Wednesday, April 13, 2011

သမိုင်းနှင့်အစဉ်အလာ

ဦးသန့်

သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၁

လွန်ခဲ့သောနှစ်ပေါင်း ၄ဝ ကျော်က ကမ္ဘာ ကြီးကိုတတိယစစ်ကြီးဖြစ်မည့်ဘေး မှ ကယ်တင်နိုင်ခဲ့သူမှာ မြန်မာနိုင်ငံ တောမြို့လေးတမြို့တွင် သာမန်ကျောင်းဆရာလေးတယောက်ဖြစ်ခဲ့ဖူးသူဟုဆိုလျှင် ကြားရသူ အပေါင်း အံ့သြပေလိမ့်မည်။ ထိုသို့ ကမ္ဘာကြီးကို စစ်မီးလျှံ အန္တရာယ်က ကယ်တင်ခဲ့သောပုဂ္ဂိုလ်မှာ အခြားသူမဟုတ် မြန်မာ့သားကောင်းရတနာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ဆိုသူပင်ဖြစ်သည်။

ဦးသန့်ကို ၁၉ဝ၉ ခုနှစ်ဇန်နဝါရီလ ၂၂ ရက်သောကြာနေ့တွင် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့၌ အဖဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်တို့ မှ ဖွားမြင်ခဲ့လေသည်။ မွေးချင်း ၄ ယောက်အနက် အကြီးဆုံးဖြစ်သည်။ ဖခင်ဦးဖိုးနှစ်သည် ကာလကတ္တား မြို့ (ယခုကိုလ်းကားတား) အထိ သွားရောက်ပညာသင်ကြားခဲ့ဖူးသူဖြစ်ရာ အင်္ဂလိပ်စာကိုကောင်းစွာတက်ကျွမ်းသူဖြစ်သည်။ ထိုခေတ်က မြန်မာလူမျိုးများတွင် အင်္ဂလိပ်စာ တတ်ကျွမ်းသူ ရှားပါလှရာ၊ မောင်သန့်လေးမှာ ဖခင်ထံမှ အင်္ဂလိပ်စာနှင့်စာပေ ဗဟုသုတတို့ကို သင်ယူလေ့လာ ဆည်းပူးခွင့် ရရှိခဲ့လေသည်။

မောင်သန့်သည် ငယ်စဉ်ကပင် စာရေးဆရာလုပ်ရန် ဝါသနာ ထုံခဲ့ရာ ရှေးခေတ်မြန်မာစာပေ ပညာရှင်ကြီးများရေးသားခဲ့သော ပျို့၊ ကဗျာ၊ မော်ကွန်းရာဇဝင်စသည့် ရှေးစာဟောင်း ပေ ဟောင်းများနှင့် ရာဇဝင်များကို အချိန်ရလျှင်ရသလို လေ့လာလိုက်စားခဲ့သည်။ ဤသို့ ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာ သီလံဝံသမှ စ၍ နတ်ရှင်နောင်၊ နဝဒေး၊ လှိုင်ထိပ်ခေါင်တင်၊ မြဝတီမင်းကြီးဦးစ၊ စလေဦးပုည အဆုံး မြန်မာစာဆို တော်ကြီးများ၏ လက်ရာအဖုံဖုံကို လေ့လာဖတ်ရှုမှတ်သားခဲ့သည်။

မောင်သန့် ၁၂ နှစ်သားအရွယ်မှာပင် ဖခင်ဖြစ်သူ၏စာအုပ်စင်မှ ရှိတ်စပီးယား၊ နာမည်ကျော် စုံထောက် စာရေးဆရာ ဆာအာသာကိုနင်ဒွိုင်း စသူတို့၏ အင်္ဂလိပ်ဝတ္တုကြီးများကို မွှေနှောက်ရှာဖွေ၍ ဖတ်ရှုတက် နေလေပြီ။
သို့သော် မောင်သန့်အသက် ၁၄ နှစ်အရွယ်တွင် ဖခင်ကြီးရုတ်တရက်ကွယ်လွန်သွားခဲ့ရာ၊ မိခင်ဖြစ်သူ ဒေါ်နန်းသောင်မှာ သားလေးယောက်နှင့်ဘဝကို ရုန်းကန်ကြိုးစားရတော့သည်။
၁၉၂၆ ခုနှစ်တွင် ကိုသန့် ပန်းတနော်အမျိုးသားအထက်တန်းကျောင်းမှ ဆယ်တန်းစာမေးပွဲ အောင်မြင်၍ ရန်ကုန် တက္ကသိုလ်တွင် ဆက်လက်ပညာဆည်းပူးခွင့်ရခဲ့သည်။ တက္ကသိုလ်ကျောင်းသားဘဝတွင် ကိုသန့်နှင့်ရင်းနှီးခင်မင်စွာ ပေါင်းသင်းကြသည့် သူငယ်ချင်းများတွင် နောင်တချိန်တွင် ထင်ရှားလာမည့် မိတ်ဆွေအများအပြားပါဝင်ကြသည်။

အဝတ်အစားကို ပါးပါး လွှားလွှားဝတ်ဆင်လေ့မရှိပဲ၊ သေသေသပ်သပ် ဖြူဖြူစင်စင် ဝတ်စားပြီး အမြဲအေးဆေး၍လန်းလန်းဆန်းဆန်း ပျော်ပျော်ရွှင်ရွှင် နေတက်သော ကိုသန့်ကို မိတ်ဆွေသူငယ်ချင်းများက ချစ်ခင်လေးစားကြသည်မှာ မဆန်းလှပေ။
သို့သော် ကိုသန့်တက္ကသိုလ်တွင် ဥပစာတန်းအောင်မြင်သည့်နှစ်တွင် ညီဖြစ်သူဆယ်တန်းအောင်၍ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် မိခင်ဖြစ်သူမှာထောက်ပံ့ရန် ဝန်ပိနေမည်စိုး၍ မိမိကိုယ်ကျိုးကို အနစ်နာခံပြီး တက္ကသိုလ် ကျောင်းမှထွက်ခဲ့ရရှာသည်။ တက္ကသိုလ်မှထွက်ပြီး ပန်းတနော်မြို့ အထက်တန်း ကျောင်း ကျောင်းဆရာလုပ်ရင်း ဂန္တလောက မဂ္ဂဇင်း၊ တိုးတက်ရေးမဂ္ဂဇင်း စသည်တို့၌ ဘာသာပြန် ဆောင်းပါးများရေးခဲ့သည်။ ဦးသန့်သည်အခြေအနေအရ ကျောင်းဆရာ လုပ်နေသော်လည်း သူအဖြစ်ချင်ဆုံး အလုပ်မှာ သတင်းစာဆရာဖြစ်သည်။

