Thursday, March 4, 2010
နဥယျာန(Nā Uyana Āranya (monastery) သို့ ရောက်ရှိခြင်း
မထင်မှတ်သော ဒီခရီးကို အမှန်တကယ်တော့ မျော်လင့်နေတာ ကြာပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အကြောင်းတရားတွေက မတိုက်ဆိုင်ခဲ့တဲ့အတွက် မရောက်ဖြစ်ခဲ့တာပါ။ သီဟိုဠ်နေစဉ်တုန်းက တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံဆိုပေမဲ့ ယနေ့တိုင်မမေ့နိုင်သေးပါ။ သူငယ်ချင်းတစ်ယောက်က ခေါ်သွားတဲ့အတွက် ဒီခရီးကို ရောက်ရခြင်းပါ။
သွားရောက်ကြတာက သုံးပါးဆိုပေမယ့် တစ်ပါးနှင့်တစ်ပါး ရည်ရွယ်ချက်တွေက မတူပါ။ တစ်ပါးကတော့ ဆရာသမားဖြစ်တဲ့အတွက် မတွေ့မဖြစ် တွေ့ရမည့်သူပါ။ အခြားတစ်ပါးကတော့ ခရီးသွားတာ ၀ါသနာပါသလို ကြုံဆုံခွင့် ရှိတုန်း လိုက်လာခြင်းပါ။ တစ်ပါးကတော့ မျော်လင့်ချက်ကို အကောင်အထည် ဖော်ခြင်းဖြစ်ပါတယ်။ မရောက်ဘူးသေးတဲ့ ဒီခရီးကို စိတ်ဝင်စားတဲ့အတိုင်း အံသြစရာများကလည်း ထင်မှတ်မထားလောက်အောင် များပြားနေပါတယ်။ ကိုလံဘိုလ်မြို့ကြီးမှာ နေတဲ့အခါက တောတောင်ထဲမှာ ဒီလိုအနေအထားတွေ ရှိလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ပါ။ ခု ငါးနာရီလောက်ကြာတဲ့ ကားကိုစီးပြီး မာလာသီရိပုရ(Melsiripura town)မြို့ကို ရောက်တယ်ဆိုယင်ပဲ အနည်းငယ် ကွာခြားလာပြီဆိုတာ သိလာရ တယ်။
အဲဒီမြို့က တဆင့် နောက်ထပ်ဆက်ပြီး တစ်နာရီနီးပါးကြာတဲ့အခါမှာတော့ တကယ့်စိမ့်စမ်းရေတွေနဲ့ အေးချမ်းတဲ့နေရာလေး ပန်သီယဂါမ(Pansiyagama) ရွာကို ရောက်ပါတယ်။ နောက်ထပ်အနည်းငယ် တောတောင်ထဲ ၀င်သွားတယ်ဆိုယင်ပဲ အေးမြခြင်းနဲ့ တောငှက်တိရစ္ဆာန်သံတွေက ကြိုဆိုနေတယ်။ သာယာလှတဲ့ ဒီနေရာလေးက နဥယျာန(Nā Uyana Āranya (monastery))ဆိုတဲ့ တောရကျောင်းပါ။
