Showing posts with label ကာလာမသုတ်တော်ဆိုင်ရာများ. Show all posts
Showing posts with label ကာလာမသုတ်တော်ဆိုင်ရာများ. Show all posts

Wednesday, October 20, 2010

ကာလာမသုတ်တော် လေ့လာချက်





နိဒါန်း

ဘာသာတရားနှင့်လူ

ကြောက်တတ်သောသဘောသည် ပုထုဇဉ်လူသားတို့၏ မွေးရာပါဗီဇစိတ်ဖြစ်သည်။ ယင်းကြောက်ခြင်းကို အစပြုကာ လူသားတို့သည် ကိုးကွယ်မှုကို စတင်ခဲ့သည်ဟု ဒေသနာတော်က ဆိုသည်။ သို့ဖြစ်၍ လူသားနှင့်ကိုးကွယ်မှုသည် မကွဲမကွာ ရှိလာခဲ့သည်။ ထို့ကြောင့် လောက၌ ကိုးကွယ်မှုဆိုင်ရာဘာသာကြီးများ အသီးသီးပေါ်ထွက်လာခြင်း ဖြစ်သည်။ အကြောက်တရားများသည် ကိုးကွယ်မှုဆိုင်ရာများကို ဖန်တီးပေးသကဲ့သို့ ထိုကိုးကွယ်မှုဆိုင်ရာများကလည်း လူသားတို့အား တစ်ဖန်ပြန်လည်၍ အကြောက်တရားများကို ဖြစ်စေပြန်သည်။ ဒေသနာတော်များ၌ ဤသည်ကိုပင် “ဇာတံ သရဏတော ဘယံ” စသည်ဖြင့် ကိုးကွယ်ခြင်းကြောင့် ဘေးဖြစ်တတ်သည်ဟု ဆိုထားခြင်း ဖြစ်ပေသည်။ သို့ဖြစ်၍ အကြောက်တရားနှင့် ကိုးကွယ်မှု၊ ကိုးကွယ်မှုနှင့်အကြောက်တရားတို့သည် ဆန့်ကျင်ဘက်အသွင်ဖြင့် ထာဝရတည်ရှိနေကြသည်။ ထို့ကြောင့် အချို့က ကိုးကွယ်မှုဆိုင်ရာဘာသာတရားကို “မှိုင်း” ဟု ဆိုထားခြင်း ဖြစ်ပေသည်။ သို့သော် ဘာသာတရားသည် မှိုင်း-မဟုတ်သကဲ့သို့ လူသားမှန်လျင် ဘာသာတရားနှင့်မကင်းကွာစကောင်းပေ။ အချို့ပညာရှင်များက “ဘာသာမဲ့ ဟူသည်ပင် ဘာသာတရားတစ်ခု၏အမည် ဖြစ်သည်” ဟု ဆိုထားရာ ဘာသာတရား၏အပြင်ဘက်၌ လူသားသည် ရပ်တည်ရန် စွမ်းနိုင်မည်မဟုတ်ပေ။

“သဝေ ဟိတေ (ပါသံဋာ) သံယမံစ ဘ၀သုဓိံစ ဣဆံတိ။ ဟိ-မှန်ပါ၏။ သဝေ- အလုံးစုံကုန်သော၊ တေ ပါသံဋာ - ထိုကိုးကွယ် ယုံကြည်မှုဆိုင်ရာ ဘာသာအယူဝါဒတို့သည်၊ သံယမံစ - မကောင်းမှုကို မပြုမိရန် စောင့်စည်းခြင်းကိုလည်းကောင်း၊ ဘ၀သုဓိံစ- ဘ၀၏စင်ကြယ်ခြင်းကိုလည်းကောင်း၊ ဣဆံတိ- အလိုရှိကုန်၏။” ဟု အသောကကျောက်စာ၌ မိန့်ဆိုထားရာ--

လူသားတို့အား မိမိတို့၏ကိုယ်ကျင့်သိက္ခာကို မြင့်မားလာအောင် ထိန်းသိမ်းစောင့်ရှောက်စေလိုခြင်း၊ မိမိတို့ဘ၀ စင်ကြယ်မြင့်မြတ်မှုကို တန်ဖိုးထားစေလိုခြင်းဖြင့် လူ့လောက၌ အသက်ရှင်နေထိုင်ကြစဉ်ကာလအတွင်း ထာဝစဉ်ပျော်ရွှင်ချမ်းမြေ့သော ငြိမ်းချမ်းတည်ငြိမ်သည့် ဘ၀မျိုးကို တည်ထောင်နိုင်ရန် လိုလားခြင်းသည်ပင် ဘာသာတရားများ၏မူလရည်ရွယ်ချက်ဖြစ်သည်ဟု ဆိုသည်။ သို့ဖြစ်၍ ဘာသာတရားတိုင်းသည် တစ်ခုနှင့်တစ်ခု အနှစ်သာရအားဖြင့် မတူကြစေကာမူ အခြေခံမူလရည်ရွယ်ချက်ဖြစ်သည့် အထက်ပါသဘောတရားများကား အတူတူပင် ဖြစ်ပေသည်။ ထို့ကြောင့် လူသားတို့သည် ဘာသာတရားကပေးသော သွန်သင်ချက်အပေါ် အားကိုးအားထားပြု၍ အမှားအမှန်ဟူသမျှကို ဆုံးဖြတ်ကြခြင်း ဖြစ်ပေသည်။


ချက်ချင်းလက်ခံ အတည်မပြုသင့်သော အချက်(၁၀)ချက် အနှစ်ချုပ်

သမိုင်းခေတ်များသည် တစ်ခေတ်ပြီးတစ်ခေတ် ရွေ့လျားနေသည်။ အတွေးအခေါ်များလည်း တစ်ချိန်နှင့်တစ်ချိန် မတူကြတော့ပေ။ အတွေးအခေါ်အဟောင်းများ၏နေရာတွင် အတွေးအခေါ်အသစ်များက အစားထိုးဝင်ရောက်လာကြသည်။ သို့သော်လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀-ကျော်ကာလက ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သော ကေသမုတ္တိသုတ်(ကာလာမသုတ်)တော်လာ အဓိပ္ပါယ် အယူအဆများသည်ကား အိုသွားခြင်း၊ ဟောင်းနွမ်းသွားခြင်း မရှိဘဲ ပေါ်ပေါက်လာသောခေတ်နှင့်အညီ တပြေးညီ လိုက်လျက်ရှိသည်။

ကမ္ဘာ၌ ကာလာမသုတ်ဟု ကျော်ကြားနေခြင်း၏အကြောင်းမှာလည်း ပေါ်ပေါက်လာသောခေတ်နှင့်အညီ တန်းတူလိုက်နိုင်သောကြောင့် ဖြစ်သည်။ ဤကား တစ်ဆင့်ချ၍ ရှု့မြင်ခြင်းသာ ဖြစ်၏။ အမှန်အားဖြင့် ဤသုတ်တော်သည် ပေါ်ပေါက်လာသောခေတ်ထက်ပင် ရှေ့ပြေးဖြစ်နေပေသေးသည်။ သို့သော် ဤသုတ်တော်လာ အဓိပ္ပါယ် အယူအဆများကိုကား အပေါ်ယံမျက်နှာပြင်၌သာ မလေ့လာဘဲ အတွင်းသို့နှိုက်၍ လေ့လာရန် လိုအပ်ပေသည်။ သို့မှသာလျင် ဤသုတ်တော်၏နက်နဲမှုအတိုင်းအတာကို သိရှိနိုင်ပေလိမ့်မည်။ ယင်းနက်နဲမှုအတိုင်းအတာကို သိရှိလာသည်နှင့်အမျှ မြတ်စွာဘုရားရှင်၏သဗ္ဗညုတညဏ်တော်၏နက်နဲပုံကို သိရှိပြီး ဤသုတ်တော်၏တန်ဖိုးကိုလည်း နားလည်မည်မှာ အမှန်ပင် ဖြစ်ပေသည်။

အမြွက်မျှဖော်ပြရသော် ဤသုတ်တော်လာ ချက်ချင်းလက်ခံအတည်မပြုသင့်သော အချက် (၁၀)ချက်ကို ခြုံ၍ကြည့်ပါက (သို့မဟုတ်) ရှု့ထောင့်ပေါင်းစုံမှနေ၍ လေ့လာပါက အချက်တစ်ခုနှင်တစ်ခုသည် လစ်ဟာနေခြင်းမရှိဘဲ စပ်ယှက်လျက် ၀ါ-စပ်နွယ်လျက် ရှိနေသည်ကို တွေးခေါ်သူ၏ကိုယ်ပိုင်ညဏ် မြင့်မားလျင်မြင့်မားသလောက် တွေ့မြင်နိုင်ပေသည်။ ဤလောက၌ တွေးခေါ်နေကြသော အတွေးအခေါ် အယူအဆမှန်သမျှတို့သည် ဤအချက်(၁၀)ချက်၏ အပြင်ဘက်၌ မရှိနိုင်ပေ။ အချက်(၁၀)ချက်၏အတွင်း၌သာ အမည်နာမဝေါဟာရအမျိုးမျိုးဖြင့် တည်ရှိနိုင်ပေသည်။ သို့ဖြစ်၍ ဤ၌ အချက် ၁၀-ချက်ဟု တစ်ခုချင်းအားဖြင့် အမည်နာမကွဲပြားလျက်ရှိနိုင်သော်လည်း ယင်းအချက် ၁၀-ချက်လုံးကို အနှစ်ချုပ်၍ ပြရပါမူကား “မည်သည့်အရာကိုမျှ ချက်ချင်းအတည်ပြုလက်ခံခြင်း မပြုရ”ဟုပင် ဆိုဘွယ်ရှိပေတော့သည်။


သက်သာရာ ရပ်နားရာ

အထက်၌ ချက်ချင်းလက်ခံ အတည်မပြုသင့်သောအချက် (၁၀)ချက်လုံး၏ အနှစ်ချုပ်သည် “မည်သည့်အရာကိုမျှ ချက်ချင်းအတည်ပြု လက်ခံခြင်းမပြုရ” ဟု ဆိုထားသည်။ သို့ဖြစ်ပါက ရေပြင်၌ ထောက်တည်ရာမဲ့သောပုဂ္ဂိုလ်သည် ထိုရေပြင်၌ မျောချင်ရာသို့မျောနေနိုင်သကဲ့သို့ လေဟာပြင်၌ ထောက်တည်ရာမဲ့သောပုဂ္ဂိုလ်သည်လည်း လေဟာပြင်အတွင်း လွင့်မျောချင်းတိုင်း လွင့်မျောနေမည်သာ ဖြစ်ပေသည်။ ထို့အတူ ကိုယ်ပိုင်ညဏ်ဖြင့် အမှားအမှန်,အကောင်းအဆိုးကို မဆုံးဖြတ်နိုင်၍ အယူဝါဒရေးရာ၌ ထောက်တည်ရာမဲ့နေသော ပုထုဇဉ်ပုဂ္ဂိုလ်အတွက် အယူဝါဒရေးရာတောကြီးအတွင်းဝယ် မျက်စိလည် လမ်းမှားကာ တ၀ဲလည်လည်ဖြင့် ဆောက်တည်ရာမဲ့နေပေတော့မည်။

ယင်းသို့ အယူဝါဒရေးရာ၌ ထောက်တည်ရာမဲ့နေပါက မျက်မှောက်ဘ၀၌ ကိုယ်စိတ်ချမ်းသာမှုတို့နှင့်ကင်းဝေးလျက် ဆင်းရဲဒုက္ခ၀ဲသြဃမှာ နစ်မွန်းချင်တိုင်း နစ်မွန်းနေပေတော့မည်။ အဆုံးစွန်အားဖြင့် ဘ၀သံသရာတစ်လျောက်လုံး ထောက်တည်ရာမဲ့လျက် ဒုက္ခဆင်းရဲ ၀ဲဂယက်တွင်းမှာ တ၀ဲလည်လည် ဖြစ်ချင်တိုင်းဖြစ်နေပေတော့မည်။ ထိုသို့ ဆင်းရဲဒုက္ခ၀ဲသြဃထဲမှာ မျောပါချင်တိုင်းမျောပါ၊ နစ်မွန်းချင်တိုင်းနစ်မွန်း၊ တ၀ဲလည်လည် ဖြစ်ချင်တိုင်းဖြစ်နေသော ပုထုဇဉ်လူသားအား ထိုဒုက္ခဆင်းရဲ ၀ဲသြဃအတွင်းမှာ မျောပါချင်တိုင်းမျောပါခွင့်၊ နစ်မွန်းချင်တိုင်း နစ်မွန်းခွင့်၊ တ၀ဲလည်လည် ဖြစ်ချင်တိုင်းဖြစ်ခွင့်ကို မပေးဘဲ သက်သာရာ ရပ်နားရာ ထောက်တည်ရာကို ဤသုတ်တော်က ပေးထားလေသည်။


စံ (သို့မဟုတ်) မှတ်ကျောက်

မှန်၏။ မြတ်စွာဘုရားရှင်သည် ဤသုတ်တော်၌ အချက် ၁၀-ချက်တို့ဖြင့် အရာရာကို ချက်ချင်းအတည်ပြုလက်ခံခြင်းမပြုရန် မိန့်တော်မူခဲ့၏။ ထို့သို့ မိန့်တော်မူခဲ့သည်မှန်သော်လည်း မိမိ၏ကိုယ်ပိုင်ညဏ်ဖြင့် စူးစမ်းဆင်ခြင်ခွင့်ကိုကား တိုက်တွန်းအားပေးထားသည်။ မိမိ၏ကိုယ်ပိုင်ညဏ်ဖြင့် စူးစမ်းဆင်ခြင်ရမည်ဟု တိုက်တွန်းအားပေးချက်နှင့်အညီ တိုင်းတာနိုင်ရန် ၀ါ-တင်ကြည့်နိုင်ရန် စံ (သို့မဟုတ်)မှတ်ကျောက်များကိုလည်း မြတ်စွာဘုရားရှင်ကိုယ်တိုင် ဤသုတ်တော်၌ အရိပ်အမြွက်ဟောကြားထားလေသည်။

မှန်၏။ ဤသုတ်တော်ပါ အချက် ၁၀-ချက်တို့ဖြင့် “မည်သည့်အရာကိုမျှ ချက်ချင်းအတည်ပြု လက်ခံခြင်း မပြုရ”ဟု ဆိုသော်လည်း ပုထုဇဉ်လူသားတို့အတွက် မည်သည့်နည်းနှင့်မျှ အမှားအမှန်, အကောင်းအဆိုးကို ခွဲခြားနိုင်အံ့မထင်။ သို့ဖြစ်၍ မြတ်ဗုဒ္ဓသည် ချက်ချင်းလက်ခံ အတည်မပြုသင့်သော အချက် (၁၀)ချက်နှင့် တစ်ဆက်တည်းအားဖြင့် အမှားနှင့်အမှန်, အကောင်းနှင့်အဆိုးကို မည်ကဲ့သို့သော စံဖြင့် တိုင်းတာရမည်ကို ၀ါ- မည်ကဲ့သို့သော မှတ်ကျောက်ဖြင့် တင်ကြည့်ရမည်ကို တိုင်းတာရန် ၀ါ- တင်ကြည့်ရန် စံ (သို့မဟုတ်)မှတ်ကျောက်များကိုလည်း ဟောကြားတော်မူခဲ့ပါသည်။

ယင် စံ (သို့မဟုတ်)မှတ်ကျောက်များမှာ--
“အကုသိုလ်ဖြစ်သော - အပြစ်ရှိသော - ပညာရှိတို့ ကဲရဲ့အပ်သော - စီးပွါးမဲ့ရန်ဖြစ်သော- ဆင်းရဲရန်ဖြစ်သော- လောဘ, ဒေါသ, မောဟ, တရားများနှင့် ကုသိုလ်ဖြစ်သော - အပြစ်ကင်းသော- ပညာရှိတို့ ချီးမွမ်းအပ်သော- အစီးအပွါးရှိခြင်းငှါဖြစ်သော- ချမ်းသာခြင်းငှါဖြစ်သော -အလောဘ, အဒေါသ, အမောဟ-တရားများ, ပင် ဖြစ်ပေသည်။


ဝါဒမှန်ကို ရှာဖွေခြင်း အဓိပ္ပါယ်

ဖော်ပြပါ အချက် ၁၀-ချက်ကို စံ(သို့မဟုတ်)မှတ်ကျောက်များပေါ်တွင် တိုင်းတာ၍ ၀ါ-တင်ကြည့်၍ အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုးကို ခွဲခြားနားလည်နိုင်ပြီဆိုပါက ဤသုတ်တော်ကပေးသော မိမိကိုယ်တိုင် စူးစမ်းဆင်ခြင်ခြင်း၏အနှစ်သာရကို တွေ့ရှိရပြီဟု သတ်မှတ်ရပေမည်။ သို့သော် အမှားနှင့်အမှန်၊ အကောင်းနှင့်အအဆိုးတို့ကို ကိုယ်တိုင်စူးစမ်းဆင်ခြင်နိုင်ရုံမျှဖြင့် ကျေနပ်၍မနေဘဲ ယင်းတို့တွင် မှားသော ဆိုးသော တရားတို့ကို ပယ်စွန့်၍ မှန်သောကောင်းသောတရားတို့ကို ပြည့်စုံစေရမည် ဖြစ်ပေသည်။ မှန်၏။ ဤသို့ ပယ်စွန့်ရမည့်တရားများကို ပယ်စွန့်နိုင်ရန်၊ ပြည့်စုံရမည့်တရားများ ပြည့်စုံနိုင်ရန်အတွက် စစ်မှန်သောအယူဝါဒကို ရှာဖွေခြင်း ဖြစ်လေသည်။ ပယ်စွန့်ရမည့်တရားများကို ပယ်စွန့်ခြင်း၊ ပြည့်စုံရမည့်တရားများကို ပြည့်စုံစေခြင်းဟူသော စွမ်းရည်သတ္တိထူးကို ရရှိပြီးဆိုပါက စစ်မှန်သော ဘာသာအယူဝါဒကို ရှာဖွေခြင်း၏အဓိပ္ပါယ်သည်လည်း ပြီးပြည့်စုံသွားပြီဟု ဆိုနိုင်ပေသည်။


ပစ္စုပ္ပန်ချမ်းသာ

သို့သော် မြတ်စွာဘုရားရှင်သည် လူသားတို့အား ဤမျှဖြင့် ကျေနပ်ရောင့်ရဲခြင်းကို လိုလားတော်မမူဘဲ တစ်ဆင့်တက်၍ ပွါးများရမည့်အရာများကို ဟောကြားတော်မူခဲ့ပါသည်။ ယင်းကား အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တ၀ါအားလုံးတို့ကို မိမိနှင့်အတူပြု၍ ပြန့်ပြောသော၊ မြင့်မြတ်သော၊ အတိုင်းအရှည်မရှိသော၊ ရန်မရှိသော၊ ကြောင့်ကြခြင်းမရှိသော စိတ်ဖြင့် ပွါးများနေထိုင်ရမည့် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ တည်းဟူသော ဗြဟ္မ၀ိဟာရတရားများပင် ဖြစ်ပေသည်။

