Sunday, April 25, 2010

သွားနေသူက.................


“ ငါဘုရား ရပ်နေတယ်။ ဒါပေမယ့် သွားနေသူက ချစ်သားပါ” ဒါလေးကတော့ မြတ်ဗုဒ္ဓက အင်္ဂုလိမာ လကို ပြောဆိုတဲ့စကားလေးပါ။

ဒီလိုပါ။ ကြားခဲ့ဘူးပြီး ဖြစ်ကြတဲ့အတိုင်း အင်္ဂုလိမာလဟာ သူ့ဆရာအတွက် လက်ညိုပေါင်းများစွာကို ဖြတ်ပေးရမယ့်သူပါ။ နောက်ဆုံး အမေဖြစ်သူကိုတောင် လက်ညိုဖြတ်ယူဖို့ ကြံစည်ခဲ့သူပါ။ အဲဒီအချိန်မှာ မြတ်ဗုဒ္ဓရောက်လာပြန်တော့ မြတ်ဗုဒ္ဓကို လုပ်ကြံသတ်ဖြတ် လက်ညိုဖြတ်ယူဖို့ ကြိုးစားပြန်တယ်။

အဲဒီအခိုက်အတံ့လေးမှာ ဒီစကားလေးတွေ ပေါ်ပေါက်လာတာပါ။ မြတ်ဗုဒ္ဓနဲ့ အင်္ဂုလိမာလတို့ အားပြိုင် နေတဲ့အချိန်ဆိုယင်လည်း မှားမယ်မဟုတ်ပါဘူး။ ဒီစကားလေးက မြတ်ဗုဒ္ဓဟာ သူတစ်ပါးကို သတ်ဖြတ်ညှဉ်းဆဲ ခြင်းစတဲ့အရာတွေ နောက်ထပ်ဖြစ်စရာ မရှိတော့တဲ့အတွက် ခန္တီ မေတ္တာတရားတွေ အပေါ်မှာ ရပ်တည်နေပြီး ဖြစ်တယ်လို့ ဆိုလိုက်တာပါ။ ဒါပေမယ့် အင်္ဂုလိမာလမှာတော့ ခန္တီ မေတ္တာတရားတွေ ကင်းနေတဲ့အတွက် နောက်ထပ် ဘ၀အသစ် အသစ်တွေ စဉ်ဆက်မပြတ်ဖြစ်နေဦးမယ်လို့ ဆိုလိုတာပါ။

အထက်ပါ မြတ်ဗုဒ္ဓရဲ့စကားတော်ဟာ နက်နက်နဲနဲ့ နားလည်ဖို့ကြတော့ စာရေးသူအတွက် အလှမ်း ကွာဝေးဦးမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီအပေါ်မှာ အခြေခံပြီး တွေးမိတာကကြတော့ ဒီလိုပါ။ စာရေးသူ တို့ဟာ ကိုယ့်ကိုယ်ကို ရပ်နေတယ်လို့ ထင်ကြရပေမယ့် တကယ်တော့ သွားနေကြတယ်လို့ ဆိုတာလေးပါ။

“ရုပ်က ရပ်နားနေပေမယ့် စိတ်ကသွားနေမယ်၊ စိတ်ကရပ်နားနေပေမယ့် ရုပ်ကသွားနေမယ်၊ ရုပ် ကော စိတ်ကော နှစ်ခုလုံး သွားနေကြမယ်၊ စိတ်ကော ရုပ်ကော နှစ်ခုလုံး ရပ်နေမယ်”ဆိုတဲ့ ဒီအချက်ကလေး လေးချက်ထဲမှာ တစ်ခုခုနဲ့ ငြိစွန်းနေတာပါ။ အိပ်နေစဉ်မှာတောင် ရုပ်က သွားနေတာဆိုတော့ နားနေတဲ့အခိုက် ဆိုတာ ပြောဖို့ခက်ပါတယ်။ ရံခါ ဘ၀င်စိတ်ဖြစ်နေတဲ့အခိုက်ကို ရပ်တံ့နေတယ်လို့ ပြောနိုင်လို့ရပေမယ့် တကယ် ကော ရပ်တံ့နေတာလား ဆိုတာပါ။ စာရေးသူဟာ ခု စာရေးနေတဲ့ အခိုက်ကလေးမှာပဲ ရုပ်ကော စိတ်ကော သွားနေတာပါ။ တကယ်တော့ ရုပ်ကလည်း မီနစ်မခြား ပြေးလွှားနေသလို စိတ်ကလည်း တရစပ်သွားနေ တာပါ။ အဲဒီစိတ်ဆိုတာကလည်း အနီးမှာတင် သွားနေတာမဟုတ်သလို အဝေးကိုလည်း သွားနေတာဆိုတော့ အခုလို စိတ်က မြန်မာပြည်ပြန်ရောက်နေတယ်ဆိုတာ ထူးဆန်းလှမယ်တော့ မဟုတ်လှပါဘူး။ မြန်မာပြည် ပြန်ရောက်သွားတာက ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်းလေးတွေ တွေးခေါ်စဉ်းစားမိနေခြင်းပါ။