စာရေးသူ လာခဲ့ရတဲ့ရည်ရွယ်ချက်က မြန်မာပြည်က နာမည်ကျော်ဆရာတော်ကြီးကို ဖူးမြင်ဖို့အတွက်ပါ။ ဒီတောတောင်ထဲမှာ ရှိတဲ့ တောရကျောင်းမှာ သီတင်းသုံးနေတာ တစ်နှစ်ပြည့်ခါနီးပြီဖြစ်တယ်လို့ သူငယ်ချင်းက ပြောပြထားပါတယ်။ ကနဦးပထမပိုင်းမှာတော့ အိန္ဒိယရှိ လူသူမနီးတဲ့အရပ်မှာ တရားအားထုတ်ဖို့ပါ။ ဒါပေမဲ့ ဂေါစရဂါမ်ကောင်းတွေ ရှိပေမယ့် အချို့နေရာတွေက လူသူတွေ ရောက်နေပြီ တစ်ချို့နေရာတွေက ရေခဲတမျှအေးတဲ့ ရာသီဥတုက သီတင်းသုံးနေထိုင်ဖို့ အခက်အခဲဖြစ်စေပါတယ်။ အသက်အရွယ်နဲ့ ရာသီဥတုက ခြားနားထားတဲ့အတွက် ဒီခရီးကို တပည့်တပန်းတွေကလည်း လိုလိုလားလား မရှိခဲ့ပါဘူး။ ဆရာတော်ရဲ့သတင်းကို အမြဲနားစွင့်နေတဲ့ သီဟိုလ်တပည့်တစ်ဦးက သီဟိုလ်မှာ သီတင်းသုံးဖို့ လျှောက်ထားတဲ့အတွက် သီဟိုဠ်က ခုနပြောခဲ့တဲ့ တောရကျောင်းထဲ ရောက်ရှိသီတင်းသုံးနေတာပါ။
ဆရာတော်ဘုရားကို ဖူးမြော်ဖို့ လာခဲ့ပေမယ့် တောင်အောက်ကို ဆင်းတဲ့အချိန်မှသာ ဖူးမြင်တွေ့ဆုံခွင့်ရမှာပါ။ အချိန်အကန့်အသတ်ထားပြီး လပြည့်လကွယ်ရက်တွေမှာသာ တောင်အောက်ကိုဆင်းပါတယ်။ ဒါ့ကြောင့် စာရေးသူတို့ ချက်ချင်းတွေ့ဆုံဖူးမြော်ခွင့်မရဘဲ နောက်ထပ် နှစ်ရက်ခန့် စောင့်ဖို့ ဖြစ်လာတယ်။ ဒါကလည်း စာရေးသူတို့သာ မဟုတ်ပါ။ သီဟိုဠ်မှ ၀န်းကြီးတွေကိုယ်တိုင် လာရောက်ဖူးမြော်ချင်ပေမယ့် တားမြစ်ထားတဲ့အချိန်အကန့်အသတ်အတွင်းမှာတော့ ဖူးမြင်ခွင့် ရကြလိမ့်မယ် မဟုတ်ပါ။ မလာခင်ကတည်းက ပင့်ဖိတ်တဲ့ဆရာတော်တွေကို ကတိအတန်တန် တောင်းပြီး စိတ်ချကျေနပ်မှ ဒီနေရာကို ကြွရောက်ခဲ့တာပါ။ ဒီနေရာကို ရောက်တဲ့အခါမှာ တာဝန်ခံဆရာတော်တွေကလည်း ကတိအတိုင်း ဆောင်ရွက်ကြပါတယ်။ ဒါ့ကြောင့် စာရေးသူတို့လည်း နောက်ထပ်နှစ်ရက်ခန့် စောင့်နေခဲရပါတယ်။
ဒီအတောအတွင်းမှာတော့ စာရေးသူတို့ ကျောင်းဝိုင်းအတွင်း လှည့်လည်လေ့လာခွင့် ရရှိခဲ့တဲ့အတွက် စောင့်နေရမဲ့အချိန်အတွက် ကျေးဇူးတင်နေတာပါ။ တောရကျောင်းတွေရဲ့သဘာဝအတိုင်း တောငှက်တိရိစ္ဆာန်တွေရဲ့အသံမှတပါး တိတ်ဆိတ်ငြိမ်သက်လှပါတယ်။ လမ်းကလေးများမှာ ငြိမ်သက်စွာလျှောက်လှမ်းနေတဲ့ ယောဂီတွေကို တွေ့ရပြီး သံဃာများ ပါသလို လူဖြူလူမည်း ရောလျက် နိုင်ငံပေါင်းစုံမှ ဖြစ်ပါတယ်။ ရဟန်းသာမဏေက အားလုံး ခြောက်ဆယ်ကျော် ခုနှစ်ဆယ်နီးပါးခန့် ရှိမယ်လို့ ထင်ပါတယ်။ ကိုလံဘိုလ်မြို့မှာတောင် ဒီလောက်များပြားတဲ့ သံဃာတော်တွေ တစ်နေရာတည်းမှာ တွေ့မြင်ဖူးမြော်ရဖို့ဆိုတာ မလွယ်ကူပါ။ တောတောင်ထဲ ဒီလောက်များပြားတဲ့ သံဃာတွေ ရှိတယ်ဆိုတော့ စာရေးသူ အံသြမိတာ အမှန်ပါ။