မြတ်စွာဘုရားရှင် ဟောကြားတော်မူသော ပိဋကသုံးပုံ၊ နိကာယ်ငါးရပ်တို့တွင် ဤကေသမုတ္တိသုတ်(သို့မဟုတ်)ကာလာမသုတ်သည်ကား သုတ္တန်ပိဋက၊ အဂုင်္တ္တရနိကာယ်၊ တိကနိပါတ်၌ ပါရှိသောသုတ်တော် ဖြစ်ပေသည်။ မျက်မှောက်ခေတ်၌ မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့် ကျော်ကြားသောဒေသနာတော်အများအပြားရှိရာတွင် ဓမ္မစက္ကပ၀တ္တနသုတ်၊ အနတ္တလက္ခဏသုတ်၊ မဟာသတိပဌာနသုတ်၊ ဓမ္မပဒ၊ အဘိဓမ္မာနှင့် ကေသမုတ္တိသုတ်(ကာလာမသုတ်)တော်တို့သည် အထူးထင်ရှားလေသည်။

ထို့တွင် ဓမ္မစကြာတရားတော်၌ သစ္စာလေးပါးကို အဓိကထား၍ ဟောကြားထားသည်။ အနတ္တလက္ခဏသုတ်သည် လောက၌ မြဲသော အတ္တဟူ၍မရှိ။ မမြဲသော အနတ္တတရားများသာ ရှိသည်ဟု အတ္တကိုပယ်သော ဒေသနာဖြစ်သည်။ မဟာသတိပဌာနသုတ်သည် သစ္စာလေးပါးကို ရရှိရန် ကျင့်စဉ်နည်းလမ်းများကို ညွန်ကြားထားသောသုတ်တော်ဖြစ်သည်။ သစ္စာလေးပါးကို သိရှိရန် ဤမဟာသတိပဌာနသုတ်လာ ကျင့်နည်းများမှတစ်ပါး အခြားမရှိချေ။ ထို့ကြောင့် သတိပဌာန်ကျင့်စဉ်ကို ဧကာယနမဂ္ဂေါ-တစ်ကြောင်းတည်းသောလမ်း-ဟု ဆိုခြင်း ဖြစ်သည်။ ဓမ္မပဒမှာမူ စိတ်၏သဘာဝ၊ ကုသိုလ်အကုသိုလ်တို့၏အကျိုးအပြစ်၊ ပညာရှိနှင့်သူမိုက်တို့၏ကွဲပြားမှု၊ သမဏ ဗြဟ္မဏတို့၏အဓိပ္ပါယ် စသည်တို့ကို ပြဆိုထားသည်။ အဘိဓမ္မာသည် စိတ်,စေတသိက်, ရုပ်, နိဗ္ဗာန် ဟူသော ပရမတ္ထတရားလေးပါးတို့၏ သဘောအဓိပ္ပါယ်များကို ဖွင့်ဆိုထားသည်။ သို့ဖြစ်၍ အထက်ပါ ဒေသနာတော်များသည် သစ္စာလေးပါးကို မျက်မှောက်ပြုရန် တစ်နည်းမဟုတ် တစ်နည်းအားဖြင့် အထောက်အပံ့ ပြုနေပါသည်။

သို့သော် ယင်တို့နှင့်မတူ တစ်မူထူးခြားသော ဒေသနာတော်သည်ကား ဤကေသမုတ္တိသုတ်ဒေသနာတော်ပင် ဖြစ်ပေသည်။ မှန်၏။ ဤသုတ်တော်သည် အထက်ပါဒေသနာများကဲ့သို့ သစ္စာလေးပါးအနားသို့ ချဉ်းကပ်ရန် မစွမ်းနိုင်သေးဘဲ အကုသိုလ်ဖြစ်သော- အပြစ်ရှိသော-ပညာရှိတို့ကဲ့ရဲ့အပ်သော- စီးပွါးမဲ့ရန်ဖြစ်သော-ဆင်းရဲရန်ဖြစ်သော လောဘ,ဒေါသ, မောဟ- တရားတို့နှင့် ကုသိုလ်ဖြစ်သော- အပြစ်ကင်းသော- ပညာရှိတို့ ချီးမွမ်းအပ်သော-အစီးအပွါးရှိခြင်းငှါဖြစ်သော-ချမ်းသာခြင်းငှါဖြစ်သော အလောဘ, အဒေါသ, အမောဟ-တရားတို့၏ ကွဲပြားသောရလဒ်ကို ထုတ်ဖော်ပြသည့် အောက်ခြေအဆင့်မျှသာ ရှိပေသေးသည်။ သို့သော် ဗြဟ္မစိုရ်တရားလေးပါးတို့ဖြင့် ယခုမျက်မှောက်ဘ၀၌ ကျင့်သုံးနေထိုင်ရန် ဟောကြားထားသဖြင့် လောကီချမ်းသာနှင့်စပ်၍ကား အထွတ်အထိပ်သို့ ပို့ဆောင်ပေးထားသည်ဟု ဆိုနိုင်ပေသည်။ သို့ဖြစ်၍ ဤသုတ်တော်၏ထူးခြားချက်သည် မဂ်ချမ်းသာ , ဖိုလ်ချမ်းသာ, နောင်တမလွန်ချမ်းသာတို့ထက် ယခုပစ္စပ္ပန် မျက်မှောက်ဘ၀၌ ထောက်တည်ရာ၊ ရပ်နားရာ၊ သက်သာရာ၊ ချမ်းသာရာကို ပေးသော အချက်ပင်ဖြစ်ပေသည်။

ဤသို့ဖြင့် ပယ်ရမည့်တရားများ၊ ပြည့်စုံရမည့်တရားများ၊ ထိန်းသိမ်းတည်ထားရမည့်တရားများဟု သုံးပိုင်းခွဲထားသည်။ ဖော်ပြပါ အချက်သုံးချက်သည်လည်း မြတ်စွာဘုရားရှင်တို့ မိန့်ကြားတော်မူသော အဆုံးအမဖြစ်သည့် “အလုံးစုံသော အကုသိုလ်တို့ကို မပြုလုပ်ရ၊ ကုသိုလ်မှန်သမျှကို ပြုလုပ်ရမည်။ မိမိစိတ်ကို ဖြူစင်အောင်ထားပါ” ဟူသော ဒေသနာတော်တွင် အကြုံးဝင်လျက် ရှိပေသည်။ သို့ဖြစ်၍ ဤသုတ်တော်လာ အနှစ်ချုပ်သည် အကုသိုလ်များကိုပယ်၍ ကုသိုလ်များကို ပြည့်စုံစေကာ ဗြဟ္မစိုရ်တရားတော်နှင့်အညီ ကျင့်သုံးနေထိုင်စေခြင်းပင် ဖြစ်ပေတော့သည်။

ယင်းသို့ ကျင့်သုံးနေထိုင်သွားပါက လူသားတို့ တွေးခေါ်နေသော တမလွန်ဘ၀ရှိခြင်း-မရှိခြင်း၊ ကုသိုလ်အကုသိုလ်တို့၏အကျိုးရင်းအကျိုးဆက်ရှိခြင်း-မရှိခြင်း၊ မကောင်းမှုပြုသော်လည်း ပြုသည် မည်ခြင်း-မမည်ခြင်းတို့သည် အရေးမကြီးတော့ပေ။ အဘယ်ကြောင့်ဆိုသော် မျက်မှောက်ဘ၀၌ စစ်မှန်သော ချမ်းသာကို တွေ့ရှိနေပြီး ဖြစ်သောကြောင့်ပေတည်း။


သုတ်တော်ဖွဲ့စည်းထားပုံ

“ကေသမုတ္တိသုတ်တော် လေ့လာချက်” ဟူသော ခေါင်းစဉ်၏အောက်ဝယ် အခန်းကြီး (၅)ခန်းခွဲ၍ အခန်းငယ်များဖြင့် တန်ဆာဆင်ကာ အောက်ပါအတိုင်း ဖွဲ့စည်းတည်ဆောက်ထားသည်။

အခန်း ၁- ၌ ကာလာမမင်းသားတို့နှင့်ဆက်စပ်နေသော အယူဝါဒများ၊ မြတ်ဗုဒ္ဓ၏၀ါဒနှင့်ပတ်သက်သော မှတ်ချက်များ၊ အယူဝါဒအပေါ် သံသယနှင့်စပ်သော မေးခွန်းများ၊ လူသားတို့အား ယုံကြည်မှုကို ပေးနိုင်သူတို့၏အရည်အသွေးများ စသည်တို့ကို ဖော်ပြထားသည်။

အခန်း ၂- ၌ -

ချက်ချင်းလက်ခံအတည်မပြုသင့်သော ပထမအချက်တွင် စကားနှင့်ဆပ်စပ်၍ သိမှတ်ဖွယ်ရာများ၊ တစ်ဆင့်ကြားစကားများ၏ မှန်ကန်မှုနှင့် လွဲမှားမှုများ စသည်တို့ကို ဖော်ပြထားသည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော ဒုတိယအချက်တွင် ပရမ္ပအမျိုးအစားများ၊ အစဉ်အလာနှင့်စပ်သော သိမှတ်ဖွယ်ရာများ စသည်တို့ကို ဖော်ပြထားသည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော တတိယအချက်တွင် ဣတိဟာသ၊ ဣတိကိရ၊ ကောလာဟလနှင့်စပ်၍ သိမှတ်ဖွယ်ရာများ၊ ယင်းတို့နှင့်စပ်သော ပိဋကတ်တော်မှ သိမှတ်ဖွယ်ရာများ စသည်တို့ကို ဖော်ပြထားသည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော စတုတ္ထအချက်တွင် ပိဋက-နှင့်စပ်၍ ဤ၌ ယူရမည့်အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ထေရ၀ါဒနှင့် မဟာယာနတို့၏ကွဲပြားမှုများ၊ မြတ်ဗုဒ္ဓ၏ဓမ္မ၀ိနယအပေါ် အမြင်များ စသည်တို့ကို အကျယ်တ၀င့် ဖော်ပြထားသည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော ပဉ္စမအချက်တွင် တက္က၏သဘောများ၊ ဘုရားရှင်တို့၏သဗ္ဗညုတညဏ်ကို ၀န်ခံခြင်းတို့သည် ယင်းတက္ကမှအပဖြစ်ကြောင်းများ စသည်တို့ကို ဖော်ပြထားသည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော ဆဋ္ဌမအချက်တွင် တက္ကနှင့်နယတို့၏ အယူအဆမတူပုံများ၊ နယဟေတုတွင် ပါဝင်နိုင်သည့် ပိဋကတ်တော်မှ သိမှတ်ဖွယ်ရာများ စသည်တို့ကို ဖော်ပြထားသည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော သတ္တမအချက်တွင် အထောက်အထား ကိုးကားတတ်သော လူ့သဘာဝများ၊ အထောက်အထား အကိုးအကားများ စသည်တို့ကို ဖော်ပြထားသည်။
အထူးအားဖြင့် ဒိဋ္ဌိ ၆၂-ပါးကို တက္ကဟေတု၊ နယဟေတု၊ အကာရပရိဝိတက္က ၃- မျိုးတို့တွင် သွင်း၍ ဤ၌ ဖော်ပြထားခြင်းပင် ဖြစ်သည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော အဋ္ဌမအချက်တွင် ၀ါဒတစ်ခုနှင့်တစ်ခု အယူအဆတိုက်ဆိုင်တတ်ပုံ၊ သို့သော် အသွင်သဏ္ဍန်အားဖြင့်သာ တူပြီး အနှစ်သာရအားဖြင့် ကွဲပြားပုံများ စသည်တို့ကို ဖော်ပြထားသည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော န၀မအချက်တွင် ကျော်ကြားခြင်းကို လူသားတို့ လိုလားနှစ်သက်တတ်ပုံ၊ ကျော်ကြားခြင်းကြောင့် ကိုးကွယ်ခံပုဂ္ဂိုလ်များ ဖြစ်လာနိုင်ပုံ၊ ကိုးကွယ်မှုမှားယွင်းပါက ရရှိလာမည့် အကျိုးဆက်များ၊ ကိုးကွယ်ထိုက်သော ပုဂ္ဂိုလ်တို့၌ ရှိရမည့်အရည်အသွေးများ စသည်တို့ကို ဖော်ပြထားသည်။

ချက်ချင်းလက်ခံ အတည်မပြုသင့်သော ဒသမအချက်တွင် လူသားတို့အဖို့ ဆရာကို ရှာမှီးရန်လိုအပ်ပုံ၊ ဗုဒ္ဓမြတ်စွာတို့ပင် ဆရာနှင့်မကင်းကွာပုံ၊ ဆရာကိုးကွယ် မှားယွင်းပါက ဘ၀သံသရာတစ်လျှောက်လုံး ဆင်းရဲဒုက္ခရောက်တတ်ပုံများ စသည်တို့ကို ဖော်ပြထားသည်။

အခန်း ၃- ၌ ပယ်စွန့်ရမည့် လောဘ, ဒေါသ, မောဟ - တရားများ၊ ပြည့်စုံရမည့် အလောဘ, အဒေါသ, အမောဟ- တရားများ စသည်ဖြင့် စံ (သို့မဟုတ်) မှတ်ကျောက်များကို ဖော်ပြထားသည်။

အခန်း ၄- ၌ တစ်ဆင့်တက်၍ ပွါးများရမည့် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ- တရားများ စသည်တို့ကို ဖော်ပြထားသည်။

အခန်း ၅- ၌ တမလွန်ဘ၀ ရှိ, မရှိ၊ ကုသိုလ်,အကုသိုလ်တို့၏ အကျိုးရင်းအကျိုးဆက် ရှိ, မရှိ၊ ကုသိုလ်ပြုသော်လည်း ပြုသည် မည်, မမည်နှင့်စပ်သော သိမှတ်ဖွယ်ရာများ စသည်တို့ကို အကျယ်တ၀င့် ဖော်ပြထားသည်။


အဖြေထုတ်ပြီးသောသုတ်

ရှေးသရောအခါ ခရီးသွားနှစ်ယောက်သည် လမ်းခရီးတစ်ခု၌ မြက်ပုံနှစ်ပုံကို တွေ့မြင်ကြ၏။ ထိုအခါ သူတို့နှစ်ယောက်လုံးသည် တစ်ယောက်တစ်ပုံစီဖြင့် မြက်ပုံကို ကောက်ယူသွားကြသည်။ ထို့နောက် ခရီးအတန်ငယ်သွားပြီးသောအခါ လမ်းတွင် ၀ါဂွမ်းနှစ်ပုံကို တွေ့ကြပြန်သည်။ ဤ၌ ခရီးသွားနှစ်ယောက်လုံး လုပ်သင့်လုပ်ထိုက်သော အလုပ်ကား မြက်ပုံများကို ထားခဲ့ပြီး ၀ါဂွမ်းပုံများကို ယူဆောင်သွားရန်သာ ဖြစ်သည်။ သို့သော် ခရီးသွားနှစ်ဦးအနက် တစ်ဦးက မြက်ပုံကိုပင် ဆက်လက်၍ သယ်ဆောင်လာခဲ့ပြီး ဒုတိယတစ်ဦးကမူ မြက်ပုံကို ချထားခဲ့ကာ ၀ါဂွမ်းပုံကို သယ်ဆောင်သွားခဲ့သည်။ ဤသို့ဖြင့် သူတို့သည် ရှေ့သို့ ခရီးဆက်ခဲ့ရာ တစ်ခုသောနေရာ၌ သိုးမွေးနှစ်ပုံကို တွေ့ကြပြန်သည်။ ထို့တွင် ပထမတစ်ဦးသည် အထက်ပါနည်းတူ မိမိသယ်ဆောင်လာခဲ့သောမြက်ပုံကိုပင် တစ်ဖန်ဆက်လက်၍ သယ်ဆောင်လာခဲ့ပြန်သည်။ သို့သော် ဒုတိယတစ်ဦးကမူကား အသစ်တွေ့ရှိသော သိုးမွေးပုံကို ပြောင်းလဲ၍ သယ်ဆောင်သွားခဲ့သည်။

ဤ၌ ပထမတစ်ဦးသည် အသစ်အသစ်တွေ့ရှိသော ၀ါဂွမ်းပုံ၊ သိုးမွေးပုံတို့ကို မြက်ပုံနှင့်မလဲဘဲ မိမိ၌ ရှိရင်းစွဲဖြစ်သည့် မြက်ပုံကိုပင် ဆက်လက်၍ သယ်ဆောင်သွားခဲ့သည်။ သို့သော် ဒုတိယတစ်ဦးကမူ ပစ္စည်းဝတ္ထုတစ်ခု၏တန်ဖိုးကို အကဲဖြတ်တတ်သည်။ တိုးတက်ဆန်းသစ်သော ခေတ်အမြင်ရှိသည်။ အဟောင်းကို ဖက်တွယ်ထားလိုက်စိတ်မရှိပေ။ ထို့ကြောင့် အသစ်အသစ်တွေ့ရှိသော တစ်ခုထက်တစ်ခု တန်ဖိုးမြင့်သည့် အရာဝတ္ထုများကိုသာ တစ်ခုပြီးတစ်ခု ပြောင်းလဲ၍ သယ်ဆောင်သွားခဲ့၏။
ဤကား ရှေးဟောင်းအယူအဆ ရှေးဟောင်းအတွေးအခေါ်များကို ဖက်တွယ်ထားသူနှင့် အသစ်အသစ်ပြောင်းလဲတိုးတက်လာသော အယူအဆအတွေးအခေါ်တို့ကို တစ်ခုပြီးတစ်ခု လက်ခံသောသူနှစ်ဦးတို့၏ ခြားနားချက် ဖြစ်သည်။

သို့ဖြစ်၍ ယနေ့တိုင်အောင် “ဓမ္မ”ဟူ၍ ယူဆထင်မှတ်ခဲ့သော အရာဝတ္ထုများသည် ဤသုတ်မှ ပေးလာသော စူးစမ်းဆင်ခြင်တတ်သည့် အတွေးအခေါ်များကြောင့် ယနေ့မျက်မှောက်၌ “အဓမ္မ”ဖြစ်မည်ဆိုပါက ဖြစ်သွားနိုင်သည်။ ထို့အတူ “အမှန် (သို့မဟုတ်)အကောင်း”ဟူ၍ ထင်မှတ်ယူဆလာခဲ့သော အရာဝတ္ထုတို့သည် ဤသုတ်မှ ဖွင့်ပေးသည့် ညဏ်အလင်းကြောင့် ပစ္စပ္ပုန်အခြေအနေ၌ “အမှား (သို့မဟုတ်) အဆိုး” သို့ သက်ဆင်းလိုက သက်ဆင်းသွားနိုင်သည်။
သို့ဆိုလျင် မြက်ပုံကို ထမ်းပိုးသယ်ဆောင်သွားမည်လား? (သို့မဟုတ်) ၀ါဂွမ်းပုံ၊ ထိုမှ တစ်ဆင့်တက်လျင် သိုးမွေးပုံကို ထမ်းပိုးသယ်ဆောင်သွားမည်လား ? ဤသုတ်သည် ယင်းအမေးအတွက် အဖြေထုတ်ပြီးဖြစ်ကြောင်း အောက်ပါအကျိုးကျေးဇူးများက သက်သေခံပေလိမ့်မည်။