ထို့နောက်ဦးသန့်သည် ၁၉၃၁ ခုနှစ်တွင် Anglo-Vernauclar Secondary Teachership ဆရာဖြစ် စာမေးပွဲ၌ ပထမနေရာဆွတ်ခူးနိုင်ခဲ့ပြီးနောက် ပန်းတနော်အထက်တန်းကျောင်း၌ ကျောင်းအုပ်ကြီးအထိ တိုးမြှင့်ခြင်းခံရသည်။
ဒုတိယကမ္ဘာစစ် မတိုင်မီက ဦးသန့်သည် မြန်မာနိုင်ငံ ပြဌာန်းစာအုပ်ကော်မတီနှင့် အမျိုးသား ပညာရေးကောင်စီ၌ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး၊ ကျောင်းအုပ်ဆရာများအသင်း၏ အမှုဆောင်ကော်မတီဝင်ဖြစ်ခဲ့သည်။
၁၉၄၂ ခုနှစ်တွင် ဦးသန့်သည် မြန်မာနိုင်ငံပညာရေးစနစ် ပြန်လည်တည်ဆောက်ရေးကော်မတီ၏ အတွင်းရေးမှူး အဖြစ် လအနည်းငယ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်၊ အမျိုးသားအထက်တန်းကျောင်းသို့ ပြန်ရာက်ခဲ့ပြီး ကျောင်းအုပ်အဖြစ် (၄)နှစ်ကြာ ထပ်မံတာဝန်ထမ်းဆောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီး ဂျပန်ခေတ်တလျှောက်လုံး ပန်းတနော်မြို့၌နေထိုင်၍ နိုင်ငံရေးအဖွဲ့အစည်းများကို တိတ်တဆိတ်ကူညီ ထောက်ပံ့ပေးခဲ့သည်။

စစ်ပြီး၍ မြန်မာနိုင်ငံလွတ်လပ်ရေးရသောအချိန်တွင် ဦးသန့်၏ အခင်မင်ဆုံး သူငယ်ချင်း တယောက် ဖြစ်သူ ဦးနုသည် ဖဆပလ ခေါင်းဆောင်တယောက်ဖြစ်နေရာ ဦးသန့်ကို အစိုးရအမှုထမ်းလုပ်ရန် တိုက်တွန်း လေသည်။ မဂ္ဂဇင်းထုတ်ဝေရန် ရန်ကုန်မြို့သို့ တက်လာသောဦးသန့်မှာ ဦးနု၏ တိုက်တွန်းချက်ကို မဖြစ်မနေ လက်ခံရတော့သည်။
သို့ဖြင့် ဦးသန့်သည် မြန်မာနိုင်ငံအစိုးရ၏ သတင်းဆိုင်ရာညွှန်ကြားရေးမှူးအဖြစ် တာဝန် ပေးခံခဲ့ရသည်။ ထို့နောက်အသံလွှင့်ဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ်တာဝန်ပေးခြင်းခံရပြီးနောက် ၁၉၄၉ ခုနှစ်တွင် မြန်မာနိုင်ငံအစိုးရပြန်ကြားရေးဝန်ကြီးဌာန၌ အတွင်းရေးမှူး အဖြစ်တာဝန်ပေးခြင်းခံခဲ့ရသည်။ ၁၉၅၃ ခုနှစ်တွင် ဦးသန့်သည်ဝန်ကြီးချုပ်ရုံး၌ စီမံကိန်းဆိုင်ရာ အတွင်းရေးမှူးအဖြစ် တာဝန် ပေးခြင်းခံခဲ့ရသည်။ ၁၉၅၅ ခုနှစ်တွင် ဦးသန့်အား မြန်မာနိုင်ငံစီးပွားရေးနှင့် လူမှုရေးဘုတ်အဖွဲ့၏ အမှုဆောင်အတွင်းရေးမှူး အဖြစ် ထပ်မံတာဝန်ပေးခြင်းခံခဲ့ရသည်။

သို့ကလို ဝန်ကြီးချုပ်ဦးနုသည် ဦးသန့်အား အဆင့်မြင့်တာဝန်အမျိုးမျိုးခန့်အပ်လုပ်ကိုင်စေပြီးနောက် နောက်ဆုံး ဝန်ကြီးချုပ်ရုံးအတွင်းဝန်အဖြစ် ခန့်အပ်ခဲ့လေသည်။ နိုင်ငံတော်အဆင့်မြင့်တာဝန်အမျိုးမျိုး လုပ်ကိုင် နေစဉ်အတွင်း ဦးသန့်သည် ‘ပြည်တော်သာခရီး’စာအုပ်ကိုအတွဲ ၂ တွဲခွဲ၍ပြုစုခဲ့သည်။ထို့ပြင် မြို့ပြပုံပြင်များ စာအုပ်နှင့်အင်္ဂလိပ်မြန်မာဆောင်းပါးများကို စာနယ်ဇင်များ၌ရေးသားခဲ့သည်။

၁၉၅၇ ခုနှစ်တွင် ဦးသန့်အားကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းသံအမတ်ကြီးအဖြစ် ဝန်ကြီးချုပ်ဦးနုက ခန့်အပ်တာဝန် ပေးသည်။ သို့ကလို ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်အဖြစ် ၁၉၅၇ မှ ၁၉၆၁အထိ တာဝန်ထမ်းဆောင် နေစဉ်အတွင်း ကုလသမဂ္ဂ၏ ယာယီအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရသည်။ ထိုကာလတွင် ဦးသန့်သည် အထွေထွေညီလာခံကိုတက်ရောက်ခဲ့သော မြန်မာနိုင်ငံ အဖွဲ့ကိုဦးဆောင်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ဦးသန့်သည် ၁၄ ကြိမ် မြောက် ကုလညီလာခံ၌ ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြန်သည်။

၁၉၆၁ ခုနှစ်တွင် ဦးသန့်သည်ကွန်ဂိုနိုင်ငံရင်ကြားစေ့ရေး ကုလသမဂ္ဂကော်မရှင်(UN Congo Conciliation Commission) ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကုလသမဂ္ဂ ငွေရင်းငွေနှီး တည်ဆောက် ရေး ရန်ပုံငွေအဖွဲ့၏ ဥက္ကဌ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ဦးသန့်၏ သံတမန်သက်တမ်းတလျှောက်တွင် မြန်မာနိုင်ငံဝန်ကြီးချုပ်၏ အကြံပေး အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့နောက် ဦးသန့်သည် ၁၉၆၁ ခုနှစ်နိုဝင်ဘာ ၃ ရက်နေ့မှစ၍ ယာယီအတွင်းရေးမှူးချုပ်အဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့သည်။ ထိုအချိန်တွင်သူ့အား ကွယ်လွန်သွားသောအတွင်းရေးမှူးချုပ်ဒက်ဟမ္မားရှိုး မပြီးမြောက်ခဲ့သော အလုပ် တာဝန်သက်တမ်းကို ဆက်လက်ခံယူရန်အထွေထွေညီလာခံက လုံခြုံရေး ကောင်စီ၏ တခဲနက်ထောက်ခံမှုဖြင့် ခန့်အပ်လိုက်သည်။ တဖန် အထွေထွေညီလာခံသည် ၁၉၆၂ နိုဝင်ဘာ ၃ဝ ၌ ဦးသန့်အားအတွင်းရေးမှူးချုပ်နေရာကို ၁၉၆၆ နိုဝင်ဘာလ ၃ဝ ရက်နေ့အထိ သက်တမ်းကာလအတွက် ထပ်မံ၍ တခဲနက်ခန့်အပ်ခဲ့သည်။