ဆယ့်နှစ်လလုံးလုံး လတိုင်းမှာ နေ့ထူးနေ့မြတ်တွေ ရှိနေပါတတ်တာ မြန်မာပြည်ရဲ့ ချစ်မြတ်နိုး စရာ ကောင်းတဲ့ ရိုးရာယဉ်ကျေးမှုဓလေ့လေးတွေပါ။ ဗုဒ္ဓနေ့၊ အဘိဓမ္မာအခါတော်နေ့၊ မေတ္တာအခါတော်နေ့ စသဖြင့် ပါ။ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာတော့ ညောင်ရေသွန်းကြ၊ ဘုရားသွား ကျောင်းသွားနဲ့ ကုသိုလ်တွေ ယူနေကြ၊ ပရိတ်တရားတော်တွေ နာကြ၊ ပဌာန်းတရားတော်တွေ ရွတ်ဖတ်သရဇ္ဈာယ်ကြနဲ့ ကြည်နူးစရာကောင်းလှတဲ့ မြင်ကွင်းလေးတွေပါ။

အခြား ဗုဒ္ဓဘာသာ နိုင်ငံတွေမှာလည်း အဲဒီနည်းတူပါပဲ။ ထိုင်းနိုင်ငံမှာဆိုယင် ဒီဖော်ပြထားတဲ့ ဘာသာ ရေး အခန်းအနားတွေဟာ ထင်ရှားပါတယ်။ ( Visakha Puja - falls on the full moon of the sixth month of the lunar year (around the middle of May on the international calendar).)၊ ( Magha Puja - falls on the full moon of the third lunar month (February))၊ (Asalha Puja - falls on the full moon of the eighth lunar month (July))၊ ( Khao Phansa - falls on the first day after the full moon of the eighth lunar month (July))၊ ( Ok Phansa - marks the end of the Buddhist lent and falls on the full moon of the eleventh lunar month (October)၊ ( Tod Kratin - lasts for 30 days, from Ok Phansa through to the full moon of the twelfth lunar month.) ထိုင်းနိုင်ငံမှာ Visakaha Puja ဆိုတဲ့ ယဉ်ကျေးမှုဟာ သုခေါထိုင်း(Sukhothai)ခေတ်က စတင်ကျင်းပ ကြတာဖြစ်ပြီး သီရိလင်္ကာမှ ဆင်းသက်လာတယ်လို့ ယုံကြည်ကြပါတယ်။

သီဟိုလ်မှာ နေတုန်းကတော့ ဒီကဆုန်လပြည့် ၀ိဆက်ဒေးမှာ အကြီးအကျယ်လုပ်ကြတာ တွေ့မြင်နေ ရတာပါ။ တစ်လလောက်ကတည်းက အချိန်ယူပြီး မဏ္ဍပ်တွေဆောက်ကြ၊ ပန်းချီးပန်းပုတွေနဲ့ ပြင်ဆင်ကြ၊ ဆလိုက်မီးတွေ ပြင်ဆင်ထားကြနဲ့ ဒီပွဲကို ဆင်နွှဲကြဖို့ အားခဲနေကြတာဟာ အခြားဗုဒ္ဓဘာသာ နိုင်ငံများထက် ပိုပါတယ်လို့ပဲ ပြောဆိုချင်ပါတယ်။ အဲဒီပွဲတော်အတွင်းမှာ စတုဒိသာကျွေးကြတာက နေရာတိုင်းလိုပါ။ အဲဒီ ရက်အတွင်း ဆရာဝန်တွေက အခမဲ့ ကုသပေးကြသလို အသောက်အစားလေးတွေ ကင်းနေကြတာကတော့ ထူးခြားမှုတစ်ခုလို့ ဆိုရမှာပါ။ ဒီဝိဆက်ဒေးလိုပဲ ၁၂-လတာမှာ ထူးခြားတဲ့ ဘာသာရေး နေ့ရက်ကလေးတွေကို ပြောကြည့်ချင်သေးတယ်။

