်း အိန္ဒိယနှစ်သစ်ကူး ဆိုပြီး နှစ်သစ်ကို ကူးပြောင်းနေကြတာပါ။
လူတိုင်းဟာ တစ်နှစ်၊ တစ်လ၊ တစ်ရက် ဆိုတဲ့ ဝေါဟာရတွေနဲ့ ကူးပြောင်းနေကြပေမယ့် တကယ်တော့ ဒါတွေဟာ သတ်မှတ်ချက်တွေမျှသာ ဖြစ်ပါတယ်။ နေ့စဉ်နှင့်အမျှ နာရီ, မီနစ်, စက္ကန့်မခြား ကူးပြောင်း နေကြတာပါ။ တရားတော်များအလိုအရဆိုယင်တော့ ရုပ်တွေ နာမ်တွေ အစဉ်တစ်ဆက် ကူးပြောင်းနေတာပါ။ ရှေ့စိတ်အစဉ်နဲ့ နောက်စိတ်အစဉ်ဟာ လျင်မြန်လွန်းလို့ ရပ်တံ့နေတဲ့ အခိုက်ဆိုတာကို ရေတွက်ဖို့ ခက်ခဲပါ တယ်။ ရုပ်သက်တစ်ချက်မှာ စိတ်သက်က ၁၇-ချက်ရှိတာပါ။ ဆိုလိုတာကတော့ စိတ်ဆိုတဲ့ နာမ်ရဲ့ ကူးပြောင်းမှုဟာ ရုပ်ထက် အဆများစွာ လျင်မြန်စွာ ကူးပြောင်းနေတာပါ။ အဲသလောက်လျင်မြန်နေတဲ့ စိတ်ကို ဘယ်အခိုက်အတံ့ဟာ ရပ်တံ့နေတာလည်းဆိုတာ ပြောဖို့ခက်ပါတယ်။ ဒါ့ကြောင့် ရုပ်နာမ်သဘာဝတွေကတော့ အစဉ်တစ်စိုက် ကူးပြောင်းနေတယ်လို့ ဆိုရတာပါ။

ဒီနှစ်သစ်ကူးပြောင်းမှုကိုပဲ နောက်တစ်နှစ်သို့ ကူးပြောင်းသွားတဲ့အတွက် စာရေးသူတို့ကို တစ်နှစ်ကြီး သွားပြန်ပြီလို့ ဆိုကြပြန်တယ်။ တကယ်တော့ အသက်ကြီးသွားစေတာ မဟုတ်ပါဘူး။ လောကဝေါဟာရစကား နဲ့တော့ တစ်နှစ်ကြီးသွားတယ်လို့ ပြောလို့ရနိုင်ပေမယ့် တကယ်တော့ တစ်နှစ်ငယ်သွားတာပါ။ အသက် ၈၀-နေ ရမယ့်သူက လက်ရှိ ၅၀-ဆိုကြပါစို့။ ဒီနှစ်ကုန်ယင်တော့ ၅၁-နှစ်ပဲလို့ ပြောရမှာထက် ဒီနှစ်ကုန်ယင်တော့ နှစ် ၃၀-ပဲ ကျန်တော့တယ်လို့ ဆိုရမှာပါ။ ဒါ့ကြောင့် ငယ်သွားခြင်းလို့ ဆိုလိုတာပါ။ စာရေးသူတို့အားလုံးဟာ ကြီးလာတာမဟုတ်ပဲ ဘ၀နောက်ထပ်အသက်ရှင် သန်ဖို့အတွက် ငယ်ငယ်သွားတာ နဲနဲသွားတာပါ။

တစ်နှစ်တာပေးဆပ်လိုက်ရတဲ့ ကျန်ခဲ့တဲ့အတိတ်ခုနှစ်မှာ မိမိကောင်းကျိုး၊ ပတ်ဝန်းကျင်ကောင်းကျိုး၊ လောကကြီးကောင်းကျိုး ဘာတွေနဲ့ ပေးဆပ်ခဲ့ပြီးပြီလဲဆိုတာကို ဒီနှစ်သစ်ကူးခြင်းက သတိပေးကောင်း ပေးနေ တာလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေ စဉ်းစားခြင်းနဲ့အတူ နှစ်ဟောင်းကို ဖြတ်သန်းခြင်းဟာ ပိုလို့အဓိပ္ပါယ် ပြည့်ဝ မယ်လို့ စာရေးသူအနေနဲ့ ယူဆမိပြန်တယ်။

နှစ်သစ်ကူးမှာတော့ နောက်ထပ်ကျန်ရှိနေသေးတဲ့ သက်တမ်းတစ်ခုအတွင်း အတ္တတ္ထစရိယ-ကိုယ့်ကျိုး စီးပွါး၊ ညတတ္ထစရိယ-အသိုင်းအ၀ိုင်းချမ်းသာရေး၊ လောကတ္ထစရိယ- တလောကလုံး အစစအရာရာ ပြည့်စုံရေး ဆိုတဲ့ စရိယကျင့်စဉ် သုံးပါးကို ဘယ်လောက်ထမ်းဆောင်နိုင်မလဲဆိုတာကို ဒီနှစ်သစ်ကူးခြင်းက တိုက်တွန်း နှိုးဆော်ကောင်း နှိုးဆော်တိုက်တွန်းနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါလေးတွေစဉ်းစားယင်းနဲ့ နှစ်သစ်ကို ကူးခြင်းက ပြည့်ဝတဲ့အဓိပ္ပါယ်တစ်ခုကို ပေးနိုင်လိမ့်မယ်လို့ စာရေးသူ ယုံကြည်မိနေပြန်တယ်။

စစ်မှန်တဲ့ ပိတောက်ရနံ့လေးတွေ မရှုရှိုက်လိုက်ရပေမယ့် ရှုရှိုက်မိလိုက်ရတဲ့ ဘလော့များမှ ပိတောက် ပန်းရနံ့လေတွေက တဆင့် ဒီအတွေးအခေါ်အယူအဆလေးတွေ ပေါက်ဖွားလာစေခဲ့တာပါ။ စာရေးသူကတော့ ပိတောက်ရနံ့သင်းတဲ့ ဒီအတွေးအခေါ်လေးများနဲ့အတူ နှစ်သစ်ကို ကူးကြည့်ခြင်း ဒီလိုများပြောလို့ရမလား နှစ်သစ်ကို ကြိုဆိုခြင်း ဖြစ်ပါတယ်လို့…………… ။

နှစ်သစ်မင်္ဂလာမှာ မင်္ဂလာအပေါင်းနဲ့ ပြည့်ဝပါစေလို့ ဆုတောင်းယင်း……………………..

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်