အကျိုးကျေးဇူး

ဤသုတ်ကို လေ့လာခြင်းအားဖြင့် လူသားတို့ လိုလားမှုမရှိသော အကြောက်တရားများကို တွန်းလှန်နိုင်မည်။ ယုံမှားခြင်း၏နောက်ကွယ်၌ ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ကြိုတင်လက်ဦးမှုရယူကာ လက်ခံ, လက်မခံအားဖြင့် ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်မည်။ ကိုးကွယ်ခြင်းကြောင့် ဖြစ်ပေါ်လာမည့်ဘေးမှ ကာကွယ်နိုင်မည်။ စစ်မှန်သော ကိုးကွယ်ရာကို သိရှိလာမည်။ ယင်းစစ်မှန်သော ဘာသာတရား၏အသွင်နှင့်အနှစ်သာရတို့ကို ခွဲခြားတတ်လာမည်။ ဘာသာတရားတိုင်းအပေါ် သဘောထားအမြင် ကြီးမားတတ်လာမည်။ အရာရာနှစ်စပ်၍ အစွန်းရောက်ဝါဒီအဖြစ်မှ ကင်းလွတ်မည်။ ဥပါဒါန်တရားတို့ဖြင့် နှောင်ဖွဲ့ခံရခြင်းမှ တစ်ခုသော အတိုင်းအတာထိ ကင်းလွတ်မည်။ အရာရာတိုင်းအပေါ် စူးစမ်းဆင်ခြင်တတ်လာပြီး ယင်းစူးစမ်းဆင်ခြင်ခြင်း၏နောက်၌ အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုးတို့ကို ခွဲခြားတတ်လာမည်။ အတွေးအခေါ်အယူအဆအဟောင်းများ၏နေရာတွင် အတွေးအခေါ်အသစ်များဖြင့် ရဲရဲဝံ့ဝံ့ အစားထိုးကာ ဘ၀သစ်ကို ဖြတ်သန်းနိုင်လာမည်။

အသက်ရှင်နေထိုင်သော လူ့ဘ၀၏ရည်ရွယ်ချက်ကို နားလည်လာမည်။ သိပ္ပံပညာ၏တိုးတက်မှုအပေါ် ဘာသာတရားနှင့်သဟဇာတဖြစ်အောင် ဆက်စပ်ပေးတတ်လာမည်။ တမလွန်ဘ၀ ရှိ, မရှိ၊ ကုသိုလ် အကုသိုလ်တို့၏ အကျိုးရင်း အကျိုးဆက် ရှိ, မရှိ ၊ မကောင်းမှုပြုသော်လည်း ပြည်သည် မည်, မမည်တို့ကို ကွဲပြားစွာ သိရှိလာမည်။ အတုအစစ်တို့ဖြင့် ရောပြွမ်းလျက်ရှိသော မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာတို့၏ သဘောသဘာဝကို နားလည်လာပြီး သတ္တ၀ါတိုင်းအပေါ် ငဲ့ညှာတတ်၊ ချစ်တတ်၊ ၀မ်းမြောက်တတ်၊ လျစ်လျူရှု့တတ်လာမည်။ စစ်မှန်သော ဘာသာတရားဟူသည် ပစ္စုပ္ပန်ကောင်းစားရေးကို ဦးတည်ခြင်းဖြင့် အနာဂတ်အတွက်လည်း အလိုလို ပြီးပြည့်စုံပြီးဖြစ်ကြောင်း သဘောပေါက်လက်ခံလာမည်။ အဆုံးစွန်အားဖြင့် မဂ်,ဖိုလ်,နိဗ္ဗာန်တိုင်အောင် ဤသုတ်တော်က ပို့ဆောင်နိုင်စွမ်းရှိလိမ့်မည်။


(မှတ်ချက်။ ။ ကေသမုတ္တိသုတ်တော် လေ့လာချက်ကျမ်းမှ နိဒါန်းကို ကူးယူဖော်ပြသည်။)

Sunday, October 17, 2010

ကာလာမသုတ်တော်နှင့် ကျိုးကြောင်းဆက်စပ်သော ချဉ်းကပ်မှု



ပါဠိကျမ်းဂန်များအလိုအရ သဗ္ဗညုတညဏ်ကို ရှာဖွေရာမှာ ဘုရားလောင်းဟာ စည်းကမ်းတင်းကြပ်ပြီး ခြိုးခြံတဲ့ ကျင့်စဉ်ရဲ့ပုံစံအားလုံးကို စွန့်လွှတ်ခဲ့ပါတယ်။ အကြောင်းကတော့ ခြောက်နှစ်ကြာ အဲဒီကျင့်စဉ်များ နောက်သို့ လိုက်ပါခဲ့ပြီး ဖြစ်ပါတယ်။ သူရဲ့ရည်မှန်းချက်ကို အောင်မြင်စေနိုင်တဲ့ နည်းပညာများ နည်းစနစ်များကို သူကိုယ်တိုင်က တွေးခေါ်စဉ်းစားချင့်ချိန်ခဲ့ပါတယ်။ သူကိုယ်တိုင်က အကျိုးသင့် အကြောင်းသင့် တွေးခေါ်ခြင်းဖြင့် နောက်ဆုံးမှာတော့ မြတ်ဗုဒ္ဓအဖြစ် အိန္ဒိယနိုင်ငံ ဗောဓိပင်ရဲ့ ခြေရင်းမှာ တရားထူးကို ရရှိခဲ့ပါတယ်။

ဒီနည်းလမ်းဖြင့် ကျွမ်းကျင်ပိုင်နိုင်မှုကို ရရှိပြီးတဲ့နောက် ယခုဘ၀မှာ အောင်မြင်သော နေထိုင်ခြင်းနဲ့ နောင်ဘ၀မှာ အကောင်းဆုံးဘ၀ကိုရရှိမှုအတွက် တစ်ဦးတစ်ယောက်ဟာ ဘယ်လိုမှ အရေးမကြီးဘဲ တန်ဖိုးမဲ့ ဟောင်းနွမ်းနေတဲ့ ဘာသာရေးအစဉ်အလာများနဲ့ အဆိုးမြင်ယုံကြည်မှုများကို ဘယ်လို ပယ်နှုတ်သင့်တယ် ဆိုတာကို မြတ်ဗုဒ္ဓက ညွန်ပြခဲ့ပါတယ်။ တစ်ဖက်တွင် ခြားနားတဲ့ဘာသာရေးအမြင်များကို ဆုပ်ကိုင်ထားတဲ့ လူအများဟာ အငြင်းပွါးဖွယ်ဖြစ်တဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ ဘာသာရေးဆိုင်ရာ ပြဿနာများနဲ့ပတ်သက်လို့ အငြင်းပွါးခြင်းဖြင့် စိတ်ပါဝင်စားတဲ့အလေ့အကျင့်များ ဖြစ်ပွါးနေတဲ့အချိန် ဖြစ်ပါတယ်။ အခြားတစ်ဖက်တွင်မူ အယူသီးအစွဲအလမ်းကြီးတဲ့ ယုံကြည်မှုများဟာ ရိုးရာဓလေ့ အစဉ်အလာများဖြင့် ပြည့်နှက်နေပါတယ်။

လူအများစုဟာ ကွဲပြားတဲ့ အမြင်များကြားထဲ ဘယ်အရာကမှန်ကန်တယ်ဆိုတာကို မခွဲခြားနိုင်၊ ရွေးမထုတ်နိုင်တဲ့ အခြေအနေမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ အဲဒီအမြင်များဟာ ရှေ့ဦးအစဖြစ်ခြင်း၊ တူညီတဲ့ အလေးထားမှုကို ဖော်ထုတ်တင်ပြခြင်း၊ သက်ဆိုင်ရာ ဘာသာရေးယုံကြည်မှုများနဲ့ပတ်သက်လို့ ထောက်ခံ အားပေးသူများက အပြောအဟောကောင်းခြင်းများကြောင့် ဖြစ်ပါတယ်။ အဆင့်အတန်းမြင့်မားတဲ့ ဂုဏ်သရေရှိ ဟောကြားသူများနဲ့ သူတို့အထဲက အချို့ဟာ လေးစားဖွယ်ကောင်းတဲ့ မိသားစုများမှ ဖြစ်ပါတယ်။ သူတို့အထဲမှ အချို့က အတွေးအခေါ်ဆိုင်ရာ အဆိုပြုချက်များကို ထုတ်ဖော်တင်ပြပါတယ်။ အခြားသူများနဲ့ဆန့်ကျင်နေပေမဲ့ ယုတ္တိဗေဒအရ ကြောင်းကျိုးခိုင်လုံပြီး သဘောတရားအရ အခြေအမြစ် ရှိသည်များ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓဟာ အဲဒီအမြင်များကို ကိုယ်ကျင့်တရားမြေပြင်ပေါ်မှာ အကြောင်းအကျိုးအရ တန်ဖိုးဖြတ်စေချင်ပါတယ်။ မြတ်ဗုဒ္ဓခေတ်တွေ့ရတဲ့ ဤကဲ့သို့ အတွေးအခေါ်ပိုင်းဆိုင်ရာ အယူအဆများကို ၆၂-ခုထက် မနည်း မှတ်တမ်းတစ်ခုဖြင့် ဗြဟ္မဇာလသုတ်မှာ ခင်းကျင်းထားခဲ့ပါတယ်။

တစ်ခါတုန်းက မြတ်ဗုဒ္ဓဟာ ကာလာမအမျိုးအနွယ်များ နေထိုင်တဲ့ အိန္ဒိယမြောက်ပိုင်းရှိမြို့တစ်မြို့ ကေသပုတ္တသို့ ဒေသစာရီလှည့်လှည်ခဲ့ပါတယ်။ သူတို့ဟာ မြတ်ဗုဒ္ဓ အဲဒီမြို့သို့ရောက်လာတယ်ဆိုတာကို သိလာတဲ့အခါ မြတ်ဗုဒ္ဓထံ ၀ိုင်းအုံကြပြီး သူတို့ရဲ့မြို့ဟာ ဘာသာရေးအငြင်းပွါးတဲ့ ဒုစရိုက်နယ်ပယ်တစ်ခု ဖြစ်လာတယ်ဆိုတာကို ပြောဆိုကြပါတယ်။ ရှေးကတည်းက အပြောင်းအလဲရဲ့ရည်ရွယ်ချက်နဲ့ အဲဒီနေရာသို့ ခရီးလှည့်လှည်လာတဲ့ ဘာသာရေးငြင်းခုံသူများဟာ အပြင်ပန်းအရ ယုတ္တိဆန်တဲ့ အကြောင်းအကျိုးဆိုင်ရာ အခြေခံအပေါ်မှာ သူတို့ရဲ့အမြင်များကို ထုတ်ဖော်ကြေငြာခဲ့ကြပါတယ်။

ဗုဒ္ဓမတိုင်မီ အိန္ဒိယအတွေးအခေါ်ဆရာများဟာ အဓိကအားဖြင့် အပြန်အလှန်ပါဝင်တဲ့ အဆင့်အတန်း သုံးမျိုးမှာ အကျုံးဝင်ပါတယ်။ အဲဒါတွေကတော့ -
(၁) အတွေးသစ် အမြင်သစ်ကို ဖွင့်ဟပေးခြင်းနှင့်ပတ်သက်၍ ကျမ်းဂန်ဆိုင်ရာ ရိုးရာအစဉ်အလာတွင် ယုံကြည်သော ရိုးရာ အစဉ်အလာသမာများ သို့မဟုတ် သိုသိပ်ထားချက်များကို လူသိအောင် ထုတ်ဖော်သူများ(The Traditionalists or revelationists)၊
(၂) အကျိုးသင့်အကြောင်းသင့် စဉ်းစားနှိုင်းချိန်ခြင်းနှင့် မှန်းဆထင်မြင်ချက်မှ အသိပညာကို အခိုင်အမာဆိုသော ဆင်ခြင်မှုကိုဦးစားပေးသူများနှင့် ရုပ်လွန်ပညာသမားများ(The Rationalists and Metaphysicians)၊
(၃) မြင်သာသော ပုဂ္ဂိုလ်ရေးဆိုင်ရာ အသိပညာနှင့် ကွဲပြားခြားနားသော အတိုင်းအတာများနှင့်ပတ်သက်၍ အတွေ့အကြုံများအပေါ် တည်မှီသော အတွေ့အကြုံသမားများ (The Experientialists) ပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် သူတို့ရှေ့မှောက်မှာ ထုတ်ဖော်ကြေငြာထားပြီးတဲ့ ကွဲလွဲတဲ့အမြင်များကြားထဲ အမှန်တရားနဲ့ ပက်သတ်လို့ စိတ်ရှုပ်ထွေးနေတဲ့ ကာလာမများဟာ မြတ်ဗုဒ္ဓရဲ့ရှေ့မှောက်မှာ သူတို့ရဲ့အကြွင်းမဲ့မကျေနပ်ချက်များကို ဖွင့်ဟခဲ့ကြပါတယ်။ သူတို့ရှေ့မှောက်မှ အဲဒီအတွေးအခေါ်အမျိုးမျိုးရဲ့အမြင်များကြောင့် သူတို့ရပ်တည်သင့်တဲ့ စံမှတ်ကျောက်နဲ့ ပတ်သက်လို့ ယုံကြည်လောက်တဲ့ တစ်ယောက်ယောက်ကို တွေ့ရဖို့ သူတို့ဟာ မြတ်ဗုဒ္ဓကို မေးမြန်းခဲ့ပါတယ်။

ဒီကိစ္စနှင့်ပတ်သက်လို့ ကာလာမများကိုဟောကြားတဲ့အခါ မြတ်ဗုဒ္ဓက အချို့ အခြေခံကျတဲ့ အခွင့်အရေးများနဲ့ အမှန်တရားကိုရှာဖွေသူများအတွက် အခွင့်ကောင်းများကိုအာမခံတဲ့ ကာလာမသုတ်တော်ကို ဟောကြားခဲ့ပါတယ်။ အဲဒါတွေဟာ လက်တွေ့ကျတဲ့ စုံစမ်းမှုနယ်ပယ်မှာ မှတ်သားဖွယ်ကောင်းတဲ့ အဖြစ်အပျက်များ ဖြစ်ပါတယ်။ လူသားသမိုင်းမှာ ပထမဆုံးအကြိမ်အတွက် အတည်ပြုစိစစ်ထားတဲ့အဆိုပြုချက်က ချည်နှောင်ထားခြင်းမရှိဘဲ လွတ်လွတ်လပ်လပ်တွေးခေါ်ရန် မြတ်ဗုဒ္ဓဟာ လမ်းခင်းပေးထားပါတယ်။ တစ်ဦးတစ်ယောက်ဟာ တရားသေလက်ခံထားတဲ့ ၀ါဒ ဒါမှမဟုတ် အမြင်အမျိုးမျိုးအပေါ် မလိုက်နာဖို့နဲ့ အဲဒါတွေဟာ အကြောင်းတရားအချို့နဲ့အခြားအရာများအတွက် မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်း ဆင်းသက်လာခြင်းကြောင့် ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက လိုက်နာကျင့်သုံးဖို့အတွက် ကောင်းမှုကုသိုလ် ဖြစ်တဲ့အရာကို ရှာဖွေဖို့နဲ့ ကိုယ်ကိုယ်တိုင် ဝေဖန်ဆန်းစစ်တတ်တဲ့စွမ်းရည်ကို အသုံးပြုသင့်တယ်ဆိုတဲ့ အချက်ကို ဒီသုတ်တော်မှာ အထူးပြုထားပါတယ်။

Monday, July 5, 2010

ကာလာမသုတ်တော် ပါဠိ-အဋ္ဌကထာ-ဋီကာ-နိဿယ-မြန်မာပြန်-အင်္ဂလိပ်



ကေသမုတ္တိသုတ်တော် တနည်းအားဖြင့် ကာလာမသုတ်တော်လာ လူအများ စိတ်ဝင်စားသော ချက်ချင်းလက်ခံ အတည်မပြုသင့်သောအချက် ၁၀-ချက်ကို ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ များနှင့် ထင်ရှားသောဆရာတော်များ၏ ဘာသာပြန်များအား အစဉ်အတိုင်း ဖော်ပြသွားပါမည်။ မှတ်ချက်။ ။ အဋ္ဌကထာ၊ ဋီကာများအား နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ သုတ္တန္တပိဋကဌာန၊ ဌာနမှုး(ငြိမ်း) ဆရာတော် ဘဒ္ဒန္တ သုစိတ္တ ( ဒီဃ ဘာဏက၊ သာသနဓဇဓမ္မာစရိယ၊ မဟာဓမ္မာစရိယ M.A ၊ ပိဋကတ္တယပါရဂူ)မှ နိဿယ ပြန်ဆိုတော်မူသည်။



(၁) ကာလာမသုတ်တော်လာ ချက်ချင်းလက်ခံအတည်မပြုသင့်သော ပထမအချက်

ပါဠိ။ ။ မာ အနုဿဝေန။

အဋ္ဌကထာ။ ။ မာ အနုဿဝေနာတိ အနုဿဝကထာယပိ မာ ဂဏှိတ္ထ။

ဋီကာ။ ။ မာ အနုဿဝေနာတိ အာဒီသု ပန ဧကော ဒဟရကာလတော ပဋ္ဌာယ ဧ၀ံ အနုဿဝေါ အတ္ထိ။ ဧ၀ံ စိရကာလကတာယ အနုဿတိယာ လဗ္ဘမာနံ ကထမိဒံ အညထာ သိယာ။ တသ္မာ ဘူတမေတန္တိ အနုဿဝေန ဂဏှာတိ။ တထာ ဂဟဏံ ပဋိက္ခိပန္တော “မာ အနုဿဝေနာ”တိ အာဟ။ အနု အနု သ၀နံ အနုဿဝေါ။


အဋ္ဌကထာ။ ။ မာ အနုဿဝေနာတိ - မာ အနုဿဝေန ဟူသည်ကား၊ အနုဿဝကထာယပိ - ကလေး ဘ၀မှစ၍ အဆင့်ဆင့်ကြားရသော စကားမျှဖြင့်လည်း၊ မာ ဂဏှိတ္ထ - ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။