ယင်းနောက် လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက် ၂၂၉-၁၉၆၆ ၏တခဲနက်ဆုံးဖြတ်ထောက်ခံချက်အရ အထွေထွေ ညီလာခံက ၁၉၆၆ ဒီဇင်ဘာ ၂ ရက်နေ့တွင် ဦးသန့်အား အတွင်းရေးမှူးချုပ် ရာထူး ဒုတိယ သက်တမ်းအဖြစ် ထပ်မံခန့်အပ်ခဲ့သည်။ ထိုရာထူး၏ သက်တမ်းမှာ ၁၉၇၁ ဒီဇင်ဘာ ၃၁ နေ့တွင် ကုန်ဆုံးခဲ့သည်။

ဦးသန့်သည် ကုလအတွင်းရေးမှူးချုပ်အဖြစ် စတင်ထမ်းရွက်စဉ် ကမ္ဘာ့အရေးအခင်းများစွာတွင် ကျူးဘားနိုင်ငံ၌ ရုရှားနျူကလီးယားဒုံးပျံများဖြန့်ကျက်ချထားမှု နိုင်ငံအရေးအခင်းများကြောင့် အမေရိကန်နှင့် ဆိုဗီယက်တို့ ပင်လယ်သမုဒ္ဒရာ၌ ရင်ဆိုင်တွေ့ရပြီး တတိယကမ္ဘာစစ် ဖြစ်လုဆဲဆဲအခြေအနေမှ ကြားဝင် စေ့စပ်ပေး၍ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ဦးသန့်က တရားဥပဒေစိုးမိုးသော ငြိမ်းချမ်း၍သာယာဝပြောသော
လူ့ဘောင်တရပ်ဖန်တီးပေးနိုင်လျှင် နောက်ထပ်စစ်ပွဲအန္တရာယ် ရှောင်ရှားနိုင်ကြောင်း၊ တရားမျှတသော နိုင်ငံ တကာ ဆပ်ဆံရေးအခြေအနေရှိလျှင် စည်းလုံးညီညွှတ်သောလူသားတရပ်လုံးသည် ငြိမ်းချမ်းစွာ နေထိုင်နိုင် သည်ဟု စွဲမြဲစွာယုံကြည်ခဲ့သူဖြစ်သည်။

ဦးသန့်သည် ၁၉၇၁ ခုနှစ်တွင် မိမိ၏အလုပ်တာဝန်ကို ဒုတိယသက်တမ်းကုန်ဆုံးပြီးနောက် အငြိမ်းစား ယူခဲ့သည်။ ထို့နောက် ဦးသန့်သည်အသက် ၆၅ နှစ်အရွယ်မှစ၍ ကျန်းမာရေးတဖြည်းဖြည်းဆိုးဝါးလာကာ အချိန်ကြာမြှင့်စွာ မမာမကျန်း ဖြစ်ခဲ့ပြီးနောက် ၁၉၇၄ ခုနိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကွယ်လွန် အနိစ္စရောက်ခဲ့လေသည်။ ဦးသန့်သည်ကမ္ဘာ့နိုင်ငံ အသီးသီးမှ ချီးမြှင့်ခဲ့သည့် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့(ဒေါက်တာဘွဲ့)မြောက်များစွာကို ရရှိခဲ့သော်လည်း မိမိနာမည်အရှေ့၌ မည်သည့်အခါ မှအသုံးမပြုခဲ့ပေ။
ကုလသမဂ္ဂ တက္ကသိုလ်တွင်ထားရှိမည့် ဦးသန့်ကြေးရုပ်တု ဖွင့်လှစ်ပွဲအခမ်းအနား၌ ကုလ အတွင်းရေးမှူးချုပ် ကွတ်ဝါးလ်ဟိုင်းက အောက်ပါအတိုင်းပြောကြားခဲ့သည် –

“ကုလသမဂ္ဂအဖွဲ့မှ ဖွင့်လှစ်တဲ့တက္ကသိုလ်မှာ အတွင်းရေးမှူးချုပ်ဟောင်းဦးသန့်ရဲ့ ကိုယ်တပိုင်း ကြေးရုပ်တု စိုက်ထူ ထားရှိတာဟာ အလွန်သင့်မြတ်လှပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လူသားအချင်းချင်း နာလည်မှုရှိရေးအတွက် ဦးသန့်ရဲ့ မဆုတ် မနစ်သောလုံးလနှင့်ကြိုးပမ်းသွားခဲ့တာကို ကျောင်းသားကျောင်းသူ၊ မိဘများက စိတ်အေးထက်သန် အမှတ်တရရှိနေကြမှာပါပဲ။ ဦးသန့်က ပညာရေးကိုအလွန်အားပေးလိုပြီး စာသင်ကျောင်းရန်ပုံငွေရအောင် ဆောင်ရွက်ခဲ့ပြီး ဒီကျောင်းအတွက် အဘက်ဘက်က မနားမနေ ကြိုးပမ်းခဲ့ပါတယ်။ ငြိမ်းချမ်းရေးနဲ့ အပြည်ပြည်ဆိုင်ရာနားလည်ရေးအတွက် အိန္ဒိယမှ ဂျဝါဟာလာ နေရူးဆုကို ဦးသန့်လက်ခံရရှိစဉ်က ဆုငွေအားလုံးကို ဦးသန့်က ပညာတော်သင်ဆုအဖြစ်သတ်မှတ်ပြီး ဒီကျောင်းအတွက် အားလုံးလှူဒါန်းခဲ့ပါတယ်။ နှစ်စဉ်ကျောင်းဆင်းပွဲရောက်တိုင်း ဦးသန့်ကိုယ်တိုင်ကျောင်းကိုလာရောက်ပြီး ကျောင်းသားများအတွက် အမြဲတစေ သြဝါဒစကားပြောကြားတဲ့အတွက် များစွာအကျိုးရှိပါလိမ့်မယ်”ဟူ၍ ပြောကြားသွားခဲ့သည်။