(၁)မေ(ကဆုန်)လတွင် ဘုရားအလောင်းတော် ဖွားမြင်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ ရောက်တော် မူသောနေ့၊ ပရိနိဗ္ဗာန်စံတော်မူသောနေ့နှင့် သီရိလင်္ကာနိုင်ငံသို့ ဘုရားရှင် တတတိယအကြိမ်မြောက် ကြွတော်မူ သောနေ့တို့ကို ၀ိစခ်(Vesak)ပေါယနေ့။

(၂)ဇွန်(နယုန်)လတွင် အရှင်မဟိန္ဒမထေရ် သီရိလင်္ကာနိုင်ငံသို့ စတင်သာသနာပြုရောက်ရှိသည့်နေ့ကို ပိုစွန်(Poson)ပေါယနေ့။

(၃)ဇူလိုင်(၀ါဆို)လတွင် မယ်တော်မာယာအိပ်မက်တွင် ဆင်ဖြူတော်ကို မြင်သောနေ့၊ ဘုရားအလောင်းတော် တောထွက်တော်မူသောနေ့၊ ဗောဓိညောင်ပင်အောက်တွင် သဗ္ဗညုတညဏ်တော်ကို ရတော်မူပြီးနောက် တရားဦးဓမ္မစကြာဟောတော်မူသောနေ့နှင့် ရဟန်းတော်များ ၀ါဆိုခြင်းကို စတင်သတ်မှတ် သောနေ့တို့ကို ဧစလ(Esala)ပေါယနေ့။

(၄)သြဂုတ်(၀ါခေါင်)လတွင် ရဟန်းတော်များ ဒုတိယ ၀ါဆိုဝါကပ်ခြင်းကို သတ်မှတ်ပေးသောနေ့နှင့် ပထမသင်္ဂါယနာတင်သော နေ့တို့ကို နိကိနီ (Nikini)ပေါယနေ့။

(၅) စက်တင်ဘာ(တော်သလင်း)လတွင် မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿိတနတ်သားကို ကျေးဇူး ဆပ် အဘိဓမ္မာတရားဟောရန် တာဝတိံသာနတ်ပြည်သို့ ဘုရားရှင် ကြွရောက်တော်မူသောနေ့နှင့် ဘိက္ခူနီ သာသနာစတင် တည်ထောင်သောနေ့တို့ကို ဘိနရ(Binara)ပေါယနေ့။

(၆)အောက်တိုဘာ(သီတင်းကျွတ်)လတွင် ၀ါတွင်းသုံးလပတ်လုံး မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿိတ နတ်သားကို ကျေးဇူးဆပ်အဘိဓမ္မာတရားဟောကြားခြင်းပြီးဆုံးသောနေ့၊ မဟာပ၀ါရဏာနေ့၊ ဘုရားရှင်မှ တပည့်သာဝကများကို သီရိလင်္ကာနိုင်ငံသို့ သာသနာပြုစေလွှတ်သောနေ့၊ အသောကမင်းကြီးက အရိဋ္ဌ မင်းသားကို သီရိလင်္ကာနိုင်ငံသို့ ဗောဓိကိုင်း သယ်ဆောင်စေသောနေ့နှင့် အရှင်မဟာမဟိန္ဒမထေရ် ပရိနိဗ္ဗာန်စံ တော်မူသောနေ့တို့ကို ၀ပ်(Vap)ပေါယနေ့။

(၇)နိုဝင်ဘာလ(တန်ဆောင်မုန်း)လတွင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်က နိုင်ငံအသီးသီးသို့ ရဟန်းတော်များ သာသနာပြုရန် စေလွှတ်သောနေ့နှင့် မြတ်ဗုဒ္ဓ၏ဓာတ်တော် မွေတော်များကို သီရိလင်္ကာနိုင်ငံ သို့ စတင်သယ်ဆောင်နေ့တို့ကို အီလ်း(Ill)ပေါယနေ့။