ဋီကာ။ ။ ပန - အဖို့တစ်ပါးကား၊ မာ အနုဿဝေနာတိ အာဒီသု - မာ အနုဿဝေန အစရှိသော စကားရပ်တို့၌၊ အ၀ယ၀တ္ထော - အစိတ်စိတ်ဖြစ်သောအနက်ကို၊ ဧ၀ံ - ဤသို့၊ ဝေဒိတဗ္ဗော - သိထိုက်၏။ ဧကော - တစ်ယောက်သော ပုဂ္ဂိုလ်သည်၊ ဒဟရကာလတော - ငယ်ရွယ်စဉ်ကာလမှ၊ ပဋ္ဌာယ - စ၍၊ ဧ၀ံ - ဤသို့၊ အနုဿဝေါ - အဆင့်ဆင့်ကြားရခြင်းသည်၊ အတ္ထိ - ရှိ၏။ ဧ၀ံ - ဤသို့၊ စိရကာလကတာယ - ကြာမြင့်စွာ သောကာလ၌ ပြုအပ်သော၊ အနုဿတိယာ - အဖန်ဖန်အောက်မေ့ အမှတ်ရခြင်းဖြင့်၊ လဗ္ဘမာနံ - ရအပ်သော၊ ဣဒံ - ဤစကားသည်၊ ကထံ - အဘယ်သို့လျင်၊ အညထာ - တစ်ပါးသောအခြင်းအရာအားဖြင့်၊ သိယာ - ဖြစ်ရာအံ့နည်း။ တသ္မာ - ထို့ကြောင့်၊ ဧတံ - ဤစကားသည်၊ ဘူတံ - ဟုတ်မှန်၏။ ဣတိ - ဤသို့၊ အနုဿဝေန - ငယ်ရွယ်စဉ်ကာလမှ အဆင့်ဆင့်ကြားခြင်းဖြင့်၊ ဂဏှာတိ - ယူ၏။ တထာ - ထိုသို့သော အခြင်းအရာအားဖြင့်၊ ဂဟဏံ - ယူခြင်းကို၊ ပဋိက္ခိပန္တော - ပယ်မြစ်တော်မူလိုသော (၀ါ) ပယ်မြစ်တော်မူလို သည်၏အဖြစ်ကြောင့်၊ “မာ အနုဿဝေနာ”တိ - မာ အနုဿဝေနဟူ၍၊ ဘဂ၀ါ - မြတ်စွာဘုရားသည်၊ အာဟ - မိန့်တော်မူ၏။ အနု အနု - အဆင့်ဆင့်၊ သ၀နံ - ကြားခြင်း၊ အနုဿဝေါ - အဆင့်ဆင့်ကြားခြင်း။


(၁) ကလေးဘ၀မှစ၍ အဆင့်ဆင့်ကြားရသော စကားမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။ ဘဒ္ဒန္တသုစိတ္တ
(၂) ပြောသံကြားကာမျှဖြင့် ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။ (ပါဠိတော်မြန်မာပြန်စာအုပ် -၂၀၇)
(၃) ကလေးဘ၀မှစ၍ ကြားနာမှတ်သားခဲ့ရခြင်းဖြင့်လည်း ဟုတ်တယ်မှန်တယ်ဟု အစွဲအမြဲ မယူကြနှင့်။ အရှင်ဇနကာဘိဝံသ (အနာဂတ်သာသနာရေး - ၃၅၂)
(၄) အဆင့်ဆင့်ပြောစကား ကြားရုံမျှဖြင့်လည်း ဟုတ်လှပြီဟု အတည်အမြဲ စွဲမှတ်မထားကြကုန်လင့်။ အရှင်ပညိဿရာဘိဝံသ(အင်္ဂုတ္ထိုရ်ပါဠိတော်နိဿယ - ၄၄၁)
(၅) သူတစ်ပါး၏အထံမှ အဖန်တလဲလဲ ကြားသောစကားဖြင့် မယူကုန်လင့်။ အရှင်ဇာဂရ (အင်္ဂုတ္ထိုရ် ပါဠိတော်နိဿယ (မိုးထိမူ) - ၅၄၇ )


(၆) Do not accept anything on (mere) hearsay – (i.e. thinking that thus have we heard it from a long time.) Ven. Narada Maha Thera (Buddhism in a nutshell -22)
(၇) Do not be led by reports. D.R Walpola Ra Hu La (What the Buddha taught – 2 )
(၈) Do not go by oral tradition. Nyanaponika Thera (Numerical discourses of the Buddha - 64)
*********************************************************************


(၂) ကာလာမသုတ်တော်လာ ချက်ချင်းလက်ခံအတည်မပြုသင့်သော ဒုတိယအချက်


ပါဠိ။ ။ မာ ပရမ္ပရာယ။

အဋ္ဌကထာ။ ။ မာ ပရမ္ပရာယာတိ ပရမ္ပရ ကထာယပိ မာ ဂဏှိတ္ထ။

ဋီကာ။ ။ အပရော ‘အမှာကံ ပိတုပိတာ မဟာဝုဒ္ဓါနံ ဥပဒေသ ပရမ္ပရာယ ဣဒမာဘတံ။ ဧ၀ံ ပရမ္ပရာဘတံ ကထံနာမ န အညထာ သိယာ တသ္မာ ဘူတမေတန္တိ ဂဏှာတိ၊ တံ ပဋိက္ခိပန္တော ‘မာ ပရမ္ပရာယာ’တိ အာဟ။


အဋ္ဌကထာ။ ။ မာ ပရမ္ပရာယာတိ - မာ ပရမ္ပရာယဟူသည်ကား၊ မာ ပရမ္ပရကထာယပိ - မိဘဘိုးဘွား အစရှိသည်တို့ သတ်မှတ်ခဲ့သော ဥပဒေသအဆက်ဆက်စကားများမျှဖြင့်လည်း၊ မာ ဂဏှိတ္ထ - ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။


ဋီကာ။ ။ အပရော - တစ်ယောက်သောပုဂ္ဂိုလ်သည်၊ အမှာကံ - ငါတို့၏၊ ပိတုပိတာမဟာဝုဒ္ဓါနံ - အဘအဘိုး အစရှိသောအားဖြင့် ကြီးကုန်သောသူတို့၏၊ ဥပဒေသ ပရမ္ပရာယ - ဥပဒေအဆက်ဆက်အားဖြင့်၊ ဣဒံ - ဤစကားကို၊ အာဘတံ - ဆောင်အပ်၏။ ဧ၀ံ - ဤသို့၊ ပရမ္ပရာဘတံ - အဘ အဘိုး အစရှိကုန်သော ကြီးကုန်သောသူတို့၏ ဥပဒေသအဆက်ဆက်အားဖြင့် ဆောင်အပ်သော၊ ကထံနာမ - စကားမည်သည်၊ အညထာ - တစ်ပါးသောအခြင်းအရာအားဖြင့်၊ န သိယာ - မဖြစ်ရာ။ တသ္မာ - ထို့ကြောင့်၊ ဧတံ - ဤစကားသည်၊ ဘူတံ - ဟုတ်မှန်၏။ ဣတိ - ဤသို့၊ ဂဏှာတိ - ယူ၏။ တံ - ထိုသို့ယူခြင်းကို၊ ပဋိက္ခိပန္တော - ပယ်မြစ်တော်မူလိုသော၊ ၀ါ- ပယ်မြစ်တော်မူလိုသည်၏အဖြစ်ကြောင့်၊ ‘မာ ပရမ္ပရာယာ’တိ - မာ ပရမ္ပရာယ ဟူ၍၊ ဘဂ၀ါ - မြတ်စွာဘုရားသည်၊ အာဟ - မိန့်တော်မူ၏။


(၁) မိဘဘိုးဘွားစသော ကြီးကုန်သောသူတို့၏ အစဉ်အဆက် သတ်မှတ်သယ်ဆောင်ခဲ့သော ဥပဒေသနှင့် ကိုက်ညီသည်ဟူ၍လည်း ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။ ဘဒ္ဒန္တသုစိတ္တ
(၂) အစဉ်အဆက်စကားမျှဖြင့်လည်း မယူကုန်လင့်ဦး။ (ပါဠိတော်မြန်မာပြန်စာအုပ် -၂၀၇)
(၃) မိဘဘိုးဘွား စသည်တို့မှ ဆင်းသက်၍ (ပရံပရ = အဆက်ဆက်) မှတ်ယူလုပ်ကိုင်ရိုးဖြစ်၍လည်း အစွဲအမြဲ မယူထားကြနှင့်။ အရှင်ဇနကာဘိဝံသ (အနာဂတ်သာသနာရေး - ၃၅၂)
(၄) မိဘဘိုးဘွား အဆက်ဆက်ပြောစကားဖြင့်လည်း ဟုတ်လှပြီဟု အတည်အမြဲ စွဲမှတ်မထားကြကုန်လင့်။ အရှင်ပညိဿရာဘိဝံသ(အင်္ဂုတ္ထိုရ်ပါဠိတော်နိဿယ - ၄၄၁)
(၅) ဆွေမျိုးတို့၏အဆက်ဆက်မှလာသော စကားဖြင့် မယူကြကုန်လင့်။ အရှင်ဇာဂရ (အင်္ဂုတ္ထိုရ် ပါဠိတော် နိဿယ (မိုးထိမူ) - ၅၄၇ )


(၆) Do not accept anything on mere tradition. – (i.e. thinking that it has thus been handed down through many generations.) Ven. Narada Maha Thera (Buddhism in a nutshell -22)
(၇) or tradition. D.R Walpola Ra Hu La (What the Buddha taught – 2 )
(၈) by lineage of teaching. Nyanaponika Thera (Numerical discourses of the Buddha - 64)
********************************************************************

(၃) ကာလာမသုတ်တော်လာ ချက်ချင်းလက်ခံအတည်မပြုသင့်သော တတိယအချက်


ပါဠိ။ ။ မာ ဣတိ ကိရာယ။

အဋ္ဌကထာ။ ။ မာ ဣတိ ကိရာယာ’တိ ဧ၀ံ ကိရ ဧတန္တိ မာ ဂဏှိတ္ထ။

ဋီကာ။ ။ ဧကော ကေနစိ ကိသ္မိဉ္စိ ၀ုတ္တမတ္ထေ ‘ဧ၀ံ ကိရ ဧတ ’ န္တိ ဂဏှာတိ၊ တံ နိသေဓေန္တော ‘မာ ဣတိ ကိရာယာ’တိ အာဟ။


အဋ္ဌကထာ။ ။ မာ ဣတိ ကိရာယာ’တိ - မာ ဣတိ ကိရာယ-ဟူသည်ကား၊ ဧတံ - ဤစကားသည်၊ ဧ၀ံကိရ - ဤသို့ဖြစ်ဖူးသတတ်၊ ဣတိ - ဤသို့၊ မာ ဂဏှိတ္ထ - ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။

ဋီကာ။ ။ ဧကော - တစ်ယောက်သော ပုဂ္ဂိုလ်သည်၊ ကေနစိ - တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည်၊ ကိသ္မိဉ္စိ - တစ်စုံတစ်ခုသော အကြောင်းအရာကို၊ ၀ုတ္တမတ္တေ - ပြောဆိုကာမျှဖြစ်လတ်သော်၊ ဧတံ - ဤအကြောင်းအရာသည်၊ ဧ၀ံကိရ - ဤသို့ဖြစ်ဖူးသတတ်၊ ဣတိ - ဤသို့၊ ဂဏှာတိ - ယူ၏။ တံ - ထိုသို့ ယူခြင်းကို၊ နိသေဓေန္ဓော - တားမြစ်တော်မူလိုသော၊ ၀ါ- တားမြစ်တော်မူလိုသည်၏အဖြစ်ကြောင့်၊ မာ ဣတိ ကိရာယာ’တိ - မာ ဣတိ ကိရာယဟူ၍၊ ဘဂ၀ါ - မြတ်စွာဘုရားသည်၊ အာဟ - မိန့်တော်မူ၏။


(၁) ဤသို့ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။ ဘဒ္ဒန္တသုစိတ္တ
(၂) ဤသို့ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး။ (ပါဠိတော်မြန်မာပြန်စာအုပ် -၂၀၇)
(၃) “ဒီဟာက ဒီလိုတဲ့” ဟု အခြားတစ်ယောက် ပြောလိုက်ရုံမျှဖြင့်လည်း အမြဲအစွဲ မှတ်ယူ မယူထားကြနှင့်။ အရှင်ဇနကာဘိဝံသ (အနာဂတ်သာသနာရေး - ၃၅၂)
(၄) အဲဒါ ဒီလိုတဲ့ဟု မသေမချာ ပြောစကားဖြင့်လည်း ဟုတ်လှပြီဟု အတည်အမြဲ စွဲမှတ်မထားကြကုန်လင့်။ အရှင်ပညိဿရာဘိဝံသ(အင်္ဂုတ္ထိုရ်ပါဠိတော်နိဿယ - ၄၄၁)
(၅) ဤသို့ဖြစ်သတတ်ဟူသော အခြင်းအရာအားဖြင့် မယူကြကုန်လင့်။ အရှင်ဇာဂရ (အင်္ဂုတ္ထိုရ် ပါဠိတော် နိဿယ (မိုးထိမူ) - ၅၄၇ )


(၆) Do not accept anything on account of mere rumour. – (i.e. by believing what other say without any investigation.) Ven. Narada Maha Thera (Buddhism in a nutshell -22)
(၇) or hearsay. D.R Walpola Ra Hu La (What the Buddha taught – 2 )
(၈) by hearsay. Nyanaponika Thera (Numerical discourses of the Buddha - 64)
*******************************************************************

(၄) ကာလာမသုတ်တော်လာ ချက်ချင်းလက်ခံအတည်မပြုသင့်သော စတုတ္ထအချက်

ပါဠိ။ ။ မာ ပိဋကသမ္ပဒါနေန။

အဋ္ဌကထာ။ ။ မာ ပိဋကသမ္ပဒါနေနာတိ အမှာကံ ပိဋကတန္တိယာ သဒ္ဓိံသမေတီတိ မာ ဂဏှိတ္ထ။

ဋီကာ။ ။ ပိဋကံ ဂန္ထော သမ္ပဒီယတီတိ ဧတဿာတိ ပိဋကသမ္ပဒါနံ။ ဂန္ထဿ ဥဂ္ဂဏှနကော။ တေန ပိဋက ဥဂ္ဂဏှကဘာဝေန ဧကစ္စော တာဒိသံ ဂန္ထံ ပဂုဏံ ကတွာ တေန တံ သမေန္တံ သမေတိ။ တသ္မာ “ဘူတမေတန္တိ” ဂဏှာတိ။ တံ သန္ဓာယေသ ပဋိက္ခေပေါ “မာ ပိဋကသမ္ပဒါနေနာ”တိ။ အတ္တနော ဥဂ္ဂဟဂန္ထ သမ္ပတ္တိယာ မာ ဂဏှိတ္ထာတိ ၀ုတ္တံ ဟောတိ။ “သမေတ”န္တိ သံဂတံ။


အဋ္ဌကထာ။ ။ မာ ပိဋကသမ္ပဒါနေနာတိ - မာ ပိဋကသမ္ပဒါနေန ဟူသည်ကား၊ အမှာကံ - ငါတို့၏။ ပိဋကတန္တိယာ - ပိဋကပါဠိတော်နှင့်၊ သဒ္ဓိံ - အတူတကွ၊ သမေတိ - ညီညွတ်ပေ၏။ ဣတိ - ဤသို့၊ မာ ဂဏှိတ္ထ - ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။

ဋီကာ။ ။ ဧတဿ - ဤပုဂ္ဂိုလ်အား၊ ပိဋကံ ဂန္ထော - ပိဋကကျမ်းစာသည်၊ သမ္ပဒီယတိ - ပြည့်စုံ၏။ ဣတိတသ္မာ - ထို့ကြောင့်၊ ပိဋကသမ္ပဒါနံ - ပိဋကသမ္ပဒါန-မည်၏။ ဂန္ထဿ - ကျမ်းစာကို၊ ဥဂ္ဂဏှနကော - သင်ယူတတ်သောသူတည်း။ တေန ပိဋက ဥဂ္ဂဏှကဘာဝေန - ထိုသို့ ပိဋကကို သင်ယူတတ်သည်၏အဖြစ်ဖြင့်၊ ဧကစ္စော - အချို့သောပုဂ္ဂိုလ်သည်၊ တာဒိသံ - ထိုကဲ့သို့ရှု့အပ်သော သဘောရှိသော၊ ဂန္ထံ - ကျမ်းစာကို၊ ပဂုဏံ - လေ့ကျက်သည်ကို၊ ကတွာ - ပြု၍၊ တေန - ထိုကျမ်းဂန်နှင့်၊ တံ - ထိုပြောဆိုလာသော အကြောင်းအရာသည်၊ သမေန္တံ - တူမျှသည်ရှိသော်၊ ၀ါ-ကောင်းစွာရောက်သည်ရှိသော်၊ သမေတိ - ညီညွတ်၏။ တသ္မာ - ထို့ကြောင့်၊ ဧတံ - ဤအကြောင်းအရာသည်၊ ဘူတံ - ဟုတ်မှန်၏။ ဣတိ - ဤသို့၊ ဂဏှာတိ - ယူ၏။ တံ - ထိုသို့သောယူခြင်းကို၊ သန္ဓာယ - ရည်ရွယ်၍၊ “မာ ပိဋကသမ္ပဒါနေနာ”တိ - မာ ပိဋကသမ္ပဒါနေန-ဟူ၍၊ ဧသ- ဧသော ပဋိက္ခေပေါ - ဤပစ်ပယ်ခြင်းကို၊ ဘဂ၀တာ - မြတ်စွာဘုရားသည်၊ ၀ုတ္တော - ဟောတော်မူအပ်ပြီ။ အတ္တနော - မိမိ၏။ ဥဂ္ဂဟဂန္ထ သမ္ပတ္တိယာ - သင်ယူအပ်သောကျမ်းဂန်၏ ပြည့်စုံခြင်းမျှဖြင့်၊ မာ ဂဏှိတ္ထ - အတည်မယူကုန်လင့်။ ဣတိ - ဤသို့၊ ၀ုတ္တံ - ဆိုအပ်သည်၊ ဟောတိ - ဖြစ်၏။ သမေတန္တိ - သမေတံဟူသည်ကား၊ သံဂတံ - ကောင်းစွာရောက်၏။


(၁) မိမိသင်ယူထားသော ပိဋကတ်ကျမ်းဂန်နှင့် ညီညွတ်ပြည့်စုံပေသည်ဟုလည်း ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။ ဘဒ္ဒန္တသုစိတ္တ
(၂) ပိဋကတ်စာပေနှင့်ညီညွတ်ပေသည်ဟူ၍လည်း မယူကုန်လင့်ဦး။ (ပါဠိတော်မြန်မာပြန်စာအုပ် -၂၀၇)
(၃) “ဒီအယူအဆဟာ ငါတို့ သင်အပ်သောကျမ်းစာနှင့်ညီတယ်” ဟု မိမိတို့ ကျမ်းစာနှင့်ညီနေရုံမျှဖြင့်လည်း အတည်တကျ မှတ်ယူမထားကြနှင့်။ အရှင်ဇနကာဘိဝံသ (အနာဂတ်သာသနာရေး - ၃၅၂)
(၄) ကျမ်းဂန်ကို သင်ပြပေးရာ ပုဂ္ဂိုလ်၏အဖြစ်အားဖြင့်လည်း၊ မိမိကိုယ်ကို ကျမ်းဂန်ကို သင်ယူထားသော ကျမ်းတတ်ပုဂ္ဂိုလ်ကြီးအနေအားဖြင့်လည်း၊ မိမိတို့ကျမ်းဂန်နှင့်ကိုက်ညီ၏ဟု အတည်အမြဲ စွဲမှတ်မထားကြကုန်လင့်။ ဤစကား ဤအယူဝါဒသည် ငါတို့ သင်ယူထားသော ကျမ်းဂန်နှင့်ကိုက်ညီသည်ဟု အတည်အမြဲ စွဲမှတ်မထားကြကုန်လင့်။ အရှင်ပညိဿရာဘိဝံသ(အင်္ဂုတ္ထိုရ်ပါဠိတော်နိဿယ - ၄၄၁)
(၅) သင်အပ်သောကျမ်းဂန်ပါဠိကို ပြည့်စုံစေသဖြင့် မယူကြကုန်လင့်။ အရှင်ဇာဂရ (အင်္ဂုတ္ထိုရ် ပါဠိတော် နိဿယ (မိုးထိမူ) - ၅၄၇ )


