Monday, March 15, 2010
သီရိလင်္ကာနိုင်ငံ Sunday school မှ-
ယခုရေးသားမည့်ဆောင်းပါးသည် သီဟိုလ်နေစဉ်အခါက သူငယ်ချင်းတစ်ပါးရေးသားခဲ့ဘူးသော ဆောင်းပါး တစ်ပုဒ်ကို အခြေခံ၍ ရေးသားထားခြင်း ဖြစ်ပါသည်။ စာရေးသူသည် သီဟိုလ်နိုင်ငံတွင်
ယခုအခါ နေထိုင်ခြင်း မပြုသော်လည်း စာရေးသူအား ယနေ့တိုင် စိတ်ဝင်စားစေသောအကြောင်းတစ်ခု ရှိပါသည်။ ယင်းမှာ သီဟိုလ်နိုင်ငံတွင်ကျင့်သုံးနေသော ပညာရေးစနစ်တစ်ခုဖြစ်သည့် Sunday school အကြောင်းပင် ဖြစ် ပါသည်။ ဤသို့ ဖော်ပြရခြင်း၏အကြောင်းမှာ ခိုင်မာစွာရပ်တည်နေသော Sunday school ၏ ကျင့်သုံးသည့် နည်းစနစ် များကို အဓိကအားဖြင့် သိရှိစေလိုခြင်း ဖြစ်ပါသည်။
အိန္ဒိယနိုင်ငံ၏တောင်အရပ်တွင် တည်ရှိသော ကျွန်းနိုင်ငံငယ်လေးသည် သီဟိုလ်နိုင်ငံ ဖြစ်ပါသည်။ အိန္ဒိယပင်လယ်ဆိတ်ကမ်းမှ ၂၂-မိုင်မျှ ဝေးကွာပြီး အရွယ်ပမာဏအားဖြင့် အလျား-(၂၇၀)မိုင်၊ အနံ-(၁၄၀) မိုင်နှင့် အကျယ်စတုရန်း (၂၅၃၃၂) မိုင်ရှိပါသည်။
အဓိကလူမျိုးများမှာ ဆင်ဟာလလူမျိုးနှင့် တမီးလ်လူမျိုး ဟူ၍ ဖြစ်ပါသည်။ ကိုလိုနီ ခေတ်များတွင် နိုင်ငံခြားသားများနှင့် သွေးရောနှောသွားသော အခြားသော အနွယ်များ ရှိသော်လည်း နိုင်ငံ တော်၏ဘာသာစကားအဖြစ် အများစုဖြစ်သည့် ဆင်ဟာလဘာသာကို ပြဌာန်းထားပါသည်။
လူဦးရေအားဖြင့် သန်း-၂၀-ကျော်ခန့်ရှိရာတွင် ဗုဒ္ဓဘာသာဝင် ၇၅-ရာခိုင်နှုံးခန့်၊ အစ္စလာမ်ဘာသာဝင် ၁၅-ရာခိုင်းနှုံးခန့်၊ ခရစ်ယာန် ၅-ရာခိုင်းနှုံးခန့်၊ ဟိန္ဒူနှင့် အခြားနတ်ကိုးကွယ်မှု စသည့်မှာ ၅-ရာခိုင်းနှုံးခန့် ရှိသည်ဟု နိုင်ငံတော် စာရင်းဇယားများအရ သိရပါသည်။
ဗုဒ္ဓဘာသာသမိုင်းမှတ်တမ်းများအရ သီရိလင်္ကာနိုင်ငံသည် ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် ၅-ရာစုအတွင်း ဗုဒ္ဓသာသနာကို ထွန်းကားပြန့်ပွါးအောင် ကြိုးစားဆောင်ရွက်နိုင်ခဲ့ပါသည်။
