Showing posts with label အတ္ထုပ္ပတ္တိများ. Show all posts
Showing posts with label အတ္ထုပ္ပတ္တိများ. Show all posts

Thursday, March 3, 2011

Wednesday, March 2, 2011

အရှင်ဂန္ဓသာရာဘိဝံသ (ထိုင်းအမည်-ဖရ မဟာစုမ်ရတ်)၏ ဘ၀ပုံရိပ် တစ်စိတ်တစ်ဒေသ


  • အရှင်ဂန္ဓသာရာဘိဝံသကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ စမုတ်ပရာကန်မြို့နယ်၊ ၃-ရပ်ကွက်၊ စုခုမ်ဝိတ်လမ်း၊ အိမ် အမှတ်-၉၃၊ ၂၀၇-နေ ခမည်တော် ဦးနိုင်ကုတ်ခွန်းစဲ့ဟိန်၊ မယ်တော် ဒေါ်မန်းဝမ်စဲ့သန်တို့မှ ၁၉၆၁-ခုနှစ်၊ ဧပြီလ ၂၄-ရက်၊ တနင်္လာနေ့၊ ည -၇-နာရီ၊ ၂၄-မိနစ်အချိန်တွင် ဖွါးမြင်တော်မူပါသည်။ မွေးချင်း ၆-ယောက်အနက် အငယ်ဆုံး သားမြတ်ရတနာ ဖြစ်ပါသည်။ ငယ်နာမည်မှာ မောင်စုန်လတ်စုစထာဖွန် ဖြစ်သည်။
အရှင်ဂန္ဓသာရသည် အသက် (၁၂)နှစ် အရွယ် ၁၉၇၃-ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ပတ္တရားမြို့၊ ၀ိထယာလိုင်းပတ္တရားကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဖရ (အရှင်)အရိယ၀ံသာသယန်ပုဏသိရီထံ၌ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ဘွဲ့အမည်မှာ ရှင်ဂန္ဓသာရ ဖြစ်ပါသည်။ ၁၉၈၂-ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂-ရက်နေ့တွင် ထိုင်းနိုင်ငံ၊ လန်းပန်းမြို့၊ ၀ပ်ထာ့မအိုး(မြန်မာ) ကျောင်းတိုက်၊ ပဓာနနာယက(မြန်မာ) ဆရာတော်ဘုရားကြီး ဘဒ္ဓန္တဓမ္မာနန္ဒ (အဂ္ဂမဟာပဏ္ဍိတ၊ ဂုဏ်ထူးဆောင် ဒေါက်တာ)ကို ဥပဇ္ဇျာယ်ပြု၍ ထိုင်းနိုင်ငံ၊ လန်းပန်းမြို့၊ ၀ပ်ထာ့မအိုးကျောင်းတိုက်၊ ခဏ္ဍသိမ်တော်၌ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မူပါသည်။ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဓမ္မာနန္ဒထံတွင် သဒ္ဒါ၊ ဆန်း၊ အလင်္ကာ၊ အဘိဓာန်၊ အဘိဓမ္မာ၊ ၀ိနည်း၊ ရှုပသိဒ္ဓိနှင့် မြန်မာစာပေများကို သင်ယူခဲ့ပါသည်။

မြန်မာသက္ကရာဇ် ၁၃၄၃-ခုနှစ်တွင် ဗာရာဏသီဆရာတော်ဘုရားကြီးနှင့် သီတဂူဆရာတော်ဘုရားတို့၏ အာရှ(၆)နိုင်ငံ ခရီးစဉ်၌ ထိုင်းနိုင်ငံ၊ ၀ပ်ထာ့မအိုးကျောင်းသို့ ရောက်ရှိခဲ့ပါသည်။ ထိုအခါ ဗာရာဏသီဆရာတော်ဘုရားကြီးအား အရှင်ဂန္ဓသာရမှ ပါဠိဘာသာစကားဖြင့် မေးမြန်းလျောက်ထားရာ ဆရာတော်ဘုရားကြီးက သဘောကျတော်မူသဖြင့် “မြန်မာပြည်တွင် ပညာသင်ကြားဖို့် ဒီဥုးဇင်းလေး ဒို့ဆီလွှတ်လိုက်” ဟု ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဓမ္မာနန္ဒအား မိန့်ကြားတော်မူခဲ့ပါသည်။
ထိုမိန့်တော်မူချက်ကို အကြောင်းပြု၍ အရှင်ဂန္ဓသာရသည် ၁၉၈၄-ခုနှစ်တွင် ပညာသင်ကြားရန် ပြည်မြို့၊ ၀ိသုဒ္ဓါရုံဗာရာဏသီတိုက်သို့ ရောက်ရှိခဲ့ပါသည်။

ဗာရာဏသီဆရာတော်ဘုရားကြီးသည် အရှင်ဂန္ဓသာရအား အစစအရာရာ ကြည့်ရှုစောင့်ရှောက်ခဲ့ပါသည်။ ထို့ပြင် အရှင်ဂန္ဓသာရအား အနီးကပ် ကြီးကြပ်ကွပ်ကဲသူမှာ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနန္ဒောဘာသာဘိဝံသ(သ-စ-အ -ဓမ္မာစရိယ)ဖြစ်ပါသည်။ ၀ိ-ဗာ တိုက်ရှိ စာချဆရာတော်များ၊ မန္တလေးမြို့၊ ရွှေဘုန်းဝန်ဆရာတော် ဘဒ္ဒန္တအဂ္ဂညဏာဘိဝံသ စသော ဆရာတော်ဘုရားများသည် အရှင်ဂန္ဓသာရ၏ကျေးဇူးတော်ရှင်များပင် ဖြစ်ပါသည်။

ပြည်မြို့၊ ၀ိသုဒ္ဓါရုံဗာရာဏသီတိုက်၌ ကျင်းပသောစာမေးပွဲများကို အတန်းစုံ အောင်မြင်ခဲ့ပြီး အစိုးရ ငယ်-လတ်-ကြီးအတန်းတို့ကို ပါဠိဘာသာဖြင့်လည်းကောင်း၊ ၁၉၈၆-ခုနှစ်တွင် ပြည်မြို့၌ ကျင်းပသော မြို့နယ်စာမေးပွဲကို တစ်ဂဏန်းမှ လည်းကောင်း၊ ၁၉၈၈-ခုနှစ်တွင် ရန်ကုန်မြို့၊ စေတီယင်္ဂဏပရိယတ္တိအသင်းမှ ကြီးမှုးကျင်းပသော စာမေးပွဲကို ဒုတိယ - အမှတ်အများဆုံးဖြင့်လည်းကောင်း၊ ၁၉၉၂-ခုနှစ်တွင် သာသနဓဇဓမ္မာစရိယဘွဲ့ကိုလည်းကောင်း အောင်မြင်ခဲ့ပါသည်။

အရှင်ဂန္ဓသာရသည် ယခုအခါ ထိုင်းနိုင်ငံ၊ လန်းပန်းမြို့၊ ၀ပ်ထာ့မအိုးကျောင်းတိုက်ဆရာတော် ဘုရားကြီး၏ အနီးတွင် သီတင်းသုံးနေထိုင်လျက် စာသင်သားသံဃာတော်များအား စာပေကျမ်းဂန်များ ပို့ချခြင်း၊ ကျောင်းတိုက်အတွင်း ကမ္မဋ္ဌာန်းကျောင်းဆောင်များ ဆောက်လုပ်လျက် ကမ္မဋ္ဌာန်းတရားများကို ပြသခြင်း၊ ထိုင်းနိုင်ငံ၊ ဘုရင်မင်းမြတ်၏ ယုဝဗုဒ္ဓိကအသင်း ၀ိပဿနာဋ္ဌာနတွင် ကမ္မဋ္ဌာန်းတရားများကို ပြသခြင်း၊ ထိုင်းနိုင်ငံ၊ နခွန်ပထုံမြို့၊ ဗုဒ္ဓဃောသပါဠိစာပေလေ့လာရေး အသင်းတွင် ၀ိပဿနာကမ္မဋ္ဌာန်းတရားများကို ပြသခြင်း၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုံ၊ ၀ပ်ဖိချိုင်ယာကာရာမ်ကျောင်းတိုက်၊ အဘိဓမ္မာပိဋကဋ္ဌာနတွင် စာပေစိစစ်ရေးအဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခြင်းဖြင့် သာသနာ့ တာဝန်များကို ထမ်းဆောင်လျှက် ရှိပါသည်။