(၆) Do not accept anything just because it accords with your scriptures. Ven. Narada Maha Thera (Buddhism in a nutshell -22)
(၇) Be not led by the authority of religious texts. D.R Walpola Ra Hu La (What the Buddha taught – 2 )
(၈) by collection on scriptures. Nyanaponika Thera (Numerical discourses of the Buddha - 64)
***********************************************************************

(၅) ကာလာမသုတ်တော်လာ ချက်ချင်းလက်ခံအတည်မပြုသင့်သော ပဉ္စမအချက်

ပါဠိ။ ။ မာ တက္ကဟေတု။

အဋ္ဌကထာ။ ။ မာ တက္ကဟေတူတိ တက္ကဂ္ဂါဟေနပိ မာ ဂဏှိတ္ထ။

ဋီကာ။ ။ ကောစိ ကဉ္စိ ၀ိတက္ကန္တော ‘ဧ၀မေ၀ တေန ဘ၀ိတဗ္ဗ’ န္တိ ကေ၀လံ အတ္တနော သင်္ကပ္ပ၀သေန ‘ဘူတမိဒ’ န္တိ ဂဏှာတိ။ တံ သန္ဓာယေတံ ၀ုတ္တံ ‘တက္ကဟေတူ’တိ။


အဋ္ဌကထာ။ ။ မာ တက္ကဟေတူတိ -မာ တက္ကဟေတု - ဟူသည်ကား၊ တက္ကဂ္ဂါဟေနပိ - မိမိကြံစည်စဉ်းစားသော အကြံအစည်ကို ယူခြင်းဖြင့်လည်း၊ မာ ဂဏှိတ္ထ - ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။

ဋီကာ။ ။ ကောစိ - တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည်၊ ကဉ္စိ - တစ်စုံတစ်ခုသောအကြောင်းအရာကို၊ ၀ိတက္ကန္တော - ကြံစည်သည်ရှိသော်၊ တေန - ထိုအကြောင်းအရာသည်၊ ဧ၀မေ၀ - ဤသို့သာလျင်၊ ဘ၀ိတဗ္ဗံ - ဖြစ်ထိုက်၏။ ဣတိ - ဤသို့၊ ကေ၀လံ - နယဟေတု, အကာရပရိဝိတက္က - တို့နှင့် မရောမယှက်သက်သက်၊ အတ္တနော - မိမိ၏၊ သင်္ကပ္ပ၀သေန - အကြံ၏အစွမ်းဖြင့်၊ ဣဒံ - ဤအကြောင်းအရာသည်၊ ဘူတံ - ဟုတ်မှန်၏။ ဣတိ - ဤသို့၊ ဂဏှာတိ - ယူ၏။ တံ -ထိုသို့သောယူခြင်းကို၊ သန္ဓာယ - ရည်ရွယ်၍၊ ဧတံ ‘တက္ကဟေတူ’ တိ ၀စနံ - တက္ကဟေတုဟူသော ဤစကားကို၊ ဘဂ၀ါ - မြတ်စွာဘုရားသည်၊ ၀ုတ္တံ - မိန့်တော်မူအပ်၏။


(၁) မိမိကိုယ်တိုင် ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။ ဘဒ္ဒန္တသုစိတ္တ
(၂) ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး။ (ပါဠိတော်မြန်မာပြန်စာအုပ် -၂၀၇)
(၃) မိမိဘာသာ ကြံစည်အပ်သော အရာကိုလည်း ဟုတ်လှပြီမှန်လှပြီဟု အစွဲအမြဲ ယူမထားကြနှင့်။ အရှင်ဇနကာဘိဝံသ (အနာဂတ်သာသနာရေး - ၃၅၂)
(၄) ဤအတိုင်းသာ ဖြစ်လောက်ရာ၏ဟု ကြံဆယူခြင်းဟူသော အကြောင်းဖြင့်လည်း ဤအကြံအတိုင်း ဟုတ်ပြီဟု အတည်မယူကြကုန်လင့်။ အရှင်ပညိဿရာဘိဝံသ(အင်္ဂုတ္ထိုရ်ပါဠိတော်နိဿယ - ၄၄၁)
(၅) ကြံဆ၍ယူခြင်းဖြင့် မယူကြကုန်လင့်။ အရှင်ဇာဂရ (အင်္ဂုတ္ထိုရ် ပါဠိတော် နိဿယ (မိုးထိမူ) - ၅၄၇ )


(၆) Do not accept anything by mere supposition. Ven. Narada Maha Thera (Buddhism in a nutshell -22)
(၇) nor by mere logic. D.R Walpola Ra Hu La (What the Buddha taught – 2 )
(၈) by logical reasoning. Nyanaponika Thera (Numerical discourses of the Buddha - 64)
********************************************************************

(၆) ကာလာမသုတ်တော်လာ ချက်ချင်းလက်ခံအတည်မပြုသင့်သော ဆဌမအချက်

ပါဠိ။ ။ မာ နယဟေတု။

အဋ္ဌကထာ။ ။ “မာ နယဟေတူ” တိ နယဂ္ဂါဟေန ပိ မာ ဂဏှိတ္ထ။

ဋီကာ။ ။ “အညော ဣမာယ ယုတ္တိယာ ဘူတမိဒ” န္တိ ကေ၀လံ အနုမာနတော နယဂ္ဂါဟေန ဂဏှာတိ၊ တံ ပဋိက္ခိပန္တော ‘မာ နယဟေတူ’တိ အာဟ။


အဋ္ဌကထာ။ ။ “မာ နယဟေတူ” တိ - မာ နယဟေတု- ဟူသည်ကား၊ နယဂ္ဂါဟေန ပိ - နည်းကိုယူခြင်း မျှဖြင့်လည်း၊ မာ ဂဏှိတ္ထ - ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။

ဋီကာ။ ။ အညော - တစ်ယောက်သောပုဂ္ဂိုလ်သည်၊ ဣဒံ - ဤအကြောင်းအရာသည်၊ ဣမာယ ယုတ္တိယာ - ဤအကြောင်းယုတ္တိဖြင့်၊ ဘူတံ - ဟုတ်မှန်၏။ ဣတိ - ဤသို့၊ ကေ၀လံ - တက္ကဟေတု, အာကာရပရိဝိတက္ကတို့နှင့် မရောမယှက်သက်သက်၊ အနုမာနတော့ - မှန်းဆသောအားဖြင့်၊ နယဂ္ဂါဟေန - နည်းကိုယူခြင်းဖြင့်၊ ဂဏှာတိ - ယူ၏။ တံ - ထိုသို့သောယူခြင်းကို၊ ပဋိက္ခိပန္တော - ပယ်မြစ်တော်မူလိုသော ၀ါ- ပယ်မြစ်တော်မူလိုသည်၏အဖြစ်ကြောင့် ‘မာ နယဟေတူ’ တိ- မာ နယဟေတု-ဟူ၍၊ ဘဂ၀ါ - မြတ်စွာဘုရားသည်၊ အာဟ - မိန့်တော်မူ၏။


(၁) သဘာဝယုတ္တိနည်းဖြင့် ကိုက်ညီပေသည်ဟူ၍ မှန်းဆသောနည်းလမ်းဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။ ဘဒ္ဒန္တသုစိတ္တ
(၂) နည်းမှီယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး။ (ပါဠိတော်မြန်မာပြန်စာအုပ် -၂၀၇)
(၃) အခြားနေရာ (အခြားနိုင်ငံ)တို့၌ သူတစ်ပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကျ၍လည်း ဤနေရာ၌ သင့်တော်လှပြီဟု အမြဲအစွဲ ယူမထားကြနှင့်။ အရှင်ဇနကာဘိဝံသ (အနာဂတ်သာသနာရေး - ၃၅၂)
(၄) နည်းလမ်းယုတ္တိ ချိန်ဆယူခြင်းဟူသော အကြောင်းဖြင့်လည်း ၀ါ- နည်းယူခြင်း၊ နည်းမှီခြင်းဖြင့်လည်း ဟုတ်ပြီဟု အတည်မယူကြကုန်လင့်။ အရှင်ပညိဿရာဘိဝံသ(အင်္ဂုတ္ထိုရ်ပါဠိတော်နိဿယ - ၄၄၁)
(၅) နည်းကို ယူသဖြင့် မယူကြကုန်လင့်။ အရှင်ဇာဂရ (အင်္ဂုတ္ထိုရ် ပါဠိတော် နိဿယ (မိုးထိမူ) - ၅၄၇ )


(၆) Do not accept anything by mere inference. Ven. Narada Maha Thera (Buddhism in a nutshell -22)
(၇) or inference. D.R Walpola Ra Hu La (What the Buddha taught – 2 )
(၈) by inferential reasoning. Nyanaponika Thera (Numerical discourses of the Buddha - 64)
*************************************************************************

(၇) ကာလာမသုတ်တော်လာ ချက်ချင်းလက်ခံအတည်မပြုသင့်သော သတ္တမအချက်

ပါဠိ။ ။ မာ အာကာရပရိဝိတက္ကေန။

အဋ္ဌကထာ။ ။ “မာ အာကာရပရိဝိတက္ကေနာ”တိ သုန္ဒရမိဒံ ကာရဏန္တိ ဧ၀ံကာရဏပရိဝိတက္ကေနပိ မာ ဂဏှိတ္ထ။

ဋီကာ။ ။ ကဿစိ ‘ဧ၀မေတံ သိယာ’ တိ ပရိကပ္ပေန္တဿ ဧကံ ကာရဏံ ဥပဌာတိ။ သော ‘အတ္ထေတ’ န္တိ အတ္တနော ပရိကပ္ပိတာ ကာရေန ဂဏှာတိ တံ ပဋိသေဓေန္တော ‘မာ အာကာရ ပဋိဝိတက္ကေနာ’ တိ အာဟ။


အဋ္ဌကထာ။ ။ “မာ အာကာရပရိဝိတက္ကေနာ”တိ - မာ အာကာရပရိဝိတက္ကေနဟူသည်ကား၊ ဣဒံ ကာရဏံ - ဤအကြောင်းအရာသည်၊ သုန္ဒရံ - ကောင်း၏။ ဣတိ ဧ၀ံ - ဤသို့၊ ကာရဏပရိဝိတက္ကေနပိ - ခိုင်လုံသော အကြောင်းအရာကို ကြံစည်ခြင်းမျှဖြင့်လည်း၊ မာ ဂဏှိတ္ထ - ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။

ဋီကာ။ ။ ကဿစိ - တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည်၊ ဧတံ - ဤအကြောင်းအရာသည်၊ ဧ၀ံ - ဤသို့၊ သိယာ - ဖြစ်ရာ၏။ ဣတိ - ဤသို့၊ ပရိကပ္ပေန္တဿ - ကြံစည်သည်ရှိသော်၊ ၀ါ- ကြံစည်စဉ်၊ ဧကံ ကာရဏံ - တစ်ခုသောအကြောင်းအရာသည်၊ ဥပဌာတိ - ထင်၏။
တစ်နည်း။ ဧတံ - ဤအကြောင်းအရာသည်၊ ဧ၀ံ - ဤသို့၊ သိယာ - ဖြစ်ရာ၏။ ဣတိ - ဤသို့၊ ပရိကပ္ပေန္တဿ- ကြံစည်သော၊ ကဿစိ - တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်အား၊ ဧကံ ကာရဏံ - တစ်ခုသောအကြောင်းအရာသည်၊ ဥပဌာတိ - ထင်၏။ သော - ထိုပုဂ္ဂိုလ်သည်၊ ဧတံ - ဤအကြောင်းအရာသည်၊ အတ္ထိ - ရှိ၏။ ဣတိ - ဤသို့၊ အတ္တနော - မိမိ၏။ ပရိကပ္ပိတာ ကာရေန - ကြံစည်အပ်သောအခြင်းအရာအားဖြင့်၊ ဂဏှာတိ - ယူ၏။ တံ - ထိုသို့သောယူခြင်းကို၊ ပဋိသေဓေန္တော - တားမြစ်တော်မူလိုသော၊ ၀ါ- တားမြစ်တော်မူလိုသည်၏အဖြစ်ကြောင့်၊ ‘မာ အကာရ ပရိဝိတက္ကေနာ’တိ - ‘မာ အကာရ ပရိဝိတက္ကေနဟူ၍၊ ဘဂ၀ါ - မြတ်စွာဘုရားသည်၊ အာဟ - မိန့်တော်မူ၏။


(၁) ကြံစည်အပ်သောအခြင်းအရာ၏ ခိုင်လုံသော အကြောင်းအထောက်အထား ရှိရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။ ဘဒ္ဒန္တသုစိတ္တ
(၂) အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း မယူကုန်လင့်ဦး။ (ပါဠိတော်မြန်မာပြန်စာအုပ် -၂၀၇)
(၃)တစ်စုံတစ်ခု ပြုဖို့ရန် အကြောင်းအထောက်အထားကို စဉ်းစားရာဝယ် အထောက်အထားကောင်းကိုရ၍ သဘောကျသဖြင့်လည်း အမြဲအစွဲမယူကြနှင့်။ အရှင်ဇနကာဘိဝံသ (အနာဂတ်သာသနာရေး - ၃၅၂)
(၄) အကြောင်းကို ကြံဆခြင်းဖြင့်လည်း ၀ါ- မိမိကြံစည်အပ်သော အကြောင်းဖြင့်လည်း အကြောင်း ခိုင်လုံသည်ဟူ၍ အတည်မယူကုန်လင့်။ အရှင်ပညိဿရာဘိဝံသ(အင်္ဂုတ္ထိုရ်ပါဠိတော်နိဿယ - ၄၄၁)
(၅) အခြင်းအရာကို ကြံသောအားဖြင့် မယူကြကုန်လင့်။ အရှင်ဇာဂရ (အင်္ဂုတ္ထိုရ် ပါဠိတော် နိဿယ (မိုးထိမူ) - ၅၄၇ )


(၆) Do not accept anything by merely considering the reason. Ven. Narada Maha Thera (Buddhism in a nutshell -22)
(၇) nor by considering appearances. D.R Walpola Ra Hu La (What the Buddha taught – 2 )
(၈) by reflection on reasons. Nyanaponika Thera (Numerical discourses of the Buddha - 64)
*****************************************************************


(၈) ကာလာမသုတ်တော်လာ ချက်ချင်းလက်ခံအတည်မပြုသင့်သော အဋ္ဌမအချက်

ပါဠိ။ ။ မာ ဒိဋ္ဌိနိဇ္ဈာနက္ခ န္တိယာ။

အဋ္ဌကထာ။ ။ “မာ ဒိဋ္ဌိနိဇ္ဈာနက္ခ န္တိယာ” တိ အမှာကံ နိဇ္ဈာယိတွာ ခမိတွာ ဂဟိတဒိဋ္ဌိယာ သဒ္ဓိံ သမေတီတိ ပိ မာ ဂဏှိတ္ထ။

ဋီကာ။ ။ အပရဿ စိန္တာယတော ယထာပရိကပ္ပိတံ ကဉ္စိ အတ္ထံ ‘ဧ၀မေတံ န အညထာ’တိ အဘိနိဝိသန္တဿ ဧကာဒိဋ္ဌိ ဥပ္ပဇ္ဇတိ၊ ယာ ယဿ တံ ကာရဏံ နိဇ္ဈာယန္တဿ ပစ္စက္ခံဝိယ နိရူပေတွာ စိန္တေန္တဿ ခမတိ၊ သော ‘အတ္ထေတ’ န္တိ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ ဂဏှာတိ၊ တံ သန္ဓာယာတိ ‘မာ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ’တိ။

အဋ္ဌကထာ။ ။ “မာ ဒိဋ္ဌိနိဇ္ဈာနက္ခ န္တိယာ” တိ- မာ ဒိဋ္ဌိနိဇ္ဈာနက္ခ န္တိယ- ဟူသည်ကား၊ အမှာကံ - ငါတို့၏။ ၀ါ- ငါတို့သည်၊ နိဇ္ဈာယိတွာ - ရှု့ကြည့်၍၊ ၀ါ- ကြံစည်၍၊ ခမိတွာ - နှစ်သက်၍၊ ဂဟိတဒိဋ္ဌိယာ - ယူအပ်သောအယူနှင့်၊ သဒ္ဓိံ - အတူတကွ၊ သမေတိ - ညီညွတ်ပေ၏။ ဣတိပိ - ဤသို့လည်း၊ မာ ဂဏှိတ္ထ - ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။


ဋီကာ။ ။ အပရဿ - တစ်ယောက်သောပုဂ္ဂိုလ်အား၊ ၀ါ- တစ်ယောက်သောပုဂ္ဂိုလ်သည်၊ စိန္တာယတော - ကြံစည်သည်ရှိသော်၊ ၀ါ- ကြံစည်စဉ်၊ ယထာ ပရိကပ္ပိတံ - အကြင်အကြင် ကြံစည်ထားတိုင်းသော၊ ကဉ္စိ - တစ်စုံတစ်ခုသော၊ အတ္ထံ - အနက်သည်၊ ဧတံ - ဤအကြောင်းအရာသည်၊ ဧ၀ံသိယာ - ဤသို့ဖြစ်ရာ၏။ အညထာ - တစ်ပါးသောအခြင်းအရာအားဖြင့်၊ နသိယာ - မဖြစ်ရာ။ ဣတိ - ဤသို့၊ အဘိနိဝိသန္တဿ - နှလုံးသွင်းစဉ်၊ ဧကာ - တစ်ခုသော၊ ဒိဋ္ဌိ - အယူသည်၊ ဥပ္ပဇ္ဖတိ- ဖြစ်၏။ ယဿ ပုဂ္ဂလဿ - အကြင်ပုဂ္ဂိုလ်အား၊ ယာ ဒိဋ္ဌိ - အကြင်အယူကို၊ တံ ကာရဏံ - ထိုအကြောင်းကို၊ နိဇ္ဈာယန္တဿ - ကြည့်ရှု့သည်ရှိသော်၊ ၀ါ- ကြံစည်သည်ရှိသော်၊ ပစ္စက္ခံဝိယ - မျက်မှောက်ကဲ့သို့၊ နိရူပေတွာ - တင်၍၊ စိန္တေန္တဿ - ကြံစည်စဉ်၊ ခမတိ - ကြိုက်နှစ်သက်အပ်၏။ သော ပုဂ္ဂလော - ထိုပုဂ္ဂိုလ်သည်၊ ဧတံ - ဤအကြောင်းအရာသည်၊ အတ္ထိ -ရှိ၏။ ဣတိ -ဤသို့၊ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ - မိမိ၏အယူနှင့်တူမျှသည်ကို ကြည့်ရှု့နှစ်သက်ခြင်းဖြင့်၊ ဂဏှာတိ - ယူ၏။ တံ - ထိုသို့သော ယူခြင်းကို၊ သန္ဓာယ- ရည်ရွယ်၍၊ ‘မာ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ’တိ ၀စနံ - မာ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယ-ဟူသော စကားကို၊ ဘဂ၀ါ - မြတ်စွာဘုရားသည်၊ အာဟ - မိန့်တော်မူ၏။