အနုရာဓပူရမှမြို့တွင် တည်ရှိနေ သော မဟာဗောဓိပင်နှင့် ကန္ဒီမြို့တွင် တည်ရှိနေသော ဗုဒ္ဓစွယ်တော်မြတ်တို့အား ယနေ့တိုင် ထိန်သိမ်းစောင့်ရှောက်ထားနိုင်ခြင်းသည် သီရိလင်္ကာနိုင်ငံ၏ ဗုဒ္ဓဘာသာအပေါ်ထားရှိသော ယုံကြည်မြတ်နိုး မှုကို ပုံဖော်နေခြင်းပင် ဖြစ်ပါသည်။ အနုရာဓပူရမြို့၌ တည်ရှိနေသော မဟာဗောဓိပင်သည် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမှ မူရင်းဗောဓိပင်၏ တောင်ဘက် အကိုင်းဖြစ်ပါသည်။ ထို့ကြောင့်မူရင်းဗောဓိပင်သည် သီရိလင်္ကာ၌ သာ ရှိသည်ဟု ဆိုနိုင်ပါသည်။
ရှေးမြို့ဟောင်းနေရာများနှင့် ကျောင်းနေရာဟောင်းများသည် သီရိလင်္ကာနိုင်ငံတွင် ထွန်းကားခဲ့သော ဗုဒ္ဓဘာသာနှင့်ပတ်သက်သော အမှတ်သင်္ကေတများကို ဖော်ပြနေပါသည်။ သီရိလင်္ကာနိုင်ငံတွင် စတုတ္ထ သင်္ဂါယနာကို တင်ခဲ့ပြီး မြန်မာပြည်တွင် စာသင်သားများမှစ၍ ကျမ်းပြုစာချများတိုင်းအောင် အားထား လက်ကိုင်ပြုနေသော အဋ္ဌကထာ၊ ဋီကာ ကျမ်းပေါင်းများစွာတို့သည် ဤသီရိလင်္ကာမှ အများစု ဖြစ်ပါသည်။
ထိုကျောင်းနေရာဟောင်းများဆီသို့ စာရေးသူတို့ ရောက်သွားသည့်အခါ စာပေများတွင် သင်ကြားခဲ့ ရဘူးသည့်အတိုင်း ရှေးသီရိလင်္ကာသာသနာ၏ အငွေ့အသက်များကို ခံစားကြရပါသည်။ ရှေးရဟန်းတော်များ ကဲ့သို့ သမထ၀ိပဿနာတရားကျင့်သူများ၊ အဋ္ဌကထာ၊ ဋီကာကျမ်း ပြုစုသူများ စသည် နည်းပါးသွားပြီ ဖြစ်သော်လည်း အခြားနိုင်ငံများသို့ ထေရ၀ါဒသာသနာကို အဓိကဖြန့်ဖြူးသော နိုင်ငံတစ်ခုအဖြစ် ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါသည်။
ထို့အပြင် သီရိလင်္ကာနိုင်ငံတွင်ကျင့်သုံးနေသော Sunday School ပညာရေးအစီအစဉ်သည် အခြားဗုဒ္ဓဘာသာ နိုင်ငံများအတွက် အတုယူအားကျစရာဖြစ်ပါသည်။ ဤဆောင်းပါးတွင် အဓိကတင်ပြလိုချင်သည်မှာ Sunday School အကြောင်းပင် ဖြစ်ပါသည်။
သီရိလင်္ကာကျောင်းများတွင် သီရိလင်္ကာဗုဒ္ဓဘာသာလူမျိုးများ၏ ဘာသာရေးပွဲလမ်းများကို မကြာခဏ တွေ့မြင် နိုင်ပါသည်။ သို့သော် တနင်္ဂနွေနေ့တိုင်း မြင်တွေ့ရသည့် မြင်ကွင်းကား Sunday School ကျောင်းသူ ကျောင်းသားများနှင့် ဆရာ ဆရာမများ၏ လှုပ်ရှားနေသော မြင်ကွင်းများဖြစ်ပါသည်။
ကျောင်းသားကျောင်းသူများသည် တနင်္ဂနွေနေ့ နံနက် (၇) နာရီခန့်စ၍ ကျောင်းသို့ ရောက်လာကြပါသည်။ ဦးစွာရောက်ရှိလာကြသော ကျောင်းသူကျောင်းသားများသည် ကျောင်းဝင်းအတွင်းရှိ ပန်းပင်များမှ ပန်းများကို ဆွတ်ခူး၍ ပလတ်စတစ်ခြင်းကလေးများဖြင့်ဖြစ်စေ၊ လင်ပန်းကလေးများဖြင့်ဖြစ်စေ ထည့်ကြရပါသည်။ ထို့နောက် ပန်းများကို ရေးဆေးပြီး စနစ်တကျဖြင့် ဗောဓိပင်အနီးရှိ ပန်းတင်ခုံပေါ်တွင် စီထားကြရပါသည်။ အမွှေးတိုင်၊ ဖယောင်းတိုင်၊ သောက်တော်ရေ၊ ပလိန်းတီး-ခေါ်သော လဘက်ရည်များကို စီစဉ်ထား ကြရပါသည်။