ထို့ပြင် အရှင်ဂန္ဓသာရာဘိဝံသ ရေးသားပြုစုခဲ့သော ကျမ်းစာများကို မှတ်တမ်းတင်မိသမျှ ဤ၌ ဖော်ပြလိုက်ပါသည်။ (၁)သုဗောဓာလင်္ကာရမဉ္ဖရီ {အလင်္ကာဘာသာပြန်-နှာစုစုပေါင်း-၈၃၅}၊ (၂) ၀ုတ္တောဒယမဉ္ဖရီ {ဆန်းဘာသာပြန်-နှာ-၄၁၄}၊ (၃)ဗာလာဝတာရ {သုဓ်သင်တည်းဖြတ်-နှာ-၁၂၈}၊ (၄)ပဒသင်္ဂဟ {သုဓ်သင်တည်းဖြတ်-နှာ-၂၆၀}၊ (၅) ပဒရူပသိဒ္ဓိမဉ္ဖရီ {ရှုပသိဒ္ဓိဘာသာပြန်-ပထမတွဲ-နှာ-၁၂၁၈}၊ (၆) သံဝဏ္ဏနာမဉ္ဖရီနှင့်သံဝဏ္ဏနာနိယံ {နှာ-၁၄၀}၊ (၇) ကစ္စာယနသာရမဉ္ဖရီ {ဘာသာပြန်-နှာ-၂၂၄}၊ (၈)ဂန္ထာဘရဏမဉ္ဖရီ {နှာ-၂၀၀}၊ (၉)ပဒရူပသိဒ္ဓိကျမ်း၏ခက်ဆစ်ခက်ရာ အမေးအဖြေ {နှာ-၁၇၀}၊ (၁၀) ၀ရတ်တရတနာကရ {သက္ကတဘာသာပြန်-နှာ-၇၉}၊ (၁၁) နေတ္တိပါဠိတော် {ဘာသာပြန်-နှာ-၆၆၄}၊ (၁၂) နေတ္တိအဋ္ဌကထာ {ဘာသာပြန်-နှာ-၆၉၀}၊ (၁၃) နေတ္တိဋီကာ {ဘာသာပြန်-နှာ-၄၀၆}၊ (၁၄) အဘိဓမ္မတ္ထသင်္ဂဟနှင့်ပရမတ္ထဒီပနီ {ဘာသာပြန်-နှာ-၉၁၈}၊ အဘိဓမ္မာအရေးတော်ပုံနှင့်သဒ္ဒါကျမ်းများ၏သမိုင်း {နှာ-၁၃၀}၊ (၁၆) သစ္စသင်္ခေပ {ဘာသာပြန်-နှာ-၁၈၄}၊ (၁၇) အဘိဓမ္မာဝတာရ {ဘာသာပြန်-နှာ-၅၁၀}၊ (၁၈) မဟာသတိပဋ္ဌာနသုတ္တ {မဟာစည်ဆရာတော်စာအုပ်မှဘာသာပြန်-နှာ-၄၅၄}၊ (၁၉) အာနာပါနဒီပနီ {ဘာသာပြန်-နှာ-၅၈}၊ (၂၀) ဗောဇျင်တရားတော် {နှာ-၁၈၈}၊ (၂၁) ဓမ္မစကြာတရားတော် {ဘာသာပြန်-နှာ-၄၀၀}၊ (၂၂) လွယ်ကူသောနည်းဖြင့် သတိပဋ္ဌာန်ကျင်းစဉ် {နှာ-၈၄}၊ (၂၃) သတိပဋ္ဌာန်-တစ်ခု တည်းသောလမ်း {အင်္ဂလိပ်ဘာသာမှ ပြန်-နှာ-၄၂}၊ (၂၄) ရုပ်နာမ်သဘာဝအလင်းပြကျမ်း {နှာ-၇၄}၊ (၂၅) ၀ိပဿနာရှုနည်း {ဘာသာပြန်-ပထမတွဲ-နှာ -၃၄၄}၊ (၂၆) ၀ိပဿနာရှုနည်း {ဘာသာပြန်-ဒုတိယတွဲ-နှာ-၆၆၂}၊ (၂၇) သတိပဋ္ဌာန်ကျင့်စဉ် {နှာ-၁၁၄}၊ (၂၈) ဒါရုက္ခန္ဓောပမသုတ် {အင်္ဂလိပ်ဘာသာမှပြန်-နှာ-၈၂}၊ (၂၉) နမက္ကာရ+မဟာပဏာမ {ဘာသာပြန်-နှာ-၈၆}၊ (၃၀) မေတ္တာဘာဝနာ {နှာ-၈၀}၊ (၃၁) ပဇ္ဇမဓု {ဘာသာပြန်-နှာ-၂၃၅}၊ (၃၂) ပရိတ်ကြီး {ဘာသာပြန်-နှာ-၂၄၀}၊ (၃၃) တေလကဋာဟဂါထာ {ဘာသာပြန်-နှာ-၁၇၇}၊ (၃၄) သူတော်ကောင်းတရားနှင့်ဗြဟ္မစိုရ်တရားလေးပါး {နှာ-၄၂}-စသည်တို့ ဖြစ်ပါသည်။

အရှင်ဂန္ဓသာရာဘိဝံသ ရရှိတော်မူသော သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များမှာ- ၂၀၀၀-ခုနှစ်၊ ဇွန်လ-၂၅-ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘုရင်မင်းမြတ်၏ယုဝဗုဒ္ဓိကအသင်းမှ ကမ္မဋ္ဌာနစရိယဘွဲ့၊ ၂၀၀၆-ခုနှစ်၊ မေလ ၂-ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ပုဂ္ဂလိကလူမှုကယ်ဆယ်ရေးအသင်း (မူလနိထိကျမ်နုန်ထောင်ပစေ့-အသင်း)မှ လူမှုထူးချွန်ဆု၊ ၂၀၀၇-ခုနှစ်တွင် ထိုင်းနိုင်ငံ၊ အိမ်ရှေ့ မင်းသမီးကိုယ်တိုင် ဆက်ကပ်လှုဒါန်းသော ဗုဒ္ဓသာသနာကျမ်းပြုဆိုင်ရာဘွဲ့ (စေမာဓမ္မကျတ်ဘွဲ့)(Outstanding Buddhist Awards)(Semadhammajak Awark) တံဆိပ်တော်နှင့် ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်၊ ပါဠိစာပေဋ္ဌာနမှ မဟာပဏ္ဍိတဘွဲ့တံဆိပ်တော်တို့ ဖြစ်ပါသည်။



ပြည်မြို့၊ ၀ိသုဒ္ဓါရုံဗာရာဏသီတိုက်၊ နှစ်(၅၀)ပြည့် ရွှေရတုမဂ္ဂဇင်းကို မှီးငြမ်းကိုးကားသည်။














































Tuesday, March 2, 2010

ထိုင်းနိုင်ငံသာသနာပြု သက်တော်ရှည် ၀ပ်ထမအိုးဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တဓမ္မာနန္ဒ


























စာရေးဆရာကြီး ပါရဂူက ,,အထုပ္ပတ္တိစာပေများ,, စာအုပ်၌,, မြန်မာအထုပ္ပတ္တိ,,ဟူသော သူ၏ဆောင်းပါးတွင်-အထုပ္ပတ္တိကို ရေးသားကြရာ၌ ရေးနည်းရေးဟန်နှင့် ပုံစံအနေအထားအရ စိစစ်ကြည့်လျင် အကြမ်းဖျင်းအားဖြင့် လေးမျိုးလေးစားရှိ ကြောင်း၊ ယင်းတို့မှာ -