(၁) ငါတို့ ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။ ဘဒ္ဒန္တသုစိတ္တ
(၂) ငါတို့ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း မယူကုန်လင့်ဦး။ (ပါဠိတော်မြန်မာပြန်စာအုပ် -၂၀၇)
(၃) သူပြောအပ်သောအယူဝါဒသည် ငါတို့ စဉ်းစားကြေနပ်ထားသောအယူနှင့် ညီမျှပေသည်ဟု အယူဝါဒချင်းတူမျှယုံမျှဖြင့်လည်း အမြဲအစွဲ မယူကြနှင့်။ အရှင်ဇနကာဘိဝံသ (အနာဂတ်သာသနာရေး - ၃၅၂)
(၄) တွေးကြံစဉ်းစား၍ ကြေနပ်နှစ်သက်လက်ခံထားအပ်သော မိမိအယူအဆဖြင့်လည်း၊ ၀ါ- တွေးကြံစဉ်းစား၍ ကြေနပ်နှစ်သက် လက်ခံထားအပ်သော မိမိအယူအဆနှင့်ကိုက်ညီသဖြင့်လည်း အတည်မယူကြကုန်လင့်။ အရှင်ပညိဿရာဘိဝံသ(အင်္ဂုတ္ထိုရ်ပါဠိတော်နိဿယ - ၄၄၁)
(၅) ကြံစည်၍ နှစ်သက်၍ ယူအပ်သောအယူဖြင့် မယူကြကုန်လင့်။ အရှင်ဇာဂရ (အင်္ဂုတ္ထိုရ် ပါဠိတော် နိဿယ (မိုးထိမူ) - ၅၄၇ )


(၆) Do not accept anything merely because it agrees with your pre-conceived notions. Ven. Narada Maha Thera (Buddhism in a nutshell -22)
(၇) nor by the delight in speculative opinions. D.R Walpola Ra Hu La (What the Buddha taught – 2 )
(၈) by the acceptance of a view after pondering. Nyanaponika Thera (Numerical discourses of the Buddha - 64)
*************************************************************

(၉) ကာလာမသုတ်တော်လာ ချက်ချင်းလက်ခံအတည်မပြုသင့်သော န၀မအချက်

ပါဠိ။ ။ မာ ဘဗ္ဗရူပတာယ။

အဋ္ဌကထာ။ ။ မာ ဘဗ္ဗရူပတာယာတိ အယံဘိက္ခု ဘဗ္ဗရူပေါ၊ ဣမဿ ကထံ ဂဟေတုံ ယုတ္တန္တိပိ မာ ဂဏှိတ္ထ။

ဋီကာ။ ။ ဖွင့်ဆိုချက်မရှိ။


အဋ္ဌကထာ။ ။ မာ ဘဗ္ဗရူပတာယာတိ - မာ ဘဗ္ဗရူပတာယ ဟူသည်ကား၊ အယံဘိက္ခု - ဤရဟန်းသည်၊ ဘဗ္ဗရူပေါ- ယုံကြည်ထိုက်သော
ပုဂ္ဂိုလ်တည်း၊ ဣမဿ - ဤပုဂ္ဂိုလ်၏၊ ကထံ - စကားကို၊ ဂဟေတုံ - ယူခြင်းငှါ၊ ယုတ္တံ - သင့်မြတ်၏။ ဣတိပိ - ဤသို့လည်း၊ မာ ဂဏှိတ္ထ - ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။


(၁) အများယုံကြည်လေးစားထိုက်သော သဘောရှိသော ရဟန်း၏စကားမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။ ဘဒ္ဒန္တသုစိတ္တ
(၂) မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး။ (ပါဠိတော်မြန်မာပြန်စာအုပ် -၂၀၇)
(၃) ဤရသေ့ရဟန်းကား ယုံကြည်ထိုက်သော အထက်တန်းပုဂ္ဂိုလ်တည်း။ ဒီလို ပုဂ္ဂိုလ်၏စကားကို လေးလေးစားစား မှတ်သားထိုက်သည်ဟုလည်း စွဲစွဲမြဲမြဲ မှတ်ယူမထားကြနှင့်။ အရှင်ဇနကာဘိဝံသ (အနာဂတ်သာသနာရေး - ၃၅၂)
(၄) စကားကို နာယူထိုက်သော သဘောရှိသော ပုဂ္ဂိုလ်၏အဖြစ်အားဖြင့်လည်း ဤပုဂ္ဂိုလ်ပြောစကား မမှားဧကန်မှန်၏ဟု အတည်မယူကုန်လင့်။ အရှင်ပညိဿရာဘိဝံသ(အင်္ဂုတ္ထိုရ်ပါဠိတော်နိဿယ - ၄၄၁)
(၅) ထိုက်သောရဟန်း၏အဖြစ်ဖြင့် မယူကြကုန်လင့်။ အရှင်ဇာဂရ (အင်္ဂုတ္ထိုရ် ပါဠိတော် နိဿယ (မိုးထိမူ) - ၅၄၇ )


(၆) Do not accept anything merely because it seems acceptable. – (i.e. thinking that as the speaker seems to be a good person his worlds should be accepted.) Ven. Narada Maha Thera (Buddhism in a nutshell -22)
(၇) nor by seeming possibilities. D.R Walpola Ra Hu La (What the Buddha taught – 2 )
(၈) by the seeming competence of a speaker, or because you think. Nyanaponika Thera (Numerical discourses of the Buddha - 64)
******************************************************

(၁၀) ကာလာမသုတ်တော်လာ ချက်ချင်းလက်ခံအတည်မပြုသင့်သော ဒသမအချက်

ပါဠိ။ ။ မာ သမဏော နော ဂရူတိ။

အဋ္ဌကထာ။ ။ မာ သမဏော နော ဂရူတိ အယံ သမဏော အမှာကံ ဂရု၊ ဣမဿ ကထံ ဂဟေတုံ ယုတ္တန္တိပိ မာ ဂဏှိတ္ထ။

ဋီကာ။ ။ဖွင့်ဆိုချက်မရှိ


အဋ္ဌကထာ။ ။ မာ သမဏော နော ဂရူတိ- မာ သမဏော နော ဂရု-ဟူသည်ကား၊ အယံ သမဏော - ဤရဟန်းသည်၊ အမှာကံ - ငါတို့၏။ ဂရု - အလေးအမြတ် ပြုအပ်သူတည်း။ ဣမဿ - ဤရဟန်း၏၊ ကထံ - စကားကို၊ ဂဟေတုံ - ယူခြင်းငှါ၊ ယုတ္တံ -သင့်မြတ်၏။ ဣတိပိ - ဤသို့လည်း၊ မာ ဂဏှိတ္ထ - ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။


(၁) ငါတို့လေးစားသော ရဟန်း၏စကားဟူ၍လည်း ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်လင့်။ ဘဒ္ဒန္တသုစိတ္တ
(၂) ငါတို့လေးစားသော ရဟန်း၏စကားဟူ၍လည်း မယူကုန်လင့်ဦး။ (ပါဠိတော်မြန်မာပြန်စာအုပ် -၂၀၇)
(၃)ဤရသေ့ရဟန်းကား ငါတို့ကိုးကွယ်အပ်သော ဆရာဖြစ်၏။ ငါ့ဆရာစကားကို ငါမှတ်သားသင့်သည်ဟုလည်း စွဲစွဲမြဲမြဲ မှတ်ယူမထားကြနှင့်။ အရှင်ဇနကာဘိဝံသ (အနာဂတ်သာသနာရေး - ၃၅၂)
(၄)ငါတို့၏ဆရာဖြစ်သော ရဟန်းပေတည်း။ ဤသို့ အားကိုးတစ်ခု အခိုင်အမာပြု၍လည်း အတည်မယူကုန်လင့်။ အရှင်ပညိဿရာဘိဝံသ(အင်္ဂုတ္ထိုရ်ပါဠိတော်နိဿယ - ၄၄၁)
(၅) ရဟန်းသည် ငါတို့၏ဆရာတည်း၊ ဤသို့ နှလုံးပိုက်သဖြင့် မယူကြကုန်လင့်။ အရှင်ဇာဂရ (အင်္ဂုတ္ထိုရ် ပါဠိတော် နိဿယ (မိုးထိမူ) - ၅၄၇ )


(၆) Do not accept anything thinking that the ascetic is respected by us. – (i.e. therefore it is right to accept his word.) Ven. Narada Maha Thera (Buddhism in a nutshell -22)
(၇) nor by the idea; “this is our teacher”. D.R Walpola Ra Hu La (What the Buddha taught – 2 )
(၈) the ascetic is our teacher. Nyanaponika Thera (Numerical discourses of the Buddha - 64)

+++++++++++++++++++++++++++++++++++++++++++++++++++++++



****** မစွဲလမ်းရာ ဆယ်ဌာန ******

ကလေးဘ၀၊ စ၍မှလျင်၊ ကြာရဖန်ဖန်၊ ပရံပရ၊ မိဘဘိုးဘွား၊ ဆက်ဆက်အား၊ မှတ်သားခဲ့ဘိ၊ ပြုရိုးရှိ၏။
ဣတိကိရ၊ ကြားလူကပြော၊ ကျမ်းသဘောနှင့်၊ နှီးနှောညှိပြန်၊ အကြံသက်သက်၊ ကြံစည်ချက်တည်း။
တစ်နည်းမှန်းဆ၊ နည်းလမ်းရယူ၊ တစ်မူအကြောင်း၊ ကြံကောင်းကြံရ၊ ကိုယ့်ယူဆကို၊ အားရနှစ်သက်၊ ညီညွတ်ချက်ပါ၊ ရဟန်းမှာမူ၊ ပြောရာမှန်ကန်၊ ဖြစ်သင့်တန်၏။
တစ်ဖန်သူဟာ၊ ဒို့ဆရာဟု၊ ဆယ်ဖြာကြောင်းစု၊ တစ်ခုခုကြောင့်၊ ယူမှုတိမ်းစောင်း၊ မှားတတ်ကောင်းသည်၊ အပေါင်းစဉ်းစားကြစေသောဝ်။
အနာဂတ်သာသနာ - ၃၅၄


****** ဘာသာအယူဝါဒစစ်တမ်း ******

ဘာသာဝါဒ၊ မတူကြ၍၊ လောကအတွင်း၊ ငြင်းခုံခြင်းဖြင့်၊ ဆင်းရဲဒုက္ခ၊ ရောက်ကုန်ကြ၏။
ဝါဒအယူ၊ မှားခဲ့မူကား၊ ဆူဆူဗုဒ္ဓ၊ ကယ်မရသည့်၊ လေးဝပါယ်ဘုံ၊ ဘေးတွေ့ ကြုံလိမ့်။
စေ့စေ့ညဏ်ဖြင့်၊ မြော်ထောက်ချင့်ကာ------------
တစ်ဆင့်ကြားသိ၊ မိရိုးဖလာ၊ ကောလာဟလ၊ ကျမ်းစာမျှနှင့်၊ ကြံဆ - နည်းမှီ၊ ဆီလျော်သုံးသပ်၊ ယူချင်းထပ်၍၊ ယုံအပ်သူပဲ၊ ဆရာစွဲဖြင့်၊ လွှဲပုံစိတ်ချ၊ မယူကြလင့်။
ဒိဋ္ဌကျင့်ကြံ၊ ကိုယ်ပိုင်ညဏ်ဖြင့်၊ မှားမှန်ကောင်းဆိုး၊ သိအောင်ကြိုးဟု၊ မျိုးကာလာမ၊ ဟောညွန်ပြ၊ ၀ါဒအယူ၊ စစ်တမ်းပေ။

ထေရ၀ါဒသာသနာစစ်တမ်း

Wednesday, April 7, 2010

ကာလာမမင်းသားတို့၏နယ်မြေနှင့် မျိုးရိုး အဆင့်အတန်း



စာရေးသူသည် မဟာဗောဓိစေတီနှင်ဗောဓိပင်ရှိရာ ဗုဒ္ဓဂယာမြို့(Buddha Gaya)မှ ထွက်ခွါလာပြီးနောက် (၂၇-၁၂-၂၀၀၉)နေ့တွင် ပတ္တနားမြို့သို့ ရောက်ရှိခဲ့ပါသည်။ ၂၈-၁၂-၂၀၀၉-ရက်နေ့၌ ထိုပတ္တနားမြို့၊ မြန်မာကျောင်းမှ နံနက်စောစောတွင် ထွက်ခွါလာကြသောစာရေးသူတို့သည် အသောကကျောင်းတိုက်သို့ ၀င်ရောက်ပြီးနောက် ဆက်လက်ထွက်ခွါလာကြရာ ဝေသာလီရှိ လိစ္ဆ၀ီမင်းများဝေစုရသော မြတ်စွာဘုရားရှင် သရီရဓာတ်တော်များ ကို ဌာပနာထားသည့် စေတီတော်နေရာသို့ ရောက်ရှိပါသည်။

ထိုမှတဆင့် ကေဆရီယစေတီသို့ သွားရောက်ကြသည်။ ဤလမ်းခရီးတွင် လမ်းတို့မှာ ပြုပြင်နေဆဲဖြစ်သဖြစ် ကားကို ခက်ခက်ခဲခဲ မောင်းယူရသည်။ နေ့ဆွမ်းအမီ ကေဆရီယစေတီသိုံ့ ရောက်ရှိပါသည်။ စေတီသိုံ့ ရောက်ရှိ ပြီးနောက် စာရေးသူတို့မှာ စေတီတော်ကြီးအား မဖူးမြော်နိုင်သေးဘဲ ဆွမ်းစားရန် အပြေးအလွှား စီစဉ်ကြရလေ သည်။ ယခုအခါ ရှေးဟောင်းဌာနက တူးဖော်နေသဖြင့် စေတီတော်ကြီး ရုပ်လုံးမှာ တော်တော်ပင် ပေါ်လွင် လာပြီး ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာသည် ပဉ္စ၀ဂ္ဂီငါးဦးနှင့်တကွ အရှင်ယသအမှုးရှိသော ရဟန္တာခြောက်ကျိပ် (၆၀)အရှင်မြတ်တို့အား အောက်ပါအတိုင်း မိန့်ကြားခဲ့ပါသည်။

“ ရဟန်းတို့- သင်တို့သည် မြောက်မြားလှစွာသော လူနတ်ဗြဟ္မာ သတ္တ၀ါတို့၏ လောကီ လောကုတ္တရာ ချမ်းသာစီးပွါးကောင်းကျိုးတရား ဖြစ်ပွါးရန် အရပ်ရှစ်မျက်နှာသို့ ဒေသစာရီ (တစ်နေ့လျင် တစ်ယူဇနာ အလွန် ဆုံးထား၍)လှည့်လည်သွားကြကုန်လော့။ (လမ်းတစ်ကြောင်း၌ ရဟန်းနှစ်ပါးပေါင်း၍ သွားခဲ့သော် တစ်ပါးက တရားဟောလျင် ကျန်တစ်ပါးက အလုပ်မရှိ ဆိတ်ဆိတ်သာ ထိုင်နေရမည်ဖြစ်သောကြောင့်) လမ်းတစ်ကြောင်း ၌ ရဟန်းနှစ်ပါးပေါင်း၍ မသွားကြကုန်လင့် -------

ရဟန်းတို့- ငါဘုရားသည်လည်း (ဤမိဂဒါဝုန်တောမှာပင် ကျောင်းကန်ပရိဝုဏ်ကောင်းများကို ဆောက်လုပ် စေကာ အလုပ်အကျွေး ဒါယကာတို့ ပစ္စည်းလေးပါးဖြင့် အပြုအစု အယုအယကို ခံယူကာ နေလိမ့်မည်မဟုတ်။ စင်စစ်သော်ကား----) ရသေ့ညီနောင် ရှင်တစ်ထောင်တို့ကို ချေချွတ်ရန် တရားဟောရန် ဥရုဝေလတောအုပ်ရှိ ရာ သေနာနိဂုံးသို့ သွားပေအံ့။”
သို့ဖြစ်၍ ဤစကားတော်ဖြင့် မြတ်ဗုဒ္ဓသည် သာသနာပြုခရီးထွက်ကြရန် တပည့်များအား တိုက်တွန်းခဲ့ပါသည်။ မိမိ (မြတ်ဗုဒ္ဓ)ကိုယ်တိုင်လည်း သာသနာပြုခရီးကို ကြွချီတော်မူခဲ့ပါသည်။

ဗုဒ္ဓဘုရားရှင် ဒေသစာရီကြွချီတော်မူသော အရပ်ဒေသများစွာတွင် ကာလာမမင်းသားတို့နယ်မြေ ကေသမုတ္တိ နိဂုံးသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။

အဘိဓာနပ္ပဒီပိကာ-လာ တိုင်းကြီး ၂၁-တိုင်း ရှိသည့်အနက် ကောသလတိုင်းသည်လည်း တစ်ခုအပါအ၀င် ဖြစ်သည်။ ထိုကောသလတိုင်းသည် ဒီဃီတိကောသလ-ဇာတ်ကို ထောက်ဆ၍ ရှေးနိပါတ်တော်ခေတ်များ၌ပင် ထင်းရှားသောတိုင်းဖြစ်သည်ဟု ဆိုသည်။ ထိုကောသလတိုင်း၌ သာဝတ္တိမြို့တော်အပြင် အခြားသောမြို့ကြီး များမှာ အယုဇ္ဈယနှင့်သာကေတဟူသော မြို့ကြီးများ၊ သေတဗျ - ဥက္ကဌနှင့် သာလာဝတီဟူသော မြို့စားများ အုပ်ချုပ်သည့်မြို့များ၊ ဒဏ္ဍကပ္ပနိဂမ-ကေသမုတ္တနိဂမ-သင်္က၀ါသနိဂမ-နဠကပါနိဂမ-ဥဂ္ဂနိဂမ-ဥရုညနိဂမဟူ သော နိဂုံးများဖြစ်ကြသည်။

ကေသပုတ္တနိဂမသည် မောရိယနိုင်ငံထက်စော၍ မြို့ဖြစ်လာဖွယ်ရှိသည်ဟုဆိုသည်။ ကာလာမတို့ နယ်မြေသည် ဂင်္ဂါမြစ်အနောက်ခြမ်း ကျယ်ပြန့်သောနယ်မြေဖြစ်သည်။ ကောသလတိုင်း အရှေ့ပိုင်းနယ်မြေနှင့်လည်းကောင်း၊ ကာသိတိုင်း(ဗာရာဏသီ)အရှေ့မြောက်ပိုင်းနယ်မြေနှင့်လည်းကောင်း၊ မလ္လတိုင်း တောင်ဖက်ပိုင်းနယ်မြေနှင့် လည်းကောင်း တစ်သီးတစ်ခြားဖြစ်သွားပြီးနောက် ကိုယ်ပိုင်နယ်မြေအဖြစ် လွတ်လပ်စွာ တည်ရှိနေသည်။ ထို နယ်မြေသည် ကောသလတိုင်း၊ ကာသိတိုင်း၊ မလ္လတိုင်းတို့၏နယ်စပ်ထိပ်၌ သို့မဟုတ် ဤသုံးနိုင်ငံ၏ ဦးခေါင်း ထိပ်၌ လွတ်လပ်သည့်နယ်မြေအဖြစ် ပေါက်ဖွားလာသောကြောင့် ကေသပုတ္တအမည် ဖြစ်လာသည်ဟု ဆို သည်။