အချို့ကျောင်းသားများသည် မိမိတို့အိမ်မှ ပန်းအစရှိသည်တို့ကို ယူဆောင်ခဲ့ကြပါသည်။ နံနက် (၈)နာရီခွဲအချိန်တွင် ကျောင်းသားကျောင်းသူများအားလုံး ဗောဓိပင်ရှေ့တွင် စီတန်းပြီး အတန်းလိုက် ရပ်နေကြရပါသည်။ အလှည့်ကျသော ကျောင်းသူကျောင်းသား (၁၅) ယောက်ခန့်က ပြင်ဆင်ထားပြီးသော အမွှေးတိုင်၊ ပန်းခြင်း စသည်ကို စီတန်းသယ်လာပါသည်။ ထိုသို့သယ်လာသော ကျောင်းသူ ကျောင်းသားများသည် တန်းစီနေသော အခြားကျောင်းသူကျောင်းသားတိုင်းအား တစ်ဦးချင်းကို လက်ဖြင့် ထိ စေပါသည်။ အဓိပ္ပါယ်အားဖြင့် သာဟတ္ထိက- ကိုယ်တိုင်းလှူဒါန်းစေသည့် သဘောဟု ထင်ပါသည်။ ထို့နောက် ဗောဓိပင်ရင်းရှိ ရုပ်ပွါးတော်ရှေ့တွင် ပူဇော်ကြရပါသည်။
ထိုသို့ ပန်းစသည်လှုဒါန်းပြီးချိန်တွင် ရဟန်းဖြစ်စေ၊ ကိုရင်ဖြစ်စေ တစ်ပါးပါး၏အထံမှ ငါးပါးသီလကို ခံယူဆောက်တည်ပြီးနောက် ပုံမှန်အားဖြင့် (၁၀) မိနစ်ခန့် သြ၀ါ ဒကို ခံယူကြရပါသည်။ ထို့အပြင် ကျောင်းအုပ်ဆရာကြီးထံ သို့မဟုတ် ကျောင်းအုပ် ဆရာမကြီးထံတွင်လည်း ဆုံးမသြ၀ါဒများကို နားကြားရပြန်ပါသည်။ ပန်းရေချမ်းကပ်ခြင်း၊ သီးလခံယူခြင်း၊ သြ၀ါဒခံယူခြင်းစသည့် အချိန်သည် (၄၅) မိနစ်ခန့်ကြာမည်ဟု ထင်ပါသည်။ ထိုအစီအစဉ်များ အားလုံး ပြီးစီးသောအခါ စာသင်ခန်းသို့ ၀င်ကြရပါသည်။
စာသင်ခန်းဟု ဆိုသော်လည်း ကျောင်းသူ ကျောင်းသားများအားလုံးသည် စာသင်ခန်းထဲတွင် စာကို သင်ကြရသည် မဟုတ်ပါ။ သင့်တော်ရာ သစ်ပင်အောက် စသည့် အရိပ်ကောင်းသော နေရာများတွင် သင်ကြရပါသည်။
Sunday School တွင် သင်ကြားခွင့်ရရှိသော ဆရာဆရာမများသည် ကျောင်းသူကျောင်းသားများအား ယဉ်ကျေးမှုနှင့် ဘာသာတရားအကြောင်းကို အဓိက သင်ကြားပေးကြရသူများ ဖြစ်သည့်အတွက် ဆရာ ဆရာမ များ၏ အ၀တ်စားများသည် အမြဲရိုးရှင်းနေကြပါသည်။ အဖြူရောင်ဝတ်စုံများကိုသာ ၀တ်ဆင်ခွင့်ရကြပြီး ယဉ်ကျေးမှုအသွင်မဆောင်သော အ၀တ်အစားများကို ၀တ်ဆင်ခွင့်မရှိပါ။