(၈) ဒီဇင်ဘာ(နတ်တော်)လတွင် သင်္ဃမိတ္တာထေရီ ဗောဓိပင်ပျိုနှင့်အတူ သီရိလင်္ကာနိုင်ငံသို့ စတင် ရောက်ရှိသောနေ့ကို အူဒုဝပ်(Uduvap)ပေါယနေ့။

(၉)ဇန်န၀ါရီ(ပြာသိုလ်)လတွင် ဘုရားရှင် သီရိလင်္ကာနိုင်ငံသို့ ပထမအကြိမ် ဒေသစာရီ ကြွချီတော်မူ သောနေ့ကို ဒုရသု(Duruthu)ပေါယနေ့။

(၁၀)ဖေဖော်ဝါရီ(တပို့တွဲ)လတွင် အရှင်သာရိပုတ္တရာမထေရ်နှင့် အရှင်မဟာမောဂ္ဂလာန်မထေရ်တို့ကို ဘုရားရှင်၏ တပည့်သာဝကစတင်ဖြစ်သောနေ့အဖြစ် န၀ံ(Navam)ပေါယနေ့။

(၁၁)မတ်(တပေါင်း)လတွင် ဘုရားရှင်သည် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးနှင့် ဆွေတော်မျိုးတော် တို့ကို တရားဟောကြားရန် ကပိလ၀တ်ပြည်သို့ ကြွတော်မူသောနေ့နှင့် ဘုရားရှင်၏စွယ်တော်ကို သီရိလင်္ကာ နိုင်ငံသို့ စတင်သယ်ဆောင်သောနေ့တို့ကို မက်ဒင်(Medin)ပေါယနေ့။

(၁၂) ဧပြီ(တန်ခူး)လတွင် ဘုရားရှင် သီရိလင်္ကာနိုင်ငံသို့ ဒုတိယအကြိမ်ဒေသစာရီ ကြွချီတော်မူသော နေ့ကို ဘခ်(Bak)ပေါယနေ့-လို့ ဆိုပြီး အဲဒီလို အသီးသီး သတ်မှတ်ထားတာ ဗုဒ္ဓဘာသာနိုင်ငံတစ်ခုရဲ့ သင်္ကေတ လက္ခဏာ အပြည့်ပါနေတယ်ဆိုရမှာပါ။

ကဆုန်လပြည့်နေကို ဘာ့ကြောင့် ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားကြပါသလဲဆိုယင် ဘုရား လောင်းဖွားမြင်တဲ့နေ၊ မြတ်ဘုရားရှင် သဗ္ဗညုတညဏ်ရရှိတဲ့နေ့၊ ပရိနိဗ္ဗာန်ဝင်စံတဲ့နေ ဖြစ်နေ့လိုပါ။ ဒီနေ့မှာမှ ရှားရှားပါးပါး တိုက်တိုက်ဆိုင်ဆိုင် တစ်နေ့တည်း တူနေတာဟာဖြင့် နေ့များစွာထဲက တစ်ခုတည်းသော အထွတ် အထိပ်နေ့တစ်နေ့လို့ ဆိုရမှာပါ။

ဒီနေရာမှာ ဗုဒ္ဓ ဖွားမြင်တော်မူတဲ့ ခုနှစ်ကတော့ The Buddha and His teachings စာအုပ်မှာ( The full moon day of May, 623 B.C)လို့ နာရဒမဟာထေရ်က ဆိုထားပါတယ်။ ဒါပေမယ့် ပရိနိဗ္ဗာန်ဝင်စံ တော်မူတဲ့ နေ့တွေအပေါ် ပညာရှင်များရဲ့ အယူအဆအမြင်တွေကို ဖော်ပြချင်ပါ သေးတယ်။