ရှေးခေတ် ကေသပုတ္တနယ်မြေသည် (က)မလ္လတိုင်းတောင်းဖက်၊(ခ) ဂင်္ဂါမြစ်မြောက်အရပ်၊ ဂါဂရားမြစ်အောက် ပိုင်း(မြစ်နှစ်ခု အနောက်ဖက်) (ဂ) ဗာရာဏသီမြို့(ကာသိတိုင်း)အရှေ့မြောက်ဖက် (ဃ)ကောသလတိုင်း အရှေ့ ပိုင်းနယ်မြေတို့ ဖြစ်လေသည်။ ခေတ်သစ် ဗီဟာရ်(bihar)ပြည်နယ်၊ ဘာဆာရတ်(basarh)အရပ်မှ အနောက် မြောက်ဖက် မိုင်း (၃၀)ခန့် ဝေးသည့် ကေဆရိယ (kesariya)အရပ်အထိ(ပေ ၁၄၀၀-ကျယ်ပြန့်သော ကုန်မြင့် ပေါ်တွင် စေတီနှင့်ကျောင်းဆောင်များအပါအ၀င် အဆောက်အဦး အပျက်အစီးများ ရှိနေသဖြင့်) ကေသပုတ္တ နိဂုံး ဖြစ်နိုင်သည်ဟု ယူဆကြသည်။

ထို့အပြင် နိဂမအရ (၁) နိဂုံး(ရွာကြီး) (၂)ဗေဒင်ကျမ်း (၃)ဈေး (၄)ကုန်ရောင်းဝယ်ခြင်း (၅) အဆုံးနိဂုံးချုပ် (ပါဠိ-ဓာန်၊ ၂၈၄) ဟု ငါးမျိုး ဖွင့်ဆိုထားလေသည်။ အဌကထာတွင် “ကေသမုတ္တသည် တောအုပ်အနီး၌ တည်ရှိ၍ ထိုတောအုပ်အတွင်းသို့ သွားရောက်နေထိုင်လိုကြသူတို့သည် ကေသမုတ္တ၌ တည်းခိုနေထိုင်၍ လည်ကောင်း၊ အယူဝါဒများကို ဟောပြော၍လည်းကောင်း ထိုသို့ ပြုလုပ်ပြီးမှသာ တောအုပ်အတွင်းသို့ ၀င်ကြ သည်” ဟု ဖွင့်ပြထားသောကြောင့် ကေသမုတ္တသည် တောအုပ်စပ်သော နယ်ပယ်ဖြစ်ကြောင်း မှတ်သား နိုင်ပါသည်။

အဌကထာ၌ “ ကာလာမာနံ နိဂမောတိ ကာလာမာနာမ ခတ္တိယာ၊ တေသံ နိဂမော” ဟု ဖွင့်ဆိုထားချက်အရ- ကာလာမဟူသည် မင်းမျိုး(ခတ္တိယ)ဖြစ်ကြောင်းနှင့် နိဂမဟူသည် ထိုကာလာမမင်းသားတို့၏နိဂုံးဖြစ်ကြောင်းကို သိရှိရသည်။ ထို့တွင် ခတ္တိယ-ဟူသော ပုဒ်နှင့်ဆက်စပ်၍ (၁)မင်းမျိုးမင်းနွယ် (၂) မင်း-မင်းသား (၃)ခတ္တိ ယမည်သူ (၄) မင်းမျိုးမင်းနွယ်ဖြစ်သော- မင်းဇာတ်ရှိသောသူ (တိပိ-ဓာန်၊ တွဲ-၆၊ ၄၃၆)ဟု လေးမျိုး ဖွင့်ဆို ထားရာ အမှတ်(၃)ခတ္တိယမည်သူမှတစ်ပါး အခြားသောဖွင့်ဆိုချက်များသည် မင်းနှင့်သက်ဆိုင်သော အချက်များသာဖြစ်ကြောင်းကို တွေ့ရှိရလေသည်။ ထို့ကြောင့် ထိုထိုကျမ်းဂန်တို့၌ အများအားဖြင့် “ ကာလာမမင်းသား” ဟူသော အမည်ကိုသာ သုံးနှုန်းထားကြသည်ကို လေ့လာတွေ့ရှိရခြင်းဖြစ်လေသည်။

ကာသိတိုင်း၊ မလ္လတိုင်းနှင့်ကောသလတိုင်းသို့ ရောက်ရှိနေကြသော သာကီဝင်မင်းသားများသည် ပသေနဒီ ကောသမင်းပိုင်သော ကောသလတိုင်း၏အစွန်းအဖျားနယ်မြေတစ်ခုကို သိမ်းပိုက်ပြီး ကိုယ်ပိုင်နယ်မြေအဖြစ် သတ်မှတ်ကာ စုပေါင်းအုပ်ချုပ်နေထိုင်ကြခြင်းဖြစ်သည်။ ကေသမုတ္တမြို့၌ ကာလာမမင်းတို့သည် ကောသ လတိုင်း ဘုရင့်အာဏာကို တော်လှန်၍ အများပြည်သူ့ဆန္ဒ နှင့်အညီ အုပ်ချုပ်ခြင်းကို လိုလာကြသူများ ဖြစ်ကြ သည်။ ကာလာမ-ဟူသောစကားသည် ဘုရင့်အာဏာကို တော်လှန်သောအချိန်၌ ခေါင်းဆောင်မင်းသား များအား ပေးအပ်သည့် အမည်ဖြစ်ဖွယ် ရှိသည်ဟု ဆိုသည်။

ဝဇ္ဇီတိုင်း၌ ၀ဇ္ဇီအမည်ရသည့် သာကီဝင်မင်း သားများက ခေါင်းဆောင်၍ စုပေါင်းအုပ်ချုပ်သောနိုင်ငံ တည်ထောင်ထား ကြသည်။ အလ္လကပ္ပနိုင်ငံတွင်မူ ဗူလီ အမည်ရသည့် သာကီဝင်မင်းသားများက ခေါင်းဆောင်၍ စုပေါင်းအုပ်ချုပ် သောနိုင်ငံ တည်ထောင်ကြသည့်။ ထိုနည်းအတူ ကေသပုတ္တနိုင်ငံ၌ ကာလာမအမည်ရသော သာကီဝင်မင်းသားများက ခေါင်းဆောင်၍ စုပေါင်း အုပ်ချုပ်သည့် နိုင်ငံတည်ထောင်ခြင်းဖြစ်ပေမည်။ မြတ်စွာဘုရားရှင်လက်ထက် ဤကဲ့သို့ ပြည့်သူ့ဆန္ဒနှင့်အညီ ကျင့်သုံးသောနိုင်ငံများမှာ ၀ဇ္ဇီတိုင်း၊ အလ္လကပ္ပနှင့် ကေသပုတ္တ တို့ဖြစ်သည်ဟု ဆိုသည်။ သို့သော် ပဒေသ ရာဇ်စနစ် အားကောင်းသော ခေတ်အတွင်း ဤနိုင်ငံများ၏ စနစ်သည် ရေရှည်အောင်မြင်မှုမရရှိဘဲ ပြိုကွဲခဲ့ရသည်။

တဖန် ကေသမုတ္တနှင့်စပ်လျဉ်း၍ ကေသပုတ္တ-ဟူသော အသုံးအနှုန်းကို လန်ဒန်ပါဠိအသင်းမှ ဘာသာပြန်သော gradual saying-စာအုပ်၊ what the Buddha tanght စာအုပ်၊ အင်္ဂုတ္တရနိကာယ်၊ပထမတွဲ၊ စာမျက်နှာ-၁၈၉-၌ (သီ၊ သျာ၊ ကံ၊ ဣ)သီဟိုလ်မူဟု ဖော်ပြထားသည်။ သို့သော် ဆဋ္ဌမူကျမ်းများ၌ကား-ကေသမုတ္တနှင့်ကေသပုတ္တ-ဟု ပါဌ်နှစ်ခုရှိရာတွင် ကေသ ပုတ္တ-ဟု သုံးနှုန်းထားသော အခြားသောမူများကို စွန့်၍ ကေသမုတ္တ-ဟူ၍သာ သုံး နှုန်းထားပါသည်။

“နတ်နှင့်တကွသောလောက၌ ငါ့အားဆရာမရှိ။ ငါ့နှင့်တူသောသူမရှိ။ ငါနှင့်ပြိုင်ဘက်မရှိ ”ဟု ဘုရားရှင်သည် ဟောကြားတော်မူခဲ့သော်လည်း သဗ္ဗညုတညဏ်မရမီ ဘုရာလောင်းဘ၀၌ကား လောကီဆရာ (၅)ဦး ရှိခဲ့သည်။ ထိုသူတို့မှာ--

(၁) ဘုရားလောင်းဖွားမြင်ကာစ၌ လက္ခဏာဖတ်သည့် ရာမပုဏ္ဏား၊ ဓဇပုဏ္ဏား၊ လက္ခဏပုဏ္ဏား၊ မန္တီပုဏ္ဏား၊ ယညပုဏ္ဏား၊ သုယာမပုဏ္ဏား၊ သုဘောဇပုဏ္ဏား၊ သုဒတ္တပုဏ္ဏား-ဟူသော ပဌမဆရာများ၊
(၂) မင်းသားဘ၀၌ အတတ်ပညာကို သင်ပေးသော ဥဒိစ္စပုဏ္ဏာမျိုးဖြစ်သော သဗ္ဗမိတ္တပုဏ္ဏားသည် ဒုတိယဆရာ၊
(၃) ဘုရား လောင်းအား တောထွက်တော်မူစေရန် ထိတ်လန့်တုန်လှုပ်မှုကိုဖြစ်စေသော နတ်သားသည် တတိယဆရာ၊
(၄) ဘုရားလောင်းအား အာကိဉ္စာညာယတနဈာန်၏ ပရိကမ်ကို ပြောကြားသော ကာလာမ၏သားဖြစ်သော အာဠာရရသေ့သည် စတုတ္ထဆရာ၊
(၅)ဘုရားလောင်းအား နေ၀သညာနာသညာယတနဈာန်၏ ပရိကမ်ကို ပြောကြားသောရာမ၏သား ဥဒကရသေ့သည် ပဉ္စမဆရာတို့ ဖြစ်သည်။

ထိုငါးဦးသောဆရာတို့တွင် အာဠာရအမည်ရှိသော ဂိုဏ်းဆရာကြီးသည် ကေသမုတ္တိနိဂုံးသား ကာလာမ အနွယ်ဖြစ်သည်ဟု အချို့ပညာရှင်များက ယူဆပြောဆိုကြသည်။ ထေရ၀ါဒပိဋကတ်စာပေများ၌ အာဠာရရသေ့ နေရာဌာနနှင့် တပည့်ပရိသတ်အရေအတွက်ကို အတိအကျဖော်ပြထားခြင်းမရှိချေ။ သို့သော် မဟာယာန ဗုဒ္ဓ စာပေဖြစ်သော လလိတ၀ိတ္ထာရကျမ်း၌ကား အာဠာရရသေ့သည် ဝေသာလီပြည်နယ်၌နေ၍ တပည့်ပရိသတ် ၃၀၀-ရှိကြောင်းကို မဟာစည်ဆရာတော်ဘုရား ရေးသားတော်မူသည် ဓမ္မာစကြာတရားတော်ကြီးစာအုပ်၌ တွေ့ရှိရသည်။ သို့ဖြစ်၍ မြတ်ဗုဒ္ဓနှင့်ကာလာမအနွယ်တို့သည် ဘုရားလောင်းဘ၀ကပင် ရင်းနှီးကျွမ်းဝင်မှုရှိ ကြောင်းကို လေ့လာတွေ့ရှိရပေသည်။

ဖော်ပြပါ အထောက်အထားများဖြင့် ကေသမုတ္တနိဂမ သို့မဟုတ် ကာလာမမင်းသားတို့၏နယ်မြေနှင့် ကာလာမ မင်းသားတို့၏ မျိုးရိုးအဆင့်အတန်းဆိုင်ရာတို့ကို စာရေးသူလက်လှမ်းမိသလောက် တင်ပြလိုက်ရပါသည်။



Wednesday, February 3, 2010

လွတ်လပ်သော အတွေးအခေါ်ပိုင်ရှင်


လူတို့သည် ကိုယ်ကိုယ်တိုင် ပိုင်ဆိုင်ထားသည့်အရာများရှိမှသာလျင် လွတ်လပ်စွာ ဘ၀၌ တွေးခေါ်နိုင်ခွင့်၊ မောင်းနှင်နိုင်ခွင့် ရှိပေလိမ့်မည်ဟု နားလည်သဘောပေါက်ထားကြ၏။ ဤ၌ ပိုင်ဆိုင်ထားသည့်အရာဟူသည် အဘယ်နည်း။ တစ်ဖန် ထိုပိုင်ဆိုင်ထားသည့်အရာများဖြင့် ဘ၀၌ တွေးခေါ်နိုင်၊ မောင်းနှင်နိုင်သူကို လွတ်လပ်စွာ တွေးခေါ်နိုင်သူဟု လူတို့က ဆိုထားကြ၏။ လွတ်လပ်စွာတွေးခေါ်မှုဟူသည် အဘယ်ကို ဆိုလိုသနည်း။ သို့ဖြစ်၍ လွတ်လပ်စွာ တွေးခေါ်မှုဟူသောစကားကို အောက်ပါအကြောင်းအရာ အချက်အလက်များဖြင့် ယှဉ်ကပ်ကြည့်သည့်အခါ----

လူသားတိုင်း ကလေးဘ၀ကို ဖြတ်သန်းလာခဲ့ကြရာ ထိုဖြတ်သန်းလာသော ဘ၀ခရီးနှင့်အတူ မှတ်သားကြားနာခဲ့ရသောစကားတို့သည်လည်း သူနှင့်တပါးတည်းပါလာခဲ့ကြ၏။ ထိုကြားနာခဲ့ရသော စကား များသည် သူကိုယ်ပိုင်နီးပါးမျှဖြစ်နေရာ အရာဝတ္ထုတစ်ခုကို (သို့မဟုတ်) အကြောင်းအရာတစ်ခုကို တွေ့ မြင် တိုင်း တွေးခေါ်တိုင်း ငယ်စဉ်ဘ၀မှ မှတ်သားကြားနာခဲ့ရသော စကားများဖြင့် (သို့မဟုတ်) မှတ်သား သိမြင်ခဲ့ရသော အတွေ့ အကြုံများဖြင့် အမှားအမှန်ကို ဆုံးဖြတ်ချက် ချ၍နေ၏။ အကောင်း (သို့မဟုတ်) အဆိုးတစ်ခုခုကို ရွေးချယ်မိရက်သားဖြစ်၍နေပေ၏။ သို့ဆိုလျင် ထိုကလေးဘ၀မှ မှတ်သားကြားနာခဲ့ရသော စကားများဖြင့် ယတိပြတ်ဆုံးဖြတ်ခြင်းသည် အမှီအခိုကင်းစွာ ဆုံးဖြတ်သည်ဟု ဆိုနိုင် မဆိုနိုင် အကျွ်နုပ်တို့ စဉ်းစားသင့်၏။

မိဘဘိုးဘွားတို့ မှ သက်ဆင်းလာသူ လူသားတို့သည် ထိုမိဘဘိုးဘွားတို့ သယ်ဆောင်လာခဲ့သော အစဉ်အလာများ၊ သူတို့ကိုယ်တိုင် တီထွင်ဖန်တီးထားသော ဥပဒေသများ၏ ရိုက်သွင်းခံရမှု (သို့မဟုတ်) လွှမ်းမိုး ခံရမှုကို တစ်နည်းမဟုတ် တစ်နည်းနည်းဖြင့် ခံယူခဲ့ကြရ၏။ ဤအစဉ်အလာများ ဥပဒေသများသည် လူသား တို့၏အတွင်းစိတ်၌ အမြစ်တွယ်လျက်ရှိရာ လူသားတို့၏ရွေးချယ်မှုများ ဆုံးဖြတ်မှုများသည် ထိုမိဘဘိုး ဘွားတို့၏ အစဉ်အလာဥပဒေသများက တိုက်ရိုက်ဖြစ်စေ (သို့မဟုတ်) သွယ်ဝိုက်၍ဖြစ်စေ သြဇာခံအနေဖြင့် သက်ရောက်မှုရှိနေပြန်၏။ လောကီလူသားများသာဖြစ်သော မိဘဘိုးဘွားတို့မှ သယ်ဆောင်လာခဲ့သော (သို့မဟုတ်) ချမှတ်ခဲ့သော ယင်းအစဉ်အလာဥပဒေသတို့ဖြင့် မှားသည် (သို့မဟုတ်) မှန်သည်ဟု ယတိပြတ်ဆုံး ဖြတ်ခြင်းသည် မှီခိုမှုကင်းမဲ့သော ဆုံးဖြတ်ချက် ဟုတ် မဟုတ် အကျွ်န်ုပ်တို့ စဉ်းစားသင့်၏။

“ ရွှေလမှာ ယုန်ဝပ်လို့ ဆန်ဖွပ်သည့် အဖိုးအို ဟော ကြည့်ပါစို့ ” ဟု မိဘများသည် သားသမီးတို့အား ချော့သိပ်ခဲ့ကြပေ၏။ “ ကြက်ခေါင်းစား မင်းဖြစ်တယ်” ဟူသော ပုံပြင်များဖြင့် သားသမီးတို့အား မှတ်သား စေမှုကို ပြုခဲ့ကြ၏။ ထို့ကြောင့် အလွန်ထင်ရှားသော တစ်ထောင့်တစ်ညပုံပြင်များသည် လူသားတို့အလယ်၌ ဂုဏ်ယူဝင့်ကြွားစွာ နေရာယူလျက် ရှိ၍နေပေ၏။ ထို့အတူ အခြားသော သမိုင်းဆိုင်ရာ ရာဇ၀င်လာရာ အကြောင်းအရာများစွာ ရှိ၍နေပြန်၏။ ဤသို့ဖြင့် ပုံပြင်-သမိုင်း-ရာဇ၀င်မျာသည် ကြီးသူငယ်သူမဟူ လူသားတို့ သန္တာန်မှာ ပျော်ရွှင်ဖွယ်ဖြစ်စေ၊ ဘ၀သင်ခန်းစာဖြစ်စေ နည်းတစ်မျိုးမျိုးဖြင့် သက်ရောက်မှုရှိနေ၏။ နေရာဝင်ယူ လျက် ရှိနေပေ၏။ ဤအရာများကို လက်ဆုပ်လက်ကိုင်ပြုကာ အယုတ် အမြတ်ကို မှတ်ကျောက်တင်၍ တန်ဖိုးဖြတ်နေ၏။ ယင်းသို့ ပုံပြင်များ၊ သမိုင်းများ၊ ရာဇ၀င်များဖြင့် မှတ်ကျောက်တင်ကာ အယုတ် အမြတ်ကို စစ်ဆေးခြင်းသည် အမှန်ပင် စစ်မှန်သောရလဒ်ကို ပေးနိုင် မပေးနိုင် သို့မဟုတ် မည်သည့်သြဇာသက်ရောက်မှုမှ မရှိသော ဆုံးဖြတ်နိုင်မှုဟု ဆိုနိုင် မဆိုနိုင် အကျွ်နုပ်တို့ စဉ်းစားသင့်၏။