(၁)ရိုးရိုးအထုပ္ပတ္တိ (ပုဂ္ဂိုလ်၏ဘ၀ဖြစ်ရပ်နှင့်စရိုက်ကို အခြားပုဂ္ဂိုလ်တစ်ဦးက ရေးသားတင်ပြသည့် အထုပ္ပတ္တိမျိုး)၊ (၂)ကိုယ်ရေး အထုပ္ပတ္တိ (မိမိ၏ဘ၀ဖြစ်ရပ်ကို မိမိကိုယ်တိုင်ရေးသည့် အထုပ္ပတ္တိမျိုး)၊ (၃)၀တ္ထုသဘောပါ သော အထုပ္ပတ္တိ (ရိုးရိုးအထုပ္ပတ္တိကို ရေးသားရာ၌ဖြစ်စေ၊ ကိုယ်ရေးအထုပ္ပတ္တိကို ရေးသားရာ၌ဖြစ်စေ ရိုးရိုးစင်းစင်း မရေး ဘဲ စာရေးဆရာ၏စိတ်ကူးကို ထည့်ပြီး ရေးသားသည့် နည်းမျိုးဖြင့် ရေးထားသည့်အထုပ္ပတ္တိမျိုး)၊ (၄)မှတ်တမ်းသဘောပါ သောအထုပ္ပတ္တိ (ပုဂ္ဂိုလ်တစ်ဦးဦး၏ ဘ၀တစ်လျောက်တွင် ဖြစ်ပျက်သည့် စိတ်ဝင်စားဖွယ်အဖြစ်အပျက်တစ်ကွက်ကို ဖြစ် စေ၊ တစ်ကွက်ထက်မကသော အဖြစ်အပျက်ကိုဖြစ်စေ ရေးသားတင်ပြသည့် အထုပ္ပတ္တိမျိုး) တို့ ဖြစ်ပြီး-

,,မှတ်တမ်းသဘောပါသော အထုပ္ပတ္တိနှင့်အထက်ဖော်ပြပါ အထုပ္ပတ္တိတို့၏ခြားနားချက်မှာ အထက်ဖော်ပြပါ အထုပ္ပတ္တိများ သည် ယေဘုယျအားဖြင့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ဘ၀တစ်ခုလုံးကို ငုံ၍ရေးသားခြင်းမျိုးဖြစ်ပြီး မှတ်တမ်းသဘောပါ သော အထုပ္ပတ္တိမှာမူ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ဘ၀တစ်ခုလုံးကို ငုံ၍ရေးသားခြင်းမျိုးမဟုတ်ဘဲ ဘ၀၏အရေးပါသည့် အစိတ်အပိုင်းတစ်ခုခု အကြောင်းကို ရေးသားတင်ပြထားခြင်းမျိုး ဖြစ်လေသည်,,ဟု ရေးသားထား၏။

တစ်ဖန် ,,အထုပ္ပတ္တိရေးသားရာ၌ သတိပြုသင့်သော အခြားအချက်တစ်ခုမှာ အထုပ္ပတ္တိကို အသက်ပါအောင် ပြုလုပ်ဖန်တီး ရေးဖြစ်သည်။ အထုပ္ပတ္တိသည် စာပေ၏အင်္ဂါအစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။စာပေ၏အသက်မှာ စိတ်ကူးဖြင့် ဖန်တီးထား သည့် စာပေရသဖြစ်သည်။ သို့ဖြစ်၍ အသက်ပါသောအထုပ္ပတ္တိဖြစ်စေရန် စိတ်ကူးဖြင့် ဖန်တီးထားသည့် စာပေရသပါဘို့ အရေးကြီးပေသည်။ အထုပ္ပတ္တိ၌ အဖြစ်အပျက်အမှန်နှင့် စိတ်ကူးစိတ်သန်နှစ်မျိုးလုံးပါဘို့ လိုအပ်ပေသည်။ယင်းနှစ်မျိုးကို ချိန်ချိန်ဆဆ ရောမွှေတတ်ခြင်းသည် အထုပ္ပတ္တိရေးအတတ်ပညာ၏ သော့ချက်ဖြစ်လေသည်။ အဖြစ်အပျက်မပါလျင် အထုပ္ပတ္တိဖြစ်မလာနိုင်ပေ။ သို့ရာတွင် စာပေရသတည်းဟူသော အသက်ဝိညာဉ်မရှိပါက အထုပ္ပတ္တိသည် အဖြစ်အပျက် များကို ဖိုင်တွဲထားသည့် ဖိုင်တွဲတစ်ခုမျှသာ ဖြစ်နေပေလိမ့်မည်။အဖြစ်အပျက်များသည် ကိုယ်ခန္ဓာဖြစ်သည်ဟုဆိုလျင် စာပေရသသည် အသက်ဝိညာဉ်ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။အဖြစ်အပျက်များသည် ပန်း၏အဆင်းဖြစ်သည်ဟုဆိုလျင် စာပေရသသည် ပန်း၏ရနံ့ ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။ ယင်းနှစ်မျိုးကို ကျွမ်းကျင်စွာ ပေါင်းစပ်နိုင်မှုအပေါ်၌သာ အထုပ္ပတ္တိစာပေ၏ အလှသည် တည်ရှိနေပေသည်,, -ဟု ဆိုထားပြန်ရာ အထုပ္ပတ္တိတစ်ခုကို ရေးသားရာ၌ ပြည့်စုံသင့်ပြည့်စုံ ထိုက်သော အင်္ဂါရပ်များနှင့် ပြည့်စုံမှသာလျင် အထုပ္ပတ္တိစာပေ၏အလှသည် တည်နိုင်သည်ဟု အကျဉ်းချုပ်အားဖြင့် နားလည်နိုင်ပေ၏။

သို့ဖြစ်၍ စာရေးသူအနေဖြင့် ဆရာတော်ဘုရားကြီး၏အထုပ္ပတ္တိဆောင်းပါးကို ရေးသားဖို့ရန် မ၀ံ့မရဲဖြစ်ရသောအကြောင်းသည် အထက်ပါချမှတ်ထားသော,, စံပေတံများနှင့် မကိုက်ညီခဲ့သည်ရှိသော်,,-ဟူသော စိတ်ပင်ဖြစ်ပါ၏။ သို့သော် အခြားတစ်ဖက်မှာမူကား ဆရာတော်ဘုရားကြီး၏ဂုဏ်ကို စာဖတ်သူတို့အား သိစေလိုသောဆန္ဒက လွှမ်းမိုးနေပြန်ရာ သို့ဖြစ်ပါသောကြောင့် အရဲစွန့်ကာဖြင့် ဤဆောင်းပါးကိုေ၇းသားလိုက်ရခြင်းဖြစ် ကြောင်း ပဏာမ၀န်ခံ ပြောကြားပါရစေ။ သို့ဆိုလျင်--


ဘန်ကောက်မြို့ကြီးသည် အလွန်ခေတ်မီနေသလောက် လန်းပန်းမြို့ကလေးသည်ကား ဘန်ကောက်မြို့ကြီးနှင့် ယှဉ်လိုက်ပါ က အိပ်မောကျနေဆဲဖြစ်သော မြို့ကလေးတစ်မြို့ဟု ဆိုနိုင်ပါသေး၏။ သို့သော် ခေတ်ကိုအမှီလိုက်နေသော မြို့ကလေးဖြစ် ပြန်ရာ လမ်းသွားလမ်းလာ လူများ၊ ကားများ၊ ဆိုင်ကယ်များမှာ ရှုပ်ထွေးလာသကဲ့သို့ စူပါမက်ကက်များကလည်း နေရာ တော်တော်များများမှာ နေရာယူလျက် ရှိနေပြန်ပါ၏။ မြန်မာလူမျိုးတစ်ယောက်အား စိတ်ဝင်စားစေသည့်အရာများကား လမ်းဘေးဝဲယာ တော်တော်များများတွင် မြန်မာမူမြန်မာဟန်ဖြင့် ဆောက်လုပ်ထားသော ဘုန်းတော်ကြီးကျောင်းတိုက်များ ပင် ဖြစ်ပါ၏။ မှန်ပါသည်။ ထိုင်းနိုင်ငံတွင် မြန်မာ့တို့၏လက်မှုလက်ရာများကို တစ်နေရာတည်း၌ ကြည့်ရှု၍ရသော နေရာ သည် ဤဘုန်းတော်ကြီးကျောင်းတိုက်များပင် ဖြစ်နိုင်တန်ရာပါ၏။

ဝပ်ထမအိုးကျောင်းတိုက်အ၀င်ဝကား ဘယ်ညာနှစ်ဖက်တွင် တည်ဆောက်ထားသော အသောကကျောက်စာတိုင်ပုံစံ တိုင် နှစ်တိုင်နှင့်မုခ်ဦးကို တွေ့ရမည်ဖြစ်ပါ၏။ ကျောင်းဝင်းအတွင်းမူ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ဟောင်း ဦးသန့် မိသားစုက လှုဒါန်းထားသောရေတွင်းကလေးက စတင်ကြိုဆိုနေပြီး မြန်မာမူမြန်မာဟန်များဖြင့် တည်ဆောက်ထားသော သိမ်၊ စေတီ၊ ကျောင်းဆောင်ဟောင်း ၁-ဆောင်နှင့် အသစ်တည်ဆောက်ထားသော ကျောင်းဆောင်ကြီးများက ခေတ် ဟောင်းခေတ်သစ် ရောပြွမ်းလျှက် တည်ရှိနေသည်ကို တွေ့ရှိရပါ၏။