အမေရိကန်သမ္မတ ဖို့ဒ်ကလည်း -
“ဦးသန့်သည် မိမိကိုယ်ကျိုးကိုမငဲ့ဘဲ လူသားတို့အကျိုးအတွက် အမြတ်ဆုံးသောတာဝန်ဝတ္တရားတို့ကို ထမ်းဆောင် သွားသည့်ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးသော ပုဂ္ဂိုလ်ကြီးတဦးဖြစ်ကြောင်း၊ ယင်းပုဂ္ဂိုလ်ကြီးက သာဓကကောင်း ပြခဲ့သည့်အတွက်လည်း ကမ္ဘာကြီးတိုးတက်လာခဲ့သည်ကိုငြင်းကွယ်၍ မရကြောင်း၊ ဦးသန့် ကွယ်လွန်ခြင်းအတွက်ကြေကွဲမဆုံး ဖြစ်မိပါကြောင်း” ဂုဏ်ပြုစကားပြောကြားခဲ့သည်။

ဝါရှင်တန်ပို့စ် သတင်းစာကလည်း -
ကုလသမဂ္ဂအဖွဲ့ကြီးအတွက် အခက်အခဲဆုံးအခြေအနေတွင် အောင်မြင်မှုရှိပုံကို အသိအမှတ်ပြုရမည် ဖြစ်သည်။ မြင့်မြတ်သည့်စိတ်နှင့်ဗုဒွဘာသာ၏ အဆုံးအမကြောင့် ဦးသန့်အောင်မြင်ခြင်းဖြစ်သည်။ ကုလသမဂ္ဂ တွင် အတွင်းရေးမှူးချုပ်အဖြစ် ရာထူးလက်ခံစဉ်မှစ၍ အနားယူချိန်အထိ တဆက်တည်းတိုးတက်ဖွံ့ဖြိုးအောင် ဦးသန့်ကြိုးပမ်းခဲ့သည်။ နာတာ ရှည်ရောဂါသည်ကြီးနှင့် တူသော ကုလသမဂ္ဂအဖွဲကြီးကို နာလံထလာအောင် ဦးသန့်က ကုသပေးခြင်းအတွက် ကျေးဇူးတင် ကြရမည်ဖြစ်ကြောင်း”ဟူ၍ ရေးသားဖေါ်ပြခဲ့လေသည်။

မည်သို့ဆိုစေ နိုင်ငံအချင်းချင်း ကွဲပြားခြားနားမှုများကိုစေ့စပ်ပေး၍ စည်းလုံးညီညွှတ်မှုဖြင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့သော ဦးသန့်အား မြန်မာနှင့်ကမ္ဘာ့ပြည်သူတို့က ထာဝရအမှတ်တရ ရှိနေမည်မှာ မလွဲဧကန်ပင်တည်း။

*****************************************************************************


မြန်မာ့သမိုင်းတကွေ့မှ နိုင်ငံရေးခေါင်းဆောင်များ

ဦးနု (၁၉ဝ၇ – ၁၉၉၅)


သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၁


လွတ်လပ်သောပြည်ထောင်စုမြန်မာနိုင်ငံ၏ ပထမဆုံးသောနိုင်ငံတော်ဝန်ကြီးချုပ်နှင့် စာရေးဆရာဦးနုကို ၁၉ဝ၇ခု၊ မေလ ၂၅ ရက်၊ စနေနေ့နံနက် (၈)နာရီ၊ ၃၉ မိနစ်၊ ၁၂ စက္ကန့်တွင် ဧရာဝတီတိုင်း မြောင်းမြခရိုင် ဝါးခယ်မမြို့၌ အဖဦးစံထွန်း၊ အမိ ဒေါ်စောခင်တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်းနှစ်ယောက်တွင် အကြီးဆုံးဖြစ်ပြီး၊ ညီငယ်အမည်မှာမောင်ဥဖြစ်သည်။

၁၉၁၄ခုနှစ်တွင် ဝါးခယ်မမြို့အစိုးရအင်္ဂလိပ်မြန်မာနှစ်ဘာသာ စာသင်ကျောင်းတွင် သူငယ်တန်းမှပဉ္စမတန်းအထိ ပညာဆည်းပူးသင်ကြားခဲ့သည်။

ထို့နောက် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာသောအခါ မောင်နုသည် သပိတ်ထဲ၌ပါဝင်လှုပ်ရှားခဲ့သည်။ ထိုစဉ်ကမောင်နုသည် အသက် ၁၃ နှစ်ရှိပြီး (၇)တန်းကျောင်းသားဖြစ်သည်။ သပိတ်ကြီးပြီးသွားပြီးနောက် အမျိုးသားပညာရေးစနစ်နှင့်အမျိုးသားကျောင်းများပေါ်ပေါက်လာသောအခါ အင်္ဂလိပ်အစိုးရ ဖွင့် လှစ်ခဲ့သော အစိုးရကျောင်းသို့ ပြန်မတက်တော့ဘဲ ဝါးခယ်မမြို့ဘုးရားတဆောင်များ၌ ပထမဆုံးအစိုးအထောက်အပံ့မယူဘဲ ဖွင့်လှစ်သော အမျိုးသားကျောင်းသို့ တက်ရောက်ပြီး ဆဋ္ဌမတန်းမှစ၍ ပညာဆက်လက်သင်ကြားဆည်းပူးခဲ့သည်။ ဆဋ္ဌမတန်း၌ ပညာသင်ကြားနေစဉ် ဝါးခယ်မအမျိုးသားကျောင်းတွင်ဆရာအခက်အခဲရှိနေ၍ ဆရာတဖက်၊ကျောင်းသားတဖက် ဆောင်ရွက် ခဲ့သည်။
၁၉၂၄ ခုတွင် မြို့မအထက်တန်းကျောင်းမှ (၁ဝ)တန်းအောင်မြင်၍ ရန်ကုန်တက္ကသိုလ်သို့ ဆက်လက်ပညာသင်ကြား ခဲ့သည်။ ၁၉၂၅ တွင် အိုင်အေအထက်တန်းကို နှစ်ချင်းပေါက်အောင်မြင်၍ အထက်တန်းသို့တက်ခဲ့သည်။

၁၉၂၉ ခုမတ်လတွင် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စား၊ မြန်မာစာ၊ ဒဿနဗေဒဘာသာတွဲဖြင့် ဝိဇ္ဇာဘွဲ့ (B.A) ရရှိခဲ့သည်။ တက္ကသိုလ်တွင်ပညာသင်ကြားနေစဉ်အတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်များအစည်းအရုံး တည်ထောင်ရာတွင် ကမကထလုပ်၍ ပါဝင်ခဲ့သည်။
ထို့နောက်ဦးသန့် (နောင်ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာသူ)၏ တိုက်တွန်းချက်အရ ပန်းတနော်မြို့ အမျိုးသားအထက်တန်းကျောင်းတွင် ကျောင်းဆရာအဖြစ်တာဝန်ယူထမ်းရွက်ခဲ့သည်။