(၁၁)နာရီအချိန်တွင် အားလပ်ချိန်အဖြစ် ၁၀-မိနစ်ခန့် အနားပေးပြီးနောက် ပေါင်မုန့်၊ လက်ဘက်ရည်စသော မုန့်ပဲသွားရည်စာများကို ဝေငှကျွေးမွေးပါသည်။ ထိုမုန့်ပဲသွားရည်စာများကို အလှုရှင်များက အပါတ်စဉ် လှုဒါန်းကြခြင်း ဖြစ်ပါသည်။ အချို့ကျောင်းများတွင် ကျောင်းသူကျောင်းသား စုစုပေါင်းသည် ၂၀၀-ကျော်ခန့် ရှိရာ ဆရာဆရာမ ၁၅-ဦးခန့်နှင့် ပေါင်းလိုက်ပါက အဘယ်မျှ ရှိသည်ကို စာဖတ်သူတို့ ခန့်မှန်းနိုင် ကြ ပေလိမ့်မည်။ ထိုမျှများပြားသောသူတို့အား အလှုရှင်များက အပါတ်စဉ် ကျွေးမွေးနေကြသည်မှာ အလွန်အံ သြဖွယ် ဖြစ်ပါသည်။
နေ့လည် (၁၂) ခွဲအချိန်တွင် သင်ကြားမှုအစီစဉ်အားလုံး ပြီးဆုံးသည့်နောက် ချက်ချင်းပြန်ခွင့်မရသေးဘဲ မေတ္တာ ပို့ခြင်း၊ဗောဓိပင်ကို ရှိခိုးခြင်းစသည်တို့ကို ပြုကြရပါသည်။ ဤအချိန်တွင်ကား နံနက်စောစောပိုင်းတွင် ပြုလုပ်ခဲ့ သောအစီအစဉ်များကဲ့သို့ ဗောဓိပင်ရှေ့သို့ သွားရန်မလိုအပ်တော့ဘဲ မိမိတို့စာသင်သောနေရာမှပင် ဗောဓိပင် သို့ မျက်နှာမူလျက် ရှိခိုးကြရပါသည်။
အချို့ကျောင်းများတွင် ကျောင်းထိုင်ဘုန်းကြီးသည် Sunday school-၏ ကျောင်းအုပ်ဖြစ်ပြီး အချို့ကျောင်း များတွင် ပံ့ပို့မှုအပိုင်းတွင်သာ တာဝန်ယူကြရပါသည်။ တက္ကသိုလ်မှဘွဲ့ရပြီးများသည် အစိုးရရုံးများနှင့် အချို့ပုဂ္ဂလိကလုပ်ငန်းများတွင် အလုပ်လျှောက်လွှာတင်သည့်အခါ Sunday School အောင်လက်မှတ်သည် အရေးပါသည်ဟု သိရှိရပါသည်။
ထို့အပြင် သမ္မတသစ်သည် သမ္မတအဖြစ်ကျမ်သစ်စာ ကျိန်ဆိုပြီးသည့်နောက် အနုရာဓပူရတွင်ရှိသော မဟာဗောဓိပင်၊ ကန္ဒီမြို့တွင်ရှိသော စွယ်တော်တို့ကို ဦးတိုက်ဖူးမြော်ခြင်းနှင့် သံဃာ့ဂိုဏ်းကြီးသုံးဂိုဏ်းမှ ဂိုဏ်းချုပ်ဆရာတော်ကြီးများကိုလည်း ဦးတိုက်ပူဇော်မှု ပြုလုပ်ရသည်ဟု သိရှိရသည်။ မည်သည့် ဘာသာဝင်ဖြစ်စေ သမတအဖြစ် ရရှိလာပါက မဖြစ်မနေ လိုက်နာရ မည့် ဥပဒေဟု သိရှိရသည်။