ကကြီး၊ ခခွေး၊ ဂငယ်-ဟု ဖြစ်စေ၊ အေ၊ ဘီ၊ စီ(a-b-c) ဟု ဖြစ်စေ ကလေးဘ၀၌ လူသားတို့သည် မိမိလူမျိုးတို့နှင့် နှီးနွှယ်စပ်ဆက်နေသောဘာသာစာပေများဖြင့် ထိတွေ့ ခဲ့ကြရ၏။ ထိုမှတဆင့် မူကြို၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကောလိပ်၊ တက္ကသိုလ်-ဟု အဆင့်အသီးသီး၌ သူ့ အဆင့်နှင့်လျော်ညီစွာ စာပေ ကျမ်းဂန်များကို ဖတ်ကြားသင်ယူခဲ့ရ၏။ ယင်းစာပေကျမ်းဂန်များသည် ဘုရားတစ်ဆူဆူက ဟောကြားခဲ့သည့် ဒေသနာတော်များကို မှတ်တမ်းတင်ထားသည့် ကျမ်းစာများဖြစ်နိုင်သကဲ့သို့ လူပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ (သို့မဟုတ်) လူ့ အဖွဲ့ အစည်းတစ်ခုခုကဖြစ်စေ ရေးသားထားသည့် ကျမ်းဂန်စာပေများဟု အသွင် သန္တာန်စုံစွာဖြင့် ရှိနေကြ၏။ ထိုကျမ်းဂန်စာပေများကို သင်ယူမှတ်သားရင်းဖြင့် လူသားတို့သည် ဘ၀တစ်စိတ် တစ်ပိုင်းကို ပေးဆပ်ထားကြရ၏။ ဤသို့ ဖြင့် ဘ၀နှင့်စာပေ၊ စာပေနှင့်ဘ၀သည် မကွဲမကွာ ရှိလာခဲ့ကြ၏။ ယေဘုယျအားဖြင့် စာပေနှင့်ကင်းက ဘ၀သည် နုံချာနိုင်ပြီး ဘ၀ပြည့်စုံသူသည် စာပေနှင့်မကင်းသော ကြောင့်ဟု အပြန်အလှန်အားဖြင့် ယူနိုင်ပေ၏။ သို့ဖြစ်၍ တီတီတာပြောဆိုတတ်သည့် ကလေးဘ၀မှစ၍ မိမိသင်ယူခဲ့ရသော စာပေများ၏သြဇာသက်ရောက်မှုမှ မလွတ်ကင်းနိုင်ဘဲ စာပေကျမ်းဂန်တို့၏အဆုံး အဖြတ် ဖြင့်သာ လူသားတို့သည် ရှင်သန်ကြီးထွားလာခဲ့ကြရ၏။ ဤသို့လျင် သူ၏ကိုယ်ပိုင်ဘ၀သည် စာပေများဖြစ် ၍နေပေ၏။ သင်ယူထားသည့် ဤသို့သော ပိုင်ဆိုင်မှုများဖြင့် အမှားအမှန်ဆုံးဖြတ်ခြင်းသည် အနှောင်အဖွဲ့များမှ လွတ်ကင်းသော ယတိပြတ်အဆိုဟု ဆိုနိုင် မဆိုနိုင်ကို အကျွ်န်ုပ်တို့ စဉ်းစားသင့်၏။

လူသည် ကြံစည်တတ်သော သတ္တ၀ါဖြစ်၏။ အာရုံငါးပါးအပေါ်အခြေခံပြီး အကြံအစည်အမျိုးမျိုးကို ထုတ်သူဖြစ်၏။ သူ၏ကြံစည်မှုနယ်ပယ်အ၀န်းသည် သူလေ့လာမှတ်သား သိရှိခဲ့ရသော နယ်ပယ်အတွင်း၌သာ ဖြန့် ကျက်နိုင်၏။ သို့သော် သူသည် သူ့ သန္တာန်မှ ကိုယ်တိုင်ပေါက်ဖွားလာသော အတွေးများဟု ထင်၏။ သူ့အကြံအစည်သည် သူ၏ကိုယ်ပိုင်ဘ၀ ဖြစ်၏ဟု ခံယူ၏။ ထိုအတွေးများဖြင့် ဘ၀၏ပုံရိပ်ကိုဖော်၏။ သူဖြန့် ကျက်နိုင်သည့်အကြံအစည်များဖြင့် ဘ၀ကိုတည်ဆောက်ခြင်းသည် မည်သည့်အရိပ်မျှမပါသော အဖြူထည် သက်သက်ဖြင့် တည်ဆောက်ခြင်းဖြစ်သည်ဟု ဟုတ် မဟုတ် အကျွ်နုပ်တို့ စဉ်းစားသင့်၏။

“ နှိုင်းနှိုင်းချိန်ချိန် သုခမိန် ” ဟု ဆိုထားကြ၏။ လူသည် စဉ်းစားချင့်ချိန်ခြင်းဖြင့် အရာရာကို တန်ဖိုးဖြတ်မြဲဖြစ်၏။ လူသားတို့ နှိုင်းချိန်စဉ်းစားခဲ့ကြသည်ဆိုရာ၌ ပင်ကိုယ်ဗီဇမှဖြစ်ပေါ်လာသော အသိထက် လေ့လာဆည်းပူးပြီးသော နယ်ပယ်များမှ အယူအဆပိုင်းဆိုင်ရာ အတွေးအခေါ်တို့၏ နှောင်ဖွဲ့ ခြင်းမှ ရုန်းမ ထွက်နိုင်ပဲ နှိုင်းချိန်စဉ်းစားခဲ့ကြခြင်းဖြစ်၏။ လေ့လာမှုနယ်ပယ်ကျယ်ပြန့်သည်နှင့်အမျှ နှိုင်းချင့်မှုပမာဏသည် လည်း အားသာချက်တို့ ရှိနေမည်ဖြစ်ပြီး လေ့လာမှုနယ်ပယ် အားနည်းပါက တွေးခေါ်မြော်မြင်မှုပိုင်း ဆိုင်ရာတို့သည်လည်း ဘောင်ကျဉ်းနေပေလိမ့်မည်။ နှိုင်းချိန်စဉ်းစားမှုသည် ယုတ္တိဗေဒကျရန် လိုအပ်သည်ဟု ဆိုကြပေ၏။ သို့ဖြစ်၍ ယုတ္တိဗေဒကျကျ နှိုင်းချိန်စဉ်းစားမှုသည် အမှန်နှင့်နီးစပ်သည်ဟု ယူဆသောကြောင့် ယနေ့ခေတ်၌ ယုတ္တိဗေဒဆိုင်ရာပညာရပ်များသည် နေရာယူလာခြင်း ဖြစ်၏။ ယုတ္တိဗေဒကျသောနည်းဖြင့် မှန်မှားကောင်းဆိုး တွေးခေါ်ဆုံးဖြတ်ခြင်းသည် ယှဉ်ဖော်ယှဉ်ဖက်ဖြစ်သော အကြောင်းအရာများ မပါရှိဘဲ သူချည်းသက်သက်သာ ဖြစ်သည်ဟု ဆိုနိုင်ဖွယ် ရှိ-မရှိ အကျွ်န်ုပ်တို့ စဉ်းစားသင့်၏။

လူသားတို့၏အသိညဏ်သည် တိုက်ရိုက်အားဖြင့် သိနိုင်သောအစွမ်းသတ္တိ ရှိသော်လည်း ရံခါ သိသင့် သည့် အကြောင်းအရာများမှ လမ်းလွဲသွားတတ်၏။ ဥဒါဟရုဏ်၊ ပုံစံ၊ ဥပမာ၊ သာဓက၊ သရုပ်သကန်၊ အကိုးအကား၊ အထောက်အထားများဖြင့် ယှဉ်တွဲဖော်ပြမှသာလျင် မိမိလိုချင်သောအကြောင်းအရာမှန်သို့ ရောက်ရှိသွားတတ်၏။ အချို့က ဇာတိဿရညဏ်ခေါ် အတိတ်ဘ၀များကို သိသဖြင့် ထိုဘ၀၌ တွေ့ ကြုံခဲ့ဘူး သော အကြောင်းအရာများကို ကိုးကားခြင်း၊ မှော်အတတ်၊ တန်ခိုးပြဋိဟာကဲ့သို့သော စိတ်စွမ်းရည်မြင့် မားသောသူများက ယင်းတို့တွေ့ မြင် သိရှိခံစားရ သောအရာများဖြင့် အထောက်အထားပြုခြင်း စသဖြင့် ရှေးဘ၀နောက်ဘ၀ဆိုင်ရာ များပြားစွာ တွေ့ မြင်နိုင်၏။ ထို့မှာတစ်ပါး အခြားသောအကြောင်းအရာများမှာလည်း ထိုနည်းတူ ဥဒါဟရုဏ်ပုံစံများဖြင့် ပြဆိုကြ၏။ ထိုသရုပ်သကန်စသည်တို့သည် မှေးမှိန်နေသော အရာ ၀တ္ထုတို့ကို ရုပ်လုံးပေါ်စေသည်မှာ ငြင်းကွယ်မရသောအချက် ဖြစ်ပြန်၏။ ရုပ်လုံးပေါ်စေရန် အားကိုးခံထားရသော ထိုသရုပ်သကန်စသည်တို့သည် အမှန်ပင် လုံလောက်ပြည့်စုံမှု ရှိ မရှိ။ လွှမ်းမိုးချယ် လှယ်နေသော အကြောင်းအရာများ၏ ဘောင်အ တွင်းမှ ကင်း မကင်း အကျွ်န်ုပ်တို့ စဉ်းစားသင့်၏။

“ ဆွေးနွေးပွဲ စားပွဲဝိုင်း ” ၌ ယနေ့မျက်မှောက်လူသားတို့သည် အမှားအမှန်ကို အဖြေရှာကြရမည်ဟု ဆို၏။ ဤသို့ဆိုခြင်းသည် စားပွဲဝိုင်းမှအဖြေသည် တစ်ဦးတစ်ယောက်၏အဖြေထက် ပို၍မှန်ကန်သည်ဟု ယူဆခဲ့ကြ၍ ဖြစ်၏။ ကွဲပြားသောအမြင်များကို တစ်နေရာတည်းမှာ စုပုံ၍ ထိုအစုအပုံထဲမှ အကောင်းဆုံး ဟုဆိုသောအရာများကို ဆွဲထုတ်ကြည့်၏။ တစ်ဦးကလည်း သူကျင်လည်ခဲ့သော နယ်ပယ်မှ ဗဟုသုတကို ချပြ၏။ အခြားတစ်ဦးကလည်း ဖြတ်သန်းခဲ့ရသော သူ့ဘ၀အတွေ့ အကြုံများမှ သင်ခန်းစာများကို တင်ပြ၏။ သူတို့၏ပေါင်းစပ်မှုသည် တစ်စိပ်ချင်းပေါင်းစပ်ထားသော ပေါင်းစပ်မှုဖြစ်၏။ ရေကဲ့သို့ နှစ်စက်ကို ပေါင်းစပ်ခြင်း မျိုးမဟုတ်။ ထို့ကြောင့် တသားတည်းဖြစ်၍မနေ။ သူ့ သတ္တိနှင့်သူ ကွဲပြားသော တူညီကိုက်ညီမှုများသာဖြစ်၏။ ဤသို့သော အယူအဆတို့၏တူညီခြင်းများသည် အမှန်ပင် မှန်ကန်မှုကို အဖြေရှာပေးပါ၏လော့။ ရရှိလာသော ထိုရလဒ်များသည် အကြောင်းအရာအ၀န်းအ၀ိုင်းများ၏စည်းအတွင်းမှ လွတ်လွတ်ကင်းကင်း ဖြစ် မဖြစ် အကျွ်န်ုပ်တို့ စဉ်းစားသင့်၏။

ဝိဇ္ဇာပညာရပ်၊ သိပ္ပံပညာရပ်တို့၌ ထူးခြားသောဖြစ်စဉ်များကို ဖော်ထုတ်တင်ပြစွမ်းဆောင်နိုင်သော လူသားများသည် ယနေ့ကမ္ဘာတွင် သာမန်လူသားတို့ထက် သာလွန်သောပုဂ္ဂိုလ်များအဖြစ် နေရာယူထားကြ၏။ ကျော်ကြားသူတို့၏အပြုအမူတိုင်း အပြောအဆိုတိုင်းသည် အများအားဖြင့် သာမညလူသားတို့ကို လွှမ်းမိုးနိုင် ၏။ လွှမ်းမိုးထား၏။ သာမန်လူသားတို့ကလည်း ထိုကျော်ကြားထူးခြားသူများ၏ အပြုအမူ အပြောအဆိုတို့ကို လိုက်နာ၍ အတုယူပြုမူကျင့်ကြံကြ၏။ သို့ဆိုလျင် ထင်ရှားကျော်ကြားသူတို့၏ အပြုအမူအပြောအဆိုအောက်မှ အမှားအမှန်ကို ဆုံးဖြတ်နေရသောလူသားအား ကိုယ်ပိုင်ပြုမူ ပြောဆိုမှုဟု တထစ်ချ ယူဆနိုင် မယူဆနိုင်။ ကျော်ကြားထင်ရှားအသိအမှတ်ပြုထိုက်သူ၏ ထီးရိပ်အောက်မှ ပြုမူပြောဆိုတွေးခေါ်နေသူအား လွတ်လပ်သော တွေးခေါ်ပြုမူပြောဆိုမှု ဟုတ် မဟုတ် အကျွ်နုပ်တို့ စဉ်းစားသင့်၏။

မြင်ဆရာ၊ သင်ဆရာ၊ ကြားဆရာ- စသည်ဖြင့် ဆရာမျိုးစုံ ကွဲပြားလျက်ရှိသော ဤလောက၌ ထိုသို့ကွဲ ပြားသည့်အလိုက်ပင် အယူအဆမျိုးစုံ ရရှိလာ၏။ ဆရာနှင့်မကင်းကောင်းသော ပုထုဇဉ်လူသည် ထိုဆရာတို့၏ အမိန့်သြဇာ သင်ကြားပို့ချမှုအောက်မှ လွတ်လွတ်ကျွတ်ကျွတ်ခွဲမထွက်နိုင်ဘဲ ဆုံးဖြတ်ချက်များစွာကို ဆုံးဖြတ် နေကြရ၏။ ဆုံးဖြတ်ချက်မှန်သမျှသည် ဆရာတို့၏အငွေ့ အသက်များကပ်ပါလျက် ရှိ၍နေ၏။ ထိုပြုမူပြောဆိုမှု များသည်လည်း အမှန်အကန်ပင် အမှားအယွင်းမရှိဟု ဆိုနိုင် မဆိုနိုင်။ ပတ်ဝန်းကျင်မှ ရိုက်ခတ်ခံရသည့် ပြုမူပြောဆိုကြံဆမှုများအောက်၌သာ တွေးခေါ်ကြံဆပြုမူနေသော လူသားအား ကိုယ်ပိုင်တွေးခေါ်ပြုမူသူဟု ယူဆသင့် မယူဆသင့်။ အငွေ့ အသက်များကင်းသော ပကတိကြည်လင်မှုမှ ထွက်ပေါ်လာသည်ဟု ဆိုနိုင် မဆိုနိုင် အကျွ်န်ုပ်တို့ စဉ်းစားသင့်၏။

အထက်ဖော်ပြပါ (၁၀)ချက်အရ အကျွ်န်ုပ်တို့သည် မိမိတို့ ပိုင်ဆိုင်သည်ဟု ထင်ထားသောအရာများမှ သို့မဟုတ် ပိုင်ဆိုင်သည်ဟု ခံယူထားသော အကြောင်းအရာများမှ ဆက်လက်၍ နောက်တစ်ဆင့်ကို ပေါက်ဖွားပေးကြခြင်းဖြစ်၏။ အကျွ်နုပ်တို့ ပိုင်ဆိုင်သောအရာဟူသမျှသည် သြဇာသက်ရောက်သော အငွေ့ အသက်များ ရှိသကဲ့သို့ အရိပ်များလည်း ထိုးလျက်ရှိ၏။ လွတ်လွတ်ကင်းကင်းရှိသောအရာဟူသည် အမှန်တ ကယ်အားဖြင့် ဤ၌ မတွေ့ မြင်ရသေးပေ။ သို့အတွက် လွတ်လပ်စွာ တွေးခေါ်သည်ဆိုရာဝယ် အဘယ် နည်း။ အထက်ပါ (၁၀)မျိုးလုံး၏ သက်ရောက်မှုဖြင့် လူသည် အမှားအမှန်တို့ကို ရွေးချယ်ခဲ့ကြ၏။ ထိုသြဇာတို့၏ သက်ေ၇ာက်မှုအောက်မှ အမှန်-အမှားကို ဆုံးဖြတ်နေရသောလူသားအား လွတ်လပ်သောအတွေး အခေါ်ပိုင်ရှင်-ဟု မည်သို့ ကင်ပွန်းတပ်မည်နည်း။ ထို (၁၀)မျိုး၏ နှောင်ဖွဲ့ ခြင်းမှ ကွင်းလုံးကျွတ် လွတ် မြောက်နိုင်ပါမည်လော။ မွေးကင်းစအရွယ်၊ အတိတ်မေ့နေသူ၊ အသိညဏ်ကင်းမဲ့သူ၊ သူတော်စင်တို့သည် ထို(၁၀)မျိုး၏သြဇာသက်ရောက်မှု ကင်း မကင်းနှင့် လွတ်လပ်သောတွေးခေါ်မှုကို ပြုနိုင် မပြုနိုင်ကိုလည်း ဤ၌ စဉ်းစားဖွယ်ဖြစ်၏။ သို့ဖြင့် အကျွ်န်ုပ်တို့ ပြောဆိုသတ်မှတ်နေသော လွတ်လပ်သော အတွေးအခေါ် ပိုင်ရှင်ဟူသည်-----------

ကာလာမသုတ်တော်လား ( မာ အနုဿဝေန၊ မာ ပရမ္ပရာယ၊ မာ ဣတိကိရ၊ မာ ပိဋကသမ္ပဒါနေန၊ မာ တက္ကဟေတု၊ မာ နယဟေတု၊ မာ အာကာရ ပရိဝိတက္က၊ မာ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ၊ မာ ဘဗ္ဗရူပတာယ၊ မာ သမဏော ဂရု ) ဟူသော အချက် (၁၀)ချက်ကို ရည်ညွန်းကိုးကားလျက်။ ။
-

စာဖတ်သူအားလုံး လွတ်လပ်သော အတွေးအခေါ်ပိုင်ရှင်များ ဖြစ်ကြပါစေ----

ကောင်းသောလာခြင်းပါ မိတ်ဆွေ

သင့်အတွေး သင့်အမြင်