ဆရာတော်ဘုရားကြီး သီးတင်းသုံးသောကျောင်း ဆောင်ကလေးသည်ကား တစ်ထပ်အုဌ်တိုက်ကလေးဖြစ်ပြီး ကျောင်းဆောင်၏ အတွင်း၌မူ ဆရာတော်ဘုရားကြီး ကြည့်ရှု သော စာအုပ်စာတန်းများ တင်ထားသည့် နံရံကပ်ဗီရိုများက လေးဘက်လေးတန်နံရံများတွင် အပြည့်အ၀ နေရာယူလျှက် ရှိနေပါ၏။ စာကြည့်စာပွဲပေါ်တွင်လည်း စာအုပ်စာတမ်းများက နေရာယူထားရာ စာအုပ်စာပေမြတ်နိုးသော ပရိယတ္တိကို တန်ဖိုးထားသည့် ဆရာတော်ဘုရားကြီးအဖြစ် ယုံမှားဘွယ်မရှိပေ။ ပရိယတ္တိစာပေများသည်ပင် ဘ၀တစ်သက်တာ အတွက် ဆရာတော်ဘုရားကြီး၏ ဘ၀လက်တွဲဖော်များ ဖြစ်ကြောင်းကို ဤစာအုပ်စာပေများက သက်သေပြနေပါ၏။ အိပ်ခန်းတွင်းရှိ ဆရာတော်ဘုရားကြီး ကျိန်စက်တော်မူသော အိပ်ယာကုတင်လေးမှာလည်း အလွန်ရိုးရှင်းလှပြီး ဆရာ တော်ဘုရားကြီး၏ ရိုးရှင်းလှသောဘ၀ကို သရုပ်ဖော်နေသယောင်ပင် ဖြစ်ပါ၏။

အတိတ်ကို ပြန်လည်၍ခြေရာကောက်ကြည့်သည်ရှိသော် -
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊သာစည်ရွာရှိ ကျောင်းဒကာ ဦးဖိုးသစ်၊ ကျောင်းအမ ဒေါ်ငွေရီတို့က ဆရာတော်လောင်းလျာ ကို ၁၂၈၂-ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၄-ရက်၊ စနေနေ့တွင် မွေးဖွါးခဲ့ပါ၏။ အသက် ၇-နှစ် အရွယ်မှစတင်ကာ သုံးထပ် ကျောင်းဆရာတော် အရှင်ညဏ၀ံသ၏ခြေရင်းသို့ မိဘများက အပ်နှံပို့ဆောင်ခဲ့ပါ၏။ အသက် ၁၄-နှစ်အရွယ်တွင် အရှင် စာရိန္ဒဆရာတော်ကို ဥပဇ္ဈာယ်ပြုကာ သာမဏေရှင်ဓမ္မာနန္ဒအဖြစ် ရောက်ရှိခြင်းသည်ပင် ယနေ့ ဆရာတော်ဘုရားကြီး၏ သာသနာတော်ခရီးအစဟု ဆိုချင်ပါ၏။ ရေစကြိုမြို့ ၊ ပတ်တပိုဏ်ကျောင်းတိုက်သို့ ရွှေ့ပြောင်းပညာသင်ကြားပြီးနောက် အသက် ၂၀-အရတွင် ပတ်တပိုဏ်ဆရာတော်၏တပည့် အရှင်သုဇာတထေရ်ကို ဥပဇ္ဈာယ်ပြုကာ ညောင်ပင်သာကျောင်း၊ ဗဒ္ဓသိမ်၌ သာမဏေ ရှင်ဓမ္မာနန္ဒဘ၀မှ ရဟန်းအရှင်ဓမ္မာနန္ဒအဖြစ် ရောက်ရှိခဲ့ပါ၏။ ရဟန်းဖြစ်အပြီး ပတ်ထပိုဏ်ဆရာတော် ဘုရား၏အပ်စာဖြင့် မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်၊ စည်ရှင်ဆရာတော်ထံ ရောက်ရှိခဲ့ရာ ၀ိသုဒ္ဓါရုံစာချဆရာတော်များ၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့၊ ကံကြီးရွာ၊ သီရိသောမာရုံဆရာတော် စသည်တို့သည် အရှင်ဓမ္မာနန္ဒ၏ပညာဆည်းပူးရာ ဆရာ တော်များပင် ဖြစ်ပါ၏။

၁၃၁၉-ခုနှစ်တွင် ဂျပန်နိုင်ငံ၌ ဗုဒ္ဓသာသနာပြုရန်အတွက် ဗုဒ္ဓသာသနာပြုအဖွဲ့က ရွေးချယ်ပင့်လျှောက်ထားရာ ရန်ကုန်၊ ကမ္ဘာအေး၊ ဓမ္မဒူတ၀ိဇ္ဇာလယ၌ ဂျပန်စာနှင့်အင်္ဂလိပ်စာပေများကို လေ့လာသင်ယူခဲ့ပါ၏။ ဤသည်ပင် ဂျပန်နိုင်ငံ သာသနာ ပြုခရီး၏ ရှေးဦးအကြိုကာလများအဖြစ် သတ်မှတ်နိုင်ပါ၏။ သို့သော် ထိုင်းနိုင်ငံ၊ နခွန်ဆ၀မ်မြို့ရှိ ဗောဓာရာမဆရာတော်၏ ,, ဓမ္မာစရိယ အောင်မြင်ပြီး ဆရာတော်တစ်ပါး ပေးပို့ပါ,,ဟု ဗုဒ္ဓသာသနာပြုအဖွဲ့သို့ စာဖြင့် တောင်းဆိုမှုက အရှင်ဓမ္မာနန္ဒ ၏မူလရည်ရွယ်ချက်အား တစ်မျိုးတစ်ဖုံ ပြောင်းလဲဖို့ပင် ဖြစ်ပါတော့၏။ မှန်ပါသည်။ ,,ဂျပန်ဓမ္မဒူတအတွက် ပင့်ထားသည် မှန်သော်လည်း တစ်ဝါလောက်တော့ လာရောက်စာချပေးပါရန်နှင့် သီတင်းကျွတ်လျင် ဘန်ကောက်လေဆိပ်မှတစ်ဆင့် ဂျပန်သို့ ပို့ပါမည်,, ဟူသော ၀န်ခံချက်များက အရှင်ဓမ္မာနန္ဒအတွက် ထိုင်းနိုင်ငံသို့ သွားဖြစ်ဖို့ရန် တွန်းအားများ ဖြစ်နေပြန် ၏။ သို့သော် ဤတောင်းဆိုမှုများ ၀န်ခံချက်များက နောင်တွင် ထိုင်းနိုင်ငံ၌ ယနေ့တိုင် သာသနာပြုဖို့ရန် ဖြစ်လာလိမ့်မည် ဟု ထင်မှတ်မထားခဲ့ပါ။