သီရိလင်္ကာနိုင်ငံသည် Sunday School ပညာရေးစနစ်ကို ခရစ်နှစ်(၁၈၆၃)ခုနှစ်ခန့်တွင် စတင်ခဲ့သည်ဖြစ်ရာ နှစ်ပေါင်း(၁၄၀)ကျော်ခဲ့ပြီး ဖြစ်သည်။ Sunday School ပညာရေးစနစ်ကို စတင်တည်ထောင်သူသည် ဟင်နရီ သြဂတ်အမည်ရှိသော အမေရိကန်နိုင်ငံသားတစ်ယောက် ဖြစ်ပါသည်။ Sunday School ပညာရေးစနစ်သည် ပညာရေးသက်သက်မဟုတ်ဘဲ သီရိလင်္ကာနိုင်ငံ၏ ဗုဒ္ဓဘာသာသာသနာကို အခိုင်မာဆုံး ကျားကန်ပေး ထားပါသည်။ Sunday School ပညာရေး အဆင့်တန်းကို အစိုးရကျောင်းပညာရေးအဆင့်တန်းနှင့် တစ်တန်း တည်း သတ်မှတ်ပေးထားသဖြင့် အစိုးရကျောင်းများသို့ (၅) နှစ်အရွယ်မှစ၍ တက်ရောက်သင်ကြား ကြရ သကဲ့သို့ Sunday School သို့လည်း (၅)နှစ်အရွယ်မှစ၍ပင် တက်ရောက်သင်ကြားကြရပါသည်။
Sunday School ပညာရေးစနစ်ကို အဆင့်(၁၃)ဆင့် သတ်မှတ်ပြဌာန်းထားရာ ကျောင်းသို့ရောက်စ (၅)နှစ် အရွယ် ကျောင်းသူကျောင်းသားသူငယ်များအား primary ခေါ် အခြေခံအဆင့်ကို စ၍ သင်ကြား ပေးကြပါ သည်။ ထို့နောက် အဆင့် (၁) မှ (၁၀) အထိကို Great 1 to 10 ဟု သတ်မှတ်ပြီး ထိုGreat (10) ပြီးလျှင် Finnal 1,2 အတန်းကို သတ်မှတ်ထားပါသည်။ သို့ဖြစ်၍ ကျောင်းသူကျောင်းသားတိုင်း Sunday School တွင် (၁၃)နှစ်ကြာမျှ သင်ကြားကြရပါသည်။ Sunday School-တွင် သင်ကြားပေးသော ဘာသာရပ်များကို သာသနာရေးဝန်ကြီးဌာနက အောက်ပါအတိုင်း ပြဋ္ဌာန်းပေးထားပါသည်။
၁။ (၅) နှစ်အရွယ် အခြေခံအတန်းအတွက် ဓမ္မပဒမှာလာရှိသော ဇာတ်လမ်းတို့ကို ပုံပြင်ကဗျာတို့ဖြင့် ရေးသား ထားပါသည်။
၂။ Great 1,2,3-အတန်းတို့အတွက် ဗုဒ္ဓစရိတဟုခေါ်သော ဘုရားရှင်(၄၅)၀ါပတ်လုံး လှည့်လည် တရားဟောခဲ့ သည့် တရားတော်များအနက်မှ ကလေးများနှင့်သင့်တော်မည့် ဇာတ်လမ်းများနှင့် ဇာတကများ။
၃။ Great 4 -အတန်းအတွက် ဗုဒ္ဓစရိတ၊ ဇာတကနှင့် ၀ီရစရိတဟုခေါ်သောဘုရားလောင်းတော်တို့၏ ကျင့်စဉ် များ။
၎။ Great 5-အတန်းအတွက် ဗုဒ္ဓစရိတ၊ ဇာတက၊ ၀ီရစရိတ၊ ဓမ္မပဒနှင့် ပါရမီ (၁၀)ပါး၊ ပုညကိရိယ၀တ္ထု (၁၀)ပါးစသည်များ။
၅။ Great 6 အတန်းတွက် ဗုဒ္ဓစရိတ၊ ဇာတက၊ ၀ီရစရိတ၊ ဓမ္မပဒ၊ ပါရမီ (၁၀)ပါး၊ ပုညကိရိယ၀တ္ထု စသည့်နှင့် ပရိတ်တော်များ။
၆။ Great 7 အတန်းတွက် ဗုဒ္ဓစရိတ၊ ဇာတက၊ ၀ီရစရိတ၊ ဓမ္မပဒ၊ ပါရမီ (၁၀)ပါး၊ ပုညကိရိယ၀တ္ထု၊ ပရိတ်နှင့် အဘိဓမ္မာပါဠိ စသည်များ။