နံနက်ပိုင်းဆွမ်းခံချိန်မှာ အတွေ့အကြုံရှိအောင်ဆိုပြီး စာရေးသူက ဆွမ်းခံလိုက်သွားပါတယ်။ ကိုလံဘိုလ်ကနေ ဆွမ်းလောင်ဖို့ လာကြတဲ့ ပရိသတ်တွေနဲ့အခြားနေရာ အသီးသီးက ဆွမ်းလောင်းဖို့ လာကြတဲ့ ပရိသတ်တွေဟာ ဆွမ်းလောင်းမဲ့ဇရပ်မှာ အပြည့် ဖြစ်လို့နေပါတယ်။ ကိုလ်လံဘိုလ်မြို့မှ ဆွမ်းလောင်းဖို့လာတဲ့သူတွေဟာ မနက်စောစောကတည်းက ကိုလံဘိုလ်မှ ထွက်လာခဲ့ကြရတာပါ။ ဒါမှလည်း အချိန်မီရောက်မှာပါ။ ဆွမ်းခံတဲ့အချိန်မှာ သံဃာတော်တွေဟာ ၀ါစဉ်ကြီးငယ်အလိုက် တန်းစီကြရပါတယ်။ စာရေးသူရဲ့ရှေ့မှာ တစ်ပါးပဲ ရှိပြီး နောက်မှာတော့ ငါးဆယ်ကျော်လောက်ရှိပါတယ်။ စာရေးသူလည်း ဆွမ်းလောင်းဇရပ်ဆောင်ကို ရောက်တဲ့အခါ ဘုမသိဘမသိနဲ့ အစမှ အဆုံး လောင်းသမျှ ဆွမ်း-ဆွမ်းဟင်း အကုန်လုံး ယူလာခဲ့တယ်။ ဒါ့ကြောင့် သပိတ်ထဲမှာ ပြည့်မောက်နေပါတော့တယ်။ နောက်မှသိရတာက ကိုယ်ကြိုက်တဲ့နေရာမှာ ကိုယ်ပိုက်လာတဲ့ သပိတ်ကို ဖွင့်ပေးလိုက်ယုံပါ။ လောင်းသမျှ ဆွမ်းဆွမ်းဟင်းတွေ အကုန်လုံး ခံယူဖို့ မလိုပါ။
ဆွမ်းခံပြီးလို့ ဆွမ်းကျောင်းပေါ် ရောက်တဲ့အခါ စာရေးသူရဲ့နောက် ၀ါစဉ်ငယ်တဲ့ သံဃာတွေက သူတို့ရတဲ့ ဆွမ်း ဆွမ်းဟင်းထဲမှ တဇွန်းစီ အလှည့်ကျ လှုဒါန်းပါတယ်။ ဒီလို ငယ်ရွယ်သူသံဃာက ကိုယ့်ရှေ့က ၀ါတော်ကြီးတဲ့ သံဃာတွေကို တဇွန်းစီ လှုဒါန်းတာဟာ နောက်ဆုံသံဃာတော်အထိပါပဲ။ အဲဒီနောက် မိမိလိုအပ်သလောက် ဆွမ်းဆွမ်းဟင်းတွေကို သပိတ်ထဲမှာ ချန်ထားပြီး ကျန်တာတွေကို စားပွဲခုံပေါ်မှာ တင်ထားတဲ့ ချိုင့်တွေထဲကို ထည့်ရပါတယ်။ အဲဒါတွေပြီးပြီဆိုယင် ၀ါအကြီးဆုံး သုံးပါးကို ကျန်ငယ်ရွယ်သူတွေက ရှိခိုးဝန္ဒနာပြုကြပါတယ်။ စာရေးသူလည်း အကြီးဆုံးစာရင် ၀င်လို့ ရှိခိုးခံရပေမယ့် ဆုပေးဖို့ သူတို့ရဲ့မူအတိုင်း မလုပ်တတ်လို့ ငြိမ်နေရပါတယ်။ ဒီနောက်မှာ ခေတ္တခဏတာ ရေချိုးခြင်း