၁၉၃ဝ ပြည့်နှစ်တွင်မောင်နုသည် တက္ကသိုလ်သို့ပြန်သွား၍ ဘီအယ်လ်ဥပဒေတန်းတက်ခဲ့သည်။ ဥပဒေသင်တန်းမပြီး ဆုံးမီ သုံးခွမြို့အမျိုးသားကျောင်းသို့ ပြောင်းရွှေ့၍ကျောင်းအုပ်အဖြစ်လုပ်ကိုင်ခဲ့သည်။ ထို့နောက် ၁၉၃၁ ခုနှစ်တွင် ပန်းတနော်မြို့ အမျိုးသားကျောင်းကော်မတီဥက္ကဌ ဦးအောင်ငြိမ်း၊ ဒေါ်ညီမတို့၏ တတိယသမီးမမြရီနှင့် အိမ်ထောင်ကျခဲ့သည်။ အိမ်ထောင်ကျ ပြီးနောက် ၁၉၃၃ ခုနှစ်တွင် သုံးခွအမျိုးသားကျောင်းမှ ပန်းတနော် အမျိုးသားကျောင်းသို့ ပြန်လည်၍ ကျောင်းအုပ် အဖြစ်ထမ်းရွက်သည်။ ၁၉၃၄ ခု ကျောင်းပြန်ဖွင့်သောအခါ မောင်နုသည် ကျောင်းအုပ်အဖြစ်မှနှုတ်ထွက်၍ ဘီအယ်လ်ခေါ် ဥပဒေတန်းတက်ရန်အတွက်၊ ရန်ကုန်တက္ကသိုလ်သို့ပြန်လည်ရောက်ရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ဥပဒေတန်းတက် ရောက်နေစဉ် တက္ကသိုလ်သမဂ္ဂအမှုဆောင်အဖြစ် ရွေးချယ်ခံရသည်။ ထို့နောက် ၁၉၃၅ ခုတွင် ရန်ကုန်တက္ကသိုလ် ကျောင်း သားသမဂ္ဂဥက္ကဌအဖြစ်ရွေးချယ်ခံရသည်။ ထိုနှစ်မှာပင် ဘီအယ်လ်(ဥပဒေဝိဇ္ဇာဘွဲ့)ရရှိခဲ့သည်။

၁၉၃၆ ခုဖေဖော်ဝါရီ ၂၅ ရက်တွင် ဒုတိယတက္ကသိုလ်ကျောင်းသားသပိတ် ပေါ်ပေါက်လာသောအခါ ဦးဆောင် ပါဝင်လှုပ်ရှားခဲ့သည်။ ကိုနုသည် ကျွန်ပညာကို အလိုမရှိဟူသောသဘောဖြင့်ဘီအေ(BA)ဘွဲ့ကိုပြန်အပ်ခဲ့သည်။
၁၉၃၇ တွင်ကိုနုသည် သတင်းစာဆရာဦးဘခိုင်၊ ဒီးဒုတ်ဦးဘချိုတို့ ဖွဲ့စည်းထားသော ဖေဘီယံနိုင်ငံရေးပါတီတွင် ဝင် ရောက်ကူညီသည်။ ထို့နောက်တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ခဲ့ရာ ကိုနု အမည် မှ သခင်နုဖြစ်လာသည်။ ထိုနှစ် ၁၉၃၇ မှပင် သခင်နုနှင့်တိုးတက်သော နိုင်ငံရေးအမြင်ရှိသည့်လူငယ်များစုပေါင်း၍ အင်္ဂလန်ပြည်ရှိ လက်ဝဲစာအုပ်ကလပ်ကို အတု ယူကာ ၁၉၃၇ ခု၊ နိုဝင်ဘာ ၄ ရက်နေ့တွင် နဂါးနီစာအုပ်အသင်းကြီးကို တည်ထောင်ခဲ့သည်။ ဒီးဒုတ်ဦးဘချို ဦးစီး ထုတ်ဝေလျှက်ရှိသော “ဒီးဒုတ်ဂျာနယ်”တွင်လည်းကမ္ဘာကျော် ရှိတ်စပီးယားပြဇာတ်များကို ၁၉၃၆ မှ ၁၉၃၈ ထိအခန်း ဆက်ရေးသားနေခဲ့သည်။ နောင်တွင်အဆိုပါပြဇာတ်များကိုစုပေါင်း၍ ၁၉၅၃ ခုမတ်လတွင် “ကမ္ဘာကျော်ရှိတ်စပီးယားပြဇာတ် များ”အမည်ဖြင့် စာအုပ် ထုတ်ဝေခဲ့သည်။

၁၉၃၉ တွင် သခင်နုသည် တရုတ်ပြည်သို့ ချစ်ကြည်ရေးသွားသောအဖွဲ့( Goodwill Mission)တွင် အဖွဲ့ ဝင်အဖြစ်လိုက်ပါသွားခဲ့သည်။
၁၉၄၁ ခုတွင် ဗမာ့ထွက်ရပ်ဂိုဏ်းခေါင်းဆောင်တဦးအဖြစ် သယာဝတီညီလာခံတွင် အစိုးရဆန့်ကျင်ရေးအဆို တင် သွင်းမှုနှင့် ဂျူဗလီဟောတွင် အစိုးရအကြည်အညိုပျက်စေရန်တရားဟောမှုကြောင့် အင်္ဂလိပ်အစိုးရကသခင်နုအား ဖမ်းဆီး၍ ရုံးတင်စစ်ဆေးပြီး ထောင်ဒဏ် ၂ နှစ်အပြစ်ပေးခဲ့သည်။
အကျဉ်းထောင်မှလွတ်မြောက်ခဲ့ပြီးနောက် ၁၉၄၃ ခု၊ သြဂုတ်လ(၁)၊ ဂျပန်ခေတ်ဒေါက်တာဘမော်အစိုးရအဖွဲ့တွင် နိုင်ငံရေးဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သည်။