စာချဆရာတော်လေးအရှင်ဓမ္မာနန္ဒသည် ထိုင်းနိုင်ငံ၊ နခွန်ဆ၀မ်မြို့ရှိ ဗောဓာရာမသံဃာ ၂၀၀-ကျော်တို့အား စာပေပို့ချ ပေးယင်း ဗောဓာရာမဆရာတော်ကြီး၏ ဆက်လက်တောင်းဆိုမှုက ဗောဓာရာမမှာ ၆-နှစ်တိုင်အောင် ကြာလာဖို့ပင် ဖြစ် တော့၏။ တစ်နည်းအားဖြင့် ဤသည်ပင် ၀ပ်ထမအိုးသာသနာအတွက် ရှေးပြေးအကြိုကာလများ သို့မဟုတ် ၀ပ်ထမအိုး ဆရာတော်ကြီး အရှင်နေမိန္ဒ၏ မိမိကျောင်းတိုက်သို့ ပင့်ဆောင်ထိုက် မပင့်ဆောင်ထိုက် ဆုံးဖြတ်ဖို့ရန် အစမ်းသပ်ခံကာလ များပင် ဖြစ်ပါတော့၏။ မှန်ပါသည်။ ထိုအချိန်တွင် လန်းပန်းမြို့၊ ၀ပ်ထမအိုးကျောင်းတိုက်ဆရာတော်ကြီး အရှင်နေမိန္ဒ(အဂ္ဂ မဟာပဏ္ဍိတ)သည် အသက်အရွယ်ကြီးရင့်တော်မူလာသည်ကတစ်ကြောင်း ၊ ကျန်းမာရေး ယိုယွင်းလာသည်ကတစ် ကြောင်း ဤအကြောင်းများဖြင့် ,, စာချဆရာတော် အရှင်ဓမ္မာနန္ဒအား အလိုရှိပါသည်,,ဟု ဗုဒ္ဓသာသနာပြုအဖွဲ့သို့ တောင်း ဆိုလာပြန်ပါ၏။ ဗုဒ္ဓသာသနာပြုအဖွဲ့က အရှင်ကို လန်းပန်းမြို့သို့ ရွှေ့ပြောင်းသာသနာပြုစေပြန်ရာ အရှင်ဓမ္မာနန္ဒ လန်းပန်း သို့ ရောက်ရှိအပြီး ၅-လအကြာ ၁၃၂၇-ခုနှစ်၊၀ါဆိုလဆန်း ၈-ရက်နေ့တွင် ၀ပ်ထမအိုးဆရာတော်ကြီးသည် ဘ၀နတ်ထံပျံ လွန်တော်မူခဲ့ပါ၏။ ဤအချိန်မှစတင်ကာ စာချဆရာတော် အရှင်ဓမ္မာနန္ဒမှသည် ၀ပ်ထမအိုးဆရာတော်လေး ဘဒ္ဒန္တဓမ္မာနန္ဒ ဖြစ်လာခဲ့ပါ၏။ တစ်နည်းအားဖြင့် ဂျပန်သာသာနာပြုရည်ရွယ်ချက်ခရီး၏နိဂုံးဟု ဆိုပါကလည်း မှားအံ့မထင်။

မှတ်ချက်။ ။ ၀ပ်ထမအိုးကျောင်းတိုက်သမိုင်းကြောင်းကား= ပဉ္စမရာမာဓိပတိမင်းလက်ထက်တွင် မြန်မာနိုင်ငံ၊ မော်လမြိုင် မြို့၊ ညောင်ပင်ဆိပ်အရပ်သားဇာတိ လန်းပန်းမြို့နေ သစ်ကုန်သည် ဦးစံအုန်းသည် ကျွဲကောပင်ပေါက်ရာ (ကျွဲကောပင်ရေ ဆိပ်)မြေကို ၀ယ်ယူ၍ ဆရာတော် အရှင်နန္ဒိယကို လှုတော်မူသည်မှ စတင်ကာ ၀ပ်(ကျောင်း) ထမအိုး(ကျွဲကောပင်ရေ ဆိပ်)-၀ပ်ထမအိုးကျောင်း ပေါ်ပေါက်လာခဲ့ပါ၏။ သို့ဖြစ်၍ ပထမဆရာတော် ဘဒ္ဒန္တ နန္ဒိယ၊ ဒုတိယဆရာတော် ဘဒ္ဒန္တ တိက္ခ၊ တတိယဆရာတော် ဘဒ္ဒန္တနေမိန္ဒ၊ ယနေ့ စတုတ္ထဆရာတော် ဘဒ္ဒန္တဓမ္မာနန္ဒ ဆရာတော်ဘုရားကြီးတိုင် လေးပါးရှိခဲ့ ပြီး ဖြစ်ပါ၏။

ဆရာတော်လေး ဘဒ္ဒန္တဓမ္မာနန္ဒသည် ၁၃၂၉- ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂-ရက်၊ ကြာသပတေးနေ့တွင် ထိုင်းဘာသာဖြင့် လိုလျံပရိယဓမ်ခေါ် ပရိယတ္တိစာသင်တိုက်အဖြစ် စတင်ဖွင့်လှစ်ခြင်းက ၀ပ်ထမအိုးကျောင်းတိုက်၏သမိုင်းကဏ္ဍအသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပါ၏။

ထိုင်းနိုင်ငံတွင် သဒ္ဒါ၊ အဘိဓာန်၊ဆန်း၊ အလင်္ကာ အခြေခံ ပါဠိကျမ်းများကို သင်ကြားရမှု နည်းပါးသဖြင့် ပါဠိစာပေဆိုင်ရာ အသိအမြင် အားနည်းသောကြောင့် သက္ကရာဇ် ၁၃၃၆ - ခုနှစ်တွင် ဆရာတော်အရှင်သည် ၀ပ်ထမအိုးကျောင်းတိုက်၏ စာသင်နည်းစနစ်ကို မြန်မာနိုင်ငံစာသင်နည်းစနစ်သို့ ပြုပြင်ပြောင်းလွှဲခဲ့ပါ၏။ ဤပြုပြင်ပြောင်းလဲခဲ့မှုအတွက် ယနေ့ ထင် ရှားကျော်ကြားလာနေသော ၀ပ်ထမအိုးထွက် ဆရာတော်များက သက်သေတည်နေပါ၏။ မြန်မာသင်ကြားနည်းစနစ် အတိုင်း သင်ကြားနိုင်ရန်အတွက် သဒ္ဒါ၊ အဘိဓာန်၊ အလင်္ကာ၊ ဆန်း စသည်တို့ကို မြန်မာပါဠိမှ ထိုင်းပါဠိအဖြစ် ပြုပြင် ပြောင်းလွဲခဲ့ခြင်းသည် ထိုအချိန်တွင် ထိုင်းဘာသာဖြင့် တစ်ကျမ်းတည်းသာရှိနေသော ရူပသိဒ္ဓိကျမ်းကို အထောက်အကူ များစွာ ပေးနိုင်ခဲ့ပါ၏။ ,,ပိဋကသုံးပုံကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့အရာ လေးမျိုးဟာ သဒ္ဒါ၊ ဆန်း၊ အလင်္ကာ၊ အဘိဓာန်-ဖြစ်တယ်,, ဟူသောစကားသည် ဆရာတော်ဘုရားကြီး မကြာခဏမိန့်ကြားတော်မူသော စကားပင်ဖြစ်ပါ၏။ ဆိုလိုယင်းမှာ- ဆန်း၊ အလင်္ကာ၊ အဘိဓာန်၊ သဒ္ဒါ- တို့ ကျွမ်းကျင်မှသာလျင် ဓာတ်၊ ပစ္စည်း၊ ၀ိဘတ်၊ ပုဒ်စပ်၊ ပုဒ်ဖြတ် စသည်တို့ ကျွမ်းကျင်နားလည်နိုင်မည် ဖြစ်၏။ ထိုသို့ ကျွမ်းကျင်နားလည်မှလည်း စာပေပရိယတ်နှင့်ပတ်သက်၍ ဆုံးဖြတ် နည်းဆုံးဖြတ်ဟန်များ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မည် ဖြစ်၏။ ထိုသို့ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်မှသာ ပိဋကသုံးပုံကို စောင့်ရှောက်နိုင်လိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်ပါ၏။

ကျောင်းတိုက်ကြီးအတွက် တိုးတက်စည်ပင်ရန် တစ်ဖက်က ကြိုးစားအားထုတ်ယင်း အခြားတစ်ဖက်တွင်မူ ပရိယတ္တိသာ သနာတော်အတွက် ကျေးဇူးများသော ကျမ်းများစွာကိုလည်း ရေးသားခဲ့ပါ၏။ ဤကျမ်းစားများသည်ပင် ဆရာတော်ဘုရား ၏ ပရိယတ်စာပေအပေါ် မြတ်နိုးမှုကို ထပ်လောင်းထင်ဟပ်စေပါ၏။ (၁)ကစ္စည်းသဒ္ဒါကြီး (၂)မောဂ္ဂလာနဗျာကရဏ၊ (၃) သဒ္ဒနီတိသုတ္တမာလာ၊ (၄)နျာသ(မုခမတ္တ ဒီပနီ)၊ (၅)အဘိဓာန်၊ (၆) အလင်္ကာ၊ (၇)ဆန်း၊ (၈)သုဗောဓာလင်္ကာရဋီကာ ဟောင်းဋီကာသစ်၊ (၉) ခုဒ္ဒသိက္ခာ၊ (၁၀)ဓာတွတ္ထသင်္ဂဟ၊ (၁၁) ဘေဒစိန္တာ၊ (၁၂)ကစ္စာယနသာရ၊ (၁၃)ဏွာဒိမောဂ္ဂလာန်၊ (၁၄)ဗာလာဝတာရ၊ (၁၅)သင်္ချာပကာသစာကိုယ်နှင့်ဋီကာ၊ (၁၆)ဥပစာရနယကျမ်း၊ (၁၇) ဥပသမ္ပဒကမ္မ၀ါစာဝိနိစ္ဆယ၊ (၁၈) သံခိတ္တပါတိမောက္ခုဒ္ဒေသ၀ိနိစ္ဆယ-တို့သည် ဆရာတော်ဘုရား ရေးသားပြုစုခဲ့သောကျမ်းစာတို့ ဖြစ်ပါ၏။