စသဖြင့် ပြုလုပ်နိုင်ပါတယ်။ ဆွမ်းဘုန်းပေးချိန်ရောက်လို့ ဆွမ်းဘုန်းပေးကြတဲ့အခါ ၀ါစဉ်ကြီးငယ်အလိုက် ထိုင်ဖို့ချပေးထားတဲ့ ဆိုဖာခုံအသေးလေးတွေပေါ်မှာ တစ်ပါးစီထိုင်ကြရပါတယ်။ ဆွမ်းဆွမ်းဟင်းတွေ နောက်ထပ်လိုအပ်တယ်ဆိုယင် အစဉ်သင့် စီစဉ်ပေးထားပါတယ်။ အားလုံးက လက်ကတော့တွေတင်ပြီး ဘုန်းပေးကြတာဆိုတော့ စာရေးသူလည်း အလေ့အကျင့်မရှိလို့ ကိုးယိုးကားယား နိုင်လှတယ်။
နေ့လည် ခေတ္တခဏတာ အနားယူပြီးတယ်ဆိုယင်ပဲ ကျောင်းဝင်းအတွင်းမှာရှိတဲ့ စုပေါင်းပြီး ကမ္မဌာန်းထိုင်တဲ့ကျောင်းဆောင်တွေ၊ တစ်ပါးချင်း တစ်ယောက်ချင်းကမ္မဌာန်းထိုင်တဲ့ ကျောင်းဆောင်ငယ်တွေ၊ စမ်းချောင်းနှင့် ရှုခင်းကောင်းတဲ့နေရာတွေကို ဦးပဇင်းလေနှစ်ပါးက လိုက်လံပြသပေးကြပါတယ်။ သာယာလှပတဲ့ ဒီတောဒီတောင်ထဲ ရှေးအစဉ်အဆက်က ရဟန္တာမထေရ်တွေ သီတင်းသုံးခဲ့တယ်ဆိုတာ သံသယမဖြစ်မိပါ။ ညပိုင်းတွေမှာတော့ မျောက်သံတွေက တခါတခါ တိတ်ဆိတ်မှုကို ဖြိုခွဲတာမှအပ အလွန်တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာပါ။ စာရေးသူလဲ ခြုံထည်ပါမလာတဲ့အတွက် အလွန်အေးမြလှတဲ့ ဒီနေရာမှာ ကျောင်းဆောင်အပြင်ထွက်ဖို့ အတော်အားယူရပါတယ်။
လပြည့်နေ့ရောက်တယ်ဆိုယင်ပဲ နံနက်ပိုင်းမှာ ဦးပဇင်းလေးတစ်ပါးက ကျောင်းပတ်ဝန်းကျင်တွေကို လိုက်လံပို့ပေးလို့ ကြည့်ရှု့ခွင့် ရခဲ့ပါတယ်။ ဆရာတော်ဘုရားသီတင်းသုံးရာကျောင်းကို သိချင်လို့ လိုက်ပို့ခိုင်းတဲ့အခါ သံလမ်းပေါ်မှာ စက်သီးနဲ့ဆွဲပြီး တက်ရတဲ့ သစ်သားတွေ စီရိုက်ထားတဲ့ သစ်သားပြားပေါ်မှာ စီးယင်း တောင်ပေါ်ကို တက်ခဲ့ရတာပါ။ အမှန်တကယ်တော့ ဒီတောင်ပေါ်ကို တက်ခွင့်မရှိပါ။ ဒါပေမယ့် သွားလို့ရအောင် ဆောင်ကြဉ်းပေးတဲ့ ဦးပဇင်းလေးကို ကျေးဇူးတင်လို့မဆုံးပါ။ သူငယ်ချင်းရဲ့ကျေးဇူးဆိုယင်လည်း မမှားပါ။ တောင်ပေါ်မှာဖြစ်ပေမယ့် ကျောင်းဆောင်လေးက နှစ်ထပ်ဖြစ်ပြီး လေဒဏ်မိုးဒဏ်ကာကွယ်နိုင်အောင် အထူးပြုလုပ်ထားတာပါ။ ဆရာတော်ဘုရားရဲ့အနီးမှာတော့ မလေးရှားမှ ကပ္ပိယဒေါက်တာကျောင်းသားက ပြုစုနေတယ်လို့ သိရပါတယ်။ ဆွမ်းပို့ချိန်မှာ ဆွမ်းပို့သူမှအပ အခြားသူတွေ တက်ခွင့်မရကြပါ။