Dr. D. C Sircar, and Indian epigraphist (486 B.C) / Dr.Ananda W.P. Guruge; Dr. D.F. Jayasuriya; George Grimm; Rev.Narada; G Turnour(543 B.C)/ RhysDavids (488 B.C) / R.C. Majumdar; Gopal Aiyar; Vincent Smit; B.G.Gokhle; J.Takakasu(486 B.C) / Christmas Humphreys; Dr. Fleet; Robert Chester; Saravapalli Radhakrishnan; Ananda K. Commaraswamy; Edward j. Thomas; Edward J Conze; Ency.of Brittanica; Wilhelm Geigher; W.G. Rawlinson; G.D.P. Wickramasinghe; Pears encyclopaedia (483 B.C) / German Laxikon; Ency.Religion & Ethics; H.Oldenberg; Michael Edward; S.D. de Lenerolle; W.H.moreland (480 B.C) / Louis Renow(478 B.C) / Max Muller; A. Cunningham; R.L.Copleston (477 B.C)
ဒါတွေကတော့ လေ့လာလိုသူများအတွက် - Views on Buddhism by Dr. S. Vaiamon - စာအုပ်မှာ ကြည့်ရှု့နိုင်ပါတယ်။

ဒီလို သက္ကရာဇ်တွေ ကွဲပြားနေနိုင်ပေမယ့်လို့ ဖော်ပြခဲ့ပြီးတဲ့ သုံးမျိုးကတော့ နေ့တစ်နေ့တည်းမှာပဲ ဖြစ်ခဲ့ တာပါ။ မြန်မာသက္ကရာဇ်အရကတော့ လယ်တီဆရာတော်ဘုရားကြီးရေးသားတော်မူတဲ့ ခုနှစ်နေ့ဘုရား ရှိခိုး တွေကို ပြန်လည်ကြည့်ရှုမယ်ဆိုယင် အခက်အခဲ ရှိလှမယ်မဟုတ်ပါဘူး။ အဲဒီအထဲက “မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်” ၊ “ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလင်ဗွေထက်” ၊ “ ကုသိနာရုံ၊ အင်ကြင်စုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်” ဟာ ကဆုန်လပြည့် ဒီဗုဒ္ဓနေ့ကို ရည်ညွှန်းနေတာပဲ မဟုတ်ပါလား။

တကယ်တော့လဲ ဒီနေ့ကပဲ ဖြစ်-တည်-ပျက်ဆိုတဲ့ တရားသဘောကို သတိပေးနေကောင်း ပေးနေ တာလဲ ဖြစ်နိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုယင် ဒီနေ့မှာ ဘုရားအလောင်းတော်ဟာ လူပြည်လူ့လောကသို့ ရောက်လာတယ်။ ဒီနေ့မှာပဲ ကမ္ဘာလောကရဲ့ အမြင့်မြတ်ဆုံး လူသားတစ်ယောက်အဖြစ် ရပ်တည်ခဲ့တယ်။ ဒီကနေ့မှာပဲ လူ့လောကက ပြန်လည်ထွက်ခွါတော်မူခဲ့လို့ပါပဲ။ ဒါ့ကြောင့် ဒီနေ့ဟာ လူသားတစ်ယောက်အတွက် ဖြစ်-တည်-ပျက် သုံးခုကို မီးမောင်းထိုးပြတဲ့ နေ့ဆိုယင်လည်း မှားမယ်မဟုတ်ပါဘူး။

စာရေးသူကတော့ မြင့်မြတ်တဲ့ ဒီသဘောတရားတွေကို လက်လှမ်းမမီသေးပါဘူး။ ဒါပေမယ့် “ ငါဘုရား ရပ်နေတယ်။ ဒါပေမယ့် သွားနေသူက ချစ်သားပါ” ဆိုတဲ့ စကားလေးရဲ့ နောက်ဆက်တွဲ ဆင့်ပွားအတွေး လေးပါ။ စိတ်တွေ ရုပ်တွေဟာ အခိုက်တံ့တစ်ခုမှာ “ရပ်နေတာပါ”လို့ ပြောခွင့်မရှိလောက်အောင် ပြေးလွှား နေတာပါလားလို့ နားလည်မိလိုက်တာပါ။ အဲဒီရဲ့ အခြားတစ်ဖက်မှာက “အော် ရုပ်တွေစိတ်တွေရဲ့ ပြေးသွားခြင်း တွေ များစွာရှိခဲ့ယင်တောင် ခုအခိုက်အတံ့ ပြေးသွားနေတဲ့ စိတ်တွေရုပ်တွေကတော့ ကောင်းသောပြေး သွား ခြင်းပါ”လို့ ဆိုခွင့်ရှိမလား မိမိကိုယ်ကိုယ် နှစ်သိမ့်မိခြင်းပါ။




ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်