နံနက် ၄-နာရီထကာ ဗုဒ္ဓနုဿတိဘာဝနာ၊ မေတ္တာဘာဝနာတို့ကို ပွါးများရခြင်း၊ အာရုံတက်လျင် ယာဂုကို ဘုန်းပေးအပြီး ဆွမ်းခံကြွကြရခြင်း၊ သံဃာလေးပါးအား ဆွမ်းခံနားခွင့်ပြုပြီး ကျောင်းပတ်ဝန်းကျင်ကို သန့်ရှင်းကြရခြင်း၊ ဆွမ်းခံမှ ရရှိလာ သောကောက်ညှဉ်းစသည်တို့ကို အချိုအဖြစ်ဘုန်းပေးအပြီး နံနက် ၇-နာရီ ၃၀-မိနစ်တွင် ဘုရားဝတ်တက်ပြုကြရခြင်း၊ ၉-နာရီမှ ၁၀-နာရီအထိ စာတက်စာချပြုကြရခြင်း၊ ၁၀-နာရီခွဲတွင် နေဆွမ်းဘုန်းပေးကြရပြီး ၁၂-နာရီမှ ၁-နာရီအထိ အနား ယူချိန်အဖြစ် သတ်မှတ်ထားခြင်း၊ ၁-နာရီမှ ၅-နာရီထိ စာတက်စာအံစာချပြုကြရခြင်း၊ ၅-နာရီတွင် သံဃာအားလုံး ကျောင်း သန့်ရှင်းရေး ပြုလုပ်ကြရပြီး ရေချိုးကြရခြင်း၊ ည ၇-နာရီတွင် ဘုရားဝတ်တက်ပြုအပြီး ဆရာတော်ဘုရားကြီး၏သြ၀ါဒကို နာကြားကြရခြင်း၊ ယင်းနောက် ည ၈-နာရီမှ ၁၀-နာရီအထိ စာတက်စာချစာအံပြုကြရအပြီး ည ၁၀-နာရီတွင် ကျိန်းစက် အနားယူကြရခြင်း၊ ဤသည်တို့ကား ဆရာတော်ဘုရား ချမှတ်တော်မူသော ၀ပ်ထမအိုးကျောင်းတိုက်၏ စည်းမျဉ်းစည်း ကမ်းများပင် ဖြစ်ပါ၏။

ဆရာတော်ဘုရားကြီး အရင်းအနှီးပြုခဲ့သော ပရိယတ္တိသာသနာသည် အောင်မြင်ခဲ့ပါသလော့ဟု စောကြောစစ်ဆေးပါက ဖော်ပြလတံ့သောရလဒ်များက အဖြေဖြစ်ပါလိမ့်မည်။ ထို့တွင် ထိုင်းနိုင်ငံ၌ ကျင်းပသောစာမေးပွဲများကို အောင်မြင်သော စာသင်သားသံဃာတော်များ၊ ပြည်ပနိုင်ငံများ၌ အောင်မြင်ခဲ့သော စာသင်သားသံဃာတော်များမှာ များပြားစွာရှိခဲ့ရာ ဤ၌ မြန်မာစာပရိသတ်အား မြန်မာနိုင်ငံတွင် အောင်မြင်ခဲ့သော ၀ပ်ထမအိုးကျောင်းတိုက်မှ ဆရာတော်များ၏အောင်မြင်မှုကို သာ ဖော်ထုတ်ပြလိုပါ၏။ ယင်းဆရာတော်တို့မှာ- အရှင်ဂန္ဓသာရာဘိဝံသနှင့်အရှင်ညဏကုသလတို့ ဖြစ်ပါ၏။ အရှင်ဂန္ဓ သာရာဘိဝံသသည် မြန်မာနိုင်ငံမှ - သာသနဓဇဓမ္မာစရိယ၊ ပြည်မြို့နယ်-မြို့နယ်စာမေးပွဲများ၊ ၀ိသုဒ္ဓါရုံဗာရာဏသီတိုက်-ကျောင်းတိုက်စာမေးပွဲများ၊ စေတီယင်္ဂဏဓမ္မာစရိယ(ဒုတိယ)တို့ကို အောင်မြင်ခဲ့ပြီး ထိုင်းနိုင်ငံမှ အဆင့် ၈-ဆင့်တို့ကိုလည်း အောင်မြင်ခဲ့ပါ၏။ မဟာချူလာလောင်ကွန်တက္ကသိုလ်မှ (M.A) ဘွဲ့နှင့် ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီသီရီဒုံကိုယ် တိုင်ဆက်ကပ်သော Outstanding Buddhist Awards (Semadhammajak Award)ဘွဲ့တို့ကို ရရှိထားပါ၏။ ထို့အပြင် ဤအရှင်သည် ဘန်ကောက်မြို့၊ လန်းပန်းမြို့ အပါအ၀င် ထိုင်းနိုင်ငံဘုရင်မင်းမြတ်၏ယုဝဗုဒ္ဓိကအသင်း၊ နခွန်ပထုံမြို့၊ ဗုဒ္ဓ ဃောသပါဠိစာပေလေ့လာရေးအသင်းတို့၌ ကမ္မဌာန်းပြသခြင်း၊ အဘိဓမ္မာပို့ချခြင်း၊ ဘန်ကောက်မြို့၊ ၀ပ်ဖိချိုင်ယာကာရာမ် ကျောင်းတိုက်၊ အဘိဓမ္မာပိဋကဌာနတွင် စာပေစိစစ်ရေးအဖွဲ့ဝင် စသည်တို့ကို လက်ရှိဆောင်ရွက်နေသကဲ့သို့ ပြုစုခဲ့သော ကျမ်းများမှာ -