၇။ Great 8 အတန်းတွက် ဗုဒ္ဓစရိတ၊ ဇာတက၊ ၀ီရစရိတ၊ ဓမ္မပဒ၊ ပါရမီ (၁၀)ပါး၊ ပုညကိရိယ၀တ္ထု၊ ပရိတ်၊ အဘိဓမ္မာပါဠိနှင့် သုတ္တနိပါတပါဠိစသည်များ။
၈။ Great 9 အတန်းတွက် ဗုဒ္ဓစရိတ၊ ဇာတက၊ ၀ီရစရိတ၊ ဓမ္မပဒ၊ ပါရမီ (၁၀)ပါး၊ ပုညကိရိယ၀တ္ထု၊ ပရိတ်၊ အဘိဓမ္မာပါဠိ၊ သုတ္တနိပါတပါဠိ၊ လင်္ကာစရိတ ခေါ်သော သီရိလင်္ကာ ဗုဒ္ဓသမိုင်းနှင့် Architecture ခေါ် ဗုဒ္ဓဘာသာနှင့်ပတ်သက်သော ဗိသုကာ အတတ်ပညာများ။
၉။ Great 10 အတန်းတွက် ဗုဒ္ဓစရိတ၊ ဇာတက၊ ၀ီရစရိတ၊ ဓမ္မပဒ၊ ပါရမီ (၁၀)ပါး၊ ပုညကိရိယ၀တ္ထု၊ ပရိတ်၊ အဘိဓမ္မာပါဠိနှင့် သုတ္တနိပါတပါဠိ၊ လင်္ကာစရိတ ခေါ်သော သီရိလင်္ကာ ဗုဒ္ဓသမိုင်း၊ Architecture ခေါ် ဗုဒ္ဓဘာသာနှင့်ပတ်သက်သော ဗိသုကာ အတတ်နှင့် သီရိလင်္ကာ Victory ဟုခေါ်သော ရှေုးဘုရင်တို့ရဲ့ အောင်ပွဲများ။
၁၀။ Finnal 1,2 အတန်းတွက် ဗုဒ္ဓစရိတ၊ ဇာတက၊ ၀ီရစရိတ၊ ဓမ္မပဒ၊ ပါရမီ (၁၀)ပါး၊ ပုညကိရိယ၀တ္ထု၊ ပရိတ်၊ အဘိဓမ္မာပါဠိ၊ သုတ္တနိပါတပါဠိ၊ လင်္ကာစရိတ ခေါ်သော သီရိလင်္ကာ ဗုဒ္ဓသမိုင်း၊ Architecture ခေါ် ဗုဒ္ဓဘာသာနှင့်ပတ်သက်သော ဗိသုကာ အတတ်၊ သီရိလင်္ကာ Victoryနှင့် အခြားသောနိုင်ငံများမှ ထေရ၀ါဒနှင့် မဟာယာန ဗုဒ္ဓဘာသာအကြောင်းအရာများ-စသည်ဖြင့် အတန်းအသီးသီးအလိုက် သင့်တော်ရာ ကျမ်းစာအသီးသီးခွဲခြားကာ သတ်မှတ်ပြဌာန်ပေးထားပါသည်။
ဖော်ပြပါ အတန်းလိုက်ပြဋ္ဌာန်းထားသော ဘာသာရပ်များကပင် သီရိလင်္ကာဗုဒ္ဓဘာသာ မျိုးဆက်သစ်များ၏ နုနယ်သည့်နှလုံးသားတွင် ဗုဒ္ဓဘာသာ၏ မျိုးစေ့တို့ကို ပျိုးချပေးသော ဘာသာရေးမျိုးစေ့များပင် ဖြစ်ပါသည်။ Sunday school အတန်းတင်စာမေးပွဲများကို ဒီဇင်ဘာ ပထမအပတ်တွင်ဖြေဆိုကြရပြီး ထိုစာမေးပွဲများကို အစိုးရမှ ကြီးမှုးကျင့်ပပေးခြင်း ဖြစ်ပါသည်။
Primary ခေါ်သော အခြေခံအဆင့်မှ Finnal 2 အထိ အဆင့် (၁၃) ဆင့်သည် ကျောင်းသူ ကျောင်းသားတိုင်း မဖြစ်မနေ သင်ကြားကြရမည့် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော ဥပဒေပင် ဖြစ်ပါသည်။ ထိုအဆင့် (၁၃) ဆင့်လုံး အောင်ယုံမျှဖြင့် Sunday School ကျောင်း၌ ဆရာ ဆရာမအဖြစ်ဖြင့် ပြန်လည် သင်ကြားပေးခွင့် မရနိုင်ပါ။ ဆရာ ဆရာမဖြစ်ရန် ဓမ္မာစရိယ(ဆရာဖြစ်သင်တန်း) ဟု ခေါ်သော သီးသန့်စာမေးပွဲ တစ်ခုကို ဖြေဆိုကြ ရပါ သည်။ ဓမ္မာစရိယစာမေးပွဲကို အောင်မြင်ပြီးမှသာ Sunday Schoolကျောင်းများမှာ ဆရာ ဆရာမ ဖြစ်နိုင်ပါသည်။