စာရေးသူတို့လည်း တိုးတိုးတိတ်တိတ် ကျောင်းဆောင်လေးနားကပ်ပြီး လေးဘက်လေးတန် ပတ်ကြည့်နေကြတယ်။ ဆရာတော်ဘုရားမသိအောင် တက်လာကြတဲ့အတွက် လိုက်ပို့သူ ဦးပဇင်းလေးမှာလည်း မ၀ံ့မရဲ့နဲ့ လိုက်ပို့နေရတာပါ။ အပြန်မှာတော့ ခြေလျင်လျှောက်၍ အောက်ဆင်း ပြန်လာကြပါတယ်။
နေလည်ပိုင်း နှစ်နာရီခန့်မှာ ဆရာတော်က တောင်အောက်ကို ဆင်းလာမှာဖြစ်လို့ တောင်ခြေက ကျောင်းလေးမှာ အခြားသူတွေနဲ့အတူ စာရေးသူတို့ စောင့်နေကြတယ်။ အများစုက နိုင်ငံခြားသားတွေဖြစ်ပြီး သူတို့ကလည်း ဆရာတော်ကို ဖူးမြင်ဖို့ လပြည့်နေ့တိုင်အောင် စောင့်နေကြတဲ့သူတွေပါ။ ဆရာတော်ဘုရားကြွလာတဲ့အခါ သူငယ်ချင်းနောက်က ကပ်လိုက်ယင်း ဆရာတော်ဘုရားရဲ့ ခြေရင်းနားကို ရောက်လို့သွားပါတယ်။ ပရိသတ်တွေနဲ့အတူ ရှိခိုးဝတ်ချပြီးတဲ့အခါ အနုမောဒနာတရား ခေတ္တပေးပြီး ပရိသတ်တွေကို ပြန်ခွင့်ပြုပါတယ်။ သူငယ်ချင်းဖြစ်သူနဲ့စာရေးသူတို့သုံးပါး ဆရာတော်ဘုရားရဲ့အနီးမှာ နေခဲ့ကြပါတယ်။ သူငယ်ချင်းဖြစ်တဲ့ ဆရာတော်ရဲ့တပည့်နဲ့ စကားပြောတဲ့အခါ စာရေးသူတို့ကိုလည်း- ဘယ်ကလဲ-ဟု မေးမြန်းပါတယ်။ စကားတွေကို ဆရာတော်ဘုရားနဲ့ပြောဆိုယင်း စာရေးသူအား နိဿဂ္ဂိထိုက်တဲ့ သင်္ကန်းတွေ လဲလှယ်ဖို့ မိန့်ကြားပါတယ်။
ကိုယ့်နိုင်ငံအကြောင်းတွေ၊ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဆိုနေတုန်းမှာပဲ ဂျာမန်ရဟန်းတော်တစ်ပါးရောက်လာလို့ စကားပြတ်သွားကြပါတယ်။ အင်္ဂလိပ်စကားနဲ့ ဆရာတော်အား ဂျာမန်ရဟန်းတော်က မေးမြန်းနေပါတယ်။ အခြားသူကို ပေးဆပ်ဖို့ အကြွေးတွေ ရှိနေတုန်း ရဟန်းဝတ်လာတဲ့အတွက် ရဟန်းဖြစ် -မဖြစ်ကို မေးမြန်းနေတာ ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေရဲ့ မေးခွန်းတွေကို ဖြေဆိုနေတာ အချိန်တော်တော်ကုန်သွားပါတယ်။ ဒီလိုနဲ့ ဥပုသ်ပြုဖို့ လာပင့်တဲ့အခါ ဆရာတော်နောက်နားမှကပ်လိုက်ယင်း သင်္ကန်းကို လက်ကတော့တင်လျက် တောင်ဝှေ့နဲ့ သိမ်းကျောင်းဆောင်ကို ကြွနေတဲ့ ဆရာတော်ဘုရားရဲ့ပုံရိပ်တွေကို ယနေ့တိုင် မမေ့နိုင်ပါ။