(၁) သုဗောဓာလင်္ကာရမဉ္ဇရီ(အလင်္ကာဘာသာပြန်-နှာစုစုပေါင်း-၈၃၅)၊ (၂)၀ုတ္တော ဒယမဉ္ဇရီ (ဆန်းဘာသာပြန်-နှာ-၄၁၄)၊ (၃)ဗာလာဝတာရ(သုဓ်သင်တည်းဖြတ်-နှာ-၁၂၈)၊ (၄)ပဒသင်္ဂဟ (သုဓ်သင်တည်း ဖြတ်-နှာ-၂၆၀)၊ (၅)ပဒရူပသိဒ္ဓိမဉ္ဇရီ (ပဒရူပသိဒ္ဓိဘာသာပြန်-ပထမတွဲ-နှာ-၁၂၁၈)၊ (၆)သံဝဏ္ဏနာမဉ္ဇရီနှင့်သံဝဏ္ဏနာနိယံ (နှာ-၁၄၀)၊ (၇)ကစ္စာယနသာရ မဉ္ဇရီ (ဘာသာပြန်-နှာ-၂၂၄)၊ (၈)ဂန္ထာဘရဏ မဉ္ဖရီ (နှာ-၂၀၀)၊ (၉)ပဒရူပသိဒ္ဓိကျမ်း၏ခက်ဆစ်ခက်ရာအမေးအဖြေ (နှာ-၁၇၀)၊ (၁၀)၀ရတ်တရတနာကရ (သက္ကတဘာသာပြန်-နှာ ၇၉)၊ (၁၁) နေတ္တိပါဠိတော် (ဘာသာပြန်-နှာ-၆၆၄)၊ (၁၂)နေတ္တိအဋ္ဌ ကထာ(ဘာသာပြန်-နှာ-၆၉၀)၊ (၁၃)နေတ္တိဋီကာ(ဘာသာပြန်-နှာ-၄၀၆)၊ (၁၄) အဘိဓမ္မတ္ထသင်္ဂဟနှင့်ပရမတ္ထဒီပနီ (ဘာ သာပြန်-နှာ-၉၁၈)၊ (၁၅)အဘိဓမ္မာအရေးတော်ပုံနှင့်သဒ္ဒါကျမ်းများ၏သမိုင်း(နှာ-၁၃၀)၊ (၁၆)သစ္စသင်္ခေပ(ဘာသာပြန်-နှာ-၁၈၄)၊ (၁၇)အဘိဓမ္မာဝတာရ(ဘာသာပြန်-နှာ-၅၁၀)၊ (၁၈)မဟာသတိပဋ္ဌာနသုတ္တ (မဟာစည်ဆရာတော်စာအုပ်မှဘာသာ ပြန်-နှာ-၄၅၄)၊ (၁၉)အာနာပါနဒီပနီ(ဘာသာပြန်-နှာ-၅၈)၊ (၂၀)ဗောဇ္ဈင်တရားတော်(နှာ-၁၈၈)၊ (၂၁)ဓမ္မာစကြာတရား တော်(ဘာသာပြန်-နှာ-၄၀၀)၊ (၂၂)လွယ်ကူသောနည်းဖြင့် သတိပဋ္ဌာန်ကျင့်စဉ် (နှာ-၈၄)၊ (၂၃)သတိပဌာန်(တစ်ခုတည်း သောလမ်း) (အင်္ဂလိပ်ဘာသာမှပြန်-နှာ-၄၂)၊ (၂၄)ရုပ်နာမ်သဘာဝအလင်းပြကျမ်း (နှာ-၇၄)၊ (၂၅)၀ိပဿနာရှုနည်း (ဘာ သာပြန်-ပထမတွဲ-နှာ-၃၄၄)၊ (၂၆)၀ိပဿနာရှုနည်း (ဘာသာပြန်-ဒုတိယတွဲ-နှာ-၆၆၂)၊ (၂၇) သတိပဌာန်ကျင့်စဉ် (နှာ-၁၁၄) ၊ (၂၈)ဒါရုက္ခန္ဓောပမသုတ်(အင်္ဂလိပ်ဘာသာမှပြန်-နှာ-၈၂)၊ (၂၉) နမက္ကာရ+ မဟာပဏာမ (ဘာသာပြန်-နှာ-၈၆)၊ (၃၀)မေတ္တာဘာဝနာ(နှာ-၈၀)၊ (၃၁)ပဇ္ဇမဓု (ဘာသာပြန်-နှာ-၂၃၅)၊ (၃၂)ပရိတ်ကြီး (ဘာသာပြန်-နှာ-၂၄၀)၊ (၃၃) တေလ ကဋာဟဂါထာ(ဘာသာပြန်-နှာ-၁၇၇)၊ (၃၄) သူတော်ကောင်းတရားနှင့်ဗြဟ္မစိုရ်တရားလေးပါး(နှာ-၄၂) တို့ ဖြစ်ပါ၏။

အရှင်ဉာဏကုသလသည် မြန်မာနိုင်ငံမှ သာသနာ့ဓဇဓမ္မာစရိယဘွဲ့၊ ဥဘတောဝိဘင်္ဂဓရကောဝိဒဘွဲ့များကို ရရှိခဲ့ပြီး တိပိ ဋကမဟာဂန္ဓာရုံကျောင်းတိုက်စာမေးပွဲ့များကိုလည်း အောင်မြင်ခဲ့ပါ၏။ ထို့အပြင် ရန်ကုန်-တိပိဋကမဟာဂန္ဓာရုံတိုက်တွင် တိုက်ကြပ်စာချဆရာတော်အဖြစ် ဆောင်ရွက်ခဲ့ခြင်း၊စာအုပ်များကို ရေးသားပြုစုခဲ့ခြင်း၊ လက်ရှိ ဘန်ကောက်မြို့၊ မဟာချူ လာလောင်းကွန်းတက္ကသိုလ်၊ အဘိဓမ္မာပိဋကဌာနတွင် နည်းပြဆရာတော်အဖြစ် ပရိယတ္တိစာပေများ ပို့ချလျက်ရှိခြင်းက ၀ပ်ထမအိုးသာသနာကို တောက်ပြောင်စေလျက် ရှိပါ၏။ မြန်မာနိုင်ငံ၊ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်တွင်လည်း ကောင်း၊ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ တိပိဋကမဟာဂန္ဓာရုံကျောင်းတို့ တွင်လည်းကောင်း စာသင်သားသံဃာတော်များအား ပညာသင်ပို့ထားရာ ဤအရှင်တို့သည် နောင် ၀ပ်ထအိုးသာသနာ၏ မျိုးဆက်များပင် ဖြစ်ပါ၏။

ရင်းနှီးမြှုပ်နှံခဲ့သော အရင်းအနှီးပမာဏများအတွက် မြန်မာနိုင်က အဂ္ဂမဟာပဏ္ဍိတဘွဲ၊ ထိုင်းနိုင်ငံက Outstanding Buddhist Awards (Semadhammajak Award) ခေါ်သော သာသနာပြုဘွဲ့ (ဘုရင့်သမီးတော် မဟာချက်ကရီသီရီဒုံ ကိုယ်တိုင် ဆက်ကပ်သည်။)၊ Honorary Doctor of Philosophy in Buddhist Studies ခေါ်သော ဂုဏ်ထူးဆောင်ဒေါက် တာ(မဟာချူလာလောင်ကွန်းတက္ကသိုလ်မှ ဆက်ကပ်သည်။)ဘွဲ့တို့ဖြင့် ဆရာတော်ဘုရားကြီးအား အသိအမှတ်ပြုခဲ့ကြပါ ၏။ သို့သော် ဤအသိအမှတ်ပြုမှုများထက် ၀ပ်ထမအိုးမြေသည်သာ ဆရာတော်ဘုရားကြီးမြုပ်နှံခဲ့သော အရင်းအနှီးပမာ ဏများကို ကောင်းစွာ အကဲဖြတ်နိုင်ပါလိမ့်မည်ဟု ဆိုချင်ပါ၏။

နံနက် ၄-နာရီထတော်မူ၍ ဘုရားပန်းတော်ရေတော်တို့ကို ကိုယ်တော်တိုင် လဲလှယ်တော်မူလျက် ဘု၇ားရှိခိုးခြင်း၊ ၅-နာရီ ခွဲတွင် အာရုံဆွမ်းအတွက် ယာဂုဆွမ်း၊ ငှက်ပျောသီးနှစ်လုံးနှင့် နို့မှုန့်ဖျော်ရည်တစ်ခွက်တို့ကို ဘုန်းပေးတော်မူခြင်း၊ ကိုယ် တော်တိုင် နာရီဝက်ကျော်တစ်နာရီနီးပါး ကျောင်းဝိုင်းအတွင်း တံမြက်စည်းလှဲသန်းရှင်းရေးလုပ်ခြင်း၊ ဒကာဒကာမများ တွေ့ဆုံခွင့်ပေးပြီးနောက် စာကြည့်ခြင်း၊ ၁၀-နာရီ ၁၅-မိနစ်တွင် နေ့ဆွမ်းအဖြစ် ယာဂုနှင့်အခြား နုးညံ့ပျော့ပျောင်းသော အစားအစာများကို ဘုန်းပေးအပြီး ဆေး ၆-မျိုးခန့် ဘုန်းပေးတော်မူခြင်း၊ နေ့သန့်စင်တော်မူခြင်း၊ နေ့လည်ပိုင်းတွင် စာကြည့် တော်မူ၍ ၄-နာရီခွဲတွင် ရေဖက်တိုက်(ကျန်းမာရေးအလို့ငှါ ရေချိုးတော်မမူ)အပြီး ကုတင်ပေါ်တွင် နွေးနွေးထွေးထွေး ခဏ တာလဲလျောင်းခြင်း၊ ညနေပိုင်းတွင် စတုမဓုကိုသာလျင် ဘုန်းပေးတော်မူခြင်း၊ ရ-နာရီခန့်တွင် ဆေးလိမ်းပြီးနောက် ဂုဏ် တော်မေတ္တာပွါးများခြင်း၊ ၉-နာရီတွင်မူ မည်သူ့ကိုမျှ တွေ့ဆုံခွင့်မပေးတော့ဘဲ မိမိအခန်းတွင်း၌ အနားယူကျိန်းစက်တော် မူခြင်း -စသည်တို့သည် ယနေ့မျက်မှောက် ဆရာတော်ဘုရားကြီး၏တစ်နေ့တာ လည်ပတ်နေသော လုပ်ငန်းစဉ်များ ဖြစ်ပါ ၏။ ထို့အပြင် နာရီတိုင်းနာရီတိုင်းကို ၁၀-မိနစ်စောထားပြီးအလုပ်တိုင်းကို ၁၀-မိနစ် စော၍ပြုလုပ်စေခြင်းက ဆရာတော်ဘု ရားကြီး၏၀ီရိယကို နာရီလက်တံများမှ ပြောပြနေသယောင်ရှိပါ၏။