၁၉၄၄ တွင် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။ ထိုနှစ်မှာပင် ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့ လွတ်လပ်ရေးအဖွဲ့တွင် ဥက္ကဌအဖြစ်ဆောင်ရွက်သည်။
၁၉၄၅ ခု၊ဇန်နဝါရီလ(၂ဝ)ရက်နေ့တွင် ဖဆပလ လူထုညီလာခံမှရွေးချယ်သော ဗဟိုအမှုဆောင်(၁ဝ)ဦးတွင်ပါဝင် သည်။ ထို့နောက်ဖဆပလအဖွဲ့တွင် ဒုတိယ ဥက္ကဌဖြစ်လာသည်။
၁၉၄၇ ခု၊ဇွန်လ(၁၃)ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော်ဥက္ကဌအဖြစ် တင်မြောက်ခြင်းခံရသည်။ ထိုနှစ်ဇွန်လ (၂၃)ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေးအတွက်ဗြိတိန်နိုင်ငံသို့ထွက်ခွာ၍ ဇုလိုင်လ(၁၂)ရက်နေ့တွင်ပြန်လည်ရောက်ရှိလာ သည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းနှင့်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက် ၁၉၄၇ ဇူလိုင်လ(၁၉)ရက်နေ့တွင် ယာယီအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ဇူလိုင်လ(၂၆)ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော်ဥက္ကဌအဖြစ်မှ နှုတ် ထွက်ခဲ့သည်။

၁၉၄၇ ခု၊ သြဂုတ်လ(၂၆)ရက်နေ့တွင် ဘာသာပြန်စာပေအသင်းကြီးတည်ထောင်ရန် ဆုံးဖြတ်ခဲ့သည်။ ၁၉၄၇ ခု၊ အောက်တိုဘာ(၁၇)ရက်နေ့တွင် အင်္ဂလန်ပြည်၊ လန်ဒန်မြို့၌ နန်းရင်းဝန်ရစ်ချတ်အက်တလီနှင့် မြန်မာနိုင်ငံယာယီအစိုးရ အဖွဲ့ဝန်ကြီးသခင်နုတို့သည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် “နု -အက်တလီ”စာချုပ်ကိုလန်ဒန်မြို့၌ သဘောတူလက်မှတ် ရေးထိုးခဲ့သည်။

၁၉၄၈ ခ၊ု ဇန်နဝါရီလ(၃)ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေးမှ မြန်မာနိုင်ငံ၏ပထမဆုံး ဝန်ကြီးချုပ်အဖြစ် အမည်တင်သွင်းခံရသည်။ ထို့နောက် ဇန်နဝါရီလ(၄)ရက်နေ့နံနက် ၄နာရီ ၂ဝ တွင် လွတ်လပ်သော ပြည်ထောင်စုသမ္မတနိုင်ငံ ပေါ်ထွန်းလာခဲ့ပြီးနောက် လွတ်လပ်သောမြန်မာနိုင်ငံ၏ ပထမဆုံးသောနိုင်ငံတော်ဝန်ကြီးချုပ် ခန့်အပ်ခြင်းခံရသည်။

ထိုနှစ်ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဂျပ်ဆင်ကောလိပ်ကျောင်းဝင်းအတွင်း ယာယီအသင်းတိုက်၌ ဘာသာပြန်စာပေ အသင်းကို ဖွင့်လှစ်ခဲ့သည်။ ထိုမှတဖန်အမှတ်(၃၆၁)၊ ပြည်လမ်းပေါ်ရှိဆိုရန်တိုဗီလာအဆောက်အအုံ(ယခုမြန်မာစာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး ဌာန)သို့ပြောင်းရွှေ့ပြီးနောက် “စာပေဗိမာန်”ဟုအမည်ပြောင်းခဲ့သည်။

၁၉၅၁ ခုနှစ်တွင် ဘာသာပြန်စာပေအသင်း အုပ်ချုပ်မှုကောင်စီကိုဖွဲ့စည်း၍ ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့သည်။
၁၉၅၃ ခု၊ ဇန်နဝါရီလ(၁၅)ရက်တွင် ရန်ကုန်မြို့၊ ကမ္ဘာအေးစေတီတော်အနီးတွင် မဟာပါသဏလိုဏ်ဂူတော်ကြီးကို ပန္နက်ရိုက်အုတ်မြစ်ချပေးခဲ့သည်။
၁၉၅၄ ခုမေလ(၁၇)ရက်နေ့တွင် ဆဋ္ဌသင်္ဂါယနာတင်ပွဲတော်ကို ရန်ကုန်မြို့ရေကူးရပ်သီရိမင်္ဂလာကုန်းမြေရှိ မဟာ ပါသဏလိုဏ်ဂူတော်ကြီးတွင် ကျင်းပရာဥပသကာအဖွဲ့ ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့သည်။

၁၉၅၆ ခု၊ ဇွန်လ ၁၂ ရက်နေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးမှ ခေတ္တနှုတ်ထွက်သည်။ ထိုနှစ်မှာပင် ရန်ကုန် အရှေ့ပိုင်းခရိုင်ပါလီမန်အမတ်အဖြစ်ရွေးချယ်ခံရသည်။
၁၉၅၇ ခုတွင် ဇနီးဒေါ်မြရီ၊ ဦးသန့်၊ ဗိုလ်မှူးလွင်၊ ဗိုလ်မှူးပြည်စိုးတို့နှင့်အတူ ကမ္ဘာတပတ်ချစ်ကြည်ရေးခရီးလှည့်လည် ခဲ့သည်။
၁၉၅၈ ခုဇွန်လ(၉)ရက်နေ့တွင် သန့်ရှင်းဖဆပလအဖွဲ့ကိုတည်ထောင်ခဲ့သည်။ ထိုနှစ်အောက်တိုဘာလ(၂၈)ရက် နေ့တွင် အိမ်စောင့်အစိုးရသို့ အာဏာလွှဲပြောင်းခဲ့သည်။

၁၉၆ဝ ပြည့်နှစ်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ပါလီမန်အမတ်အဖြစ်ထပ်မံရွေးချယ်ခံရသည်။ ၁၉၆ဝ ပြည့်နှစ်၊ မတ်လ ၁၈ ရက်နေ့တွင် သန့်ရှင်းဖဆပလအဖွဲ့ကို ပြည်ထောင်စုပါတီ(ပထစ)အဖြစ်အမည်ပြောင်းခဲ့ပြီး ပါတီဥက္ကဌအဖြစ်တာဝန်ထမ်းခဲ သည်။ ဧပြီလ ၄ ရက်နေ့တွင်ကာကွယ်ရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီး၊ တာဝန်များကိုစတင်ထမ်းဆောင်ခဲ့သည်။