ဥပုသ်ပြုမဲ့ ကျောင်းဆောင်ကို ရောက်တဲ့အခါ ရှေးဦးစွာရောက်နှင့်နေပြီးဖြစ်တဲ့ သံဃာတော်တွေက ဆရာတော်ဘုရားအား လက်အုပ်ချီကြိုဆိုနေကြပါတယ်။ ဒီအချိန်မှာ အနုရာဓမြန်မာကျောင်းမှ ဆရာတော်ကလည်း ဒီတောရကျောင်းမှာ ၀တ်ဆောက်တည်ယင်း တရားထိုင်းနေတဲ့ အချိန် ဖြစ်ပါတယ်။ ဒါ့ကြောင့် ဥပုသ်ပြုတဲ့နေရာမှာ အတူတကွ ဆုံးစည်းကြပါတယ်။ အနုရာဓဆရာတော်မှာ တစ်ပါးနေကျောင်းဆောင်လေးထဲမှာ သီတင်းသုံးနေတဲ့အတွက် စာရေးသူတို့ မတွေ့ရခြင်းပါ။ ဥပုသ်ပြုစတယ်ဆိုယင်ပဲ သံဃာတော်များထဲမှ ရဟန်းတော်နှစ်ပါးက အမေးအဖြေများ ပြုပါတယ်။ အဲဒီနောက် ဘိက္ခုဝိနည်းတစ်စောင်းလုံးကို စာအုပ်ကိုင်ပြီး ရွတ်ဖတ်ပါတယ်။ ဥပုသ်ပြုပြီးတဲ့အခါ ဆရာတော်ဘုရားမှ သြ၀ါဒမပေးတော့ဘဲ ကျောင်းထိုင်ဆရာတော်က သီဟိုလ်ဘာသာနဲ့ သြ၀ါဒစကားများ မိန်းကြားပါတယ်။ စာရေးသူ နားမလည်ပေမယ့် ၀ိနည်းနဲ့ပတ်သက်တဲ့အကြောင်းတွေ မိန့်ကြားနေတယ်ဆိုတာ ပါဠိစကားတွေကို ထောက်ဆပြီး သိရပါတယ်။ အားလုံးသောသံဃာတော်တွေက ဆရာတော်ဘုရားကို ရှိခိုးဝန္ဒနာပြုပြီးတဲ့အခါ မိမိနေရာကို အသီသီး ပြန်ကြပါတယ်။
ဆရာတော်ဘုရားကို တောင်ပေါ်ပြန်တက်ဖို့ တောင်ခြေရင်းရောက်တဲ့အထိ အနီးအနားမှာလိုက်ပါယင်း ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီမှပြန်လာတဲ့အခါ သူငယ်ချင်းက- မနက်ဖြန် ပြန်လို့ရပြီတဲ့- ဟု ပြောပါတယ်။ စိမ့်စမ်းတောတောင်များနှင့် သူတော်ကောင်းတွေ ပျော်မွေ့တဲ့ ဒီနေရာလေးမှာ တညတာအိပ်စက်ယင်း နောက်တစ်နေ့မှာတော့ အနုရာဓမြို့ကို ကျောင်းထိုင်ဆရာတော်အပါ အခြားသံဃာတော်တွေနဲ့အတူ စာရေးသူတို့ ပြန်လာဖို့ ဖြစ်ပါတယ်။ စာရေးသူတို့ကို ကျောင်းထိုင်ဆရာတော်ရဲ့အစီအမံနဲ့ မာလာသီရိ(Melsiripura town)မြို့ရောက်တဲ့အထိ ကားနဲ့လိုက်ပါခွင့် ရရှိခဲ့ပါတယ်။ ခေတ္တအခိုက်အတံ့ တည်းခိုခွင့်ရခဲ့တဲ့ တောတောင်အတွင်းက ဒီတောရကျောင်းမှာ ခေတ္တခဏတာရရှိလိုက်တဲ့ ငြိမ်းချမ်းမှုလေးတွေနှင့်အတူ------------။
Labels:
ခရီးသွားဆောင်းပါးများ