သွားဆရာဝန်၊ မျက်စိဆရာဝန်၊ ခွဲစိတ်ဆရာဝန်တို့၏ အမြဲတမ်းကြည့်ရှုစစ်ဆေးမှုကို ခံယူတော်မူခြင်း၊ ပုံမှန်အားဖြင့် စုစု ပေါင်း ဆရာဝန် ၇-ဦးတို့ထံ ဆေးစစ်တော်မူခြင်းဖြင့် ကျန်းမာရေးကို စောင့်ရှောက်လျက် ရှိပါ၏။ ဤကဲ့သို့ စောင့်ရှောက် နေယင်းပင် ဘန်ကောက် ဆေးရုံတွင် ဆီးကျိတ်နှစ်နေရာကို တပြိုင်နက်ခွဲစိပ်ခဲ့ရာ ထိုခွဲစိပ်ထားသောနေရာမှ မန်းရေများ ထွက်ပြီး မပျောက်ဘဲ တစ်နှစ်နီးပါးခန့် ကြာရှည်နေခဲ့၏။ လန်းပန်းမြို့တွင် ထိုအနာဟောင်းအား တစ်ဖက်ကို တစ်ပတ်နှုန်း ဖြင့် နှစ်ဖတ်လုံးကို ပြန်လည်ခွဲစိပ်ခဲ့ရာ နှစ်ပတ်အတွင်း ကောင်းသွားပါ၏။ သို့သော် ထိုသို့ လေးကြိမ်မြောက် ခွဲစိပ်ပြီးနောက် မှာတော့ ဆောင့်ကြောင့်ထိုင်ရန် ခက်ခဲလာသကဲ့သို့ တင်ပြင်ခွေထိုင်ရန်လည်း ခက်ခဲ့လာတော့၏။( ဆရာတော်ဘုရားကြီး ၏ကျန်းမာရေးအတွက် ဆေးကုသစရိတ်များကို နိုင်ငံတော်က တာဝန်ယူထားပါသည်။)။ အဆီကျဆေး ဘုန်းပေးခြင်း၊ သွေးပေါင်ချိန်ကို တိုင်းတာခြင်း ဤသည်တို့ကတော့ ပုံမှန်လုပ်ငန်းများ ဖြစ်ပါ၏။ သက်တော်ရွယ်တော် အိုမင်းပြီဖြစ် သဖြင့် ဦးနှောက်အခွံ ခြောက်သွေ့လာသောကြောင့် အချို့သောဆဲလ်များ အလုပ်မလုပ်တော့ရကာ ,, လဲသွားနိုင်သည်၊ ဦးနှောက်အာရုံကြောများ ထိခိုက်နိုင်သည်,, ဟု ဆရာဝန်များက သတိပေးထားသဖြင့် အထူးဂရိုက်စိုက်ရကြောင်းကို ယခု လက်ရှိအနီးကပ် ပြုစုနေသော အရှင်ဇနက(စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ဘုတလင်၊ချင်းတွင်းရွာသား)ထံမှ သိရှိရပါ၏။

ဆရာတော်ဘုရားကြီး၏မွေးနေ့ပွဲသို့ ပြည်တွင်းပြည်ပရှိ တပည့်ကြီးတပည့်ငယ် ဒကာဒကာမများဖြင့် နှစ်စဉ် စည်စည်ကား ကား ဆင်းနွဲကျင်းပတော်မူပါ၏။ ကျင်းပပုံမှာ မြန်မာအတွက် တစ်ရက်၊ ထိုင်းအတွက်တစ်ရက်ဖြင့် နှစ်ရက်ဆက်တိုက် ကျင်းပတော်မူရာ ကျင်းပခဲ့ပြီးသော သက်တော် ၈၉-နှစ်မြောက် မွေးနေ့ပွဲသို့ မြန်မာသံဃာ ၁၀-ပါးကျော် နှင့် ထိုင်းသံဃာ တော် ၆၀-ပါး ကြွရောက်ကြသည်ဟု ဆို၏။ (မှတ်ချက်။ ။ ဆရာတော်ဘုရားကြီးသည် နေ့စဉ်မိမိရရှိလာသော ပစ္စည်း လာဘ်လာဘများကို သံဃာတော်များနှင့် မျက်မမြင်ကျောင်းများသို့ လှုဒါန်းစွန့်ကြဲတော်မူပါသည်။) ဆရာတော်ဘုရားကြီး ၏ မွေးနေ့ကုသိုလ်ပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ ၁၂၈၂-နှစ် မွေးနေ့ဖြစ်သော် မြန်မာတို့အလိုအရ ၁၃၇၀-ခုနှစ်တွင် ၈၈-နှစ်ပြည့်မြောက်ပွဲ ဖြစ်ပေလိမ့်မည်။ သို့သော် ဆရာတော်ဘုရားကြီးကား ပဋိသန္ဓေနေသောကာလများကိုပါ ထည့်သွင်းရေ တွက်သောကြောင့် ၁၃၇၀-ခုနှစ်တွင် ၈၉-ပြည့်ပြီ ဖြစ်ခဲ့၏။ ဆရာတော်ဘုရားကြီးသည် နှစ်စဉ် ထိုအတိုင်း ရေတွက်သွား သည် ဖြစ်ရာ လာမည့် ၁၃၇၁-ခုနှစ်တွင် သက်တော် ၉၀-နှစ်ပြည့်တော့မည်ဖြစ်ပါ၏။ တပည့်ကြီးငယ်များကလည်း ဆရာ တော်ဘုရားကြီးသဘောတော်အတိုင်းပင် တစ်သွေးမတိမ်း လိုက်နာခဲ့ကြရာ လာမည့်နှစ်ကိုးဆယ် (၉၀)ပြည့်ကို တပည့်ကြီး တပည့်ငယ် (စင်္ကာပူ၊ မလေး၊ထိုင်ဝမ်၊မြန်မာ၊ကနေဒါ၊အမေရိကန်စသည်)ဒကာဒကာမများက စည်းကားသိုက်မြိုက်စွာ ကျင်းပရန် ရည်ရွယ်ထားကြောင်း သိရှိရပါ၏။

ဤသို့ဖြင့် ကျေးဇူးများရှင် သက်တော်ရှည် ၀ပ်ထမအိုးဆရာတော်ဘုရားကြီး သည်,, သက်တော် ၉၀-အကြိုကာလမှသည် နောင် နှစ်ပေါင်း ရာကျော်သည့်တိုင် ကျန်းမာချမ်းသာတော်မူလျက် သက် တော်ရှည်တော်မူပါစေ,, -ဟု ဆုတောင်း မေတ္တာများပို့သရင်း မွေးနေ့ရှင်ဆရာတော် ဘုရားကြီးအား မွေးနေ့ကုသိုလ်အဖြစ် ဤဆောင်းပါးနှင့် ရေးသားပူဇော်ဦးခိုက်လိုက်ပါရစေ။ ။
တင့်ယဉ်


ကိုးကားချက်။ ။
(၁)ရွှေကျင်ဂိုဏ်း၏သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်များ(၁၉၄၈-၁၉၈၀)၊(သိန်းသိန်းနု-ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာန၊ ၁၉၉၂)၊
(၂)ရွှေကျင် ရာပြည့်စာတမ်းများ၊
(၃)အထုပ္ပတ္တိစာပေ၊ မြန်မာအထုပ္ပတ္တိ(ပါရဂူ)၊
(၄)စာရေးသူအား ဆရာတော်ဘုရားကြီးမှ ကိုယ်တော်တိုင် မိန့်တော်မူချက်များနှင့် အနီးနေတပည့် အရှင်ဇနကထံမှ မိန့်မှာချက်များ၊
(မှတ်ချက်။ ။ စာစောင်မှ----စာရေးသူ ပြန်လည်ပူဇော်သည်။)

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်