၁၉၆ဝ ပြည့်၊ အောက်တိုဘာ ၁ ရက်နေ့တွင် တရုတ်-မြန်မာနယ်စပ်ကိစ္စကို လက်မှတ်ရေးထိုးသည်။
၁၉၆၁ ခု၊မတ်လ ၁၄ ရက်နေ့တွင် ပါတီဥက္ကဌမှ နုတ်ထွက်ခဲ့သည်။ ၁၉၆ဝပြည့်နှစ်မှ ၁၉၆၂ မတ်လ ၂ ရက်နေ့အထိ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ပထစပါတီဝင်အဖြစ် ထမ်းဆောင်ခဲ့သည်။ ၁၉၆၂ မတ်လ ၂ ရက် နေ့တွင် ဗိုလ်ချုပ်ကြီး နေဝင်းဦးဆောင်သော စစ်တပ်၏အာဏာသိမ်းခြင်းခံရပြီးနောက် ၁၉၆၂ မှ ၆၆ ခုနှစ်အထိ ခေတ္တထိန်းသိမ်းခြင်းခံရသည်။ လွတ်မြောက်လာသောအခါ ရဟန်းဝတ်ပြီးမြန်မာပြည်အနှံ ဗုဒ္ဓွဘာသာတရားတော်များဟောကြားခဲ့သည်။ ၁၉၆၉ ခုတွင် မိသားစုနှင့်အတူ အိန္ဒိယသို့ထွက်ခွာသွားခဲ့သည်။

ထို့နောက် ၁၉၆၉ ခုသြဂုတ် ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ပါလီမန် ဒီမိုကရေစီပါတီ (PDP)ကို ဦးဆောင်ဖွဲ့စည်းကာ ဥက္ကဌအဖြစ်တာဝန်ယူခဲ့သည်။ ဦးနုသည် ပါလီမန်ဒီမိုကရေစီပါတီမှ ၁၉၇၂ တွင်နှုတ်ထွက်၍ အိန္ဒိယနိုင်ငံ၌ပြောင်းရွှေ့ခိုလှုံခဲ့သည်။ ၁၉၈ဝ တွင် စစ်အစိုးရက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့် ၂/၈ဝ ထုတ်ပြန်ကြေငြာလိုက်သောအခါ မြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်ခဲ့သည်။

ရှစ်လေးလုံးအရေးတော်ပုံအတွင်း ၁၉၈၈ သြဂုတ်လ ၂၉ ရက်နေ့တွင် ဦးနုသည်နာယကအဖြစ် အမှူးပြုပြီး ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအဖွဲ့(ဒီ/ငြိမ်း)ကို ထူထောင်ဖွဲ့စည်းခဲံသည်။ ယင်းနောက် ၁၉၈၈ စက်တင်ဘာ ၉ တွင် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျနော်သာလျှင် တရားဝင်နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်ကြောင်းနှင့် စင်ပြိုင်အစိုးရဖွဲ့စည်းကြောင်း ကြေငြာခဲ့သည်။ စင်ပြိုင်အစိုးရ ဖွဲ့စည်းကြောင်း ကြေငြာချက်ထုတ်ပြန်အပြီး နောက်ပိုင်းတွင် ဦးနု၏ ဒီငြိမ်းအဖွဲ့ဝင်များနှင့် ဝန်ကြီးအဖြစ်ပါဝင်သူများ အများအပြားနှုတ်ထွက်သွားကြသည်။

၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးစောမောင် အာဏာသိမ်း နဝတ အစိုးရ တက်လာပြီးနောက် နိုင်ငံရေးပါတီများ တရားဝင် မှတ်ပုံတင်ခွင့် ဥပဒေထုတ်ပြန်ပြီး နိုင်ငံရေးပါတီ ဖွဲ့စည်းထူထောင်ခွင့် ပြုလိုပ်ချိန်တွင် ဦးနုနာယကပြု ဖွဲ့စည်းခဲ့သည့် ဒီငြိမ်းပါတီသည် တရားဝင်နိုင်ငံရေးပါတီတခုအဖြစ် မှတ်ပုံတင်ခဲ့သည်။ ဦးနုသည် သူဖွဲ့စည်းကြေငြာခဲ့သည့် စင်ပြိုင်အစိုးရအဖွဲ့ကို နဝတ တောင်းဆိုချက်ကို ငြင်းပယ်၍ ဖျက်သိမ်းခြင်း မပြုပဲ ခေါင်းမာမာ ဆက်လက်ဆုတ်ကိုင်ရပ်တည်ပြခဲ့သည်။
ဦးနုသည် စာရေးဆရာလည်းဖြစ်ရာ ပထမဆုံးပုံနှိပ်စာမူဖြစ်သည့် “အချစ်လော အမုန်းလော”ပြဇာတ်ကိုဓူဝံမဂ္ဂဇင်း တွင်ပုံနှိပ်ဖေါ်ပြခြင်းခံရသည်။

၁၉၃၆ ခု၊ တက္ကသိုလ်ကျောင်းသားသပိတ်ပြီးသောအခါ “သပိတ်မှောက်ကျောင်းသား”အမည်ဖြင့်ဇာတ်ညွှန်းရေး၍ ဗြိတိသျှဘားမားရုပ်ရှင်ကုမ္ပဏီက ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့သည်။ ထိုနှစ်မှာပင် “ဒီးဒုတ်”ဂျာနယ်၌ “ကမ္ဘာကျော်ရှိတ်စပီးယား ပြဇာတ်”များကိုရေးသားခဲ့သည်။
၁၉၃၇ ခုတွင်ပြဇာတ်တိုများထဲမှ ကောင်းနိုးရာရာများကိုရွေးချယ်၍ “ခေတ်မှီပြဇာတ်တိုများ”အမည်ပေး၍ နဂါးနီစာအုပ်အသင်းမှ ထုတ်ဝေခဲ့သည်။