ထိုဓမ္မာစရိယတန်းအတွက် သစ္စာလေးပါး၊ လက္ခဏာရေး သုံးပါး၊ ခန္ဓာ အာယတန ဓာတ်၊ ပဋိစ္စသမုပ္ပါဒ၊ ကမ္မ၀ိပါက ကုသိုလ် အကုသိုလ်အကျိုး၊ ဗောဓိပက္ခိယ သုံးဆယ့်ခုနှစ်ပါး၊ နိဗ္ဗာန်၊ နိဗ္ဗာနမဂ္ဂ၊သမထနှင့် ၀ိပဿနာ စသည်တို့ကို ပြဋ္ဌာန်းထားပါသည်။
Sunday School ပညာရေးစနစ်၏ အကျိုးကျေးဇူးကြောင့် သီရိလင်္ကာ မျိုးဆက်သစ်လူငယ်များသည် ဘာသာ ရေးအပေါ် ယုံကြည့်မှု ခိုင်မာလာသကဲ့သို့ ရဟန်းသံဃာတို့အပေါ်မှာလည်း ရိုသေးလေး စားတတ်လာ ကြပါသည်။
ဗုဒ္ဓဘာသာဝင်အများစုသည် ရဟန်းသံဃာတို့အား မြင်တွေ့လျှင် ပြုံးပြီး ခေါင်းငြိမ့်၍ နှုတ်ဆက် တတ်ကြပါသည်။ ထိုင်နေလျှင် ထပေးတတ်ကြသကဲ့သို့ ဦးထုပ်ဆောင်းထားလျှင်လည်း ဦးထုပ်ချွတ်၍ အရိုသေ ပေးတတ်ကြပါသည်။ ရဟန်းသံဃာတော်များ၏အနီးတွင် ဆေးလိပ်ကိုပင် သောက်ရန် ၀န်လေးတတ် ကြပါသည်။ စာရေးသူတို့ မြို့ထဲသွားသည့်အခါများတွင် ဘတ်(စ်)ကားမှတ်တိုင်၌ ကားစောင့်နေစဉ် ဆေးလိပ် သောက်တတ်သော အချို့လူငယ်များကို တွေ့ရတတ်ပါသည်။ သို့သော် ထိုလူငယ်များသည် ဆေးလိပ် သောက်ချင်သည့်အခါ စာရေးသူတို့ကို ခွင့်ပန်ပြီး ခပ်လှမ်းလှမ်းနေရာသို့သွား၍ ဆေးလိပ် သောက်ကြပါသည်။ တပ်မတော်ဝင်စစ်သားများသည်ပင် ရဟန်းသံဃာများကို မြင်လျှင် ဦးထုပ်ချွတ်ပြီး ပြုံးပြ နှုတ်ဆက် တတ်ကြပါသည်။ အရံအတားပြုသည့်အနေဖြင့် ပရိတ်ချည်ကြိုးများကိုလည်း မကြာခဏတောင်းလေ့ ရှိကြပါ သည်။
အထူးအားဖြင့် အလွန်စည်ကားသော မဟာဗောဓိပင်၊ မဟာစေတီနှင့် စွယ်တော် စေတီတော်တို့တွင် မသင့်တော်သော အ၀တ်အထည်များကို ၀တ်စားလာသည်တို့ကို မတွေ့မြင်ရခြင်းပင် ဖြစ်ပါသည်။ အဖြူရောင် ၀တ်စုံတို့ဖြင့် ငြိမ်ငြိမ်သက်သက် ဣနြေ္ဒရစွာဖြင့် သွားလာနေကြသည်ကိုသာ မြင်တွေ့ရပါသည်။ ဤကဲ့သို့ ဘာသာ ရေးအပေါ်တွင် ကိုင်းရှိုင်းခြင်း၊ စိတ်ထားနူးညံ့၍ ရဟန်းသံဃာတို့အပေါ်တွင် ယုံကြည်လေးစားတတ် လာခြင်းများသည် Sunday School ပညာရေး၏ အကျိုးဆက်များပင် ဖြစ်သည်ဟု ဆိုလျှင် -----------------။
Labels:
သတင်းမှတ်တမ်းများ