ဦးနု၏ ထင်ရှားခဲသည့်စာအုပ်များမှာ “ဗမာ့သတ္တိ”၊ “လူပေါ်လူဇော်လုပ်နည်း”(ပ၊ ဒုတွဲ)၊ (နောင်တွင်အဆိုပါ စာအုပ်ကို ‘မိတ္တဗလဋီကာ’ အမည်သစ်သို့ပြောင်း၍ ထုတ်ဝေရာ၊ ကျောင်းသုံးစာအုပ်အဖြစ်ပညာရေးဌာနမှ ကျောင်းများတွင် သင်ကြားရန် ပြဋ္ဌာန်းခြင်းခံရသည်။)
“နိုင်ငံရေးအဘိဓါန်”၊ (သခင်လှဖေခေါ်ဗိုလ်လင်္ကျာနှင့်တွဲဖက်၍ရေးသည်)
“နွားသိုးကြိုး ပြတ်”(ပြဇာတ်)၊
“ပုထုဇနော် ဥမ္မတကော”(ပြဇာတ်)၊
“ရက်စက်ပါပေ့ကွယ်”(အဆိုပါစာအုပ်ကိုအင်းစိန် ထောင်တွင် အကျဉ်းချခံနေရစဉ်က ရေးသားခဲ့သည်။)
“ဦးသောင်းဒန်”(အင်းစိန်ထောင်ထဲတွင်ရေးသားခဲ့ပြီး ယခုတိုင်ပုံမနှိပ်ရသေးချေ။)၊
“အာဇာနည်ဆိုတာဘာလဲ”၊
“မာ့ခ်ဆဇ္ဇင်းဆိုတာဘာလဲ”(ဗမာတွေဘာလုပ်ရမလဲ)၊
“ငါးနှစ်ရာသီဗမာပြည်” (အဆိုပါ စာအုပ်ကို မြန်မာနိုင်ငံအစိုးရ အမျိုးသားစီမံကိန်းဌာန၊ အတိုင်ပင်ခံအရာရှိကြီး မစ္စတာဂျေအက်ဖ်ဖာနီဗဲလ်နှင့် ဦးခန့်တို့က အင်္ဂလိပ်ဘာသာသို့ပြန်ဆိုခဲ့သည်။)
“လူမွဲတို့ထွက်ရပ်လမ်း”(ပ၊ ဒုတွဲ)၊
“စာရိတ္တမိဏ္ဍိုင်”၊
“လူထုအောင်သံပြဇာတ်” (အဆိုပါပြဇာတ်ကို မြန်မာနိုင်ငံရှိ စာသင်ကျောင်း များ၌ သင်ကြားရန်ပညာရေးဌာနမှပြဋ္ဌာန်းသည်။) အမေရိကန်ရုပ်ရှင် ကုမ္ပဏီတခုနှင့်ညှိနှိုင်း၍ မြန်မာနိုင်ငံ ဒီမိုကရေစီ ပညာ ပြန့်ပွားရေးအသင်းမှ ကြီးမှူး၍ရုပ်ရှင်ရိုက်ကူးခဲ့သည်။ ထိုပြင်အမေရိကန် ပြည်ထောင်စုတွင် ပြဇာတ်ဖြစ်လည်း စင်တင်ကပြခဲ့ သည်။)

“နိုင်ငံတော်ပန်းတိုင်”၊
“ပြည်ထောင်စုပန်းတိုင်”
“ပြည်တော်သာပန်းတိုင်”
“အသားထဲကလောက်ထွက်”(ပြဇာတ်)၊
“ငါးပါးသီလ”(မြတ်စွာဘုရား၊ သံဃာတော်၊ ဓမ္မအကြောင်း)၊
“ ဗုဒ္ဓဘာသာသနာအရေးတော်ပုံ”၊
“ ဖိနှိပ်မှုတိုက်ပွဲအဆင့်ဆင့်”၊
“ဒီမိုကရေစီကာကွယ်ကြ”’(အင်္ဂလိပ်-ြ
မန်မာနှစ်ဘာသာ)၊
“ရှေ့တန်းခေါင်းဆောင်ဖြစ်လိုသော်”၊
“အိန္ဒိယပြည်၌ဟောပြောသော ဗုဒ္ဓတရားတော်များ”၊
“ကာမတဏှာ”၊
“ရုပ်စုံအခြေခံသမိုင်းအတွဲ(၁)”၊ (ကမ္ဘာနှင့်သတ္တဝါအစ၊ ယဉ်ကျေးမှုအစ)၊
“ညောင်ကန်အေး ဝိပသာသနာတရားတော်”၊
“ကျေးဇူးရှင်”၊
“ဓမ္မာစင်္ကြာတရားတော်”၊
“အနုတ္တရလက္ခဏာသုတ် တရားတော်”၊
“ငရဲဆိုဂျိုနဲ့လားဗျို့”၊
“တြိရတနာ သဗ္ဗဇေယျ မင်္ဂလာဂါထာတော်များ”၊
“တာတေစနေသား”(နယူးဒေလီမြို့ ဧရာဝတီစာပေတိုက်မှ ၁၉၉၁ နိုဝင်ဘာလတွင်ထုတ်ဝေသည်။)

“မြတ်တရားကိုရှာဖွေတွေ့ရှိသူ”(ဂေါတမမြတ်စွာဘုရား) တို့ ဖြစ်ပြီး၊ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသောစာအုပ်များမှာ –
“Towards Peace & Democracy”,
“From Peace to Stability”,
“The People win through”,
“Burma Looks Ahead”,
Burma under the Japan”,
“Picture and Portraits”,
Forward with the People”,
We Must Defent Democracy”,
“Wages of Sin စသည်တို့ဖြစ် သည်။
ဦးနုရေးသားခဲ့သော ဘဝတဏှာ၊ သမုဒ္ဒယတဏှာ၊ “ကမ္ဘာတစ်ပတ်” စာအုပ်တို့မှာယနေ့တိုင် မထုတ်ဝေရသေးချေ။

ထိုနောက် ၁၉၉၅ ခု၊ ဖေဖော်ဝါရီလ ၁၄ ရက်၊ အင်္ဂါနေ့နံနက်(၁၁)နာရီ(၂၅) မိနစ်တွင် ဆဋ္ဌသင်္ဂါယနာပဓါန သာသနာ့ ဒါယကာကြီး နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း)၊ စာရေးဆရာကြီးဦးနုသည် အသက် (၈၈)နှစ်အရွယ်တွင်(၉၆)ပါးရောဂါဖြင့် အမှတ် (၄၂)ပြည်ထောင်စုလမ်းသွယ် ဆရာစံလမ်းမကြီး၊ ဗဟန်းမြို့နယ်နေအိမ်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် သမီး ဒေါ်စန်းစန်းနု(ဦးသက်တင်)၊ ဦးအောင်ရဲမြင့်။ ဒေါ်မြမြအေး၊ ဦးသောင်းထိုက်၊ ဒေါက်တာမေသဇင်သန်းထိုက်၊ ဦးအောင်၊ ဒေါ်စန်းစန်းနွဲ့၊ ဦးအောင်ငြိမ်း၊ ဒေါ်သန်းသန်းနု၊ ဒေါက်တာခင်အေးသက်တင်(ခ)ဒေါ်ခင်အေးနုတို့ ကျန်ရစ်ခဲ့သည်။ ဇနီး ဒေါ်မြရီသည် ဦးနုမကွယ်လွန်မီ လွန်ခဲ့သော ၂ နှစ်ခန့်(၁၉၉၃ ခု၊ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ကွယ်လွန်သွားပြီးဖြစ်သည်။)

ဦးနု၏ ကြွင်းကျန်သောရုပ်ကလာပ်ကို ကြံတောသုဿန်၌ ဂူသွင်းသင်္ဂြိုလ်ခဲ့သည်။ ၃ဝ/၁၂/ ၉၆ ရက်နေ့တွင် ကြံတော သုဿန်ဖျက်သိမ်းလိုက်သောကြောင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုဿန်သို့ ဇနီးဖြစ်သူရုပ်ကလာပ်နှင့်အတူ ပြောင်းရွှေ့ ဂူသွင်းထားခဲ့သည်။

http://moemaka.com/index.php?option=com_content&task=view&id=8268&Itemid=31

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်